Part 873
လင်းလန် မျက်မှောင်ကြုတ်လိုက်မိသည်။
" တကယ် မရဘူးလား ကျွန်မ ဖတ်ဖူးတာတော့ ငလျင်ဖြစ်တော့မယ်ဆိုရင် ထူးဆန်းတာတွေ ဖြစ်လာတတ်တယ်ဆို "
ဥပမာပေးရရင် မြွေပါတွေက ကဏာမငြိမ်ဖြစ်ပြီး နေ့ဘက်မှာ လျှောက်ပြေးနေတာတို့ ၊ ကြက်တွေက ညဘက်အိပ်တန်း မတက်တာတို့ဖြစ်ကြတယ်ဆို ။ ပုံမှန်ဆို ကြည်နေတဲ့ နွေဦးရေကလည်း နောက်လာပြီး ရွှံ့တွေ ထလာတတ်တယ်တဲ့ ။
ရေအောက်က ပိုးကောင်တွေကလည်း ရေပေါ်တက်ပြီး ဟိုပျံသည်ပျံလုပ်နေတတ်ကြသည်ဟု ဆိုကြသေးသည် ။
အများကြီးပဲ မဟုတ်ဘူးလား။
လင်းလန်၏ အတည်ပြောနေတာဟူသည့် မျက်နှာထားကြောင့် ကျန်းချွင်ရှားက အံ့သြတကြီးဖြစ်နေသည်။
" ခေါင်းဆောင်လင်း ဘာဖြစ်နေတာလဲ စိတ်တွေအရမ်း လှုပ်ရှားနေသလိုပဲ "
လင်းလန် နဖူးကိုလက်ပြန်ရိုက်လိုက်မိသည်။ " အစ်မကျန်း ... ကျွန်မ မနေ့ညက ငလျင်အကြောင်း အိပ်မက်မက်တယ် တော်တော်ကြောက်ဖို့ကောင်းတဲ့ ငလျင်ကိုမက်တာ "
ကျန်းချွင်ရှားက ပြုံးသွားသည်။ " မကြောက်ပါနဲ့ ဒီမှာက ငလျင်အကြီးကြီးတွေ မဖြစ်ပါဘူး ဖြစ်လည်း လှုပ်တယ်ဆ်ိုရုံလေးပါပဲ ဘာမှမဖြစ်ဘူး "
သာမန်လူများက ငလျင်လှုပ်သည်ကို ဂရုမထားကြပေ ။ လှုပ်လည်း လှုပ်တယ်ပေါ့ဟုဆိုကာ မနက်မိုးလင်းမှ အိမ်ကနေရာပြောင်းနေတာကို သိကြတာဖြစ်သည်။
လင်းလန် စိုးရိမ်နေဆဲပင် ။ " အစ်မကျန်း ဒီနှစ်ကုန် လူထုလှုပ်ရှားရေးပွဲကြရင် ငလျင်ဘေးရန် ကာကွယ်ရေးအကြောင်းတွေကို ထည့်ပြောကြရအောင် အဲ့လိုဆို ဖြစ်လာရင် လူတွေလည်း အရမ်း လန့်မနေကြတော့ဘူးပေါ့ "
" ဖြစ်လာရင် အမိုးအကာကင်းတဲ့နေရာတွေမှာနေပြီး အဆောက်အဦးထဲ ပိတ်မိမနေအောင် ဘယ်လိုနေရမယ်တို့ဘာတို့ကို ပြောပြထားမယ်ဆိုရင် ဖြစ်လာမယ့်ဆုံးရှုံးမှုတွေကိုလည်း ကာကွယ်နိုင်လောက်တယ်လေ "
နောက်နှစ်တွင်ဖြစ်လာမည့် ငလျင်ဒဏ်ကြောင့် တရုတ်ပြည်တစ်ပြည်လုံး နှစ်ပေါင်းများစွာ အထိနာကြမှာဖြစ်သည်။
သူမက ကြိုသ်ိထားတယ်ဆိုမှတော့ အတတ်နိုင်ဆုံး ထိခိုက်မှုနည်းအောင် လုပ်ထားသင့်သည်ဟု လင်းလန် ထင်သည်။
တကယ်က လင်းလန်လည်း သိချင်နေတာဖြစ်သည်။ ဗျူရိုမှာ ငလျင်လှုပ်ဖူးတာတောင် ဘာလို့ ခန့်မှန်းလို့မရဘူးလို့ ပြောနေတာလဲ ။ ခန့်မှန်းလို့ရရင် တိုင်းတာတာကိုလည်း လုပ်လို့ရလာမယ် မဟုတ်ဘူးလား ။ ကြိုတင်အသိပေးထားလို့ရမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေလည်း နည်းသွားနိုင်တယ်လေ ။
ကျန်းချွင်ရှား : " အင်း ဆွေးနွေးခန်းထဲမှာ တစ်ချက်သွားပြန်ကြည့်ကြည့်မလား "
ကျန်းချွင်ရှားက လင်းလန်နှင့်အတူ ၁၉၆၉ခုနှစ် ဂျုလိုင်လ ၁၈ရက်တွင် ဖြစ်ခဲ့သော ပေါ်ဟိုင်ပင်လယ်ငလျင်အကြောင်းကို ရှာပေးသည်။ ကြိုတင်ခန့်မှန်းထားတာမျိုး မရှိသဖြင့် ဘယ်သူကမှ ဂရုတစိုက်ကြိုပြင်မထားခဲ့ဟုသာ ရေးထားသည်ကို တွေ့လိုက်ရသည် ။ တော်သေးသည်က ပင်လယ်ပြင်ကို ဗဟိုပြုခဲ့တာဖြစ်၍ ကုန်းမြေပေါ်၌ ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားခဲ့ခြင်းမရှိပေ ။
လင်းလန်တွေးကြည့်ပြီးနောက်တွင် ငလျင်နှင့်ဆိုင်သောဌာနတွင် သွားတောင်းကြည့်လိုက်သည်။ ထိုအခါတွင် တိတိကျကျအချက်အလက်များကို ရလာသည်။ ငလျင်မတိုင်မီ မြေတုန်ခြင်းကို တိုင်းတာခြင်းအားဖြင့် ခန့်မှန်းလို့ရသည်ဟု ဆိုထားသည်။ မြေတုန်ခါခြင်း၌ ကြီးကြီးမားမား ပြောင်းလဲခြင်းရှိလာပါက ပြဿနာရှိနေခြင်းဟု ဖော်ပြထားသည်။
လင်းလန် သက်ပြင်းချလိုက်မိသည်။ တော်သေးတာပေါ့ ၊ ခန့်မှန်းလို့ရတယ်ဆိုရင် အထက်လူကြီးတွေလည်း ယုံကြည်ပြီး ဂရုစိုက်လောက်ပေသည် ။
သူမ ရင်ထဲ၌လေးနေခဲ့သည့် အပူလုံးကြီးကျသွားပြီဖြစ်၍ လင်းလန် စိတ်အေးသွားမိသည်။
ကျန်းချွင်ရှားကလည်း ထိုသည်ကို သတိထားမိသဖြင့် ပြုံးသွားသည်။ " လင်းလန် တကယ်ပဲ ဘာတွေဖြစ်နေတာလဲ "
လင်းလန်က ပျော်နေလေ၏။ " ခေါင်းဆောင်ဟန်က သိုးသားတစ်ခြမ်းကို ၀ယ်လာမှာတဲ့ အစ်မကျန်းကို နှစ်ကတ်တီ ခွဲပေးမယ်နော် "
ကျန်းချွင်ရှားလည်း ၀မ်းသာသွားလေသည်။
" ကောင်းတာပေါ့ အစ်မလည်းစားချင်နေတာ ပြီးမှ ပိုက်ဆံပြန်ပေးမယ်နော် "
လင်းလန်က ဟန်ချင်စုန့်လိုပင် အခြားလုပ်ဖော်ကိုင်ဖက်များနှင့် အရောတ၀င်မနေပေ ။ နှိမ့်ချခြင်းမပြုသလို အခွင့်အရေးယူခြင်းလည်း မရှိသဖြင့် သူမကို သဘောကျကြလေသည်။
လင်းလန်က ပျော်နေသဖြင့် သုတေသနခန်းသို့ စက်ဘီးစီးသွားလိုက်ပြိိး ၀ူကုံး ၊ လီကုံးတို့နှင့်အတူ တိုင်ပင်နေပြန်သည်။
လီကုံးက လင်းလန်အား တရုတ်ပြည်ရှိ ငလျင်အဖြစ်များသော နေရာများအကြောင်းကို ပြောပြသည်။
လင်းလန် အံ့သြသွားမိသည်။ " ဪ ဒါဆ်ို ထျန်ကျင်းနဲ့ ထျန်ရှန်းက ပေါ်ဟိုင်ငလျင်ကြောင့် ဘေးသင့်ခဲ့တဲ့နေရာတွေပေါ့နော် "
လီကုံးက မြေပုံကိုကြည့်ကာ ပြုံးလိုက်သည်။ " ခေါင်းဆောင်လင်းက ဉာဏ်ထက်လိုက်တာဗျာ "
သူမက ခရီးများစွာလည်း မထွက်ဘူးသော်ငြား စာအုပ်များ မြေပုံများကိုကြည့်ရုံဖြင့် ပြောနိုင်လေသည်။
လင်းလန်လည်း ပြန်ပြုံးပြလိုက်သည်။
" အလုပ်များနေကြရတာက လောင်ရှီးနဲ့ ကလေးတွေလေ ကျွန်မက အလုပ်မှမရှိတာ အဲ့တော့ ညဆယ့်တစ်နာရီ ဆယ့်နှစ်နာရီလောက်ထိ စာအုပ်တွေဖတ်ဖို့ချိန်ရှိတယ်လေ "
၀ူကုံးက ရယ်သည်။ " ခေါင်းဆောင်ဟန်က ဘာမှမပြောဘူးလား "
လင်းလန်က တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။
" သူက ပိုတောင် အလုပ်များသေးတယ် ညသန်းခေါင်ကျော်တဲ့အထိ အလုပ်လုပ်နေတာ "
မြေပုံကိုကြည့်ပြီးနောက်တွင် လင်းလန်က ခန့်မှန်းခြင်း၌တော်သည်ကို သူတို့ သိလာရသည်။
သို့သော်လည်း ပုကုံးက သဘောမတူချင်သေးပေ ။
" တစ်ထစ်ချကြီးတော့ ပြောလို့မရဘူးလေ ငလျင်လှုပ်တာက မီးတောင်ပေါက်ကွဲသလို ထင်ထင်ရှားရှားကြီး မြင်ရတာမှ မဟုတ်တာ ဒီနှစ်တွေမှာလည်း ကြိးကြီးကျယ်ကျယ် ငလျင်လှုပ်တာတွေ မရှိသေးတော့ ခေါင်းဆောင်လင်း စိတ်အေးအေးထားလို့ ရပါသေးတယ် "
လင်းလန်း၏အကြံအား မရိုင်းသောနည်းဖြင့် ပြုံးကာငြင်းနေတာဖြစ်ပေသည်။
လင်းလန် ဘာမှပြန်မပြောမိပါ ။ သူမ မသိလိုက်ဘဲ ရုတ်တရက် ဘေးဒုက္ခကြီးဖြစ်လာမည်ကိုသာ စိုးရိမ်နေမိသည်။ ငလျင်တိုင်းစက်သာရှိမည်ဆိုပါက သေချာပေါက် အဆင်ပြေလောက်ပေသည်။
ထိုကိစ္စများပြောပြီးနောက်တွင် လင်းလန် အလုပ်ရုံသို့သွားကြည့်လိုက်သည်။ နှစ်ကုန်လောက်ကြရင်တော့ တပ်မှုးချန်ကို ကျောက်ကောင်းကောင်း ပို့ပေးနိုင်လောက်ပေသည် ။
ဟန်ချင်စုန့်က သူမကို လေးနာရီတွင် လာကြိုသည်။ ယူလာသည့်သိုးသားကို နည်းနည်းစီခွဲ၍ ကျောက်မျက်ရတနာ သုတေသနဌာနကိုလည်း ခွဲပေးလိုက်သည်။
ဒုညွှန်မှုးလီကိုတော့ မေ့ထားလိုက်တော့ ၊ မြောင်ဟုန်ယင်းက ပိုက်ဆံမှ မပေးတဲ့ဟာ ။
လုပ်ဖော်ကိုင်ဖက်ချင်းဖြစ်၍ စျေးနည်းနည်းဖြင့် ရောင်းတာဖြစ်သည် ။ အလကားပေးတာမဟုတ်သဖြင့် လာဘ်ထိုးသည်ဟုလည်း စွပ်စွဲလို့မရပေ ။
စန်း၀မ် ပြန်ရောက်နေသဖြင့် ဘယ်သူကမှ သဝေထိုးမနေကြပေ ။ ကျောင်းဆင်း ၊ အလုပ်ဆင်းလျှင် အိမ်ကိုသာ တန်းပြန်ကြသည်။
တ၀မ် ၊ မိုင်ဆွေ့နှင့် အား၀မ်က နဂိုအတိုင်း ရှောင်၀မ်ကို သွားကြိုပြီးမှ အိမ်ပြန်ရန်ပြင်နေကြသည်။ အထက်တန်းကျောင်းက သူတို့အိမ်နှင့် သိပ်မဝေးပေ ။ မူလတန်းကျောင်းကတော့ အနည်းငယ်လှမ်းသဖြင့် အတော်သွားရပေသည်။
တ၀မ်က မိုင်ဆွေ့နှင့်အား၀မ်အား အခန်းထဲတွင်ပဲ အိမ်စာလုပ်ရင်းစောင့်နေရန်ပြောပြီး သူကမူ ရှောင်၀မ်ကို သွားကြိုလာခဲ့မယ်ဟုဆိုသည် ။
သို့သော်လည်း မူလတန်းကျောင်းဂိတ်သို့ရောက်သည့်အခါ " အား အား အား ပြေး ပြေး ~ " ဟူသည့် အော်သံများကို ကြားလိုက်ရလေသည်။
တ၀မ် မျက်မှောင်ကြုံ့ကာ လှမ်းကြည့်လိုက်မိသည်။ စန်း၀မ်က ရှောင်၀မ်၏လွယ်အိတ်ကို လွယ်ထားပြီး ညီအစ်ကိုနှစ်ယောက်က အသက်လုပြေးနေကြသည် ။ ထိုနောက်တွင် ကျောင်းသားတစ်စုက အသည်းအသန် ပြေးလိုက်နေကြသည်။
" မြန်မြန်လေး သူတို့ကို လွတ်မသွားစေနဲ့ "
တ၀မ် : ..... ဘာတွေဖြစ်နေကြတာလဲ ။
......
စာရေးသူမှာ ပြောစရာရှိပါတယ် :
စန်း၀မ် : သားက ပေါ်လာတိုင်း စင်ပေါ်မှာ ဘယ်လို ဆွဲဆောင်မှုရှိအောင် နေရမလဲဆိုတာကိုပဲ တွေးနေရတာ ၊ မိသားစုကို ပျော်အောင်လုပ်ဖို့ဆို သားက အားအစိုက်ထားဆုံးသူပဲ ၊ ရေကူးတာထက်တောင် ပိုကြိုးစားထားရတာနော်
တ၀မ် : ... မင်း ငါ့ကို အကြွေးတင်တာ များနေပြီနော်
Part 874
" ပြေး ! " စန်း၀မ်က အော်ကာ တ၀မ် ၊ မ်ိုင်ဆွေ့နှင့် အား၀မ်တို့ထံ ပြေးလာသည်။
[ အရင်အပိုင်းမှာ တ၀မ်က နေခဲ့လို့ပြောခဲ့ပေမယ့် အခုကြတော့ အား၀မ်ရော မိုင်ဆွေ့ပါ ပါလာပါတယ် :´) ]
သူပြေးလာသည်ကို မြင်သောအခါ တ၀မ်က ဘောင်းဘီအိတ်ထဲ လက်ထည့်ရင်း ရပ်နေလေသည်။ ပြေးသည်ကို အရှိန်မသတ်နိုင်သော်လည်း တ၀မ်ကိုပြေးဖက်ပါက အကန်ခံရလောက်သဖြင့် အား၀မ်ကိုသာ စန်း၀မ် ပြေးဖက်လိုက်သည်။ အား၀မ်ကတော့ သူ့ကို ကန်မထုတ်လောက်ဘူးလေ ။
ရှောင်၀မ်က ပြေးထားသဖြင့် မောနေလေ၏။
" စန်း၀မ် ပြေးဖို့မလိုဘူးလေ သူတို့က စန်း၀မ်ကောကို ရိုက်ကြမလို့ မဟုတ်ဘူး "
နောက်မှပြေးလိုက်လာသည့် ကျောင်းသားများကလည်း မီလာကြသည်။
" အေးလေ ဘာလို့ပြေးနေတာလဲ " သူတို့က ရှောင်၀မ်တို့အခန်းထဲမှ မဟုတ်ချေ ။
" မင်းတို့သူ့ကို လိုက်ရိုက်နေကြတာ မဟုတ်ဘူးလား "
" သူတို့ ပြေးနေလို့ လိုက်ပြေးတာ "
အားလုံး : " ........ "
ရှောင်၀မ်တို့အခန်းထဲမှ အပြေးအမြန်ဆုံးကောင်လေးက စန်း၀မ်ကို လက်ညှိုးထိုးကာပြောသည်။
" သူက ဟန်၀မ်တို့မိသားစုကမလား အားကစားသမားလေ ချန်ပီယံငါးပျံဆိုတဲ့ တစ်ယောက်လေ "
" ဝါးးးးးး "
ကလေးများက အထင်ကြီးစွာ ၀ိုင်းကြည့်ကြသည်။
ငါတော့ တစ်လွဲလုပ်မိတာပဲ
စန်း၀မ်က မချိုမချဥ်မျက်နှာ ဖြစ်သွားတော့သည်။
တ၀မ် : " ....... "
ဒီကလေးတွေက ဘာဖြစ်နေကြတာတုန်း ။ အရင်တုန်းကဆို စန်း၀မ်က အဲ့လိုမဟုတ်ပါဘူး ။ ဘယ်သူမှလည်း ခရိုင်ကို ထပ်ပြောင်းမလာကြတဲ့ဟာကို ဘယ်လို သိသွားကြတာလဲ ။
စန်း၀မ်ကြောင့် နှောင့်နှေးသွားသဖြင့် သူတို့တစ်စုသည် အိမ်ပြန်နောက်ကျသွားသည်။ လင်းလန်နှင့် ဟန်ချင်စုန့်က အသားများပင် လှီးနေကြလေပြီ ။
ဟန်ချင်စုန့်က သိုးသားကိုလှီးနေပြီး လင်းလန်က ဟင်းချက်အမွှေးအကြိုင်များကို ပြင်နေသည်။ ကလေးများပြန်လာသည်ကို တွေ့သောအခါ လင်းလန်က " သားကြီး ညီလေးတွေကိုခေါ်ပြီး ထင်းနည်းနည်းလောက် သွားခွေခဲ့ "ဟု ခိုင်းလိုက်သည်။
တ၀မ်က ပြန်မေးသည်။ " ဘယ်ထင်းကိုခွေရမှာလဲ "
လင်းလန် စဥ်းစားကြည့်လိုက်သည်။ အသားကင်ရာ၌ ရိုးရိုးသစ်များက သိပ်မကောင်းပေ ။ မိုးမခသားလည်း မရှိလောက်ပေ ။
" ဇီကိုင်းတွေဆို ရတယ် မစူးအောင်လည်း သတိထားဦး "
တော်လှန်ရေးကော်မတီတစ်၀ိုက်နှင့် စက်ရုံဧရိယာတစ်၀ိုက်မှလွဲလျှင် ကျန်နေရာများက ရွာနှင့်အတူတူပင် ဖြစ်သည်။ ချုံပင်များပေါက်နေကြခြင်းမျိုးရှိပြီး ဆူးများလည်း ပါသဖြင့် လူအတော်အများက မခုတ်ဘဲထားကြလေသည်။
" ရှောင်၀မ်လောင်ရှီးရေ လောင်ရှီးရဲ့ အားကစားသမားတပည့်လေးရော ဘယ်မှာလဲ "
ရှောင်၀မ်က ပြေးထားသဖြင့် ချွေးများထွက်နေသောကြောင့် မိုင်ဆွေ့ လက်ကိုင်ပု၀ါထုတ်၍ သုတ်ပေးလိုက်သည်။ ရှောင်၀မ်က သက်ပြင်းချလိုက်လေ၏။
" စန်း၀မ်အကြောင်းက မပြောကို မပြောချင်တော့ဘူး "
တ၀မ်က တောခုတ်ဓားကိုယူကာ လျှော်ကြိုးကို ယူနေလေသည်။ ရှောင်၀မ်က ပြောသည်။
" သူက သားကို အရူးလုပ်ပြီး ကျောင်းကိုအရင်သွားခိုင်းတယ် အတန်းလည်း ပြီးသွားရော မျက်လုံးစည်းပြီး ၀င်လာတယ်လေ လောင်ရှီးက ဘာဖြစ်လို့လဲမေးတော့ သူက မွေးရာပါ မယ်လမင်းဓာတ်ချို့တဲ့နေလို့လို့ ပြန်ဖြေတယ် လောင်ရှီးက အဲ့ဒါက ဘာကိုပြောတာလဲလို့ထပ်မေးတော့ စန်း၀မ်က နေ့ဘက်ဆိုမမြင်ရတဲ့ အမြင်အာရုံချို့ယွင်းတာလို့ ပြန်ပြောပြန်ရော ပြီးတော့ သူက ဟန်မိသားစုက တတိယသားလို့ပြောပြီး သားဘေးမှာ လာထိုင်တယ် မျက်လုံးစည်းကြီးပတ်ထားပြီး အတန်းဖော်တွေကိုလည်း ထပ်အရူးလုပ်သေးတယ် သူက ဆယ်နှစ်တည်းက ခြေဦးတည့်ရာလျှောက်သွားနေရပြီး နေရာတွေအများကြီးလည်း ခရီးသွားဖူးသလို အရသာရှိတာတွေလည်း အများကြီးစားဖူးတယ်ဆိုပြီးပြောတော့ ကျန်တဲ့သူတွေက အားကျသွားကြရော ရူးနေကြတာလားပဲ စန်း၀မ်က သူ အိမ်မှာမနေရဘူးလို့ ပြောတာကို အားကျနေကြတယ်လေ "
ရှောင်၀မ်က ပါလေးဖောင်းကာ တရစပ်ပြောသွားတာဖြစ်၍ အတော်လေး စိတ်မကြည်ဖြစ်နေသည့်ပုံပင် ။
လင်းလန်နှင့် မိုင်ဆွေ့မှာ ဆွံ့အသွားကြသည်။ စန်း၀မ်ကတော့ ... အိမ်ပြန်မလာရဲတာ မထူးဆန်းတော့ဘူး ။
" ပြီးတော့ရော " အား၀မ်က မီးနင်းစာအုပ်ကို အိတ်ထဲပြန်ထည့်ပြီး မေးသည်။
ရှောင်၀မ် : " အတန်းပြီးသွားတော့ သူတို့တွေက သားမှာ အားကစားသမားအစ်ကိုရှိတာကို မှတ်မိသွားပြီး ဘယ်သူလဲလို့ မေးလာကြရော စန်း၀မ်က မျက်လုံးစည်းကို ချွတ်လိုက်ပြီး သူတို့ကိုပေးလိုက်တယ် ပြီးမှငါမဟုတ်ဘူးလို့ပြောပြီး သားကိုလက်ဆွဲပြီး ပြတင်းပေါက်က ခုန်ချတော့တာပဲ တစ်ခန်းလုံးက သူနဲ့လက်ဆွဲနှုတ်ဆက်ချင်ကြလို့ နောက်ကပြေးလိုက်ကြတာ တစ်ခြားအခန်းတွေက ကလေးတွေကလည်းမြင်ပြီး ဘာဖြစ်နေမှန်းမသိဘဲ အကုန်ပြေးလိုက်လာကြတော့တာပဲ "
လင်းလန် ရယ်ရလွန်းသဖြင့် မျက်ရည်များပင်ထွက်လာသောကြောင့် သုတ်လိုက်ရသေးသည်။
" ဒီကလေးကတော့ ဆုံးမမှကိုဖြစ်တော့မယ် ရှောင်၀မ်လောင်ရှီးရေ ကိုယ့်တပည့်ကိုသေချာထိန်းနော် နောက်ဒီလို ထပ်မဖြစ်စေနဲ့ "
ရှောင်၀မ်က ခေါင်းညိတ်ပြသည်။ အများကြီး ကျန်သေးတာပဲ ။
ထိုအချိန်တွင် စန်း၀မ်က အပြင်မှနေ သူဘာမှ မလုပ်ထားသလို ၀င်လာသည်။ " ဟေး ဘာလို့ ငါ့ကိုမစောင့်တာလဲ "
လှည့်မကြည့်ဘဲ ပြေးတုန်းကပြေးသွားပြီး အခုကျမှ ဘာလို့မစောင့်တာလဲ လာမေးနေတာလား ။
တ၀မ်က စန်း၀မ်ကို ပုဆိန်ပေးကာ " ထင်းသွားခုတ် " ဟု ခိုင်းလိုက်သည်။
စန်း၀မ်က စက်ဘီးနှင့်လိုက်လာသည်။ ဇီးခိုင်းများကို ခုတ်ပြီးနောက်တွင် ဓားဖြင့်ဆူးများကို ပြန်အချောသတ်ရသေးလေသည်။
တ၀မ်က ထိုအချင်းအရာ၌ ကျွမ်းကျင်သည်။ စန်း၀မ်ပေးထားသော ဒမတ်စကတ်ဓားကို သုံး၍အချောသတ်နေသည်။
လင်းလန် : .... အဲ့ဓားကို လူချမ်းသာတွေက ပေါင်မုန့်လှီးဖို့ သုံးကြတာဆိုပေမယ့် သူမတို့ဆီလည်း ရောက်လာရော ထင်းခုတ်နေရရောပဲ ။
ဓားက အလွန်ထက်သဖြင့် သစ်ကိုင်းလေးများကို ခုတ်ရာ၌အလွန်ပြတ်လွယ်သည်။
တ၀မ်က တံစို့လုပ်ပြီး ချွန်နေအောင် သွေးလိုက်ပြီး လင်းလန်ကို ကမ်းပေးသည်။
သူတို့ ထင်းခုတ်ရန် သွားနေစဥ်တွင် လင်းလန်နှင့်မိုင်ဆွေ့က အသားများနှပ်ထားပြီးပြိိဖြစ်သည်။အသားများကို အရှည်တိုင်းလှီးပြီး ပန်းကန်လုံးအကြီးထဲသို့ထည့်ကာ ကြက်သွန်မြိတ် ၊ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ ၊ စမုန်စပါး ၊ ငရုပ်ကောင်း၊ ငရုပ်သီးမှုန့် ၊ ဆား ၊ သကြား ၊ ၀ိုင် နှင့် မြေပဲဆီတို့ထည့်၍ ရောသမမွှေထားတာဖြစ်သည်။
သူမတို့အလုပ်များနေစဥ်တွင် ကျန်းချွင်ရှားက သူ့သားကိုလွှတ်ကာ လင်းလန်အား ပစ္စည်းပို့ခိုင်းလိုက်သည်။
" ခေါင်းဆောင်လင်း အမေ ပေးခိုင်းလိုက်တာ " ဟုဆိုပြီး အိတ်ကြီးတစ်အိတ်ကို ချပေးကာ ပြန်ပြေးထွက်သွားသည်။
ထိုအဆောင်၀န်းထဲ၌ တ၀မ်ကို မကြောက်သည့်ကလေး မရှိချေ ။ တ၀မ်က ယခုအခါတွင် လက်ထဲ၌ ဓားကိုင်ထားသဖြင့် သူတို့ကိုမကြည့်လျှင်တောင် ကြောက်နေလေ၏။
လင်းလန် : " ကောင်းယွီ ဘာလ်ို့ဒီလောက် အလျင်လိုနေရတာတုန်း ဒီကလေးနဲ့တော့ "
အား၀မ်နှင့် မိုင်ဆွေ့က ထရယ်ကြသည်။
တကယ်က မနှစ်တုန်းက စစပြောင်းလာခြင်းတုန်းကဆို အခြားမိသားစုများမှ ကလေးများက ဆိုးသွမ်းပြချင်ကြသော်လည်း တ၀မ်ထံမှ ပညာပေးခံရပြီးနောက်တွင် အမြီးကုတ်သွားကြသည်။