အပိုင်း ၈၇၁-၈၇၂
Viewers 46k

Part 871


ဟန်ချင်စုန့်  : "......" သူ ဘာတွေပဲ စိုးရိမ်နေခဲ့ပါစေ သူမ ရောက်လာပါက အားလုံးပျောက်သွားလေသည်။ 


အတော်လေးကြာမှသာ ဟန်ချင်စုန့်က စကားပြောလာသည်။ " ကိုယ် အဆင်ပြေပါတယ် "


လင်းလန် ပြုံးပြလိုက်သည်။ " ရာထူးတွေက အရေးမကြီးဘူး နားလည်ရဲ့လား "


ဟန်ချင်စုန့် : " ဟင့်အင်း "


" နားမလည်ဘူးဆိုရင်လည်း ပြောမနေတော့ဘူး " လင်းလန် ပြန်စလိုက်သည်။ 


ရှောင်၀မ်က ပြေး၀င်လာသည်။ " မားမား ဘာလို့ မီးမဖွင့်တာလဲ "


လင်းလန် ဟန်ချင်စုန့်၏ ဖက်ထားခြင်းမှ ရုန်းနေသော်လည်း ထိုလူက လွှတ်မပေးပေ ။


ရှောင်၀မ်က မီးခလုတ်ကို ဒေါက်ခနဲဖွင့်လိုက်သဖြင့် မီးများပွင့်သွားပြီး သူမတို့နှစ်ယောက်အား ပြုံးကြည့်နေလေသည်။ 


" မီးအလင်းရောင်က ကောင်းလိုက်တာ "  ဟုပြောပြီးနောက်တွင် ပြန်ပြေးထွက်သွားလေသည်။ 


လင်းလန် : " ...... " ဒီကလေးကတော့လေ ၊ ဒီနေ့ည ဘာတွေဖြစ်နေကြတာတုန်း ။


ညကိုးနာရီခွဲကျော်သွားပြီးနောက်တွင် လင်းလန်တို့အိမ်ရှိ မီးများကပိတ်သွားပြီဖြစ်သည်။ 


ရှောင်၀မ် : " အား၀မ် အဖေက တစ်ခုခု မူမမှန်သလိုပဲနော် "


အား၀မ် : " မားမားရောပဲလို့ မထင်ဘူးလား "


ရှောင်၀မ် : " မားမားက ဘာမူမမှန်လို့လဲ အကောင်းကြီးပါပဲ အဖေကသာ မူမမှန်နေတာ "


သူတို့နှင့် နံရံခြားနေသည့် မိုင်ဆွေ့က ၀င်ပြောလာသည်။ 


" မားမားက အရင်တုန်းက မူမမှန်ပေမယ့် အခု အဆင်ပြေလာပြီလေ အဖေက မနှစ်ကတည်းက ထူးဆန်းနေတာ "


အား၀မ် : " အစ်ကိုကြီး ... "


တ၀မ် : " ..... ဘာမှ မထူးဆန်းပါဘူး "


ကျန်ညီလေးညီမလေးများ  : အစ်ကိုကြီးကလည်း လိမ်တတ်တာပဲလား 


အရှေ့ခန်းတွင်မူ လင်းလန်က ဟန်ချင်စုန့်၏ ရင်ခွင်ထဲ၌ လှဲနေသည်။ 


နံရံအပြင်၌ မီးလင်းဖိုရှိပြီး တစ်ညလုံးမီးသွေးထည့်ထားတာဖြစ်၍ ရွာမှာလို အေးနေတာမျိုးမရှိချေ ။ 


" စန်းကော " တိတ်လွန်းနေသည်ဟု လင်းလန်ထင်မိသည်။ ဟန်ချင်စုန့်က ယခင်က စကားနည်းတာမှန်သော်လည်း ဤမျှထိတော့ တိတ်နေခဲ့ဖူးခြင်းမရှိပေ ။


ဟန်ချင်စုန့်က ခေါင်းငုံ့ကာ သူမ၏နဖူးကို အနမ်းခြွေသည်။ " အိပ်တော့လေ " အသံက ပုံမှန်ပင်ဖြစ်သော်ငြား သူမခါးထက်ရှိ လက်များက အားလျော့သွားခြင်း မရှိသေး ။


လင်းလန် အံ့သြသွားသော်လည်း ပြုံးလိုက်မိသည်။ နှစ်ရက်တောင် သည်းခံနိုင်နေတာဆိုတော့ လွယ်တော့လွယ်မှာ မဟုတ်လောက်ဘူး ။


ခဏကြာသွားသော်လည်း လင်းလန် အိပ်၍မရသေးချေ။


ဟန်ချင်စုန့် : " စိတ်ရှုပ်နေတာ ရှိလို့လား "


လင်းလန် : " ဟင့်အင်း "


ဟန်ချင်စုန့် : " ကိုယ့်ကို တစ်ခုခု ပြောချင်တာရော ရှိလား "


လင်းလန် : "  အင်း ... မနက်ဖြန် အသားကင်လုပ်စားကြရအောင် "


ဟန်ချင်စုန့် : " ..... " 


တကယ်က ပြဿနာရှိသော်လည်း လင်းလန် ဘယ်သူ့ကိုမှ ပြောပြ၍မရပါ ။ ယခုပြဿနာက ကျောက်များနှင့်မတူသော်လည်း သူမ စမ်းလုပ်ကြည့်ချင်သည်။ 


မတော်လို့ ကူညီနိုင်သွားရင် ဘယ်လိုလုပ်မလဲ ။


အမှန်တွင်မူ သူမက အတွေးများတတ်သူဖြစ်ပြီး စိတ်ခံစားချက်များကို မျိုသိပ်ထားတတ်သူဖြစ်သည်။ သူမ၏ ခံစားချက်များကို ဖုံးကွယ်ပြီး ပျော်ပျော်နေတတ်သည့် စရိုက်ကိုသာ ထုတ်ပြထားတတ်၍ အများစုက သူမ၏အကြောင်းကို မသိကြပေ ။ ဟန်ချင်စုန့်ကသာ သတိထားမိတတ်တာ ဖြစ်ချေသည်။ 


လင်းလန် ပြုံးလိုက်မိသည်။ " စန်းကော ရှင်လည်း တစ်ခုခုဖြစ်နေသလိုပဲနော် ဘာလဲ ရွာကို ခဏခဏသွားနေပြီး ရွာသူလှလှလေးကို တွေ့နေလို့များလား ဒါမှမဟုတ် ... " 


သူမ၏ စနောက်စကားက ဟန်ချင်စုန့်၏ နှုတ်ခမ်းများကြောင့် ဆက်ပြောခွင့်မရလိုက်ပေ ။ " မအိပ်ချင်ဘူးဆိုရင်လည်း တစ်ခြားဟာလုပ်ကြမလား " 


လင်းလန် : " ၀ူး၀ူးးးး "


အိပ်ပျော်ပြီး ဘယ်လောက်ကြာသွားသည်မသိသော်လည်း တုန်ခါနေမှုများကြောင့် လင်းလန် နိုးလာပြီး မေးလိုက်မိသည်။ " စန်းကော ငလျင်လှုပ်နေတာလား "


၇.၄ မဂ္ဂနီကျုရှိတဲ့ငလျင်ဖြစ်ပြီး ပင်လယ်ပြင်ကို ဗဟိုပြုတာဖြစ်၍ ကုန်းမြေများကိုတော့ ထိခိုက်သွားခြင်း မရှိချေ ။


လင်းလန် သိနေရခြင်းမှာ ယခင်ဘ၀မှ မှတ်ဉာဏ်များကြောင့်ဖြစ်သည်။ 


ဟန်ချင်စုန့်က ညနက်မှအိပ်ပျော်သွားတာဖြစ်သော်လည်း လင်းလန်၏ တုန်ယင်နေမှုကြောင့် နိုးသွားသည်။ အိပ်မက်ဆိုးမက်နေတာမှန်း သိသဖြင့် ​ကျောက်ိုပွတ်ကာ ချော့ပေးလိုက်သော်လည်း သူ့အား ငလျင်လှုပ်နေတာလားဟု မေးလာလေသည်။ 


" မဟုတ်ဘူး " 


လင်းလန် သက်ပြင်းချလိုက်မိသည်။ သူမ အိပ်မက်မက်နေတာများလား ။


ရုတ်တရက် အပြင်မှ " ဘုန်း " ခနဲ ပြုတ်ကျသံကို ကြားလိုက်ကြရသည်။ 


လင်းလန် : " စန်းကော ကြားလိုက်လား "


" အင်း ဘာမှမဖြစ်ပါဘူး " ဟန်ချင်စုန့်က ထမည့်အရိပ်အယောင် မရှိပေ ။


အနောက်ခန်းမှ လှုပ်ရှားသံများကို လင်းလန် ကြားလိုက်ရသည်။ တ၀မ် နိုးလာတာဖြစ်လောက်ပေသည်။ 


လင်းလန် တိုးတိုးလေး ပြောလိုက်သည် ။ " စန်းကော သူခိုးများလားမသိဘူး "


ညွှန်မှုးအိမ်ကိုမှ လာခိုးရဲတာဆိုတော့ သတ္တိကောင်းသားပဲ ။ ကျောက်ကျန့်ရှယ်က သူမတို့ဆီသို့ လာခိုးတုန်းက တ၀မ်နှင့် သူမတို့ အချိန်ဆွဲထားစဥ်တွင် ဟန်ချင်စုန့်ပြန်ရောက်လာခဲ့တာဖြစ်သည်။ အချိန်တွေကြာပြီဖြစ်သော်လည်း မနေ့တစ်နေ့မှ အဖြစ်အပျက်လိုပင် သူမ မှတ်မ်ိနေသေးသည်။ 


မြို့၌ ခွေးမွေးရန် မသင့်တော်သဖြင့် ၀မ်၀မ်နှင့် ရှောင်ပိုင်က ဓာတုစက်ရုံတွင် ရှန်ယွီနှင့် နေခဲ့ရသည်။ ခွေးများမရှိသဖြင့် ညစောင့်လည်းမရှိပေ ။ 


လင်းလန် အိပ်မနေနိုင်တော့သဖြင့် ထကာသွားကြည့်လိုက်သည့်အခါတွင် တ၀မ်က တံခါးနောက်တွင်ကွယ်၍ ပုန်းနေလေသည်။


တ၀မ် တံခါးမကြီးကနေ လှမ်းချောင်းလိုက်သည့်အခါတွင် တစ်စုံတစ်ယောက်က ခြံတံခါးကိုဖွင့်ကာ ခိုးကြောင်ခိုး၀ှက်ဖြင့် ၀င်လာလေသည်။ အပြင်မှလူက တံခါးမကြိိီးကို ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်သဖြင့် ကျွီခနဲမြည်ကာ ပွင့်သွားသည် ။ 


တံခါးဖွင့်လိုက်သူက အံ့အားသင့်နေလေသည်။ ညဘက်အိပ်တာကို တံခါးပိတ်ပြီး မအိပ်ကြဘူးလား 


ထိုအချိန်မှာပဲ ပုန်းနေခဲ့သော တ၀မ်က ချက်ချင်းထွက်လာပြီး ထိုလူ၏လက်ကို ဆွဲလိုက်သဖြင့် ထိုလူမှာ ရုန်းချိန် မရလိုက်ပေ ။ " အား ငါ့လက် ငါ့လက် ..."


အား၀မ် မီးခလုတ်ကိုဖွင့်၍ လက်ကိုတစ်ချက် ဖြောင်းခနဲ ရိုက်ချလိုက်ကာ " ငတုံးကောင် " ဟုဆိုလိုက်သည်။ အပြင်မှ လှုပ်ရှားမှုများကို တွေ့ကတည်းက တ၀မ် ဘယ်သူလဲဆိုသည်ကို သိနေခဲ့တာဖြစ်သည်။ 


စန်း၀မ်က တ၀မ်ကို ခုန်၍ဖက်လိုက်သော်လည်း တ၀မ်က ရှောင်လိုက်သဖြင့် ကြမ်းပေါ်သို့ကျသွားတော့သည်။ အ၀တ်ထူထူ ၀တ်ထားလို့သာ တော်တော့သည်။ 


အသံကြားသဖြင့် အားလုံးလည်း အ၀တ်ကိုယ်စီဆွဲ၀တ်ရင်း ထွက်လာကြသည်။ 


လင်းလန် : " စန်း၀မ် ညသန်းခေါင်ကြီး ဘာလို့ ပြန်ရောက်လာတာတုန်း " 


စန်း၀မ်သည် အဖေဖြစ်သူက သူ့အား အေးစက်စက် ကြည့်နေသည်ကို မြင်သည့်အခါ သွားဖြီးကာပြုံးပြသည်။ 


" မားမားတို့ နိုးနိုးကြားကြား အိပ်ကြရဲ့လားလို့ သိချင်လို့လေ "


အား၀မ်က အနွေးထည်၀တ်ထားပြီး ရှောင်၀မ်နှင့် မိုင်ဆွေ့က စောင်ပတ်ထားကြသည်။ သူတို့အကုန်လုံး လင်းလန်တို့ခုတင်ပေါ်သို့ ပြေးတက်သွားကြလေသည်။ ယခုအချိန်မျိုးတွင်သာ သူတို့တွေ မိဘများ၏ခုတင်ပေါ်သို့ တက်ခွင့်ရတာဖြစ်သည်။ 


ယခုခုတင်က ရွာမှခုတင်ထက် သေးသည်။ ဟန်ချင်စုန့်က ဘာမှမပြောဘဲ နံရံကိုမှီကာ ရပ်နေပြီးမှ သူနှင့် လင်းလန်၏စောင်ကိုယူကာ ကလေးများကို ဆွဲခြုံပေးသည်။


စန်း၀မ်က ကုတ်အင်္ကျီ ၊ ဘောင်းဘီများကို ချွတ်လိုက်ပြီး ခုတင်ပေါ်ပြေးတက်ကာ ရှောင်၀မ်၏ဘေးသို့ ၀င်လှဲလိုက်သည်။

Part 872


လင်းလန်က ဆူသည်။ " ပြန်လာတာကို မနက်ဖြန်ထိ မစောင့်နိုင်ဘူးလား "


စန်း၀မ်က ရယ်ကာပြန်ဖြေသည်။ " ပြန်မလာရင်တော့ အကောင်းပဲ ပြန်လာမယ်ဆိုရင် သားက ချက်ချင်းပြန်လာချင်တာ မစောင့်ချင်ဘူး "


" ဒါဆိုလည်း ဖုန်းဆက်ပြီး မင်းအဖေနဲ့ အစ်ကိုကြီးကို လာကြိုခိုင်းလိုက်တာ မဟုတ်ဘူး "


စန်း၀မ်က သမ်းလိုက်သည်။ " အဲ့လိုလည်း မဖြစ်ဘူးလေ သားက ငါးပျံကြီးလေ နဂါးတစ်ကောင်လို ..." အဖေဖြစ်သူ၏ အကြည့်များကိုမြင်သည့်အခါ စန်း၀မ်က ချက်ချင်းပါးစပ်ပိတ်သွားသည်။


 " ဪ အစ်ကိုကြီး သားအိတ်တွေက ခြံထဲမှာပဲရှိသေးတယ် သွားမယူရင် ခဲသွားလိမ့်မယ် "


တ၀မ်က အိတ်နှစ်အိတ်ကို သွားယူလာခဲ့ပြီးပြီဖြစ်သည်။ လေးလွန်းသဖြင့် သူတောင် မနည်းသယ်လာခဲ့ရတာဖြစ်သည်။ 


" မင်းကို ဘယ်သူမှ လိုက်မပို့ဘူးလား "


စန်း၀မ် : " အင်းလေ မဟုတ်ရင် အိမ်ထဲကို ခိုး၀င်လာပါ့မလား " 


မိုင်ဆွေ့ : " မနှစ်တုန်းကကြ ဓားပြတိုက်တော့မလိုနဲ့ ပြန်လာတယ် ဒီနှစ်ကြ ခိုး၀င်လာတယ် နောက်နှစ်ကြရင် နံရံကျော်တက်လာမှာလား "


စန်း၀မ်က ရယ်ကာပြန်ဖြေသည်။ " နောက်နှစ်ကြ  ဘယ်လိုပြန်လာရင်ကောင်းမလဲ သား စဥ်းစားလိုက်ဦးမယ် "


စန်း၀မ်က ရှောင်၀မ်အား အိတ်ကိုဖွင့်ကြည့်ခိုင်းသည်။ အထဲ၌ မုန့်များအပြင် အား၀မ်နှင့် မိုင်ဆွေ့အတွက် စာအုပ်များပါလေသည်။ ဘယ်နေရာရောက်ရောက် စာအုပ်များ၀ယ်နေသဖြင့် နည်းပြက သူ့ကို ကြိုးစားလိုက်တာဆိုပြီးတောင် ချီးကျူးနေလေ၏။


လင်းလန် : " မအိပ်ချင်ဘူးလား အိပ်တော့လေ မနက်ဖြန်မှ စကားပြောကြ "


စန်း၀မ်က လင်းလန်၏ပေါင်ပေါ်သို့ ခေါင်းအုံးလိုက်သည်။ ယခုဆိုလျှင် စန်း၀မ်က ကလေးတစ်ယောက်လိုပင် လင်းလန်၏ရင်ခွင်ထဲသို့ ၀င်ကာအိပ်နေနိုင်ပြီး ရှောင်၀မ်အတွက် အခွင့်အရေးမရှိတော့ပေ ။


တ၀မ်က ဖယ်ရန် ပြင်လိုက်သော်လည်း လင်းလန် တားလိုက်သည်။ 


စန်း၀မ်က အတော်လေးကြီးမှ မိဘများနှင့်အတူ ည၀က်လောက် အိပ်လိုက်ရလေသည်။ ထူးထူးဆန်းဆန်း လျှောက်ကန်​နေခြင်းလည်း မရှိပေ ။


မနက်လင်းသည့်အခါတွင် လင်းလန်က ပြုံး၍စသည်။ " စန်း၀မ်က အအိပ်မဆိုးတော့ဘူးပဲ မနေ့ကဆို လုံး၀မကန်ဘူး "


တ၀မ်ကမူ ထိုသို့မတွေးပေ ။ အဖေရိုက်မှာစိုးလို့ အဲ့ကောင်လေးက မလှုပ်ရဲတာပဲနေမှာ ၊ ကြည့်ရတာ သူ အရမ်းအလျှော့ပေးထားလိုက်မိတာပဲ ဖြစ်ရမယ် ။ 


စန်း၀မ် : " အစ်ကိုကြီး သားကို ဘာလို့အဲ့လိုကြည့်နေတာလဲ ညကြရင်း သားက အစ်ကိုကြီးနဲ့အိပ်မှာနော် "


တ၀မ်က ဘာမှမပြောဘဲ မနက်ခင်းလေ့ကျင့်ခန်း လုပ်ရန်ထွက်သွားပြီး အား၀မ်ကလည်း လိုက်သွားသည်။ စန်း၀မ်ကလည်း မနေခဲ့လိုချေ ။ မိုင်ဆွေ့ကမူ လင်းလန်ကိုကူ၍ မနက်စာပြင်ပေးနေသည်။


ရှောင်၀မ်က ဆောင်းရာသီတွင် မနက်ခင်းလေ့ကျင့်ခန်းမလုပ်ရသော အခွင့်ထူးခံလေးဖြစ်သည်။ သို့ဖြစ်၍ စန်း၀မ်၏အိတ်များကိုဖွင့်ကာ မုန့်များ ၊ အ၀တ်များကို ခွဲနေလေ၏။ 


နောက်တစ်အိတ်တွင် လင်းလန်အတွက် သိုးမွှေးကုတ်အင်္ကျီပါလေသည်။ စစ်စိမ်းရောင်ဖြစ်ပြီး ခါးထိရှည်ကာ ကေဒါအမျိုသမီးများ၀တ်ကြသည်နှင့် ဆင်တူသည်။


စန်း၀မ် : " သူတို့က မားမားနဲ့ လိုက်တယ်ဆိုလို့ ယူလာလိုက်တာ "


လင်းလန် : " ပိုက်ဆံကုန်တာပေါ့ "


စန်း၀မ် : " မားမား ဒါက မားမားတို့ လူထုလှုပ်ရှာရေးအသင်းကလူတွေ ၀တ်တဲ့ယူနီဖောင်းလေ " သူ့အတွက်က အကုန်အတူတူပဲဖြစ်သည်။ 


လင်းလန် ၀တ်ကြည့်ပြီးနောက်တွင် မိုင်ဆွေ့ကို ပြောလိုက်သည်။ "'အစ်မမိုင်ရေ ဒါကို တစ်ယောက်တစ်လှည့် ၀တ်ကြရအောင် " အတွင်းခံများမှလွဲလျှင် သူမနှင့် မိုင်ဆွေ့က အ၀တ်များကို မျှ၀တ်လို့ရနေပြီဖြစ်သည်။ နှစ်ကူးလောက်ဆိုပါက မိုင်ဆွေ့က သူမထက်ပင် ပိုအရပ်ရှည်လာလောက်သည်။ 


လင်းလန်နှင့် ရှောင်၀မ်က သဘောကျနေကြသည်။ 


မနက်စာစားနေစဥ်တွင် အားလုံးက လွန်ခဲ့သည့်ခြောက်လအတွင်း စန်း၀မ်၏အတွေ့အကြုံများကို မေးနေကြသည်။ စန်း၀မ်က သူ ဟွမ်ကျိုးကို နိုင်ငံအဆင့်ပြိုင်ပွဲ၀င်ရန် သွားခဲ့ပြီး ရွှေတံဆိပ်သုံးဆု ရခဲ့သော်လည်း နည်းပြကိုပဲ ပေးလိုက်မိလား တစ်နေရာရာတွင်ပဲ ထားခဲ့မိလားကို မသိဘူးဟုဆိုသည်။ 


ဘာပဲဖြစ်ဖြစ် ရွှေအစစ်မှ မဟုတ်တဲ့ဟာ ။


လင်းလန်က ပျော်နေလေ၏။ " သားက အိမ်မှာ ဘယ်လောက်ကြာကြာနေမှာလဲ "


စန်း၀မ် : " နှစ်ကူးပြီးလောက်တဲ့အထိပေါ့ ပြီးရင်တော့ လေ့ကျင့်ရေး ပြန်ဆင်းရမယ် နွေရာသီမှာ ဂျပန်ကို သွားပြိုင်ရဦးမှာ "


လင်းလန် တွက်ကြည့်လိုက်သည်။ နှစ်လနီးပါးမျှဖြစ်သဖြင့် သူမ အတော်ပျော်သွားမိသည်။


 " ရှောင်စန်း အိမ်ပြန်လာတာကို မားမား ပျော်ပေမယ့် အိမ်မှာ ဒီအတိုင်းကြီးပဲမနေဘဲ ပြန်လာတုန်းလေး ရှောင်၀မ်နဲ့အတူတူ ကျောင်းသွားတက်ပါလား "


စန်း၀မ် : " မားမား ... "


လင်းလန် အမေအိုကြီးတစ်ယောက်ပမာ ချော့မော့ပြောကြည့်လိုက်သည်။ " လိမ္မာပါတယ် စာဆိုတာမျိုးက ကြာကြာပစ်မထားရဘူးလေ "


စန်း၀မ် : "မားမား သားခေါင်းထဲမှာက ရေတွေပြည့်နေတာ စာမသင်လို့ မရဘူးလား "


လင်းလန် : " ဗဟုသုတဆိုတာ သမုဒ္ဒရာကြီးလိုပဲတဲ့ ရေတွေရှိနေတာဆိုရင်လည်း ကွက်တိဖြစ်သွားတာပေါ့ ရှောင်၀မ်လောင်ရှီးကို မသိတာတွေ ပြန်သင်ခိုင်းလိုက်လေ "


ရှောင်၀မ်ကပြုံးသွားသော်လည်း စန်း၀မ်ကမူ သက်ပြင်းချလိုက်လေသည်။ 


အဆုံးတွင် နိုင်အောင်မပြောနိုင်သော စန်း၀မ်သည် ရှောင်၀မ်လောင်ရှီးနှင့်အတူ ကျောင်းသို့လိုက်သွားရရှာသည်။ ထွက်ပြေးပါသော်လည်း ရှောင်၀မ်လောင်ရှီး၏လက်မှ ပြေးမလွတ်ခဲ့ချေ ။


လင်းလန်နှင့် ဟန်ချင်စုန့်က တော်လှန်ရေးကော်မတီသို့သွားကြပြီး ကိုယ်စီအစည်းအဝေးများ တက်နေကြသည်။ နှစ်ကုန်ခါနီးဖြစ်၍ အလုပ်များရှုပ်နေပြီး အစည်းအဝေးများကို ခဏခဏ လုပ်နေကြရလေသည် ။


အစည်းအဝေးပြီးသွားသည့်အခါတွင် လင်းလန်က ဆွေးနွေးခန်းထဲ၌ မလှုပ်မယှက်ထိုင်နေကာ အတွေးနယ်ချဲ့နေ၏။ 


ကျန်းချွင်ရှားက လင်းလန်ကိုတွေ့၍ နှုတ်ဆက်မည်အလုပ်တွင် လင်းလန်က ရုတ်တရက်ထကာ ထွက်သွားသဖြင့် လန့်သွားလေသည်။ လင်းလန်က ပုံမှန်ဆိုပါက ယခုလိုမဟုတ်သဖြင့် နောက်မှလိုက်ကာ ခေါ်မိသည်။ 


" ခေါင်းဆောင်လင်း "


လင်းလန် ခေါ်သံကြား၍ လှည့်ကြည့်လိုက်ပြီး ပြုံးပြရင်း ပြန်မေးလိုက်သည်။ " အစ်မကျန်း ဘာဖြစ်လို့လဲ "


ကျန်းချွင်ရှားက ခေါင်းခါပြသည်။ " ငိုင်ငိုင်ကြီးထိုင်နေတာတွေ့လို့ တစ်ခုခုဖြစ်နေတာလားလို့ ဘာကိစ္စရှိလို့လဲ "


ကျန်းချွင်ရှား၏အကြည့်များကြောင့် လင်းလန် သူမဘေးသို့ ပြန်သွားကာ တက်တက်ကြွကြွ ​မေးလိုက်မိသည်။ " အစ်မကျန်းက မြေငလျင်ဌာနကမလား "


ကျန်းချွင်ရှားက ခရိုင်၏ ငလျင်ဘေးရန်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဌာနမှ ညွှန်မှုးဖြစ်သည်။ 


သူမက ခေါင်းညိတ်ပြသည် ။ " အင်းလေ "


လင်းလန် : " ဒါဆို လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ဒီမှာ ငလျင်လှုပ်မယ့် လက္ခဏာတွေဘာတွေ တွေ့မိလား ကြိုတင်ခန့်မှန်းမိတာမျိုးပဲဖြစ်ဖြစ်လေ "


ကျန်းချွင်ရှား : " ဟင့်အင်း "


" တစ်ခြားနေရာတွေရော "


" မကြားမိဘူး "


လင်းလန်က ထပ်မေးပြန်သည်။ " ဒါဆ်ို လွန်ခဲ့တဲ့နှစ်တွေမှာ ငလျင်လှုပ်တာမျိုးရော ဖြစ်ဖူးလား"


ကျန်းချွင်ရှားက စဥ်းစားနေသည်။ " ၁၉၆၈လား ၁၉၆၉လားပဲ တစ်ခေါက်တော့ ဖြစ်ဖူးတယ် ဒီမှာတော့ သိပ်မပြင်းထန်ဘူး ပင်လယ်နဲ့နီးတဲ့ မြောက်ဘက်ပိုင်းမှာတော့ ပြင်းပြင်းထန်ထန် ထိခိုက်သွားတယ် "


လင်းလန် : " ဒါဆို ... အစ်မကျန်း ငလျင်ဖြစ်မှာကို ကြိုတင်ခန့်မှန်းနိုင်တာမျိုးရော ရှိပြီလား "


ကျန်းချွင်ရှားက အံ့သြသွားလေသည်။ " မဖြစ်နိုင်တာ ငလျင်လေ ဘယ်လိုလုပ် ခန့်မှန်းလို့ရမှာလဲ ... ဟုတ်တယ် အဲ့လိုသာဆို အမြဲတမ်း ခန့်မှန်းပြီး ပြင်ဆင်ထားမှာပေါ့ "