အပိုင်း ၈၆၉-၈၇၀
Viewers 47k

Part 869


ခရိုင်၌ ဘတ်စ်ကားမရှိသဖြင့် အလုပ်ဆင်းလျှင် လင်းလန်က စက်ဘီးဖြင့်ပြန်ပြီး ကျန်ကလေးသုံးယောက်က ပြေး၍ပြန်တတ်ကြသည်။ 


ထိုအချိန်တွင် အပြင်မှစက်သံကို ကြားလိုက်ရသဖြင့် ရှောင်၀မ်ကပြောသည်။ 


" မားမားရဲ့ဒရိုင်ဘာ ရောက်လာပြီ "


လင်းလန် ပြုံးလိုက်ပြီး ရှောင်၀မ်ကို လက်ဆွဲလိုက်သည်။


 "'အား၀မ် စက်ဘီးစီးလိုက် မားမားတို့က ဆိုင်ကယ်စီးကြမယ် "


ဟန်ချင်စုန့်က စစ်တပ်ယူနီဖောင်းကို၀တ်ထားပြီး ဦးထုပ်ကိုဆောင်းထားကာ သုံးဘီးဆိုင်ကယ်ကို စီးလာတာဖြစ်သည်။ ခြေတံရှည်တစ်ဖက်ကို မြေကြီးပေါ်တွင်ထောက်၍ ဆိုင်ကယ်ကိုရပ်လိုက်လေသည်။


သူက ကွန်မြူနတီက ပြန်လာတာဖြစ်သည်။ စီးပွားရေးများက တဖြည်းဖြည်းတိုးတက်လာသဖြင့်  ဆောင်းရာသီ၌ ပျားပန်းခတ်အလုပ်များနေကြပြီး အငြင်းပွားမှုများကလည်း တိုးလာသဖြင့် အလုပ်ရှုပ်နေလေ၏။ တစ်ခါတစ်ရံဆို ပြန်မလာနိုင်အောင်ထိပင် အလုပ်များနေတာဖြစ်သည်။ 


ဟန်ချင်စုန့်၏ ဦးထုပ်ထက်တွင် နှင်းများရှိနေပြီး မျက်ခုံးများကလည်း ခဲနေကာ နှုတ်ခမ်းများလည်းပြာနေလေသည်။ မိုင်ဆွေ့နှင့်ရှောင်၀မ်အား ဘေးတွဲတွင်ထိုင်စေလိုက်ပြီး သူမက ဟန်ချင်စုန့်၏နောက်တွင် ၀င်ထိုင်လိုက်သည်။ 


ဟန်ချင်စုန့်က သူမကို လှည့်ကြည့်လာသည်။ 


လင်းလန် နောက်မှနေဖက်ကာ ကျောကိုပါးအပ်လိုက်မိသည်။ " ဒီနေ့ တော်တော် အေးတယ်နော် "


ရှောင်၀မ်က မျက်လုံးလေးများကို လက်ဖြင့်အုပ်လိုက်လေသည်။ " မားမား သား ဘာမှမမြင်ဘူးနော် "


လင်းလန် ခါးကိုကိုင်း၍ ရှောင်၀မ်၏ အင်္ကျီကြယ်သီးကို တပ်ပေးလိုက်သည်။


 " ဘာကို မမြင်နေတာလဲ မားမားက သားအဖေရဲ့ မျက်ခုံးက နှင်းမှုန်တွေကို ဖယ်ပေးနေတာ "


ရှောင်၀မ်က ထရပ်လိုက်သည်။ " မမရဲ့ မျက်ခုံးတွေရော နှင်းမှုန်တွေကပ်နေတာလား သားဖယ်ပေးမယ် " 


မိုင်ဆွေ့ပ ပုခုံးတွန့်ပြသည်။


 " အခုမှ ထွက်လာတာကို ဘယ်ကနှင်းမှုန်တွေက ရှိရမှာလဲ "


ထိုအချိန်တွင် ဟန်ချင်စုန့်က ဆိုင်ကယ်ကိုစမောင်းလိုက်သဖြင့် ရှောင်၀မ်ကယိုင်ကာ မိုင်ဆွေ့၏ရင်ခွင်ထဲသို့ ကျသွားတော့သည်။ 


ရှောင်၀မ်က လျှာလေးထုတ်ရင်း " ခေါင်းဆောင်ဟန် ဖြည်းဖြည်းလုပ်လေ " ဟုဆိုသည်။ 


တော်လှန်ရေးကော်မတီသို့ အရင်သွားလိုက်ကြပြီး ဟန်ချင်စုန့်က ဆိုင်ကယ်ကို ရုံးထဲတွင်ရပ်လိုက်လေသည်။ ဆီတိုင်ကီခဲမသွားစေရန် ဖြစ်ပေသည်။ 


တ၀မ်က ရဲသားများနှင့် တိုက်ကွက်များကို ဖလှယ်နေလေ၏။ တ၀မ်၏လက်သီးက အရှိန်မြန်ပြီး ရက်စက်ကာတိကျသည့်အပြင် ​ကန်ချက်များကလည်း ကျားသစ်တစ်ကောင်ပမာ လျင်မြန်ပြီးအားပါလှသည်။ 


လင်းလန် အံ့အားသင့်သွားမိသည်။ သားကြီးကတော်လိုက်တာ ...


သူမတို့ပြောင်းလာပြီးကတည်းက တ၀မ်သည် အတန်းမရှိပါက လျိုကျန်းယွင်တို့ဆီလာပြီး လေ့ကျင့်နေခဲ့တာဖြစ်သည်။ 


ခရိုင်ကျောင်းရှိ ဒုတိယနှစ်များတွင် စာမလုပ်ဘဲ ခဏခဏ ရန်ဖြစ်နေကြသည့် အုပ်စုနှစ်စုရှိပြီး ရဲများပင် မနိုင်လို့လွှတ်ထားကြရလေသည်။ ကံမကောင်းချင်တော့ ထိုနှစ်ဖွဲ့သည် တ၀မ်နှင့်ဆုံသွားပြီး အများနှင့်တစ်ယောက် ချပြီးနောက်တွင် တ၀မ်၏ခြိမ်းခြောက်ခြင်းကို ခံလိုက်ရကြလေ၏။ စာမကြိုးစားဘဲ တစ်နေ့လုံး အလေလိုက်နေပါက ရွာကိုပို့ပြီး အလုပ်လုပ်ခိုင်းပစ်မယ်ဟူ၍ အကြပ်ကိုင်ခံလိုက်ကြရတာဖြစ်သည်။ 


လက်ဝှေ့ထိုးတာပဲဖြစ်ဖြစ် ကွန်ဖူးပဲဆိုဆို တ၀မ်က အကုန်ရသည်။ ရဲသားများသည် စစ်မှုထမ်းဟောင်းများ မဟုတ်ပါက အခြားမှပြောင်းရွှေ့လာကြသူများဖြစ်ပြီး အသေအချာ လေ့ကျင့်ရေးဆင်းထားကြသူများ မဟုတ်ကြချေ ။ 


ပွင့်ပွင့်လင်းလင်း ပြောရပါက ထိုနှစ်ယောက်သုံးယောက်လောက်က တ၀မ်အတွက် အသာလေးပင်ဖြစ်သည်။ 


လင်းလန်တို့လာသည်ကိုမြင်သည့်အခါ လျိုကျန်းယွင်က တ၀မ်ကိုရပ်ခိုင်းသည်။ 


ဆောင်းရာသီ ခိုက်ခိုက်တုန်နေချိန်တွင် လျိုကျန်းယွင်နှင့် တ၀မ်က ချွေးတစ်လုံးလုံး ဖြစ်နေကြသည်။ " မရီး ကျွန်တော်က တ၀မ်ကို အနိုင်ကျင့်နေတာ မဟုတ်ဘူးနော် "


လင်းလန် ရယ်လိုက်မိသည်။ " ကျန်းယွင်လည်း တော်တာပါပဲ ငါတို့သားကြီးနဲ့တောင် ယှဥ်ချနိုင်နေတယ် "


လျိုကျန်းယွင် : ..... မရီးရေ အဲ့ဒါက ချီးကျူးစကားနဲ့ မတူဘူးနော် 


ရှောင်၀မ် : " အစ်ကိုကြီးက သေနတ်ပစ်ခဲတယ်လေ "


လျိုကျန်းယွင် သက်ပြင်းချလိုက်မိသည်။ " မင်းက ဘာသိလို့လဲကွ မင်းအစ်ကိုကြီးက ပစ်ခဲတယ်ဆိုရင်တောင် ကောင်းကောင်းကြီး ပစ်နိုင်နေတုန်းပဲ "


တ၀မ်က ပါရမီရှိပြီး ကြိုးစားသူလည်းဖြစ်သည်။ ငယ်ငယ်တည်းက လေးခွပစ်ခဲ့သူဖြစ်ပြီး လက်လည်းတည့်သူဖြစ်ကာ ဓားပေါက်ခြင်းကိုလည်း လေ့ကျင့်ထားသူဖြစ်သဖြင့် ပြည်သူ့လုံခြုံရေးဗျူရို၌ သေနတ်ပစ်သည့်အတန်းများကို တ၀မ်က ပုံမှန်မတက်လျှင်တောင် အဆုံးတွင် ပထမရခဲ့လေသည်။ ထို့ကြောင့် ပြည်သူ့လုံခြုံရေးဗျူရိုမှလူများသည် ရှက်သွားကြပြီး အကြိတ်အနယ် ပြန်ကြိုးစားနေကြလေ၏။ 


လင်းလန် မယုံနိုင်ပါ ။ " သားကြီး မင်းက အဲ့လောက်တောင် သေနတ်ပစ်တာတော်တယ်လား "


တ၀မ် : " သိပ်မဆိုးရုံပါ လက်ဖြောင့်တပ်ခေါင်းဆောင်နဲ့ ယှဥ်လိုက်ရင် ကျွန်တော်က ဘာမှမဟုတ်ပါဘူး ၊ လက်ဖြောင့်တပ်သားဖြစ်လာဖို့ဆိုရင် အဝေးကြီးလိုပါသေးတယ်..."


လျိုကျန်းယွင် : အစ်ကိုကြီးရေ ငါ့မျက်နှာကိုလည်း ငဲ့ပါဦးကွာ 


ထိုအချိန်တွင် မြောင်ဟုန်ယင်းက အပြင်မှ ပြေး၀င်လာသည်။ လင်းလန်ကိုတွေ့သည့်အခါတွင် သူမက ချက်ချင်း ထေ့ငေါ့ချင်နေလေ၏။ သူမက ယခုအခါတွင် အပူပေးစနစ်ပါသည့် အိမ်တွင်နေနေတာဖြစ်ပြီး မီးလင်းဖိုလုပ်နေစရာမလိုတော့သဖြင့် ဘန်ဂလိုတွင်သာ နေနေသော လင်းလန်ကို တုံးအသည်ဟုထင်နေလေသည်။ 


သို့သော်လည်း လင်းလန်က သူမကို အခွင့်အရေးမပေးဘဲ ကလေးများကိုခေါ်၍ ထွက်သွားသည် ။


လင်းလန် : ငါတော့ နင့်ရဲ့ ၄၉မီတာရှည်တဲ့ဓားကြီးကို ကြောက်ပါတယ်နော် 


ဟန်ချင်စုန့်က ညွှန်မှူးချင်ကို သတင်းသွားပို့နေစဥ်တွင် လင်းလန်တို့က ရုံးခန်းထဲ၌စောင့်နေခဲ့သည်။ 


လင်းလန် တ၀မ်ကိုကြည့်လိုက်သည်။ " သားကြီး မအေးဘူးလား " 


ဆောင်းရာသီတွင် အားလုံးကိုယ်စီ ကုတ်အင်္ကျီအထူကြီးများကို ၀တ်ထားတတ်ကြလေသည်။ သူမတို့မိသားစုကလည်း မဆင်းရဲသဖြင့် လင်းလန်က ကလေးများကို အနွေးထည်များ ဖောဖောသီသီ ချုပ်ပေးထားတာဖြစ်သည်။ 


သို့သော်လည်း တ၀မ်က ဘယ်သောအခါမှ အနွေးထည်မ၀တ်ပေ ။


တ၀မ်က ငယ်သေးလို့ မသိနားမလည်သေးတာဟု လင်းလန်ထင်သည်။ ငယ်တုန်းတွင် မသိသာသော်ငြား အသက်ကြီးလာပါက အဆစ်အမြစ်ကိုက်ရောဂါ ဖြစ်လာနိုင်လေသည်။ 


တ၀မ် : " မအေးပါဘူး "


လင်းလန်က လက်ဖြန့်ပေးသည့်အခါ တ၀မ်က သူ့လက်ကို ထည့်ပေးလာသည်။ တကယ်ကို နွေးနေပြီး အေးမနေချေ ။


ရှောင်၀မ်က ပြုံးသွားသည်။ " မားမား အစ်ကိုကြီးက အအေးမကြောက်ဘူး "


တ၀မ်က အဖေတူတာဖြစ်လောက်သည်။ သူ့အဖေကလည်း တစ်နှစ်ပတ်လုံး အင်္ကျီအပါးလေးပဲ ၀တ်ထားတတ်ပြီး ခန္ဓာကိုယ်က အမြဲပူနေတတ်သဖြင့် တစ်ခါတစ်ခါဆို ဖျားနေတာလားဟုတောင် လင်းလန် ထင်မိဖူးသည်။ 


ဟန်ချင်စုန့်ပြန်လာသည့်အခါတွင် လင်းလန်က " စန်းကော စန်း၀မ်ကို ဖုန်းခေါ်ပေးဦး " 


ဟန်ချင်စုန့်က သူမကိုနှစ်စက္ကန့်မျှကြည့်ပြီးနောက်တွင် ခေါင်းညိတ်ပြကာ ဖုန်းခေါ်လိုက်ပြီး တစ်ဖက်လူအား ဖုန်းလွှဲပေးခိုင်းနေသည်။ 


တစ်ဖက်မှလူက စိုက်ပျိုးရေးကို တာ၀န်ယူထားသူဖြစ်သည်။ " ကျွန်တော် အခုပဲ သိုးတွေပေါ်ထားသေးတယ် ခေါင်းဆောင်ဟန်ရော ခြေထောက်တစ်ချောင်းလောက် လိုချင်သေးလား "


ဟန်ချင်စုန့် : " တစ်၀က်ချန်ထားပေးပါ ကျွန်တော် မနက်ဖြန်ကြရင် ပိုက်ဆံပို့လိုက်မယ် "


" ဒါဆိုရင် ကျွန်တော်ကရော ခေါင်းဆောင်ဟန်ဆီ ဘယ်လိုပို့ပေးရမလဲ " သူတို့က ဟန်ချင်စုန့်၏အကျင့်ကို ကျင့်သားရနေကြပြီဖြစ်၍ အသားများရှိပါက အမြဲဆိုသလို ဟန်ချင်စုန့်ကို ပြောပြကာ ယူဦးမလားမေးတတ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြုရေးကလည်း ဆက်စပ်နေတာဖြစ်သည် ၊ ဟန်ချင်စုန့်က သူ ကူညီနိုင်တာရှိလျှင် ချက်ချင်း ပြန်ကူညီပေးပြီး အလကားယူနေတာမျိုး မဟုတ်ပေ ။ 


ဟန်ချင်စုန့် : " ကျေးဇူးတင်ပါတယ် "

Part 870


အသားကင်စားရတော့မည်ဖြစ်၍ လင်းလန်နှင့်ရှောင်၀မ်က လက်ခုပ်တီးနေကြသည်။ ရှောင်၀မ်က လင်းလန်ကို ကပ်ပြောသည်။ " မားမား လယ်ယာစိုက်ပျိုရေးညွှန်မှုးဖြစ်ရတာကောင်းတယ်နော် အသားတွေ ခဏခဏ စားနေရမှာပဲ "


လယ်ယာစိုက်ပျိုရေးလုပ်ငန်းသည် အတော်လေးကြီးကျယ်ပြီး အစိုးရက ကိုယ်ပိုင်ကျွဲနွားများ ၊ သိုးများ၀က်များကို တစ်ပိုင်တစ်နိုင် မွေးမြုခွင့်ပြုထားလေသည်။ ခွင့်ပြုချက်ယူနေစရာမလိုသဖြင့် အတော်လေး လွယ်လွယ်ကူကူဖြင့် အသားများကို ရနိုင်လေသည် ။


ဟန်ချင်စုန့် အလုပ်ပြီးသွားသည့်အခါတွင် ယုံလုလမ်းမှနေ မိသားစုအိမ်သို့ ပြန်လာလိုက်ကြသည်။ ကလေးများက ရယ်ကာမောကာ စကားပြောနေကြစဥ်တွင် ဟန်ချင်စုန့်နှင့်လင်းလန်က ဘေးချင်းယှဥ်ကာ လျှောက်နေကြသည်။ 


လင်းလန်က အနွေးထည်များစွာကို ထပ်၀တ်ထားပြီး လမ်းကချော်နေသဖြင့် ကောင်းကောင်း လမ်းလျှောက်၍မရ ဖြစ်နေသည်။ သူမအတွက် တစ်လှမ်းလှမ်းဖို့က သုံးလှမ်းစာလောက်ကြာနေပြီး ခြံစည်းရိုးထောင့်သို့အရောက်တွင် ခြေချော်ပြီးလဲကျမလို ဖြစ်သွားသေးသည်။ 


ဟန်ချင်စုန့်က ချက်ချင်းလှမ်းဆွဲလိုက်၍သာ တော်တော့သည်။ 


လင်းလန် သက်ပြင်းချလိုက်မိသည်။ မနှစ်တည်းက ပြောင်းလာခဲ့သည့်နေရာဖြစ်သော်လည်း သူမမှာ မရင်းနှီးသေးဘဲ ဆောင်းရာသီတွင် မကြာခဏဆိုသလို ချော်လဲနေသည်။


လင်းလန် မျက်နှာငယ်လေးဖြင့် ပြုံးပြလိုက်သည်။ " ကျွန်မ အပြစ်မဟုတ်ဘူးလေ မြေကြီးက ချောနေတာ နှင်းလေးနည်းနည်းကျတာနဲ့ လမ်းတွေက ချောလာတော့တာပဲ "


ခရိုင်လမ်းများက ရွှံ့များဖြင့်ပြည့်နေပြီး မညီမညာဖြစ်နေတတ်သည်။ သို့ဖြစ်၍ ခဲသွားလျှင် ပိုချော်နေတတ်လေသည်။ ရှေ့တွင်လည်း တစ်ယောက်ယောက်က တမင်ရေခဲနေအောင် လုပ်ထားသည့်ပုံရှိသည်။ ကလေးများက နှင်းလျှောစီးတိုင်း ဆော့ထားကြသည့် ခြေရာလက်ရာများ ရှိနေလေသည်။ 


ဟန်ချင်စုန့်က အပြောထက် လက်တွေ့လုပ်ရသည်ကို ကြိုက်သူဖြစ်၍ ဘာမှပြန်မပြောဘဲ လင်းလန်ကိုသာ သေချာဖက်၍ တွဲပေးထားလေသည်။ လင်းလန်လည်း အရမ်းကြီး ရှက်မနေတော့ပေ ။ မှောင်လည်းမှောင်နေပြီဖြစ်၍ ဖြတ်သွားဖြတ်လာများကလည်း သေချာမြင်ကြရမည် မဟုတ်ပေ ။ မြင်သွားကြသူများကလည်း ခေါင်းဆောင်လင်း နေမကောင်းလို့လား ၊ သွေးအားနည်းနေပြန်တာလားဟူ၍သာ မေးသွားကြသည်။ 


အေးစက်စက် လေများကြားတွင် လင်းလန် ဟန်ချင်စုန့်၏ ရင်ခွင်ထဲ မှီချလိုက်သည့်အခါ အလွန်နွေးလွန်းလေသည်။ " စန်းကော ရှင်ရှိနေလို့သာပေါ့ ရှင်မရှိရင် ကျွန်မတော့ ဖြစ်မှာကိုမဟုတ်ဘူး "


ဟန်ချင်စုန့်က ခဏရပ်လိုက်ပြီးမှ ဆက်လျှောက်သည်။ " ..... မင်းက ကိုယ်မရှိဘဲ နေချင်သေးလို့လား "


လင်းလန် ပြုံးလိုက်မိသည်။ သူမက အချိန်ကူးပြောင်းလာတာဖြစ်၍ ဘာတွေဖြစ်လာမည်ကို အတပ်မပြောနိုင်ပေ ။ သူနဲ့ပဲ တစ်သက်လုံးအတူနေပြီ သေသွားရမှာလား ၊ ဒါမှမဟုတ် သူမ ထပ်ပြီးကူးပြောင်းသွားဦးမှာလား ။ သူမသာ ဆက်ပြီး ကူးပြောင်းရဦးမယ်ဆိုရင် ဟန်ချင်စုန့်က ဘယ်လိုလုပ်မလဲ ။ သူမရှိဘဲ သူမကရော ဘယ်လိုနေရမှာလဲ ။


မချစ်တတ်ခင်တုန်းက သူမဘာသာ တစ်ယောက်တည်း ကမ္ဘာကြီးအနှံ့လျှောက်လည်ပစ်မည်ဟု တွေးခဲ့ဖူးလေသည်။ သို့သော်လည်း အချစ်ခံရပြီးနောက်တွင်တော့ သူမ တစ်ယောက်တည်း ဘယ်တော့မှ မနေချင်တော့ပေ ။


အိမ်ရောက်သည့်အခါတွင် ကလေးများက တံခါးဖွင့်ပေးပြီး ဟန်ချင်စုန့်က လင်းလန်ကိုတွဲ၍ အိမ်ထဲသို့၀င်သွားသည်။ ထို့နောက် လင်းလန်အား မေးစေ့မှနေကိုင်ကာ ခေါင်းမော့စေပြီး နားနားသို့ကပ်ပြောသည်။ " ဒါဆိုရင် အဲ့လိုမတွေးတော့အောင် ကိုယ် မင်းကို ပိုပြီး​ကောင်းကောင်း ဆက်ဆံပေးရတော့မှာပဲ "


ကိုယ်မရှိဘဲ မနေနိုင်အောင် လုပ်လိုက်ရင် မင်း ကိုယ့်ထက်ကောင်းတဲ့သူကိုလည်း ရှာနိုင်မှာ မဟုတ်တော့ဘူး ။ 


မီးလင်းဖိုက ငြှိမ်းထားခဲ့ရတာဖြစ်သဖြင့် တ၀မ်က ပြန်ထွန်းပြီးနောက်တွင် အပေါ်မှ ရေနွေးအိုးတင်ထားခဲ့လေသည်။ အား၀မ်နှင့် မိုင်ဆွေ့က ချက်ပြုတ်ရန် ပြင်နေကြသည်။ 


မိသားစုများသလို တစ်ယောက်ကမှ အချောင်ခိုနေခြင်းမရှိသဖြင့် လုပ်စရာများက လျင်လျင်မြန်မြန်ပဲ ပြီးသွားသည်။ 


ညနေစာအတွက် ပန်းဂေါ်ဖီစိမ်းနှင့် ဖရုံသီးဟင်းရည် ၊ ပါစတာတစ်ခွက်အပြင် ဂေါ်ဖီနှင့်ကြက်ဥကြော် ၊ မှိုဟင်းတစ်ခွက်တို့ကို ချက်လိုက်လေသည်။ လုပ်ရလည်းလွယ်သလို အာဟာရလည်း ရှိပေသည်။ 


စားပြီးနောက်တွင် ကိုယ်လုပ်စရာရှိသည်များကို ကိုယ််စီလုပ်နေကြလေ၏။ 


မိုင်ဆွေ့နှင့် အား၀မ်က အင်္ဂလိပ်စာကို ကြိုစားသင်နေကြသည်။ နိုင်ငံခြားသို့ ခရီးထွက်ချင်ပါက အင်္ဂလိပ်စာကို သေချာတတ်ထားမှဖြစ်မည်ကိုး ။ ယခုဆိုလျှင် ထိုနှစ်ယောက်သည် ထမင်းစားရေသောက်တော့ ပြောတတ်နေကြပြီဖြစ်သည်။ ရှောင်၀မ်ကမူ သူ့ရဲ့စိတ်ကူးယဥ်ကီးဘုတ်ကိုတီးရင်း သီချင်းညည်းနေလေ၏။ 


တ၀မ်က ဗျူဟာများကိုကြည့်နေသည်။ ဟန်ချင်စုန့်က စိတ်အခြေအနေကောင်းလျှင် အဖေဖြစ်သူနှင့် သွားဆွေးနွေးတတ်ပြီး အား၀မ်က စိတ်၀င်စားလျှင်လည်း အား၀မ်ကို ပြန်သင်ပေးသေးလေသည်။ တ၀မ် အဖေဖြစ်သူကို ရှာကြည့်လိုက်သည့်အခါတွင် ဟန်ချင်စုန့်က အရှေ့ခန်းက ပြတင်းပေါက်နားတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ မီးမဖွင့်ထားသဖြင့် သေချာတော့ မမြင်ရပေ ။ 


" အဖေ " တ၀မ် လှမ်းခေါ်လိုက်သည် ။ 


ဟန်ချင်စုန့်က ဘာတွေးနေ၍လည်းမသိ တ၀မ် ခေါ်လိုက်သည့်အခါတွင် ဆတ်ခနဲတုန်သွားသည်။ " ဟင် "


တ၀မ် လျှောက်သွားရင်း အခန်းတံခါးကိုမှီ၍ ရပ်လိုက်သည်။ " ဘာလို့ မီးမဖွင့်တာလဲ "


ဟန်ချင်စုန့် : " မီတာခတက်တယ် " 


တ၀မ် : " ...... "


ဟန်ချင်စုန့် : " ကိုယ့်ဘာသာပဲလုပ်လိုက်ဦး "


အဖေဖြစ်သူက စိတ်မပါသဖြင့် ထိုသို့ပြောခြင်းဖြစ်သည်ကို တ၀မ်သိသည်။ 


သို့ဖြစ်၍ လှည့်ကာ အနောက်ခန်းသို့ ထွက်လာလိုက်သည်။ လင်းလန်က မိုင်ဆွေ့နှင့်အား၀မ်တို့ အင်္ဂလိပ်စာလေ့လာနေသည်ကို နားထောင်ရင်း ဆွယ်တာထိုးနေလေသည်။ တ၀မ် လင်းလန်အား ကြည့်နေလိုက်မိသည်။ 


လင်းလန်က သူ့ကို ပြန်ကြည့်လာသည်။


 " သားကြီး ဘာဖြစ်လို့လဲ "


တ၀မ် ခဏစဥ်စားပြီးမှ လင်းလန်၏ဘေးသို့သွား၍ ကပ်ပြောလိုက်သည်။ 


" အဖေက ... စိတ်အခြေအနေ သိပ်မကောင်းဘူးထင်တယ် "


လင်းလန် အံ့သြသွားမိသည်။ " ဘာက မကောင်းတာတုန်း " လက်ထဲက ဆွယ်တာကိုချလိုက်ပြီး ဖိနပ်၀တ်ကာ " မားမား သွားကြည့်လိုက်ဦးမယ် " ဟုဆိုလိုက်သည်။ 


အရှေ့ခန်းသို့ သွားကြည့်လိုက်သည့်အခါတွင် မီးမှိတ်ထားဆဲဖြစ်သော်လည်း လင်းလန် ဟန်ချင်စုန့်၏ အရိပ်ကို မြင်လိုက်ရသည်။ " ယောက်ျား ဘာလုပ်နေတာလဲ "


ဟန်ချင်စုန့် : " ဘာမှမလုပ်ပါဘူး " 


လင်းလန် လျှောက်သွားလိုက်ပြီး ဟန်ချင်စုန့်၏ မျက်နှာကိုစမ်းကြည့်ဖို့ လုပ်လိုက်သော်လည်း ထိုလူက သူမကို ဆွဲဖက်ကာ ပေါင်ပေါ်သို့ဆွဲချလိုက်လေသည်။ ပါးကိုစမ်းကြည့်လိုက်သည့်အခါတွင် အနည်းငယ်စိုနေသဖြင့် လင်းလန် အံ့သြသွားမိသည်။ 


ဟမ် ...


ဘာဖြစ်နေတာလဲ ။


သူမ၏ခါးက တင်းတင်းကြပ်ကြပ် အဖက်ခံထား၍ ပြတ်သွားတော့မလားဟုပင် လင်းလန် ထင်မိသည်။ အလုပ်၌ အဆင်မပြေ၍ဖြစ်မည်ဟုထင်သဖြင့် လင်းလန်လည်း ပြန်ပွေ့ဖက်ပေးလိုက်ပြီး ကျောကိုပွတ်ပေးနေလိုက်သည်။ ဟန်ချင်စုန့်၏ နားသီးလေးများက ထူထူလုံးလုံးလေးဖြစ်ပြီး ကိုင်လို့လည်းအလွန်ကောင်းပေသည်။ 


ဟန်ချင်စုန့်  : "......" သူ ဘာတွေပဲ စိုးရိမ်နေခဲ့ပါစေ သူမ ရောက်လာပါက အားလုံးပျောက်သွားလေသည်။