အပိုင်း ၈၆၇-၈၆၈
Viewers 47k

Part 867


သူကတော့ ထိုသို့မတွေးပါ ။ လင်းလန်က သူ့အား ကောလိပ်တက်ရန် တိုက်တွန်းနေခဲ့သလို မိုင်ဆွေ့နှင့်အား၀မ်ကလည်း သူနှင့်အတူ တိုးတက်လာကြသည့်ကလေးများ ဖြစ်သည်။ အခြားလူများ သွေးထိုးနေသည်က သူ့ကို ဘာသက်ရောက်မှုမှ မဖြစ်သွားစေနိုင်ပါ ။


လင်းလန်တို့မိသားစု ပြောင်းသွားသဖြင့် ၀မ်းနည်းကာ သူ့စိတ်ထဲဟာနေခြင်းသာ ရှိသည်။


လင်းလန်တို့အပေါ်  သူအရမ်းမှီခိုနေမိပြီး သံယောဇဥ်ဖြစ်သွားမိသဖြင့် ယခုလို ခံစားနေရတာ ဖြစ်လောက်ပေသည်။


ခေါင်းဆောင်လင်းတို့လို မိသားစုမျိုးအား ရင်းနှီကြလိုသူများက အများကြီးဖြစ်ပေသည်။ သူတို့အတွက်က မိတ်ဆွေသူငယ်ချင်း ရှားပါးမည်မဟုတ်ချေ ။


ရှန်ယွီ တစ်နေ့ခင်းလုံး ပညာတတ်လူငယ်များဆုံရာနေရာ၌သာ အချိန်ဖြုန်းနေမိပြီး ညနေခင်းရွှီတုန်ရှင်းလာခေါ်မှသာ စက်ဘီးယူ၍ ဆပ်ပြာစက်ရုံသို့ သွားလိုက်သည်။ 


ရှန်ယွီက စက်ဘီးကိုစီးမသွားဘဲ ဖြည်းဖြည်းချင်းတွန်းကာ လမ်းလျှောက်နေတာဖြစ်သည်။ ရွာအနောက်ဘက်တစ်နေရာသို့ ရောက်သည့်အခါတွင် ယန်ယန်နှင့် ချိုက်ဟွားတို့ စကားများနေကြသည်ကို တွေ့လိုက်ရသဖြင့် ထိုနှစ်ယောက် ရှက်မသွားစေရန် မနှောင့်ယှက်ဘဲ နေရာတွင်သာ ရပ်နေလိုက်မိသည်။ 


" ဘာလို့ ငါပြောတာကို နားမထောင်တာလဲ " ချိုက်ဟွား၏အသံက ကယောင်ချောက်ခြား ဖြစ်နေလေသည်။ 


ယန်ယန် : " ဘာလို့ ငါ့နာမည်ကို ပြောင်းရမှာလဲ ငါ့အမေ နောက်အိမ်ထောင်ပြုလည်းပြုပေါ့ ငါ့မျိုးရိုးက ချန်မှမဟုတ်တာ "


" နင့်မျိုးရိုးက ချန်မဟုတ်ရင် နင်က ချန်မင်ယန် မဟုတ်တော့ဘူးလေ " ချိုက်ဟွားက ပြန်အော်သည်။


ယန်ယန် : " ဘာလို့ငါက ချန်မင်ယန်ဖြစ်ရမှာလဲ ငါက လျိုမင်ယန်လေ "


" နင် .. နင် ငတုံးမ နင့်အတွက်ပြောနေတာဟဲ့ "


ချိုက်ဟွားက ဒေါသတကြီး အော်ပြန်သည်။ 


ယန်ယန် : " နင့်ကအမြဲ ငါ့အတွက်လို့ပြောနေပေမယ့် ငါမှ ငါ့အမေ နောက်အိမ်ထောင်ပြုတာကို သဘောမကျတာ ဘာလို့ သူမနောက်လိုက်သွားရမှာလဲ ငါလည်းအရွယ်ရောက်နေပြိိပဲဟာ ငါ့ဘာသာ ရပ်တည်နိုင်နေပြီလေ "


" နင် နောင်တရလာလိမ့်မယ် " ချိုက်ဟွားက အံကြိတ်ကာပြောသည်။ 


ယန်ယန် : " နင်က ထူးဆန်းလွန်းတယ် ချိုက်ဟွား ငါတ်ို့တွေ စကားထပ်မပြောသင့်တော့ဘူးထင်တယ် " 


ဘယ်သူကရော နင်နဲ့သူငယ်ချင်းလုပ်ချင်နေလို့လဲ ။ ချိုက်ဟွားက လှောင်သည်။ ငါက နင်နဲ့သူငယ်ချင်းဖြစ်ချင်နေတယ်လို့များ ထင်နေတာလား ။ ဇာတ်လိုက်မရဲ့ရောင်၀ါကြောင့်သာ မဟုတ်ရင် ငါ နင့်ကို သတ်ပစ်ပြီးလောက်ပြီ ။ ယဥ်ကျေးမှုတော်လှန်ရေးကာလသာမဟုတ်ရင် ငါ နင့်ကိုရောင်းစားပစ်လိုက်တာကြာပြီ ၊ ဦးနှောက်မရှိတဲ့ ဇာတ်လိုက်မရဲ့ ။ အရင်ဘ၀က ငါ ဘာလုပ်ခဲ့တယ်ဆိုတာကိုရော သိရဲ့လား၊ ငါ့ကို ဒီလိုပြန်ပြောရဲနေရအောင်လေ ဟမ် ။


ချိုက်ဟွားက မူမမှန်တော့ဘူးဟု ယန်ယန်ထင်သည်။ လရောက်အောက်တွင် ချိုက်ဟွား၏ကိုယ်က တုန်နေပြီး မျက်လုံးများထဲတွင်လည်း အမှောင်ရိပ်များကိုတွေ့နေရကာ ကြည့်မိသူများအား ကြက်သီးထသွားစေလေသည်။


ချိုက်ဟွား၌ ဘယ်လိုများ ယခုလိုအကြည့်မျိုးရှိနေသည်ကို ယန်ယန် နားမလည်နိုင်ပါ ။ ကြောက်လာသဖြင့် ယန်ယန် လှည့်ပြန်ရန် ပြင်လိုက်မိသည်။


ချိုက်ဟွားက သူမလက်ကို လာဆွဲလေသည်။ " ငါ ပြောနေတာ မပြီးသေးဘူး နင်က ဘယ်သွားမလို့လဲ "


သူမ သိခဲ့ဖူးသည့် ချိုက်ဟွား မဟုတ်တော့သလိုပင် ။ သူမရှေ့ရှိ ချိုက်ဟွားသည် အေးတိအေးစက်ဖြင့် သူမကို ကြည့်နေသဖြင့် ယန်ယန် ဒူးတုန်လာမိသည် ။


" ငါ အိမ်ပြန်တော့မှာ " ယန်ယန် အတတ်နိုင်ဆုံး တည်ငြိမ်ယောင်ဆောင်နေမိသည်။


 " ချိုက်ဟွား စိတ်မဆိုးပါနဲ့ စက်ရုံကရတဲ့ ပိုက်ဆံက ငါနဲ့ငါ့မောင်အတွက် လုံလောက်တယ် ဒါကြောင့် ငါ့ကိုစိတ်ပူမနေနဲ့တော့ နင်က ငါ့အတွက် ပြောနေတာဆိုတာကို သိပေမယ့် ငါတကယ် ပထွေးအိမ်ကို မသွားချင်ဘူး " 


ထိုအခါ ချိုက်ဟွားက အနည်းငယ် စိတ်ပြေသွားသော်လည်း ယန်ယန်၏လက်ကိုတော့ ဆုပ်ကိုင်ထားဆဲပင် ။ 


" အဲ့ဒီ့စက်ရုံမှာ ဆက်မလုပ်နဲ့တော့ နောက်နှစ်နှစ်ကြာရင် ခရိုင်က အလုပ်သမားတွေခေါ်လိမ့်မယ် အခု အထည်စက်ရုံမှာလုပ်ထားရင် အတွေ့အကြုံရှိတယ်ဆိုပြီး ရွေးချယ်ခံရလိမ့်မယ် "


ယန်ယန် ရယ်လိုက်မိသည်။ 


" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ချိုက်ဟွားရဲ့ ပညာတတ်လူငယ်တွေက အလုပ်ခန့်တဲ့နေရာမှာ ဦးစားပေးတွေလေ ငါက ဘယ်လိုလုပ် အလုပ်ရမှာလဲ "


" ငါ ရတယ်ပြောရင် ရတယ်ပေါ့ " ချိုက်ဟွားက ဒေါသထွက်လာပြန်သည်။ " နောက်နှစ်မဟုတ်ရင် နောက်နှစ်ရဲ့နောက်နှစ်ပဲ သေချာတယ် "


ယန်ယန်က မယုံသလို ပြန်မေးသည်။ "  နင် ဘယ်လိုသိလဲ "


ချိုက်ဟွား : " ငါက ရှေ့ဖြစ်ဟောနိုင်တယ်လို့ နင့်ကိုမပြောဖူးဘူးလား နင်က ငတုံးမို့လို့ ငါ့ကိုမယုံတာလေ "


ထိုအချိန်တွင် ရှန်ယွီ စက်ဘီးကိုတွန်းကာ လျှောက်သွားလိုက်သည်။ ခြေသံကြားသဖြင့် ထိုနှစ်ယောက်က လှည့်ကြည့်လာကြသည်။ 


ရှန်ယွီ : " မင်းတို့ တပ်မဟာကို ပြောင်းဖူးခွံခွာဖို့ မသွားကြဘူးလား "


ချိုက်ဟွားက ရယ်လိုက်ပြီး ချက်ချင်းပင် ရှန်ယွီထံ အပြေးရောက်လာကာ ညုတုတုသံဖြင့် စကားပြောလာသည်။ 


" အစ်ကိုကြီးရှန်ယွီ သမီးတို့ပြောတာတွေ ကြားသွားသေးလား "


ရှန်ယွီ : " ဟင့်အင်း ဖြတ်သွားနေရင်း အသံကြားလို့ လာကြည့်တာ "


ယန်ယန်ကလည်း ရှန်ယွီကို နှုတ်ဆက်သည်။ သူမက ယခုရက်ပိုင်းအတွင်း ၀ူချိုက်ရှန်း ၊ ချန်ဖုယုတို့နှင့်အတူ ဆောင်းရာသီရိတ်သိမ်းရာ၌ ကူညီနေခဲ့တာဖြစ်သည်။


ရှန်ယွီ : " ဆပ်ပြာစက်ရုံအတွက် လုပ်ထားတဲ့ အထူးဆပ်ပြာက အဆင်သင့်ဖြစ်နေပြီ နောက်ရက်တွေကြရင် လာယူလို့ရပြီနော် "


ချိုက်ဟွားက ရှေ့သို့တိုးလာပြီး ရှန်ယွီကိုကြည့်ကာ ပြောပြန်သည်။ 


" အစ်ကိုကြိိးရှန်ယွီက ယန်ယန်ကိုအရင်ကလည်း ပေးနေကြပဲမဟုတ်ဘူးလား ဘာလို့တစ်ခါတည်း မပေးလိုက်တာလဲ "


ရှန်ယွီ၏ ချိုက်ဟွားအပေါ် သဘောထားက ယခင်နှင့်မတူဘဲ အေးစက်နေလေ၏။ 


" ငါ အလုပ်များနေလို့ မင်းတို့လည်း အိမ်ပြန်ကြတော့လေ အရင်သွားနှင့်တော့မယ် "


ရှန်ယွီထွက်သွားသည်နှင့် ယန်ယန်လည်း အိမ်ပြန်သွားလေသည်။ 


တိတ်ဆိတ်နေသည့် လမ်းမထက်၌ ချိုက်ဟွားတစ်ယောက် ရပ်ကျန်နေခဲ့သည်။ ရွာအနောက်ဘက်က လူပြတ်ပြီး ကောက်ရိုးပုံများသာရှိသောကြောင့် ကျင်ကြီးကျင်ငယ် လာစွန့်ကြသူများရှိသဖြင့် အနံ့အသက်များက ဆိုး၀ါးလွန်းသည်။


ချိုက်ဟွားကမူ ဂရုမစိုက်ပေ ။ အရင်ဘ၀တုန်းကဆို ယခုထက်ဆိုး၀ါးသည့်အရာများကို သူမ ကြုံခဲ့ရပြီးပြီပဲဟာ ။


ဘယ်သူက မလှချင်မှာလဲ။ 


ဒါပေမယ့်လည်း နေရောင်က ထောင့်တိုင်းကိုမှ မရောက်နိုင်တာ ။ 


သူတို့က သူမကို အခွင့်အရေး ပေးခဲ့လို့လား ။


အခုကြမှ သူမကို မသက်ညှာပေးဘူးဆိုပြီး အပြစ်မတင်နဲ့တော့ ။ 


.....


ယန်ယန် အိမ်ကို တစ်ရှိန်ထိုးပြန်ပြေးရင်း အိမ်ထဲသို့၀င်ကာ ၀ူချိုက်ရှန်းအား ၀မ်းသာအားရ ပြောလိုက်သည်။ "'အမေ သမီး အမေနဲ့ ဆွေးနွေးချင်တာရှိတယ် "


သမီးဖြစ်သူ၏ အကျင့်များကို ၀ူချိုက်ရှန်းလည်း ကျင့်သားရနေပြိိီဖြစ်၍ ရေးကြီးခွင်ကျယ် လုပ်မနေတော့ပေ ။ 


ယန်ယန် : " အမေ ချန်ကျားကိုသွားလိုက် ပြီးရင် ... ကောင်းကောင်းမွန်မွန် နေသွားလိုက်တော့ သမီးနဲ့မောင်လေးကို မပူနဲ့ သမီး သူ့ကို ကျန်းကျားကျွမ်းကိုခေါ်သွားပြီး ကျောင်းတက်ခိုင်းလိုက်မယ် "


၀ူချိုက်ရှန်းမှာ အံ့သြတကြီးဖြင့် ဆွံ့အသွားလေသည်။

Part 868


ယန်ယန်က တည်တည်ငြိမ်ငြိမ်ပဲ ရှိနေသည်။ သူမက ကလေးမလေးတစ်ယောက် မဟုတ်တော့ပေ ။ သူမက ယခုဆိုလျှင် ကိုယ့်အတွေးအခေါ်များနှင့်ကိုယ် ရှိနေပြီဖြစ်သည်။ အမေဖြစ်သူ လက်ထပ်လျှင် ချန်အိမ်သို့လိုက်သွား၍ ရပါသော်လည်း ပထွေးနှင့်မိထွေးဖြစ်နေမည်ဖြစ်၍ တစ်ဖက်ကကလေးတွေအတွက်လည်း မကောင်းသလို သူမတို့အတွက်လည်း မကောင်းနိုင်ပါ ။ မတော်လို့ မောင်လေးကို အနိုင်ကျင့်နေကြရင် ဘယ်လိုလုပ်မလဲ ။ 


သို့ဖြစ်၍ မောင်လေးကိုလည်း ကိုယ့်ကိုယ်ကို အားကိုးတတ်အောင် သင်ပေးရမည်ဟုသာ ယန်ယန် တွေးမိသည်။ ပထွေးကိုလည်း အမှီပြုစရာမလိုဘဲ အမေဖြစ်သူကိုလည်း ဒုက္ခရောက်အောင် မလုပ်မိစေရန်ဖြစ်သည်။ 


အမေနဲ့ ချန်ဖုယုတို့ လက်ထပ်ပြီးကလေးရလာပါက သူ့မောင်လေးအတွက် ပိုပြီးခက်ခဲလာပေလိမ့်မည် ။ သို့ဖြစ်၍ အစောကြီးတည်းက ထွက်သွားထားတာက ပိုကောင်းပေလိမ့်မည် ။


၀ူချိုက်ရှန်းက တစ်ခဏမျှ တွေဝေသွားပြီးမှ စိတ်သက်ရာရသွားသလို " ကောင်းပြိီလေ " ဟုပြန်ဖြေလာသည်။


.......


လင်းလန်တို့မိသားစု ခရိုင်သို့ပြောင်းရွှေ့ပြီးနောက်တွင် အလုပ်လုပ် ၊ ကျောင်းတက် ၊ သုတေသနလုပ်ဖြင့် အလုပ်ရှုပ်နေကြပြီး အချိန်များက အကုန်မြန်သွားသည်။ 


မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်နှစ် ဆောင်းရာသီသို့ရောက်လာပြီး ရုတ်တရက် အပူချိန်ကျသွားပြီး မြောက်လေညှင်းက အလွန်အေးလာပေ၏။ 


သုတေသနခန်းထဲ၌ မီးလင်းဖိုရှိသဖြင့် အခန်းထဲ၌ အလွန်ပူပေသည်။ လင်းလန် မီးလင်းဖိုထဲ၌ ကန်စွန်းဥအနည်းငယ်ကို ထည့်ဖုတ်လိုက်ပြီး အပေါ်တွင်မူ ပေါက်စီအနည်းငယ်ကို ပေါင်းထားလိုက်သည်။ ခဏအကြာတွင် အနံ့များလှိုင်လာသည်။ 


၀ူကုံးက သူအသစ်လုပ်ထားသည့် နီလာကျောက်ကို လင်းလန်အားပြသည်။


 " ခေါင်းဆောင်တွေ့လား အရောင်က ဒီတစ်ခေါက်ပိုကောင်းတယ် "


လင်းလန်ယူလိုက်ပြီး ဓာတ်မ်ိီးအသေးလေးကိုထိုး၍ ကြည့်လိုက်သည်။ ဟုတ်သည် ၊ ယခင်တစ်ခေါက်ထက် ပိုကောင်းပေသည်။ သို့သော်လည်း အထဲ၌ အညစ်အကြေးများရှိနေသေးပြီး အရောင်ကလည်း ထိပ်တန်းအဆင့်ကိုတော့ မမီသေးပေ ။ ယခုပစ္စည်းသည် အစမ်းသဘောသာဖြစ်သေးသဖြင့် လက်ရာပေါ်သာမူတည်လေသည်။ သို့ဖြစ်၍ ထိပ်တန်းအဆင့် ကျောက်ရိုင်းတုံးများကိုလည်း မသုံးသေးတာဖြစ်သည်။ 


မနှစ်တုန်းက စန်း၀မ်က ကျောက်မျက်ရတနာ ဒီဇိုင်းစာအုပ်ကို မတော်တဆ ၀ယ်လာခဲ့သဖြင့် လင်းလန်တို့အတွက် အဆင်ပြေသွားတာဖြစ်သည်။ ထိုစာအုပ်၏အကူအညီဖြင့် သူမတို့၏ ကျောက်သုတေသနကလည်း အရှိန်မြင့်လာတာဖြစ်ပေသည်။ 


လင်းလန် ၊ လီကုံးနှင့် ၀ူကုံးတို့ တစ်ဖန်ထပ်လေ့လာကြည့်လိုက်သည်။ ကျောက်ဖြတ်သည့်နေရာများက ယခုထက်ပိုပြီး သဘာ၀ဆန်ဆန် ချောမွေ့နေဖို့လိုသေးသည်ဟု ထင်သည်။ 


ကျောင်းမတက်ရသည့်အခါတွင် မိုင်ဆွေ့နှင့် အား၀မ်က ရှောင်၀မ်နှင့် အတူရှိနေတတ်ပြီး တ၀မ်ကမူ ပြည်သူ့လုံခြုံရေးဗျူရိုသို့သွားကာ လျိုကျန်းယွင်ထံမှ သင်ယူနေတတ်သည်။ 


" အမေ နှင်းကျနေပြန်ပြီ " ရှောင်၀မ်က ပြေး၀င်လာပြီး အပေါ်မှထပ်၀တ်ထားသော သားရေဂျက်ကတ်ကို ချွတ်လိုက်သည်။ 


မီးလင်းဖိုနားတွင်နေပြီး ရေနွေးသောက်နေကြရန် လင်းလန် ကလေးများကို မှာလိုက်သည်။ လင်းလန် ရှောင်၀မ်၏မျက်နှာလေးကို ပွတ်သပ်ပေးလိုက်သည်။


 " ကျောင်းလွှတ်ရင် အိမ်ကိုပြန်ကြလေ ဒီကိုမလာကြနဲ့တော့ အေးကအေးနဲ့ အဝေးကြီးလာနေကြရတာ "


ရှောင်၀မ်က ပြန်ပြုံးပြသည်။ " မားမားကို လွမ်းလို့လေ " စန်း၀မ်အိမ်မှထွက်သွားကတည်းက ကျန်ကလေးများသည် မိသားစုနှင့်အတူအချိန်ဖြုန်းရသည်ကို ပို၍တန်ဖိုးထားလာကြသည်။ 


အား၀မ်နှင့် မိုင်ဆွေ့ကလည်း လာကူညီပေးရင်းဖြင့် ၀ူကုံးနှင့်လီကုံးထံမှ အများကြီးသင်ယူခဲ့ကြပြီး ယခုဆို ကျောက်သုတေသနလုပ်ရာ၌ ၀င်ကူပေးနိုင်နေပြီဖြစ်သည်။ 


ထိုနှစ်ယောက်က အခန်းထဲသို့ရောက်သည်နှင့် အပေါ်အင်္ကျီကိုချွတ် ၊ လက်ကိုဆေးပြီး ရေနွေးနည်းနည်းသောက်ပြီးသည်နှင့် လောင်ရှီးနှစ်ယောက်နှင့်အတူ အလုပ်စလုပ်နေကြသည်။ 


သူတို့ရောက်လာသဖြင့် လင်းလန်လည်း စိတ်အေးသွားသည်။ လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းက အဆုံးမရှိဘူးဆိုသည့်စကားက တကယ်မှန်သည်။ သူမ၏ကလေးများက သူမကို အမြဲတမ်း အံ့သြသွားအောင် လုပ်ပြနိုင်ကြသည်။ ယခုတွင်လည်း ကျောက်မျက်ဒီဇိုင်းဆွဲရာ၌ အရည်အချင်းများကို ထုတ်ပြနေကြပြန်လေပြီ ။


လင်းလန်က ယခင်ဘ၀မှ မှတ်ဉာဏ်များအတိုင်း လိုက်လုပ်နေခြင်းသာဖြစ်ပြီး သူမဘာသာ စဥ်းစားထားတာမျိုး မရှိပေ ။ သို့ဖြစ်၍ ဆုံးဖြတ်ချက်များကို တော်ရုံ၀င်ပါခဲပြီး ဒီမိုကရေစီဆန်ဆန် သူတို့ဘာသာပဲ ဆုံးဖြတ်စေသည်။


ခဏအကြာတွင် လင်းလန် ကန်စွန်းဥမီးဖုတ်များကို ထုတ်လိုက်ပြီး ကြမ်းပေါ်တွင်ချကာ အခွံများနွှာနေလိုက်သည်။ အနံ့လေးများက အလွန်မွှေးလွန်းပေသည်။ 


" အားလုံးပဲ ကန်စွန်းဥမီးဖုတ် လာစားကြဦး "


မိုင်ဆွေ့နှင့်အား၀မ်က သင်ယူရသည်ကို အလွန်သဘောကျပြီး စားဖို့ကိုပင် မေ့နေတတ်သဖြင့် လင်းလန်က ဘေးကနေ ဂရုတစ်ိုက်ဖြင့် အလိုက်တသိ သတိပေးနေရသည်။


ထိုကလေးနှစ်ယောက်က အထက်တန်းပထမနှစ်သာ ရှိသေးကြသော်လည်း  ဒုတိယနှစ်စာများကိုပင် သင်ပြီးသွားကြပြီဖြစ်ပြီး ထို့ထက်မြင့်သော ပညာရေးကိုပင် လေ့လာနေကြပြီဖြစ်သည်။ အထူးသဖြင့် သိပ္ပံနှင့်ဆိုင်သော ဗဟုသုတများဖြစ်ပေသည်။ 


မိုင်ဆွေ့ : " သမီးတို့ ဖြတ်တဲ့အခါမှာ ထပ်ချိုးညီတဲ့ မျက်နှာပြင်ကို လုပ်ကြည့်ရင်ရော ဘယ်လိုလဲ အဲ့လိုဆို အလင်းဖောက်ဖို့လည်းကောင်းသွားပြီး အလင်း၀င်လေ ကျောက်က အရောင်တောက်လာလေပဲလေ "


လောင်ရှီးနှစ်ယောက်က ကျောက်မျက်များကို မလေ့လာဖူးဘဲ ကျောက်မီးသွေးများ ကြေးနီးများကိုသာ တူးဖူးတာဖြစ်သည်။ သို့ဖြစ်၍ သူတို့သည်လည်း ကျောက်မျက်များအကြောင်းကို သေချာမသိဘဲ ရမ်းသမ်းလုပ်နေခဲ့တာဖြစ်သည်။ အတော်လေး ကြိုးစားပြီးမှသာ ယခုတွင် ခေတ်သစ်ကျောက်မျက်များ၏ အငွေ့အသက်ကို နည်းနည်းရလာတာဖြစ်သည် ။


ထိုကဲ့သို့ အသီးအပွင့်ကိုရလာခြင်းမှာ ဤကလေးနှစ်ယောက်၏ အားထုတ်မှုများစွာလည်း ပါပေသည်။ 


ကန်စွန်းဥများက နှင်းကျပြီးနောက်တွင် ကျေးလက်ဘက်၌ ဆွတ်ခူးထားခြင်းဖြစ်သဖြင့် သိပ်မကြီးသော်လည်း အတော်လေး ချ်ိုကြ၏။ မီးဖုတ်ပြီးနောက် ရွှေ၀ါရောင်အသားများ၏ အချိုအရသာက ပြောမပြတတ်အောင် ကောင်းလွန်းလှသည်။ 


အာလူးနှင့်ယှဥ်ပါက ကန်စွန်းဥ၏အရသာက သိပ်မကောင်းပေ ။ အားလူးများက ကန်စွန်းဥထက်ပိုစေးပြီး ဗိုက်လည်းပြည့် အဆာလည်းခံစေလေသည်။


" မားမားရဲ့ ကန်စွန်းဥမီးဖုတ်က တကယ်အရသာရှိတယ် မွှေးပြီးချိုနေတာပဲ မွစိစိကြီးလည်း ဖြစ်မနေဘူး " မိုင်ဆွေ့က စားနေရင်းဖြင့်ပြောသည်။ 


လင်းလန် ပြန်ပြုံးပြလိုက်သည်။ " သမီးလည်း တော်လာတာပဲဟာ အခုဆိုရင် စားဖိုမှုးတောင် လုပ်လို့ရလောက်ပြီ " 


အား၀မ် : " မားမားချက်တာက အမြဲတမ်း အကောင်းဆုံးပဲ ကောင်းပြီးရင်းကောင်းနေတော့တာပဲ အဖေနဲ့တူတူချက်တဲ့ အသားကင်ဆို ပိုတောင်ကောင်းသေးတယ် "


ကလေးများက ထိုသည်ကိုစားလေ ကြိုက်လေဖြစ်နေကြသည်။ ဟန်ချင်စုန့်၏လက်ရာကလည်း ပိုကောင်းလာလေသည်။ လင်းလန်လည်း ထိုအတိုင်းပင်ထင်သည်။ 


ကလေးများက အမြဲတမ်း သူမကိုမြှောက်ပင့်နေကြသဖြင့် သူမမှာ လေပေါ်ကနေပင် ပြန်မဆင်းနိုင်ဖြစ်လာတော့မလားပင် ။


" စန်း၀မ်ပြန်လာရင် အိမ်မှာ ထပ်ပြီး အသားကင်စားကြတာပေါ့ မီးသွေးတွေလည်း ရှိတယ်လေ "


 သိုးသားက ရဖို့ခက်သော်လည်း သိုးသတ်တဲ့နေရာတွင် ရှာ၀ယ်လို့တော့ ရလောက်ပေသည်။ 


စန်း၀မ်က သူ သိပ်မကြာခင်တွင် ကွမ်ကျိုးကို ပြိုင်ပွဲသွားပြိုင်ရမည်ဖြစ်ပြီး ပြီးလျှင်ပြန်လာမည်ဟု ဖုန်းဆက်ထားသည်။ 


ဆောင်းရာသီ၌ နေ့တာတိုသဖြင့် ညနေငါးနာရီလောက်ဆို မှောင်နေပြီဖြစ်သည်။ 


လင်းလန် အပြင်ကိုကြည့်ပြီး ပြောလိုက်သည်။ " သွားကြစို့ အိမ်ပြန်ပြီး ချက်ပြုတ်ရအောင် "