အပိုင်း ၈၆၅-၈၆၆
Viewers 46k

Part 865


လင်းလန်ကိုတွေ့သည့်အခါ စန်း၀မ်အကြောင်းနှင့် ပြိုင်ပွဲများအကြောင်း နိုင်ငံခြားအကြောင်းများကို အရင်မေးကြလေသည်။ သူတို့အမြင်တွင် စန်း၀မ်က အလွန်ကိုအထင်ကြီးစရာကောင်းသူ ဖြစ်လို့နေသည်။ မြို့တော်ကိုတောင် မရောက်ဖူးကြသူများဖြစ်၍ အာရှဂိမ်းဆိုသည်က ပို၍ပင်ဝေးသည့် စိတ်ကူးဖြစ်နေရှာသည်ကိုး ။


စန်း၀မ်က ထွန်စက်ကိစ္စကို ကူညီပေးသည်ကို ကြားသည့်အခါတွင်လည်း ချီးမွမ်းကြပြန်သည်။ 


စန်း၀မ်မှာ လန့်လာသဖြင့် နှုတ်ဆက်ပြီးနောက်တွင် ကျောင်းသို့သွားကာ ရှောင်၀မ်နှင့်တွေ့ဦးမည်ဟုဆိုကာ ပြန်ပြေးသွားတော့သည်။ 


ဟန်ရုံဖန်က လင်းလန်ကိုပြောသည်။


 " ကလေးတွေက တကယ်တော်တာပဲ မင်းနဲ့ချင်စုန့်ကိုပဲ ရွာကကျေးဇူးတင်ရမှာပဲ "


လင်းလန် ပြန်ပြုံးပြလိုက်သည်။ " အားလုံးက တစ်ရွာတည်းသားတွေပဲဟာ ဘာကိုကျေးဇူးတင်နေရတာလဲ "


ဟန်ရုံဖန် : " အတွင်းရေးမှူးလင်း သင်ပြတာကောင်းလို့သာမဟုတ်ရင် ငါတို့ရွာမှာ ဒီလိုဂုဏ်ယူစရာကလေးမျိုး ဘယ်လိုလုပ် ရှိလာမှာလဲ "


ဆပ်ပြာစက်ရုံကို စတည်ဆောက်ခဲ့သည်ကလည်း လင်းလန်နှင့် အား၀မ်ပဲမဟုတ်ဘူးလား ၊ အဆုံးတွင် အကျိုးအမြတ်ရခဲ့သည်က တပ်မဟာဖြစ်သွားသည်လေ ။ အခုဆို ရွာသားတွေက အလုပ်လုပ်ချင်စိတ်လည်း ရှိလာကြပြီး ဆယ်နှစ်အောက်ကလေးတွေဆိုလည်း ကျောင်းတက်နိုင်နေကြပြီလေ ။


ဒါတွေက သူမကြောင့်ပဲ မဟုတ်ဘူးလား ။


အခြားသူများကို ထုတ်မပြောဖူးသော်လည်း ဟန်ရုံဖန် ရင်ထဲက သိနေသည် ။ ပိုးသတ်ဆေးမသောက်ခင်က ဟန်ချင်စုန့်၏ဇနီးသည် ဤမျှထိ မထက်မြက်ပေ။ ချောလှတာမှန်သော်ငြား တစ်နေ့လုံး ပွစ်ိပွစိ လုပ်နေတတ်သူဖြစ်သည်။ ပိုးသတ်ဆေးသောက်လိုက်ရုံဖြင့် လူတစ်ယောက်က ဤမျှထ်ိ ပြောင်းလဲသွားနိုင်လို့လား ။ ဟန်ရုံဖန် တွေးနေရင်းဖြင့် လင်းလန်အား သေချာကြည့်နေမိသည်။


ဟန်ရုံဖန်က သူမသည်တစ်ခါတစ်ရံတွင် ၀င်ပူးခံလိုက်ရတာများလား ၊ သေရာက ပြန်ရှင်လာလို့များလားဟူ၍လည်း တွေးနေခဲ့ဖူးသည်။


ထိုအရာများက ဟန်ရုံဖန်နှင့် တကယ်မရင်းနှီးပါ ။ 


သို့သော်လည်း လင်းလန်က ယခင်ကနှင့် လုံး၀ မတူတော့ပေ ။


ဟန်ရုံဖန်၏အတွေးများကို မသိသော လင်းလန်က စကားပြောလာသည်။


 " ဒါဆိုလည်း ထွန်စက်အဖွဲ့ကို မြန်မြန်ဖွဲ့လိုက်ပါလား စာတတ်ပြီး ပေါ့တိပေါ့ပြတ်နဲ့ အပျင်းမထူဘဲ တက်တက်ကြွကြွရှိမယ့်သူမျိုးပေါ့ သူတို့ကို ဘယ်လိုမောင်းရမယ် ဘယ်လိုသုံးရမယ်ဆိုတာကို ထွန်စက်စက်ရုံမှာ အရင်သွားသင်ခိုင်းထားရအောင်လို့လေ "


ဟန်ရုံလု : " ကျုပ်တို့အိမ်က ချင်ဖုန်းက စာလည်းတတ်တယ် အချောင်လည်းမခိုဘူး တာ၀န်လည်း ယူတတ်တယ် " 


ဟန်ရုံဖန်က လှမ်းကြည့်သော်လည်း ဘာမှမပြောပေ ။ ဟန်ချင်ဖုန်းကလည်း အဆင်ပြေသော်ငြား အဖေဖြစ်သူကတော့ အချိုးမပြေပေ။


ခေါင်းဆောင်က ရှန်ယွီကို ထောက်ခံသည်။ 


ရှန်ယွီ : " ခေါင်းဆောင် ကျွန်တော့်မှာ အချိန်မရှိပါဘူး အခြားတစ်ယောက်က ပိုသင့်တော်မှာပါ "


ထိုမျှ အရေးကြိိးသည့်ကိစ္စအား ပညာတတ်လူငယ်များကို ခိုင်း၍မဖြစ်ပါ ။ 


အဘယ်ကြောင့်ဆိုသော် သူတို့က အပြင်လူများဖြစ်နေလေသည် ။ သူတို့သည် မြို့ပြန်ကာ ကောလိပ်တက်ပြီး အလုပ်လုပ်ဖို့ကိုသာ အမြဲတွေးနေကြတာဖြစ်သည်။ အချို့အချို့ကသာ ရွာ၌နေကာ လယ်မလုပ်ဘဲ စက်ရုံ၌အလုပ်လုပ်ချင်ကြတာဖြစ်သည်။ 


လင်းလန် တွေးကြည့်လိုက်သည့်အခါ တစ်ချို့ကလေးများကို သတိရသွားမိသည်။ ထိုထဲမှတစ်ယောက်ကတ၀မ်နှင့်အတူ မူလတန်းတုန်းက အတူကစားခဲ့သည့် ကျူးကျစ်ဆိုသည့်ကလေးပင်ဖြစ်သည် ခေါင်းဆောင်တို့မိသားစုက အငယ်ဆုံးသားပါ ပေါင်းထည့်လိုက်ပါက လေးငါးယောက်လောက်တော့ရှိပေသည်။ 


လင်းလန်၏အကြံက အကျိုးအကြောင်းသင့်သည်ဟု ဟန်ရုံဖန်ကလည်း ထင်သဖြင့် ထိုသို့ပဲ ဆုံးဖြတ်လိုက်လေသည်။ 


ချေးငွေကိစ္စကလည်း ယခင်ကတည်းက ဖြေရှင်းထားခဲ့တာဖြစ်သည်။ ယခု ထွန်စက်က အသင့်ရှိနေပြိီဖြစ်၍ ရက်အနည်းငယ်အတွင်း ချေးငွေသွားယူလို့ရလေသည်။ ခရိုင်၌ ဟန်ချင်စုန့်နှင့် လင်းလန်ရှိနေသဖြင့် ဘာပြဿနာမှမဖြစ်ပေ ။ တပ်မဟာက သုံးထောင်ထုတ်ပေးထားပြီး ချေးငွေကိုတော့ အတိုးနည်းနည်းဖြင့် နှစ်ချီဆပ်လိုက်လို့ဖြစ်ပေသည်။ 


တစ်ချိန်တည်းမှာပဲ အမောင်းသင်ဖို့ လူလည်းလွှတ်လိုက်ပါက အားလုံး အဆင်ပြေသွားပြီဖြစ်သည်။။


လင်းလန်ကဲ့သို့ သင်ယူနိုင်စွမ်းက အားလုံးတွင်ရှိတာမဟုတ်မှန်းကို ဟန်ရုံဖန်နှင့်ကျန်လူများ သဘောပေါက်လာမိသည်။ ယခင်က သူတို့လည်း သင်ရင်ရတာပဲဟု တွေးခဲ့ဖူးသော်လည်း တကယ်တမ်းတွင် လုံး၀ မလွယ်သည်ကို သိလာရသည်။ အမောင်းသင်ရန် သွားသူများသည် ဘယ်လောက်ပဲတော်နေလို့ သင်နေပါစေဦးနှောက်ကမလိုက်နိုင်သည့်အရာများ ရှိနေပြီး သင်သည့်ဆရာနှင့်လည်း အပေးအယူမတည့်သဖြင့် သေချာမသင်လာနိုင်ကြပေ ။ 


သို့ဖြစ်၍ အမောင်းသင်လာသူများအား ထွန်စက်ကိုမောင်းခိုင်းသည့်အခါတွင် အခက်တွေ့သည်များ ရှိနေလေ၏။ ရှန်ယွီ ၊ တ၀မ်နှင့် အား၀မ်က လမ်းညွှန်ကိုဖတ်ပြီး အမောင်းသင်လာသူများနှင့် ပြန်ဆွေးနွေးသည်။ ပြင်နည်းလမ်းညွှန်စာအုပ်ကိုလည်း အားလုံးနားလည်နေအောင် လုပ်ထားပြီး တစ်ယောက်ချင်းစီကို ပြန်သင်ပေးကြသေးသည်။ 


စန်း၀မ်က အိမ်ပြန်လာစဥ်တွင် လင်းလန်နောက်သို့ တစ်ကောက်ကောက် လျှောက်လိုက်နေသဖြင့် လင်းလန်၏ကျော်ကြားမှုက ချန်ပီယံသားဖြစ်သူကြောင့် ပိုတိုးလာသည်။ 


ယနေ့တွင် လင်းလန်နှင့် စန်း၀မ်က ခရိုင်ရှိ အိမ်အသစ်ကိုသွားကြည့်နေကြသည်။ 


စန်း၀မ်က အိမ်တွင်းအိမ်ပြင်ကို လျှောက်ကြည့်ကာ သဘောကျနေလေ၏။ " မားမားက တကယ်တွေးတတ်တာပဲနော် "


လင်းလန် : " နှစ်အိမ်လုံးက အတူတူပဲဖြစ်မှာပါ ဘယ်မှာနေချင်လဲ "


စန်း၀မ် : " စောစောရွှေ့တာ ပိုကောင်းတာပေါ့ အဖေနဲ့ မားမားတို့ အလုပ်သွားရတာ ပိုလွယ်သွားမှာပေါ့ "


လင်းလန် : " မားမားတို့က သားကို အရင်မေးကြည့်ချင်တာ "


စန်း၀မ် ပျော်သွားမိသည် ။ သူ အိမ်မှာမရှိလျှင်တောင် သူ့ကိုတွေးပေးကြလေသည်။ 


" မားမားတို့ ဘယ်မှာနေနေ မားမားတို့နေတဲ့အိမ်က သားအိမ်ပဲလေ သားနဲ့ တိုင်ပင်စရာမလိုပါဘူး "


ကလေးက အိမ်ကထွက်သွားပြီးနောက်တွင် ကြီးလာတာမြန်သည်ဟု လင်းလန် ထင်သည်။ ယခင်လို ကလေးဆန်နေတုန်းပဲဆိုသော်လည်း စိတ်က ပိုရင့်ကျက်လာသလိုပင် ။ သားဖြစ်သူအတွက် ပျော်လည်းပျော်သလို လင်းလန် စိတ်မကောင်းလည်း ဖြစ်မိသည်။ 


ညနေခင်း အိမ်ပြန်ရောက်သည့်အခါတွင် မိသားစုတစ်စုလုံး တိုင်ပင်ကြည့်သည့်အခါ ကလေးများက မကန့်ကွက်ကြပေ ။ 


ပြောင်းပြီးလျှင်လည်း တ၀မ် ၊ အား၀မ်နှင့် မိုင်ဆွေ့က အထက်တန်းဒုတိယနှစ်ဖြစ်၍ အိမ်နားရှိ ပင်းပေကျောင်း၌ တက်လို့ရသဖြင့် ကျောင်းပြောင်းစရာမလိုတော့ပေ ။ ရှောင်၀မ်က ကျောင်းတက်စောသဖြင့် ယခုဆို လေးတန်းရောက်နေပြီဖြစ်၍ အနီးအနားက မူလတန်းကျောင်းတွင် ထားလို့ရလောက်ပေသည်။ 


လင်းလန် : " ဒါဆိုလည်း စန်း၀မ်ရှိတုန်း ပြောင်းကြတာပေါ့ ဒီအိမ်ကိုတော့ ရံဖန်ရံခါ ပြန်လာနေကြတာပေါ့ "


သူမနှင့် ဟန်ချင်စုန့်က အလုပ်ရှိသဖြင့် ညနက်သွားပါက မပြန်ချင်လဲ မပြန်တော့လို့လည်း ရလေသည်။ 


ခုတင်များ ၊ ဗီရိုများ ၊ သေတ္တာများ ၊ မီးဖိုချောင်သုံး ပစ္စည်းများကိုတော့ ယူသွားဖို့မလိုပေ ။ ခရိုင်ရှိအိမ်၌လည်း ရှိပြီးသားများဖြစ်လေသည်။ ထို့အပြင် ခရိုင်ရှိအိမ်က အနည်းငယ်ကျဥ်းသဖြင့် အကုန်လုံးလည်း မဆံ့နိုင်ပေ ။ ပြည့်ကျပ်နေတာမျိုးကို လင်းလန် သဘောမကျပါ ။ 


Xxxx

Part 866


လင်းလန်တို့ ပြောင်းမည်ဟုကြားသောအခါ ဟန်ရုံဖန်က ထရပ်ကားနှစ်စီး စီစဥ်ပေးသည်။ သို့သော်လည်း ရိတ်သိမ်းချိန်ဖြစ်၍ အလုပ်များနေကြမှန်းကို သိသဖြင့် လင်းလန် ငြင်းလိုက်သည်။ 


ထို့ကြောင့် ဟန်ရုံဖန်က ရှန်ရွေ့လယ်ထဲမှ ကားသမားကိုခေါ်ပေးကာ ကူညီခိုင်းလေသည်။ 


ပြောင်းသည့်နေ့တွင် ထရပ်ကားဆရာက မနက်ရှစ်နာရီတွင် လာခေါ်သည်။ လူအင်အားများသဖြင့် ပရိဘောဂများကို ကားပေါ်သို့ လွယ်လွယ်ကူကူ တင်နိုင်သွားသည်။ 


ရှန်ယွီ အား၀မ်နှင့် မိုင်ဆွေ့ကို နှုတ်ဆက်လိုက်သည်။ အတူရှိလာကြတာ ကြာပြီဖြစ်၍ သူတို့ ခရိုင်ကို ပြောင်းသည့်အခါတွင် ၀မ်းနည်းမိသော်လည်း ရှန်ယွီ ထုတ်မပြဖြစ်ပါ ။ မည်သို့ပင်ဆိုဆို သူတို့က အကောင်းသဘောနှင့် ပြောင်းသွားကြတာဖြစ်သည်။ ဟန်ချင်စုန့်နှင့်လင်းလန်အတွက် ပြောင်းရွှေ့ခြင်းက ကောင်းသည့်ကိစ္စဖြစ်သည်။


မိုင်ဆွေ့ကလည်း သူတို့ကို ပြန်နှုတ်ဆက်သည်။ သူတို့က သူငယ်ချင်းကောင်းများဖြစ်ကြ၍ ဝေးနေကြလည်း စိမ်းမသွားကြဘူးဟု ကတိပေးကာ ရှန်ယွီကိုလည်း ခရိုင်သို့ မကြာမကြာ လာလည်ရန် ဖိတ်နေလေသည်။ 


နေ့လယ်ခင်းတွင် လင်းလန်တို့မိသားစုက ခရိုင်သို့ထွက်သွားကြသည်။ ရှန်ရွေ့ရွာသာများက အလုပ်များကိုရပ်ကာ လာကြည့်နေကြလေသည်။ 


တစ်ယောက်က အားကျနေ၏။ " ဟန်ချင်စုန့်ကို ကြည့်ပါဦး တော်လိုက်တာ ဘယ်နှစ်နှစ်မှမရှိသေးဘူး တစ်မိသားစုလုံး မြို့ကိုပြောင်းသွားကြတာပဲ "


" မဆိုးပါဘူး အချို့ဆို ကိုယ်ကမြို့မှာ အလုပ်လုပ်ရင်တောင် ဇနီးနဲ့ကလေးတွေကို အိမ်မှာထားခဲ့ရတာ ပင်စင်ယူရင်တောင် အိမ်ကိုပြန်လာကြတာ ဘယ်သူမှ တစ်မိသားစုလုံးကို မြို့ကိုခေါ်မသွားဘူး "


" ကံကောင်းတာပါ "


အားကျလို့ပြောတာပဲဖြစ်ဖြစ် မနာလိုလို့ပြောတာပဲဖြစ်ဖြစ် ရှန်ယွီ စိတ်ထဲမထားပါ။ ကိုယ်တိုင် မကြုံကြရရင်တော့ ကံကောင်းတာလို့ပဲ ပြောကြမှာလေ ။ ဒါပေမယ့် မကြိုးစားဘဲနဲ့ ဒီလိုမျိုး ဘယ်ဖြစ်လာနိုင်မှာလဲ ။


၀မ်းနည်းမှုကို ဖုံးကွယ်ရင်း ရှန်ယွီ စက်ဘီးကိုယူ၍ ဆပ်ပြာစက်ရုံသို့ ပြန်ရန်ပြင်လိုက်သည်။


ထိုအချိန်ချိုက်ဟွားက သူ့ကို လာနှုတ်ဆက်သည်။ " အစ်ကိုကြီး ရှန်ယွီ " 

ရှန်ယွီ ပြန်ပြုံးပြလိုက်သည်။


ချိုက်ဟွားက သူနှင့် အတူဘေးချင်းကပ် လာလျှောက်လေသည်။


 " ခေါင်းဆောင်လင်းတို့က ကောင်းလိုက်တာနော် သူတို့က မြို့ကိုပြောင်းမှာလို့ ပြောခဲ့ပြီး တကယ်ပြောင်းသွားကြတာပဲ သူတို့လောက်တော်တဲ့သူတွေကို တစ်ခါမှ မမြင်ဘူး "


ရှန်ယွီ ခေါင်းညိတ်ပြလိုက်သည်။ " အမှန်ပဲ "


ချိုက်ဟွားက သက်ပြင်းချလိုက်လေသည်။ 


" အစ်ကိုကြီးရှန်ယွီလည်း ကောလိပ်သွားတက်သင့်တယ် ဒီမှာနေတာက အသုံးမ၀င်ဘူးလေ ကျောက်မင်ကျဲကလည်း အလုပ်သမားကောလိပ်ကို သွားတက်တယ်မလား အစ်ကိုကြီးရော ဘာလို့သွားမတက်တာလဲ အစ်ကိုကြီးလည်း သွားသင့်တယ်လို့ထင်တယ် "


ချိုက်ဟွားက ရှန်ယွီအတွက် မကျေမနပ်ဖြစ်နေသည့်ဟန် ပြောနေလေ၏။ 


ရှန်ယွီ မျက်လွှာချကာ နှစ်လှမ်းမျှလျှောက်ပြီးမှ ပြန်ပြုံးပြလိုက်သည်။


 "'ဆပ်ပြာစက်ရုံမှာက လုပ်စရာတွေ အများကြီးပဲလေ တစ်ခါသွားတစ်လှမ်းလောက်ဆ်ို တော်ပါပြီ "


ချိုက်ဟွားက ရုတ်တရက် စက်ဘီးနောက်ခုံပေါ်သို့ ခုန်တက်လိုက်လေသည်။ " သမီး အိမ်ပြန်မလို့ လမ်းကြုံနေတာပဲဟာ သမီးကို တင်နင်းသွားပါလား "


ရှန်ယွီ တုံ့ဆိုင်းနေမိသည်။ ချိုက်ဟွားက ယခုဆို ၁၄နှစ်ရှိပြီဖြစ်သည်။ ပိန်ပါးသော်လည်း အရွယ်ရောက်နေပြီဟု ဆိုနိုင်ပေသည်။ သူ့လို လက်မထပ်ရသေးသည့် ယောက်ျားလေးတစ်ယောက်က ခေါ်သွားပေးမည်ဆိုပါက မိန်းကလေး၏ဂုဏ်သတင်းအတွက် မကောင်းနိုင်ပေ ။


ချိုက်ဟွားက ရှန်ယွီကိုကြည့်ကာ ပြုံးပြလာလေသည်။ 


" အစ်ကိုကြီးရှန်ယွီ သွားကြမယ်လေ "


ရှန်ယွီ : " ဆင်းခဲ့လေ လမ်းလျှောက်သွားကြတာပေါ့ "


တကယ်က ရွာသားများသည် ရှန်ယွိီကို ယုံကြသည်။ သူ မိန်းကလေးတစ်ယောက်ကို တင်နင်းလျှင်တောင် ကူညီပေးနေသည်ဟုပဲ ထင်ကြမှာဖြစ်သည်။ သို့သော်လည်း ရှန်ယွီကမူ မိန်းကလေးများနှင့် တစ်ရင်းတစ်နှီး မနေပေ။  


ရှန်ယွီ ဘာတွေးနေသည်ကို ချိုက်ဟွားက ဘာလို့မသိရမှာလဲ ။ စနောက်နေဟန်ဖြင့် သူမ ပြန်မေးလိုက်သည်။


 " အစ်ကိုကြီးရှန်ယွီက သမီးကိုတင်နင်းရင် သတင်းတွေပျံ့ကုန်မှာစိုးလို့လား "


ရှန်ယွီ : " ငါက မင်းကို လူတွေပြောကြမှာကို စိတ်ပူရုံပါ မိန်းကလေးတွေက ဆင်ခြင်သင့်တယ်လေ "


ချိုက်ဟွား မျက်ခုံးတစ်ဖက်ပင့်ပြလိုက်သည်။


 " ဒါပေမယ့် အစ်ကိုကြီးက ခေါင်းဆောင်လင်း မိုင်ဆွေ့ နဲ့ ယန်ယန်တို့ကိုကြ အဲ့လိုမဟုတ်ပါဘူး သူတို့ရဲ့ ဂုဏ်သတင်းကိုရော စိတ်မပူဘူးလား  "


ရှန်ယွီ မျက်မှောင်ကြုံ့ကာ ပြန်မေးလိုက်သည်။


 " ငါက ဘယ်တုန်းက စိတ်မပူလို့လဲ "


" အစ်ကိုကြီးက ယန်ယန်ကို ကျန်းကျားကျွမ်းကို ပြန်ပို့ပေးဖူးတယ် မဟုတ်ဘူးလား မိုင်ဆွေ့နဲ့လည်း တူတူစာလုပ်တယ်လေ အတူတူလည်း ပြန်တာပဲမဟုတ်ဘူးလား ပြီးတော့ ခေါင်းဆောင်လင်းနဲ့လည်း စက်ဘီးအတူစီးနေတာက်ို သမီးမြင်ဖူးတယ် "  ဟုဆိုရင်း ချိုက်ဟွားက ရှန်ယွီကိုကြည့်နေလေသည်။ " သမီး ပြောတာမှာလား သမီးက ရုပ်ဆိုးလို့ သဘောမကျတာလား "


ရှန်ယွီ အံ့သြသွားမိသည်။ ချိုက်ဟွားက ယခုလို ပြောလာမည်ဟု မမျှော်လင့်ထားခဲ့၍ဖြစ်သည်။


ထို့နောက် ချိုက်ဟွားက စက်ဘီးထိုင်ခုံကိုလက်ထောက်၍ ရှေ့သို့တိုးလာပြီး တိုးတိုးလေးကပ်ပြောပြန်သည်။


 " အစ်ကိုကြီးရှန်ယွီ ကံကြမ္မာဆိုတာက တွက်ကြည့်လို့ရတယ် ဘယ်သူက ဘယ်သူနဲ့ အဆုံးသတ်ရမယ်ဆိုတာက သတ်မှတ်ပြီးသားပဲ အစ်ကိုကြီးကိုရော သမီး တွက်ပေးရမလား "


ရှန်ယွီ ရယ်လိုက်မိသည်။ " မလိုပါဘူး ... ငါက ကံကြမ္မာဆိုတာမျိုးကို မယုံဘူး "


ချိုက်ဟွား : " အဲ့ဒါကို အစ်ကိုကြီး ဆုံးဖြတ်လို့မရဘူးလေ တကယ်က အားလုံးရဲ့ဘ၀က ... " 


သူမ ရပ်လိုက်မိသည်။ လင်းလန်တို့မိသားစုကို ခဏဖယ်ထားလိုက်။ 


" အကုန် သတ်မှတ်ပြီးသားပဲ တစ်ယောက်ယောက်က အဲ့အရင်းရှင်တွေကို ဒုက္ခရောက်မယ်လို့ပြောဖူးတယ်လေ သူတို့တွေ တကယ် မြေရောင်းမြေ၀ယ်ကိစ္စတွေနဲ့ ဒုက္ခမရောက်ကုန်ဘူးလား ဟားဟား မရယ်ရဘူးလား "


ရှန်ယွီ သူမအား ကြည့်နေမိသည်။ ချိုက်ဟွားက ဘာလို့ ထူးဆန်းလာရတာလဲ ။ သူမက အရင်တုန်းက တက်တက်ကြွကြွနဲ့ ရိုးသားတဲ့ မိန်းကလေးတစ်ယောက်လေ။


" ချိုက်ဟွား ဒီလိုကိစ္စတွေကို လျှောက်ပြောမနေနဲ့ မဟုတ်ရင် မင်းကို လူတွေကြောက်လာကြလိမ့်မယ် "


" သမီးသိပါတယ် ဒါက သဘာ၀တရားကို ဆန့်ကျင်နေသလိုဖြစ်နေတယ်မလား ထူးဆန်းတဲ့စွမ်းအားပဲလေ ဟုတ်တယ် ထူးဆန်းတဲ့စွမ်းအားပေါ့ " ချိုက်ဟွားက နှာခေါင်း မှုတ်လိုက်လေသည်။


 " သမီးကတော့ မကြောက်ပါဘူး "


သူမနှင့်စကားပြောရသည်က ထူးဆန်းလာသဖြင့် သွားစရာရှိသည်ဟုပြောပြိိီး ရှန်ယွီ အရင်ထွက်လာလိုက်မိသည်။


သူမက လင်းလန်က သူနှင့်ရင်းနှီးရဲ့သားနဲ့ သူ့ကိုထောက်ခံချက်မပေးဘဲ ကျောက်မင်ကျဲကိုသာ ထောက်ခံပေးပြီး ကောလိပ်တက်ခိုင်းကြောင်းကို တစ်ဖက်လှည့်နှင့်ပြောနေတာဖြစ်သည်။ သူတို့အား စိတ်၀မ်းကွဲသွားစေချင်၍ တမင်လုပ်နေတာ ဖြစ်ရပေမည် ။