Part 881
၀ူချိုက်ရှင်းက ချန်ဖုယုနှင့် လက်ထပ်ပြီး သားတစ်ယောက်ကို ထပ်မွေးလိုက်ပြီဖြစ်၍ သူမ၏မောင် မင်ရှန်းအား ခေါ်ထားခဲ့လိုက်သည်က မှန်ကန်သွားသည်ဟု ယန်ယန်သိလိုက်သည်။ မင်ရှန်းက ဟောင်နန်နှင့်အတူတွဲကာ ကျောင်းသွားကျောင်းတက် လုပ်နေပြီး အတော်လေး အဆင်ပြေကြသည်။ လင်းမိန်တို့မိသားစုကြောင့် မင်ရှန်း၏ ဆိုးသွမ်းသည့် အကျင့်များကလည်း ပျောက်လာသည်။ ယန်ယန်က အထည်စက်ရုံ၌ အလုပ်သွားလုပ်လျှင်တောင် မင်ရှန်းကို ကျန်းကျားကျွမ်း၌ခေါ်ထားပေးမည်ဟု လင်းမိန်ကဆိုသည်။
" ကောင်းသားပဲ မင်း တပ်မဟာကိုသွားပြီး လျှောက်လွှာတင်လို့ရတယ် "
ယန်ယန်ကရယ်သည်။ " သမိီးလည်းသွားမယ် အစ်ကိုကြီးလည်း သွားလေ "
ရှန်ယွီ ခေါင်းညိတ်ပြလိုက်သည်။ " လာလေ အစ်ကိုကြီးခေါ်သွားပေးမယ် "
" ကျေးဇူးတင်ပါတယ် " ယန်ယန်က စက်ဘီးပေါ်တက်လိုက်သည့်အခါ ရှန်ယွီ နန်ထို့တပ်မဟာသို့ ခေါ်သွားပေးသည်။ တပ်မဟာက ခွင့်ပြုပေးထားသော်လည်း အကန့်အသတ်ရှိသောကြောင့် လျှောက်လွှာတင်လိုပါက တံဆိပ်ခေါင်းလိုပေသည်။
နှစ်ယောက်သား သွားနေရင်းဖြင့် တောင်ဘက်မှပြန်လာသော ချိုက်ဟွားနှင့် ဆုံလိုက်ရသည်။
ချိုက်ဟွားက ငါးတန်းအောင်ပြီးနောက်တွင် ကျောင်းမတက်တော့ဘဲ အိမ်မှာပဲ အလုပ်လုပ်နေတာဖြစ်သည်။ ဆောင်းရာသီတွင် မိန်းကလေးများက မြက်ဖျာရက်ရန် မြက်များရိတ်ရလေသည်။ ချိုက်ဟွားက ပိုက်ဆံသိပ်မရဘူးဟုထင်၍ အလုပ်မသွားသည်မှာ နှစ်ရက်ရှိပြိိဖြစ်သည်။ သို့ဖြစ်၍ သူမက ရွာထဲ၌ လျှောက်သွားနေလေသည်။
" အစ်ကိုကြီးရှန်ယွီ " ချိုက်ဟွားက လက်ရမ်းပြရင်း ပြေးလာသည်။
ရှန်ယွီက ခေါင်းညိတ်ကာ ပြန်နှုတ်ဆက်ပြီးနောက်တွင် စက်ဘီးကိုမရပ်ဘဲ တပ်မဟာသို့သာ ဆက်သွားလေသည်။
ချိုက်ဟွားက မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီးနောက် နောက်မှဆက်လိုက်လာလေသည်။
သူတို့ရောက်သွားစဥ်တွင် စာရေးတစ်ယောက်ရှိနေပြီး လျှောက်လွှာတင်လိုသည့် ကွန်မြူနတီအဖွဲ့၀င်များနှင့် လူအုပ်ကြီးဖြစ်လို့နေသည်။
စာရေးက အော်နေသည်။ " စိတ်ပူမနေကြနဲ့ ဖြေပြီးရင် ၁၂ယောက်ပဲရွေးမှာ မင်းတို့က ဘာတွေတော်နေလို့လဲ သူများတွေထက် လက်တစ်ဖက်အပိုပါနေလို့လား ပိုပြိိးဉာဏ်ကောင်းနေလို့လား "
" အဲ့လိုမပြောနဲ့လေ မတော်လို့ ရသွားရင် ဘယ်လိုလုပ်မလဲ" တစ်ချို့က လက်မခံလိုကြ ။ " ခေါင်းဆောင်လင်းတောင် မြို့ကိုပြောင်းသွားတာပဲမလား "
" သေစမ်း မင်းက ငါ့ကို အသနားခံစာတင်ရအောင် လုပ်နေတာလား " စာရေးက အော်ပြီးနောက်တွင် ရှန်ယွီနှင့် ယန်ယန်ကိုတွေ့သည့်အခါ လှမ်းခေါ်သည်။ " ရှန်ယွီပါလား လာလေ မင်းရော လျှောက်လွှာတင်မလို့လား "
တစ်ယောက်က ထေ့ပြောသည်။ " ပညာတတ်လူငယ်လေးရှန်သာသွားရင် ဓာတုစက်ရုံကိုရော ဘယ်လိုလုပ်မှာလဲ လုံး၀ ဂရုမစိုက်တော့ဘူးလား "
အခြားလူများကလည်း ၀င်ပြောလာကြသည်။ ဓာတုစက်ရုံကို ရှန်ယွီက ခန့်ခွဲနေတာလေ ၊ သူ ထွက်သွားမယ်ဆိုရင် ပိုက်ဆံဘယ်ကရတော့မှာလဲ ။
ထွန်စက်အတွက် ချေးငွေကိုလည်း ဓာတုစက်ရုံကရတဲ့ ၀င်ငွေနဲ့ဆပ်နေတာလေ ၊ ပြီးတော့ အလုပ်လုပ်နေတဲ့သူတွေလည်း အများကြီးပဲ ၊ ရှန်ယွီထွက်သွားရင် အဲ့ဒါတွေအကုန် ဘယ်လိုလုပ်မလဲ ။
အချို့လူများ၏စကားများက ပိုရိုင်းသည်။ " ဘာလဲ ဒါက ကျေးဇူးကန်းတာပဲမဟုတ်ဘူးလား ငါတို့တပ်မဟာက သူ့အပေါ် ဒီလောက်ကောင်းပေးတဲ့ဟာကို "
ယန်ယန်က ရှန်ယွီအား တိုးတိုးလေးကပ်ပြောသည်။ " အစ်ကိုကြီးရှန်ယွီ စိတ်ထဲမထားနဲ့နော် အသင်းခေါင်းဆောင်နဲ့ အတွင်းရေးမှုးက အစ်ကိုကြီးကို ထောက်ခံပါတယ် သမီးလည်း ... ထောက်ခံတယ် လျှောက်လို့ရပါတယ် "
စာရေးက ပြုံးလိုက်လေသည်။ " အဟုတ်ပဲ လျှောက်လွှာလာယူလေ "
ယန်ယန်က နှစ်လွှာယူပြီးနောက်တွင် " ဟိုနားမှာ သွားဖြည့်ကြရအောင် " ဟုဆိုသည် ။
မိန်းမကြီးအချို့က ရှန်ယွီအကြောင်းများကို အတင်းပြောနေကြသည်။
" ရှန်ယွီမရှိလည်း မင်းတို့အကုန် အသက်ရှင်နေကြဦးမှာပဲ " ဟန်ရုံဖန်က လက်နောက်ပစ်၍ လမ်းလျှောက်ကာ အပြင်မှ၀င်လာသည်။ ဆံပင်များကဖြူနေပြီး ခါးကုန်းကာ ဇရာအိုလာပြီဖြစ်သော်လည်း ဒေါသကတော့ လျော့မသွားသေးပေ ။
ဟန်ရုံဖန်ကိုမြင်သည့်အခါ အကုန်ပါးစပ်ပိတ်သွားကြသည်။
ဟန်ရုံဖန်က ဆက်ဆူနေဆဲပင် ။ " ရှန်ယွီမလာတာနဲ့ မင်းတို့က ထမင်းမစားဘဲနေကြလို့လား ဘာလို့သူ့ကို နွားတစ်ကောင်လို သဘောထားနေကြတာလဲ "
" ကျွန်မတို့က ဒီအတိုင်းပြောနေကြတာပါ "
တစ်ယောက်က ပြန်ပြောသည်။
" မင်းတို့လည်း ပြောချင်တိုင်းပြောကြရင် သူလည်း လုပ်ချင်တိုင်း လုပ်လို့ရတာပေါ့ မြန်မြန် ကိုယ့်အလုပ်ကိုသာ ကိုယ်လုပ်ကြစမ်း "
ဟန်ရုံဖန်က ပင်စင်တစ်ပိုင်းယူထားသလို ဖြစ်နေသော်လည်း သူ့အာဏာက မတိမ်ကောသွားသေးပေ ။ သို့ဖြစ်၍ ထိုတစ်စုမှာ ဘာမှပြန်မပြောရဲကြဘဲ ရှန်ယွီကို တောင်းပန်ကြသည် ။
ရှန်ယွီ : " ရပါတယ် "
ထိုမိန်းမများက အတင်းပြောစရာမရှိပါက ရှန်ယွီ့အကြောင်းများကို ပြောနေကြဖြစ်သည်။ ယခင်က အား၀မ် ၊ မိုင်ဆွေ့နှင့်လင်းလန်က သူ့ဘက်မှ ကာပြောပေးကြသော်လည်း သူတို့ပြောင်းသွားပြီးနောက်တွင် ထိုမိန်းမများက အထိန်းအကွပ်မရှိတော့ဘဲ ပြောချင်တိုင်းပြောနေခဲ့ကြတာဖြစ်သည်။ ရှန်ယွီကမူ ဂရုမစိုက် ။
ဟန်ရုံဖန် : " ဖောင်ဖြည့်ပြီး စာရေးဆီမှာ တံဆိပ်တုံးသွားနှိပ်လိုက် "
ရှန်ယွီနှင့် ယန်ယန်က ဖောင်ဖြည့်နေကြစဥ်တွင် ချိုက်ဟွားက ပြေး၀င်လာသည်။
ချိုက်ဟွား : " အတွင်းရေးမှုး သမီးရော လျှောက်လွှာတင်လို့ရလား "
ဟန်ရုံဖန် : " စာမေးပွဲဖြေရမှာနော် ဖြေနိုင်ပါ့မလား "
" ငါးတန်းအောင်ပြီးပါပြိီ " ယန်ယန်ထက်တောင် တော်သေးတယ်။
ဟန်ရုံဖန် : " လျှောက်ချင်တယ်ဆိုရင် လျှောက်လေ စာမေးပွဲကျရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲပေါ့"
ချုက်ဟွားက လျှောက်လွှာကိုယူ၍ ဖြည့်ပြီးနောက်တွင် ယန်ယန်အား ပြုံးပြလိုက်သည်။
" ယန်ယန် နင် ဘယ်တုန်းက ပြန်ရောက်နေတာလဲ ဘာလို့ ငါနဲ့လာမတွေ့တာလဲ " သူမ၏ မျက်နှာတွင် " နင် ငါ့ကို မယုံခဲ့ဘူးမလား ၊ အခုကြတော့ ကြည့်ပါလား ၊ နင်လည်း လာလျှောက်တာပဲမဟုတ်ဘူးလား " ဟူသည့် စာသားများက ရေးထားသလို ပေါ်နေလေသည်။
ချိုက်ဟွား၏အပြုံးကြောင့် ယန်ယန် မသက်မသာခံစားနေရသည်။ " ဒေါ်လေးလင်းမိန်က လျှောက်ခိုင်းလို့လေ "
" ဪ သူမက နင့်အတွက် တွေးပေးတာပဲ " ဟုဆိုကာ ချိုက်ဟွားကရယ်သည်။
" ဟုတ်တယ် လူကောင်းတွေအများကြီး ရှိပါသေးတယ် "
ယန်ယန် ရှန်ယွီကိုလှည့်ပြောလိုက်သည်။ " အစ်ကိုကြီး သမီး စာမေးပွဲအကြောင်းကို ဘာမှမသိသေးဘူး "
ရှန်ယွီ : " မနက်ဖြန်ကြရင် သွားစုံစမ်းလိုက်မယ် ပြီးရင် ပြန်ပြောပြမယ်လေ "
ယန်ယန် : " ဒါဆိုလည်း အစ်ကိုကြီးကိုပဲ ဒုက္ခပေးရတော့မှာပဲ "
" သမ်ီးကိုရောပဲ " ချိုက်ဟွားက ကလေးဆန်ဆန် ၀င်ပြောသည်။ " သမီးရောပဲနော် အစ်ကိုကြီးရှန်ယွီ ဒီကိုလာတုန်းက သမီးအိမ်မှာ တည်းခဲ့တာဆိုတော့ အခု သမီးကို တစ်ယောက်တည်း ထားခဲ့လို့မဖြစ်ဘူး "
ချိုက်ဟွားက ထူးဆန်းလွန်းသည်ဟု ရှန်ယွီထင်သည်။ ထိုနေ့ညက စကားများကို ပြန်ကြားယောင်မိတိုင်း သူ ကြက်သီးထလာတတ်သည် ။
သို့သော်လည်း သူ ဒီကိုရောက်ခါစက သူမ ပေးခဲ့သော အကူအညီများရှိဖူးသဖြင့် " ကောင်းပြီ "ဟုပြန်ဖြေလိုက်သည်။
တစ်လုပ်စားဖူး သူ့ကျေးဇူးဟု ဆိုကြသည်ကိုး ။
ချိုက်ဟွားက ပျော်သွားသဖြင့် ထခုန်ကာ ယန်ယန်၏လက်မောင်းကို ဆွဲလိုက်သည်။ " ကောင်းလိုက်တာ ယန်ယန် ငါတို့အတူ စာပြန်လုပ်လို့ရပြီ "
သို့သော်လည်း ယန်ယန်က ကသိကအောက်ဖြစ်နေပြီး သူမလက်ကို ပြန်ရုန်းသည်။ " ငါ အိမ်ပြန်ပြီး ထမင်းချက်ရဦးမယ် "
ချိုက်ဟွား : " နင်တစ်ယောက်တည်း နေတဲ့ဟာကို ဘာလို့ချက်နေမှာလဲ ငါ့အိမ်မှာလိုက်စားလေ "
ယန်ယန်က ခေါင်းခါပြသည်။ " ရပါတယ် ငါ အစားအစာတွေ ပြန်ယူလာတယ် "
Xxxx
Part 882
တပ်မဟာမှ ထွက်လာကြသည့်အခါတွင် ရှန်ယွီက ယန်ယန်အားပြောလေသည်။ " တစ်ယောက်တည်း အဆင်မပြေရင် ပညာတတ်လူငယ်ဆုံမှတ်ကို သွားလို့ရတယ် အတူသွားကြမလား "
ယန်ယန်က ပြန်မေးသည်။ " အစ်ကိုကြီးရှန်ယွီ ညဘက်ရော အဲ့မှာနေလို့ရလား "
ယန်ယန်က ဘာကိုစိုးရိမ်နေသည်ကို ရှန်ယွီသိသည်။
ကောင်းလုက ယခုတွင် အခြားမိန်းကလေးနှစ်ယောက်နှင့် အတူနေနေတာဖြစ်၍ လွတ်နေတဲ့နေရာရှိနေလေသည်။
ရှန်ယွီက စီစဥ်ပေးသဖြင့် ယန်ယန်က အိမ်ပြန်ကာ စောင်များပြန်ယူလာပြီး ပညာတတ်လူငယ်ဆုံမှတ်၌ ခေတ္တငှားနေလေသည်။
သူမ ပြန်လာစဥ်တုန်းက လင်းမိန်က မိန်းကလေးတစ်ယောက်တည်း အိမ်၌မနေသင့်ကြောင်း အိမ်နီးချင်းများ၏အိမ်၌ သွားနေသင့်ကြောင့် တစ်ဖွဖွ မှာလိုက်တာဖြစ်သည်။
နောက်တစ်နေ့နံနက်တွင် မနက်စာစားပြီးသည့်အခါ ရှန်ယွီ စက်ဘီးစီး၍ ခရိုင်သို့ထွက်လာလိုက်သည်။ မြို့သို့ တောင်ဘက်မှထွက်လာတာဖြစ်ပြီး တောင်မြောက်လမ်းဆုံကနေ ကျဲဖန်းလမ်းမှတစ်ဆင့် ပြည်သူ့လုံခြုံရေးဗျူရိုဘေးရှိ တော်လှန်ရေးကော်မတီသို့ သွားလိုက်သည်။ လင်းလန်၏ ဓာတ်ခွဲခန်းက ခရိုင်အရှေ့တောင်ဘက်တွင် ရှိတာဖြစ်သည်။ အထည်စက်ရုံက အရှေ့မြောက်ဘက်တွင်ရှိတာဖြစ်၍ တော်လှန်ရေးကော်မတီကိုဖြတ်ပြီး မြောက်ဘက်သို့သွားကာ ကျောင်းကိုထပ်ဖြတ်သွားရမှာဖြစ်သည်။
လင်းလန်က သုတေသနခန်းမှာလား တော်လှန်ရေးကော်မတီမှာလား မသိသဖြင့် အထည်စက်ရုံသို့သာ ရှန်ယွီ အရင်ဦးတည်လိုက်သည်။
အထက်တန်းကျောင်းကို ဖြတ်သွားစဥ်တွင် ကောင်လေးတစ်စုက ဘတ်စ်ကတ်ဘောကစားနေကြသည်ကို တွေ့လိုက်ရသည်။ ထိုထဲကတစ်ယောက်က စီးကရက်ကို လက်ထဲတွင်ကိုင်ထားပြီး ဖွာနေလေသည်။
" မင်းတို့ထဲက ဘယ်သူ ဟန်၀မ်ကောကို ခေါ်ထုတ်လာမလဲ " ကောင်းလင်းက စီးကရက်ကိုကိုက်ထားရင်း မေးသည်။
တစ်ချို့က ခေါင်းခါပြကြပြီး တစ်ယောက်က ပြန်ဖြေသည်။ " ဘယ်သူက သူ့ကိုလှည့်စားရဲမှာလဲ သူက ရေခဲဂူထဲက ရေခဲတွေထက်တောင် အေးစက်စက်ဖြစ်နေတဲ့ဟာကို "
" လှုပ်ရှားမှုတစ်ခုခုလုပ်ရင်ရော ဘယ်လိုလဲ ရုပ်ရှင်ကြည့်တာ စကိတ်စီးတာ တစ်ခုခုပေါ့ အဲ့လိုဆို ဟန်မိုင်ဆွေ့ကို ဖိတ်လို့ရလောက်တယ်လေ "
ရှန်ယွီဖြတ်သွားစဥ်တွင် တ၀မ်နှင့်မိုင်ဆွေ့အကြောင်းကို ကြားလိုက်ရ၍ အရှိန်လျှော့လိုက်ပြီး ကောင်းလင်းကို လှမ်းကြည့်လိုက်သည်။
ကောင်းလင်းက အိမ်၌ လိမ္မာချင်ယောင်ဆောင်ပြီး ကျောင်းတွင်လည်း ကြိိးကြီးမားမား ပြဿနာမရှာသဖြင့် မိဘအခေါ်မခံရဖူးပေ ။ သို့သော်လည်း အဖေဖြစ်သူ ကွယ်ရာရောက်သွားသည်နှင့် အခြားလူတစ်ယောက်လိုဖြစ်သွားတတ်လေသည်။ ယခုတွင်လည်း ကျောရိုးမပါသလို နံရံကိုမှီထားပြီး ဘောင်းဘီအိတ်ထဲလက်နှိုက်၍ ရပ်နေကာ ပါးစပ်က စီးကရက်ကိုကိုက်ထားလေသည်။ ရှန်ယွီက သူတ်ို့ကိုကြည့်နေသည်ကို မြင်သည့်အခါ " ဘာလုပ်နေတာလဲ ကိုယ့်လမ်းကိုယ်သွားလေ " ဟုဆိုလာသည်။
ရှန်ယွီလည်း လျစ်လျူရှုလိုက်ကာ စက်ဘီးကို ဆက်စီးသွားလိုက်သော်လည်း တွေးကြည့်ပြီးနောက် ကျောင်းထဲသို့ ၀င်သွားလိုက်သည်။
" သူက ဆရာအသစ်များလား "
ကောင်းလင်း : " သူ့ပုံက တောသားပုံနဲ့ဟာကို ငါတို့ကျောင်းက ဆရာတွေက တောသားပုံမပေါက်ဘူး "
" ဆရာကြီးကောင်း မှားနေပြီထင်တယ် သူကချောလည်းချောတယ် ငါတို့ထက်လည်း နှစ်နှစ်နီးန်ီး ကြီးလောက်တယ် "
ကောင်းလင်းက အဖက်မလုပ် ။ မတ်မတ်ရပ်လိုက်ပြီး စီးကရက်တိုကို ဖွီခနဲထွေးထုတ်လိုက်ပြီး ခြေထောက်ဖြင့် တက်နင်းကာ မီးငြှိမ်းလိုက်ပြီး ရှန်ယွီ၏နောက်သို့ လိုက်သွားသည်။
" ပြန်တော့မလို့လား ပြောတော့အတန်းပြေးမှာဆို မင်းက သစ္စာဖောက်ပဲ "
" နောက်မှပဲ ဆေးလိပ်သောက်တော့မယ် " ကောင်းလင်း နောက်မှလိုက်သွားကြည့်လိုက်သည့်အခါတွင် ရှန်ယွီက အတန်းတစ်ရှေ့၌ ရပ်လိုက်သည်ကို တွေ့လိုက်ရသည်။ မိုင်ဆွေ့နှင့် ဟန်၀မ်ကျွင်းက ပြေးထွက်လာကာ ၀မ်းသာအားရ နှုတ်ဆက်နေကြသည်။ ဟန်၀မ်ကောပါ ထွက်လာသဖြင့် ကောင်းလင်း အံ့သြသွားမိသည် ။
ကြည့်ရတာ ပေါ့သေးသေးတော့ ဟုတ်မယ်မထင်ဘူး ။
ကောင်းလင်း အတန်းတစ်ရဲ့တံခါးကိုမှီ၍ ရပ်ကြည့်နေလိုက်သည်။ မိုင်ဆွေ့စကားပြောသည်ကို နားထောင်ရခြင်းကို သူ သဘောကျသည်။ အတန်းဖော်များနှင့် ဂိမ်းကစားနေချိန်မျိုးဆို မိုင်ဆွေ့က တောက်တောက်ပပပြုံးကာ ပြောနေတတ်၍ ဆည်းလည်းလေးလိုပဲဟု ကောင်းလင်းထင်မိသည်။ ယခုအခါတွင်မူ သူမက အရမ်းတက်ကြွမနေဘဲ ခပ်ဖွဖွပြုံးကာ ကောင်းကောင်းမွန်မွန် ပြုမူပြီး ညင်ညင်သာသာ စကားပြောနေလေသည်။
သူမအား တစ်ခါမှ ထိုကဲ့သို့ မမြင်ဖူးသဖြင့် ကောင်းလင်း ရှန်ယွီကို သေချာစူးစမ်းကြည့်နေမိသည်။
သူကြည့်နေသည်ကို ခံစားမိသဖြင့် ရှန်ယွီကလည်း ပြန်လှည့်ကြည့်လာသည်။
မိုင်ဆွေ့လည်း ရှန်ယွီကြည့်နေသောနေရာသို့ လိုက်ကြည့်ကြည့်သည့်အခါ သူမအား ပြုံးပြနေသော ကောင်းလင်းကိုတွေ့လိုက်ရသည်။
မိုင်ဆွေ့ ရှန်ယွီအား ပြောပြလိုက်သည် ။ " သူ့ကိုကြည့်မနေနဲ့ အစ်ကိုကြိိးဆီမှာ ရှုံးထားတဲ့ အရှုံးသမားလေ "
ရှန်ယွီ ပြုံးလိုက်မိသည်။ " မင်းတို့သုံးယောက်အတူရှိနေတော့ ဘယ်ရောက်ရောက် ဘယ်သူကမှ အနိုင်ကျင့်ရဲကြမှာ မဟုတ်ပါဘူး "
တ၀မ်နှင့် အား၀မ်လည်း ရှိနေသဖြင့် မိုင်ဆွေ့က ဘာအန္တရာယ်မှမကြုံနိုင်လောက်ဘူးဟု ရှန်ယွီထင်သည်။ ကျောင်းတွင် ချောချောလှလှ ကျောင်းသူလေး ဖြစ်နေဖြင့် ကျောင်းသားများက စိတ်၀င်စားကြကာ ကျောင်းသူများက မနာလိုဖြစ်လောက်ကြသော်လည်း အစ်ကိုချောချောလေးနှင့် မောင်ချောချောလေး ရှိနေသောကြောင့် မိုင်ဆွေ့အား ဘယ်ကျောင်းသူကမှ အနိုင်ကျင့်ကြလောက်မည်မဟုတ်ပေ ။ တ၀မ်နှင့် အား၀မ်၏မျက်နှာကြောင့် မိုင်ဆွေ့ကို မျက်နှာလုပ်မှရကြမည်ကိုး ။
မိုင်ဆွေ့ : " ဟုတ်တယ် ဘယ်သူကမှ အစ်ကိုကြီးကို နိုင်အောင် မချနိုင်ကြဘူး စာမေးပွဲမှာလည်း အား၀မ်နဲ့သမီးကို ဘယ်သူကမှ မကျော်နိုင်ကြဘူး "
အား၀မ်နှင့် သူမ၏အဆင့်များက အတည်တကျမရှိပေ ၊ သူမက အဆင့်တစ်ဖြစ်လိုက် အား၀မ်က အဆင့်တစ်ဖြစ်လိုက်နှင့်ပင် ။ သူမတို့နှစ်ဦးက အဆင့်တစ်ရတဲ့သူတောင်းဆိုတာကို မရတဲ့သာက လုပ်ပေးရမည်ဟု ပြိုင်ထားကြတာဖြစ်သည်။
အတန်းဘဲလ်မြည်လာသဖြင့် ရှန်ယွီ ပြောလိုက်သည်။ " အထည်စက်ရုံက အလုပ်ခေါ်တဲ့အကြောင်း မေးမလို့ လာခဲ့တာ အဲ့ဒါကြောင့် မြန်မြန်သွားကြတော့ အတန်းထဲကိုပြန်ကြတော့ "
အား၀မ် : " နေ့လယ်ကြရင် အစ်ကိုကြီးရှန်ယွီ နေ့လယ်စာလာစားဦးနော် "
တ၀မ် : " ကျွန်တော် လိုက်ခဲ့မယ် "
ရှန်ယွီက ငြင်းသည်။ " ရတယ် အတန်းထဲပဲ ပြန်သွားလိုက်တော့ "
ကလေးတွေ အတန်းနောက်ကျမည်စိုး၍ ရှန်ယွီ စက်ဘီးဆွဲကာ ပြန်ထွက်လာလိုက်သည်။
ကောင်းလင်းက အတန်းမပြန်ဘဲ ရှန်ယွီနောက်သို့ လိုက်လာသည်။ " ဟေး အစ်ကိုက ရွာကိုသွားတဲ့ ပညာတတ်လူငယ်လား "
အရူးပဲ ရှန်ယွီက ပညာတတ်လူငယ်ဆိုတာကို မသိမှာ ။
ရှန်ယွီလှည့်ကြည့်လိုက်သည်။ " မင်းက သူတို့နဲ့ ရင်းနှီးတယ်လို့တော့ ငါ မထင်ဘူး "
ရင်းနှီးကြပါက မိုင်ဆွေ့က ထိုသို့ပြောခဲ့မည် မဟုတ်ချေ ။ ထို့အပြင် တ၀မ်က ရန်မစတတ်သဖြင့် တ၀မ်ကိုရန်စခဲ့၍သာ အရိုက်ခံခဲ့ရခြင်း ဖြစ်လောက်ပေသည်။
ကောင်းလင်းက ရယ်သည်။ " ကောင်းတယ်လည်းမဟုတ် မကောင်းဘူးလည်း မဟုတ်ဘူးပေါ့ အစ်ကိုကြီးကြတော့ သူတို့နဲ့ ရင်းနှီးတဲ့ပုံပဲ "
ရှန်ယွီ : " ကောင်းပါတယ် သွားစရာရှိလို့ အရင်သွားတော့မယ် "
" အထည်စက်ရုံကိုသွားမှာဆိုရင် ကျွန်တော် လိုက်ခဲ့မယ် ကျွန်တော့်မှာအသိရှိတယ် မေးချင်တာရှိရင် မေးလို့ရတာပေါ့ "
Xxxxx