အပိုင်း ၈၈၇-၈၈၈
Viewers 46k

Part 887


အဖေက သူတို့ စာလုပ်လုပ် မလုပ်လုပ် စိတ်မ၀င်စားဘဲ ကျောင်းကိုသာ မှန်မှန် သွားခိုင်းတာဖြစ်သည်။ လင်းလန်က သူမဘာသာ အလုပ်ရှုပ်နေသဖြင့် တ၀မ်ကိုသာ လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။


တ၀မ်က ဓားကို ခါးကြားတွင် ပြန်ထိုးလိုက်ပြီး အိမ်ထဲပြန်၀င်လာကာ " ဟင် " ဟုထူးသည်။


" ဟန်၀မ်မင်ကို ဆုံးမပေးဦး ပိုပိုပြီး ဆိုးလာတယ် "

ဟုဆိုကာ မိုင်ဆွေ့က ရှောင်၀မ်၏အိမ်စာများကို ပြလ်ုက်သည်။ 


တ၀မ်ကလည်း ယူကြည့်လိုက်ပြီးနောက်တွင် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် စန်း၀မ်ကို စိုက်ကြည့်လိုက်လေသည်။


စန်း၀မ် : " အစ်ကိုကြီး အစ်ကိုကြီး သား​ရှင်းပြမယ် နားထောင်ပါဦး သား ... "


တ၀မ်က လက်ဆန့်ကာ စန်း၀မ်ကို ဂုတ်မှဆွဲ၍ ခေါ်သွားသည်။ 


စန်း၀မ် : " အစ်ကိုကြီး သား ရှင်းပြမယ် "


ရှောင်၀မ် : " စန်း၀မ်ကောတော့ အရိုက်ခံရတော့မယ် "


မိုင်ဆွေ့ : " ရှောင်၀မ်လည်း အတူတူပဲ " 


ရှောင်၀မ်က ချက်ချင်းပင် နံရံကိုမျက်နှာမူကာ အပြစ်သုံးသပ်နေသည့် လိမ္မာသောကလေးတစ်ယောက်ပုံ လုပ်ပြသည်။


မိုင်ဆွေ့ကရယ်လိုက်ကာ " ရပြီ မလုပ်နဲ့တော့ " ဟုဆိုသည်။ 


ရှန်ယွီ ရှောင်၀မ်ကို နားလည်အောင် ဆုံးမလိုက်သည်။ စာသင်ပြီဆိုတာနဲ့ ကြိုးကြိုးစားစား သင်ဖို့လိုကြောင်း ၊ ထိုအခါမှသာ တက်ချင်တဲ့ တက္ကသိုလ်ကို တက်လို့ရမှာဖြစ်ကြောင်း ဘ၀ရှေ့ရေးကို ဆုံးဖြတ်ပေးမှာဖြစ်ကြောင်းများကို ပြောပြလိုက်သည်။


ထိုစကားများကို တစ်ချိန်တုန်းက ရွာမှကလေးများကို လင်းလန်ပြောနေခြင်းအား သူ ကြားဖူးခဲ့တာဖြစ်သည်။ 


တွေးပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။


 " ရှောင်၀မ် မင်း ဂီတကိုသင်ချင်တယ်ဆိုရင်တောင် အခြေခံသင်္ချာကတော့ လိုအပ်သေးတယ်လေ "


ရှောင်၀မ်က ရှန်ယွီအား နှုတ်ခမ်းဆူကာ ပြန်ကြည့်နေသော်လည်း စကားမပြောချေ ။


" ခေါင်းဆောင်လင်းက မင်းကို စာသင်တယ်ဆိုတာ နားလည်အောင် သင်ရတာလို့ မပြောဘူးလား "


ရှောင်၀မ်က `အင်း´ဟု မကြားတကြား ပြန်ဖြေသည်။ 


အား၀မ်က ရယ်သည်။ " စန်း၀မ်က မင်းကို ဘယ်လိုပြောထားလို့လဲ "


ရှောင်၀မ်က အစတွင် ခေါင်းခါပြသည်။ " ဘာမှမပြောပါဘူး သားဘာသာ ရုတ်တရက်...  "


" ရုတ်တရက်တွေ ဘာတွေလုပ်မနေနဲ့ လူကြီးတွေက အတွေ့အကြုံရှိတော့ ပိုသိတယ် နားလည်လား "


ရှောင်၀မ်က သိပ်လက်မခံချင်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။ 


လင်းလန်က အရှေ့ခန်းသို့ ထွက်လာလေသည်။


 " ရှောင်၀မ် စာကောင်းကောင်းမလုပ်လို့ စာမေးပွဲကျရင် တော်လှန်ရေးကော်မတီက ယဥ်ကျေးမှုပြပွဲကို အဖိတ်ခံရမှာ မဟုတ်ဘူးနော် "


ရှောင်၀မ်က တူရိယာများ တီးခတ်ခြင်းနှင့် သီချင်းဆိုခြင်း၌ တော်သဖြင့် တော်လှန်ရေးကော်မတီက သူ့ကို ဖျော်ဖြေပေးရန်ဖိတ်ပြီး ဆုလည်းချတတ်လေသည်။ ထိုအခါမျိုးဆို ရှောင်၀မ်က အလွန်ပျော်နေတတ်သည်။ 


အဆိုအကပညာရှင်များအသင်းခေါင်းဆောင်က ရှောင်၀မ်ကို အလွန်သဘောကျပြီး သူတို့ထံတွင် ရှောင်၀မ်အား ပညာသင်ခွင့်ပေးရန် လင်းလန်ကို တစ်ဖွဖွ ပြောနေခဲ့တာဖြစ်သည်။ ထိုသို့လုပ်ဖို့အတွက်က ကောလိပ်အောင်ဖ်ို့မလိုသလို အထက်တန်းထိလည်း တက်ဖို့မလိုဘဲ မူလတန်းပညာရေး ပြီးရုံဖြင့် ရနိုင်လေသည်။ 


သို့ပါသော်ငြား လင်းလန်က သဘောမတူခဲ့ပေ ။ သူမကလေးများက မည်သည့်အရာကို စိတ်၀င်စားသည်ကို ကောင်း​ကောင်းသိထားသဖြင့် လင်းလန်က သူတို့လေးတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်သည်ဟု ဆိုရပေမည် ။


အဟုတ်ပါပဲ ၊ ရှောင်၀မ်က ချက်ချင်း လင်းလန်ကို ပြုံးပြလာသည် ။ 


" မားမား သားက လိမ္မာပါတယ် စာလည်း သေချာလုပ်မှာပါ ဒီသင်္ချာအိမ်စာက သားလုပ်ထားတာမဟုတ်ပါဘူး  စုံစွမ်စိကစားတာ စန်း၀မ်က သားကိုရှုံးသွားလို့ သူရေးပေးထားတာ "


လင်းလန် : " မားမားကိုပြ "


ရှောင်၀မ်က မျက်နှာချိုသွေးကာ စာအုပ်ကိုပေးသည်။ " မားမား ကြည့်ကြည့် "


တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှောင်၀မ်နှင့်တူအောင် လိုက်တုထားသည့် စန်း၀မ်၏လက်ရေးဆိုသည်ကို လင်းလန် ပြောနိုင်သည်။ ဒီကလေးက ကြီးလာလည်း မရင့်ကျက်လာသေးဘူးပဲ ။ အမေအိုကြီးတစ်ယောက်အနေနဲ့ ၀မ်းသာရမလား ၀မ်းနည်းရမလားကို လင်းလန် မသိတော့ပေ ။


ရှောင်၀မ်က ရိုးသားလွန်းသဖြင့် အရူးလုပ်ခံရလွယ်လေသည်။ နောင်တစ်ချိန်တွင် ထိုအရာကြောင့် စိတ်ဒဏ်ရာရသွားမည်ကို လင်းလန် စိုးရိမ်မိသည်။ 


လင်းလန် မျက်နှာပျက်နေသည်ကို မြင်သည့်အခါ ရှောင်၀မ် အပြစ်ရှိသလို ခံစားလိုက်ရသည်။


 " မားမား သားတောင်းပန်ပါတယ် နောက်မလုပ်တော့ပါဘူး " အိမ်စာကောင်းကောင်း မလုပ်ရင် မားမား စိတ်မကောင်းဖြစ်သွားလိမ့်မယ် ။ 


ထိုသည်ကို သူ မကြည့်ရက်ပါ ။


သားဖြစ်သူ၏ တောင်းပန်နေသည့် မျက်၀န်းများနှင့် ဖြူဖြူဖောင်းဖောင်း မျက်နှာလေးကိုကြည့်ကာ လင်းလန် နှာခေါင်းလေးကို ဆွဲညှစ်လိုက်မိသည်။


 " အိမ်စာကို သေချာပြန်လုပ်ပြီး အရင်ရက်တွေတုန်းက ပေါ့လျော့ခဲ့တာတွေအတွက်လည်း သင်္ချာဆရာကို ပြန်တောင်းပန်လိုက်ဦး "


ရှောင်၀မ် : " ဟုတ်ကဲ့ပါ ရဲဘော် "


လင်းလန် ရယ်လိုက်မိပြီး နဖူးကိုခပ်ဖွဖွ ခေါက်ပေးလိုက်သည်။


 " သွားတော့ အိမ်စာသွားလုပ်တော့ " 


ထို့နောက် " သားကြီးရေ အဲ့မြည်းငတုံးလေးကို ပြန်ခေါ်လာခဲ့တော့ " ဟု အပြင်ကို လှမ်းအော်လိုက်သည်။ 


ခဏအကြာတွင် တ၀မ်က စန်း၀မ်ကို ပြန်ခေါ်လာသည်။  တ၀မ်က မျက်နှာမပျက် ရှိနေသော်ငြား စန်း၀မ်ကမူ ငိုမဲ့မဲ့ဖြစ်နေလေ၏။ 


လင်းလန် : " အတန်းတွေရော မှန်မှန်တက်ရဲ့လား "


စန်း၀မ်က ချက်ချင်းခေါင်းညိတ်ပြသည်။ " တက်တယ် မားမား "


" ဘယ်အတန်းတွေလဲ " 


" တရုတ်စာ သင်္ချာနဲ့ အင်္ဂလိပ်  " ရူပဗေဒနဲ့ ဓာတုဗေဒကိုတော့ မတက်ဘူး ၊ နိုင်ငံရေးအတန်းတော့ နည်းနည်းတက်ဖြစ်တယ် ၊ တက်ဆို ဆောင်ပုဒ်တွေဆိုရမှာမို့လို့ တက်မှရမှာကိုး ။


လင်းလန် မေးစမ်းကြည့်လိုက်သည့်အခါတွင် တရုတ်စာက အောင်ရုံလောက် ၊ အင်္ဂလိပ်က အဆင်ပြေရုံလောက်ဖြစ်ပြီး သင်္ချာကတော့ ချာတူးလန်နေတာဖြစ်သည်ကို သိလိုက်ရသည်။ 


လင်းလန် စန်း၀မ်ကို ပုခုံးပုတ်ပေးပြီး ရှောင်၀မ်ကိုလှည့်ပြောလိုက်သည်။ 


" ရှောင်၀မ်လောင်ရှီး သင်ပြတာက အရည်အချင်း မပြည့်မီလို့ ဖျက်သိမ်းလိုက်ပြီ အခုကစပြီး အတန်းဖော်ရှောင်၀မ် ပြန်ဖြစ်သွားပြီ နှစ်ယောက်လုံးရဲ့အိမ်စာတွေကို အား၀မ်နဲ့မိုင်ဆွေ့ကို ပြန်ပြရမယ် စန်း၀မ် စာမေးပွဲအောင်ရင် ကိစ္စမရှိပေမယ့် ကျရင်တော့ အတန်းဖော်ရှောင်၀မ် အပြစ်ပေးခံရမယ် "


ရှောင်၀မ်၏ခေါင်းကို လင်းလန် ပုတ်လိုက်သည်။


 " နားလည်ပြီလား အတန်းဖော်ရှောင်၀မ်နဲ့ အတန်းဖော်စန်း၀မ် " 


ရှောင်၀မ်က နာနာခံခံ ခေါင်းညိတ်ပြသည်။


 " သား နားလည်ပြီ မားမား " ထို့နောက် စန်း၀မ်ကိုဆွဲကာ 


" စန်း၀မ်ကော ကြားတယ်နော် စန်း၀မ် ကောင်းမကောင်းပေါ်မှာ သားဘ၀ မူတည်နေပြီ "


စန်း၀မ် : " ....... " ငါတော့ လူကောင်း လုံး၀ မဖြစ်ချင်ဘူးလို့ ။


လင်းလန်က ပြောပြန်သည်။ 


" ဒါနဲ့ ဖန်းရှောင် ၊ ကျီထင်းရှန်နဲ့ ဖူကျန်းယွမ်ဆီကနေ စာတွေရောက်နေတယ် စာပြန်ဖို့က စန်း၀မ်ရဲ့တာ၀န်ပဲ "


" မားမား သား နောက်မလုပ်ရဲတော့ပါဘူးလို့ ... " စန်း၀မ်က ထအော်သည်။ 


" ဟားဟားဟား ကောင်းတယ် " အားလုံးက စန်း၀မ် အပြစ်ပေးခံရသည်ကို ရယ်နေကြသည်။ 


နောက်တစ်နေ့နံနက်တွင် ရှန်ယွိီက နှုတ်ဆက်ပြီး ရွာပြန်သွားသည်။ 


ဟန်ချင်စုန့်က အလုပ်များနေသဖြင့် ရွာသို့သွားတာ သုံးရက်ကြာနေပြီကိုတောင် အိမ်ပြန်မလာနိုင်သေးပေ ။


သို့ဖြစ်၍ လင်းလန် တော်လှန်ရေးကော်မတီသို့ သွားကြည့်လိုက်သော်လည်း ဟန်ချင်စုန့်က ပြန်မရောက်သေးသဖြင့် သူမရုံးကိုသာ ထွက်လာလိုက်သည်။ 


လင်းလန်၏ လူထုလှုပ်ရှားရေးအလုပ်က အဆင်ပြေပြေရှိနေသည်ဟု ဆိုရပေမည် ။ အခြားသူများကဲ့သို့ သူမ၏အလုပ်ကို လက်အောက်ငယ်သားများ လုယူသွားမည်ကိုလည်း မကြောက်ဘဲ အားလုံးကို သာတူညီမျှ အခွင့်အရေးပေးထားပြီး မသိသူမတတ်သူများကိုလည်း သေချာလေ့ကျင့်သင်ကြားပေးသဖြင့် သူမ မအားလျှင်တောင် လုပ်ကြကိုင်ကြမည့်သူများစွာ ရှိလေသည် ။


Xxxx

Part 888


သူမ ရုံးထဲသို့၀င်လိုက်သည်နှင့် အများစုက တာ၀န်အသစ်အကြောင်း ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည်။ 


" တစ်ခုခုတော့ မှားနေပြီ ဘာလို့ စိိီရင်ချက်ချပြီးတာကို ပြန်ဖော်ပြီး ရန်ဖြစ်နေကြတာလဲမသိဘူး "


" အေးလေ ဘာလို့လဲ "


တကယ်က ကွန်ဖြူးရှပ်ဆန့်ကျင်ရေး လှုပ်ရှားမှုက ငြိမ်သွားတာကြာခဲ့ပြီဖြစ်သည်။ ယခုအခါမှသာ အကြောင်းအရင်း မသိရဘဲ ပြန်ပေါ်လာနေတာဖြစ်သည်။ နိုင်ငံရေးကို နားလည်သူများက ကွန်ဖြူးရှပ်ဆန့်ကျင်ရေးလှုပ်ရှားမှုက ၀န်ကြီးချုပ်လျိုနှင့် လက်ထောက်ဥက္ကဋ္ဌတုန်တို့ကို ဦးတည်တိုက်ခိုက်နေတာဖြစ်သည်ကို သိကြသည်။ နိုင်ငံရေးပြဿနာများက ခဏခဏဖြစ်နေ၍ မသိသူရှားသည် ။


လင်းလန် လာသည်ကိိုတွေ့သောအခါ လှမ်းခေါ်ကြသည်။ " ခေါင်းဆောင်လင်း လာကြည့်လှည့်ပါဦး "


" ပြည်သူ့နေ့စဥ်" နှင့် " ၀မ်ဝေ့ပေါ် " မှ ဆောင်းပါးများကို ပြကြသည်။


လင်းလန် သေချာမဖတ်ဘဲ အကြမ်းဖျင်းသာ ကြည့်လိုက်သည်။ ထိုသတင်းစာနှစ်စောင်က သူမတို့အတွက် ပြိုင်ဘက်လိုဖြစ်နေလေသည်။ 


" ဒါက အစိုးရဌာနချုပ်က အလုပ်လေ ငါတို့က ခရိုင်က လူထုလှုပ်ရှားရေးကိုပဲ အာရုံစိုက်ကြရင်ရပြီ ငါတို့သာ ဒီဆောင်ပုဒ်တွေကို ရွာတွေမှာသွားပြီး အော်နေရင် ရွာသူရွာသားတွေက သဘောကျကြမှာ မဟုတ်ဘူး "


 ယခုက ယဥ်ကျေးမှုတော်လှန်ရေးအချိန် မဟုတ်တော့ချေ ။ 


အစပိုင်းတွင် အလုပ်သမားများ ၊ ရွှေ့ပြောင်းလုပ်သားများ နှင့် ကျောင်းသားများက တက်တက်ကြွကြွ ပါ၀င်ကြသော်လည်း ယခုတွင်မူ စိတ်လျှော့သွားကြပြီဖြစ်သည်။ ပြောရပါက ဘယ်သူက အစားမစား အ၀တ်မ၀တ်ဘဲ ဆောင်ပုဒ်တွေကိုပဲ အော်နေချင်မှာလဲ ။ ဘယ်လောက်ပဲ အကြံကောင်းဟုဆိုဆို ဗိုက်မှမ၀တာ ။


သို့ဖြစ်၍ အစားအစာ ဘယ်လိုရအောင် လုပ်ရမည် ၊ ပိုက်ဆံဘယ်လိုရှာရမည် ၊ ဘယ်လိုကောင်းကောင်းနေရမည်ကို ပြောနေခြင်းက ပိုကောင်းပေမည် ။


လင်းလန်က သဘောမတူသည့်အခါတွင် သူတို့လည်း ဆက်မပြောကြတော့ပေ ။ ရုံးတွင်းအချင်းများမှုများ ရှိတတ်သော်လည်း လင်းလန်ကိုတော့ အထင်အမြင်ကောင်းများရှိကြလေသည်။ လင်းလန်က ခေါင်းပုံမဖြတ်တတ်သလို ရိုးရိုးဖြောင့်ဖြောင့်ဖြင့် လူပ်စရာရှိသည်များကိုသာ လုပ်တတ်ပြီး အမျိုးသမီးများနှင့် လက်အောက်မှလူများအပေါ်  ကြင်နာတတ်ကာ အထက်လူများကို မျက်နှာလုပ်နေခြင်းလည်း မရှိသောကြောင့်ပင် ။


ဥပမာအားဖြင့် လင်းလန်က ငလျင်အကြောင်းများကို လိုက်တူးဆွနေလျှင်တောင် ဘယ်သူကမှ တစ်မျိုးမထင်ကြချေ ။ ၁၉၆၉ခုနှစ်တွင် ငလျင်က ပြင်းထန်ခဲ့သော်လည်း အိမ်ကိုသုံးပေလောက်သာ ရွေ့သွားစေခဲ့တာဖြစ်ပြီး ပြိုကျလဲကျခဲ့ခြင်း မရှိခဲ့ပေ ။


ပြည်တွင်း၌ ငလျင်ဘေးဒဏ်သင့်သည့် နေရာကြီးကြီးမားမား မရှိသဖြင့် စိတ်ပူစရာမရှိပေ ။ ထို့ကြောင့် ထိုလူတစ်စုက လင်းလန်ကို သတိထားမနေကြဘဲ မေးလျှင်တောင် သေချာပြန်ဖြေပေးကြသည်။ 


လင်းလန် ကျန်းချွင်ရှားနှင့် ဆွေးနွေးပြီးနောက်တွင် စက်ဘီးစီးကာ ကျောက်မျက်ရတနာ သုတေသနခန်းသို့ ထွက်လာလိုက်သည်။ 


လီကုံး : " အခုတလော သူခိုးတွေက ပြန်ပြန်ပေါ်လာနေတယ် ငါတို့တွေ ပညာပေးမှရတော့မယ်ထင်တယ် "


၀ူကုံး : " မဟုတ်သေးဘူး အဲ့နေ့တုန်းက ခရိုင်ကိုသွားတုန်းက ရထားစီးတုန်းကလေ အိတ်ထဲမှာ ယွမ်နှစ်ယွမ်နဲ့ အစားအသောက်ကူပွန်တွေ ထည့်ထားတာ လက်ကမြန်လိုက်တာပြောမနေနဲ့ ဘယ်တုန်းက နှိုက်သွားလဲဆိုတာကို လုံး၀ မသိလိုက်ဘူး "


လက်မှုပညာရှင်တစ်ယောက်ကပြောသည်။ 


" ကျွန်တော်လည်း အိမ်ကိုကြက်နှစ်ကောင် ပြန်ယူလာတာ သားပေါက်လေးတွေ လိုချင်လို့မွေးမယ်ဆိုပြီး ထားထားတာ နောက်နေ့ကြတော့ ကြက်မွှေးလေးနှစ်ချောင်းပဲ ကျန်ခဲ့တယ် ကျွန်တော်ဆို ဒေါသထွက်လွန်းလို့ အကြာကြီး လမ်းပေါ်ထွက်ဆဲနေလိုက်သေးတယ် "


လင်းလန် : " ဘာဖြစ်ကြတာလဲ ခရိုင်မှာတောင် ဒီလိုဖြစ်နေပြီလား "


" ခေါင်းဆောင်လင်းက ဒီကိုရောက်တာ မကြာသေးတော့ ဘယ်သိမလဲ ဒီနှစ်စကတည်းက အဲ့လိုလူတွေ ပေါလာတာ အရင်နှစ်ကတောင် ဒီလောက်မများဘူး "


" ပိုဆိုးတာက ရထားဘူတာနဲ့ လယ်ကွင်းတွေထဲမှာပဲ တကယ်ဆို အဲ့နေရာတွေက ကွန်မြူနတီတို့ တပ်မဟာတို့နဲ့ နီးနီးလေးဟာကို ဘာလို့သူခိုးတွေက ညဘက်လည်း လာခိုးလို့ရနေတာလဲ မသိဘူး "


" ခေါင်းဆောင်ဟန်ကို ကောင်းကောင်း ဖမ်းခိုင်းလိုက်ပါဦးဗျာ "


၀ူကုံး : " ဘ၀ဆိုတာက ဒီလိုပါပဲ အမြဲတမ်း သူများဥစ္စာကို အချောင်လိုနေကြတဲ့သူတွေက ရှိနေမှာပဲ " ဘယ်သူမှ စမခိုးရင် ဘယ်သူကမှ လိုက်မလုပ်ကြသော်လည်း တစ်ယောက်ကစလိုက်သည်နှင့် တဖြည်းဖြည်းများလာကြလေသည်။ 


လင်းလန် သက်ပြင်းချလိုက်မိသည်။ တကယ်က သူမတို့ခရိုင်တစ်ခုတည်းမဟုတ်ဘဲ မြို့ကြီးများတွင်တောင် ယခုလို နဂါးများကြားထဲမှငါးများ ရှိနေတာပဲဖြစ်သည်။ ၁၉၈၀ ၊ ၁၉၉၀ ခုနှစ်များတွင် ရထားဘူတာသည် ခိုးဆိုးလုရိုက်ပြစ်မှုကျူးလွန်ရာ ဒုစရိုက်ကွင်းကြီး ဖြစ်နေခဲ့တာဖြစ်သည်။ 


လီကုံးကပြောသည်။ " လူတွေက ရလေလ်ိုလေ အိုတစ္ဆေဆိုတာ တကယ်မှန်တာပဲ အခုလိုသာဆိုရင် တော်လှန်ရေးလုပ်နေတာကမှ ပိုကောင်းသေးတယ် အနည်းဆုံးတော့ ပစ္စည်းတွေအခိုးမခံရသလို ညဘက်လည်း တံခါးတွေ မပိတ်မဖြစ် ပိတ်နေစရာ မလိုတော့ဘူးလေ  "


လင်းလန် ပြုံးလိုက်မိသည်။


 " လီကုံးက အတွေးအခေါ်ပညာရှင် ဖြစ်လာတော့မှာလားပဲနော် "


" ခေါင်းဆောင်လင်း ပြောကြည့်ပါလား ဘာတွေဖြစ်နေတာလဲ ဆိုတာကိုလေ "


လင်းလန် : " လောင်ရှီးတို့ ... ကျွန်မက ပညာသိပ်မတတ်တဲ့ တောသူတစ်ယောက်ပဲဟာ ဘာကိုသေချာသိမှာလဲ လူတွေရဲ့စိတ်က ကွဲပြားကြတယ်လေ တချို့က လူကောင်းတွေဖြစ်ဖို့ မွေးဖွားလာတာဆိုပေမယ့် တစ်ချို့ကြတော့ လူဆိုးဖြစ်ဖို့ ကံကြမ္မာပါလာကြတာလေ "


ကြင်နာတတ်တဲ့သူကြတော့ ရွှံ့ထဲပို့လိုက်ရင်တောင် ကြာပန်းလို လှလှပပ ဖူးပွင့်လာကြပြီး ယုတ်မာတဲ့သူကို ပျားရည်အိုးထဲစိမ်ထားလိုက်ရင် ပျားရည်အိုးတောင် ပုပ်သွားတတ်လေသည်။ 


သို့ဖြစ်၍ ဘာထူးလာမှာလဲ ။ ရွှေတွေ ကျောက်မျက်တွေဆိုတာလည်း အရင်ကကျောက်တုံးတွေပဲ မဟုတ်ဘူးလား ။ 


ပျောက်တာကိုပဲ အပြစ်တင်မနေနဲ့လေ ၊ လူဆိုတာ ငတ်လာရင်တော့ လုပ်လာကြမှာပဲ ။ 


ယခုလိုဖြစ်နေသည်များကို ခေါင်းဆောင်ဟန်ကို ပြန်တိုင်လည်း ခဏပဲငြိမ်းချမ်းသွားလောက်သည် ။


ဟန်ချင်စုန့်လည်း အခက်တွေ့နေမည်ကို လင်းလန်ပြောရဲသည်။ တစ်ယောက်နှစ်ယောက်ကို ဖမ်းနိုင်သော်လည်း အကုန်လုံးကို ဖမ်းနိုင်မည်မဟုတ်သလို ဖမ်းမိပြီးလျှင်လည်း အပြစ်ပေးပြီးပါက ပြန်လွှတ်ပေးမှာပဲဖြစ်၍ ပြစ်မှုကိုထပ်ကျူးလွန်ကြဦးမှာပဲဖြစ်သည်။ ထို့အပြင် လက်ထောက်ညွှန်မှုးလီကလည်း ဟန်ချင်စုန့်အား အခွင့်အရေးပေးကာ နာမည်ကောင်း၀င်ယူခံမည် မဟုတ်ချေ ။


ထို့အပြင် သူခိုးများကလည်း အဆက်အသွယ်ရှိကြသည့်ပုံပင် ။ ဖမ်းမည်ဆိုပါက ပေါ်မလာတတ်ကြတော့ချေ ။ 


ဟန်ချင်စုန့်၏ဘ၀က လက်ထောက်ညွှန်မှုးလီတို့နှင့် ယှဥ်ပါက ခက်ခဲသည်ဟုဆိုရပေမည် ။


ညစာစားပြီးနောက်တွင် လင်းလန် အနောက်ခန်းသို့၀င်ကာ နားနေလိုက်သည်။ သို့ပါသော်ငြား အကြောင်းအရင်း မသိရပါဘဲ စိုးရိမ်စိတ်များဖြစ်နေမိသည်။ 


လင်းလန် ရုတ်တရက် သတိရသွားမိသည်က ဟန်ချင်စုန့်၏ အစိုးရရုံးချုပ်တွင် သေဆုံးခဲ့မှုကိုဖြစ်သည်။ 


Xxxxx