Part 889
ယခု၀တ္ထုသည် အမှားအမှန်ရောထားသော ကိုယ်တိုင်ရေး အထုပ္ပတ္တိ၀တ္ထုမျိုးဖြစ်သည်။ ဇာတ်လိုက်နှင့် ဇာတ်လိုက်မ၏ အကြောင်းအရာများကိုသာ လင်းလန်လည်း အသေးစိတ်ဖတ်ခဲ့တာဖြစ်ပြီး ကျန်အရာများကို သေချာမမှတ်မိပါ ။ မူလကိုယ်ထဲသို့ ကူးပြောင်းလာခဲ့ပြီးမှ သူမတို့မိသားစုအကြောင်းကို သိလာတာဖြစ်သည်။
အရံဇာတ်ကောင်များ၏အကြောင်းကိုမူ သူမ သေချာမဖတ်ခဲ့သလို ဖတ်ပြီးလျှင်လည်း အလေးမထားခဲ့သဖြင့် လုံး၀ မမှတ်မိပါ ။ ပထမတွင် သူမ၌ ဟန်ချင်စုန့်နှင့်ကလေးများကို တွယ်တာခြင်းမရှိပေ ။ နောက်ပိုင်း သံယောဇဥ်တွယ်လာပြီးနောက်မှသာ သူမကိုယ်သူမ အချိန်ကူးပြောင်းလာသူတစ်ယောက်လို မတွေးတော့တာဖြစ်သည်။ သို့ဖြစ်၍ သူမ ကြေကွဲစရာအဆုံးသတ်များကို တွေးပင်မတွေးချင်ပါ ...
အထူးသဖြင့် စာအုပ်ထဲမှ ဟန်ချင်စုန့်၏ သေဆုံးမှုကိုဖြစ်သည်။
သူမ ကူးပြောင်းလာခဲ့သဖြင့် အနာဂတ်များက ပြောင်းလဲသွားပြီး ဇာတ်ကြောင်းကလည်း သွေဖည်သွားခဲ့၍ ယခုဘ၀က အစစ်အမှန်လား ၀တ္ထုလားဆိုသည်ကို သူမ မပြောနိုင်ပေ ။
ယခုတွင်မူ သူမ ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာသည်။ ဟန်ချင်စုန့်က ဘယ်လိုသေသွားတာလဲ ။
သူမ သေချာအာရုံစိုက်ကာ ပြန်စဥ်းစားနေရပြီဖြစ်သည်။ အတော်ကြာစဥ်းစားပြီးနောက်တွင် ခပ်ရေးရေး ပြန်မှတ်မိလာသည်။
ဇာတ်ကြောင်းအရ နိုင်ငံ့ခေါင်းဆောင်ကျိုး ကွယ်လွန်သွားပြီးနောက်တွင် အစိုးရက ၀မ်းနည်းခြင်းအထိမ်းအမှတ်ပွဲများကို ကျင်းပပေးခဲ့သော်လည်း ခွင့်ပြုချက်မရှိဘဲ စိတ်ထင်သလိုလုပ်ခွင့်မပေးချေ ။ သို့သော်လည်း ထိုကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်ကို အခွင့်ကောင်းယူလိုသူများကလည်း ရှိလေသည်။
ထိုအချိန်တွင် တ၀မ်က ကျောင်းမတက်တော့ဘဲ ခရိုင်မှဂျုံစက်ရုံတွင် အလုပ်လုပ်နေတာဖြစ်ပြီး မသမာသူများထံတွင် ပြန်ပေးဆွဲခံလိုက်ရသည်။ နှစ်အနည်းငယ်ကြာပြီးနောက်တွင် တ၀မ်က တော်ပြီးယုံကြည်ရသူဖြစ်သည်ကို သိသွားကြသဖြင့် ထိုလူဆိုးဂိုဏ်းက တ၀မ်အား နောက်တက်မည့်ဂိုဏ်းခေါင်းဆောင်အဖြစ် ကြံရွယ်ပြီး ပျိုးထောင်ပေးကြတော့သည်။
ထိုလူဆိုးများအတွက် ဦးဆောင်မည့်သူရှိနေမှ ဥမကွဲသိုက်မပျက်ဖြစ်မှာဖြစ်ပြီး အချင်းချင်းလည်း မယုံကြည်ကြသဖြင့် တစ်ယောက်ကိုတစ်ယောက် ခေါင်းဆောင်မြှောက်လိုကြခြင်း မရှိကြပေ ။ ထိုအစား အလားအလာကောင်းသူများကို ရှာဖွေပြီးပျိုးထောင်တတ်ကြလေသည်။
ထိုထဲတွင် တ၀မ်နှင့် ယခင်ဂိုဏ်းခေါင်းဆောင်ဟောင်း၏ မြေးမလေးက အတော်ဆုံးဖြစ်သည်။
ထိုကဲ့သို့ ဒုစရိုက်လောက ကြီးထွားလာမှုနှင့်အတူ ဟန်ချင်စုန့်မှာ အလုပ်နှင့်လက်မပြတ်အောင် အလုပ်များလာတော့သည်။ သို့ဖြစ်၍ ဟန်ချင်စုန့်က လက်အောက်ငယ်သားများကိုခေါ်၍ နှိမ်နှင်းရန် ထွက်သွားလေသည်။
ထိုကဲ့သို့ ဖမ်းဆီးနေစဥ်တွင် တ၀မ်က လမ်းဘေးရောက်နေသည်ကို တွေ့လိုက်ရပြီး ပြဿနာများတက်ကာ လုပ်ဖော်ကိုင်ဘက်များနှင့်လည်း အချင်းများတော့သည်။ မိသားစုပြဿနာပါ အလုပ်ထဲတွင် ရောလာသဖြင့် ဟန်ချင်စုန့်မှာ ခြေကုန်လက်ပန်းကျနေလေ၏။
အဖွားကြီးဟန်နှင့် ဟန်ကျင်းယုက မူလကိုယ်ကိုကြည့်မရကြသဖြင့် ဟန်ချင်စုန့်က ဘယ်လိုမိန်းကလေးမျိုးကိုမှကြိုက်တာ ဘာညာဖြင့် တစ်ဖွဖွပြောနေကြသောကြောင့် ဟန်ချင်စုန့်အိမ်ပြန်မလာသည့်အခါတွင် မူလကိုယ်က သံသယ၀င်လာတော့သည်။ သူမကို မထိသည်ကလည်း အချိန်ကြာလာသည့်အခါ သံသယများကြီးထွားလာပြီး အပြင်တွင်ဖောက်ပြန်နေသည်ဟု ထင်သွားတော့သည်။
ဟန်ချင်စုန့် အိမ်ပြန်မလာသည့်အခါတွင် ပြည်သူ့လုံခြုံရေးဗျုရိုသို့သွား၍ ပြဿနာရှာတတ်လေသည်။ နောက်ဆုံးတစ်ခေါက်တွင် ရုပ်ချောသောအမျိုးသမီးလုပ်ဖော်ကိုင်ဘက်နှင့် ရန်ဖြစ်ပြီး ဟန်ချင်စုန့်နှင့်ဖောက်ပြန်နေသော မြေခွေးမဟု စွပ်စွဲခဲ့သည် ။
ဟန်ချင်စုန့်က အပြင်မှပြန်လာချိန်နှင့် တိုက်ဆိုင်သွားသဖြင့် အစွပ်စွဲခံလိုက်ရသည့် လုပ်ဖော်ကိုင်ဘက်အမျိုးသမီးက ဖြေရှင်းချက်တောင်းသည်။ မူလကိုယ်က ထုံးစံအတိုင်း မြစ်ထဲခုန်ချမယ် ၊ ကလေးတွေကိုပါခေါ်ပြီး သတ်သေပစ်မယ် အစရှိသဖြင့် ခြိမ်းခြောက်လေသည်။ ဟန်ချင်စုန့်၏အထက်လူကြီးက ကွာရှင်းလိုက်တော့ဟု အကြံပေးသည်ကို ဟန်ချင်စုန့်က လက်မခံဘဲ လုပ်ဖော်ကိုင်ဘက်အမျိုးသမီးကိုသာ တောင်းပန်သည်။ ထို့နောက် မူလကိုယ်အား အိမ်သို့ပြန်ပို့ပြီး အနားပင်မယူနိုင်ဘဲ ပြန်ထွက်သွားပြန်သည်။ တကယ်က ဟန်ချင်စုန့် မနားရသည်မှာ လေးငါးရက်ပင် ကြာနေပြီဖြစ်သည်။
အဆုံးတွင် ဟန်ချင်စုန့်က လုံး၀ ပြန်မလာခဲ့တော့ချေ ။
ဆယ်ရက်ကြာပြီးနောက်တွင် ပြည်သူ့လုံခြုံရေးဗျုရိုက ဓားဒဏ်ရာပေါင်းများစွာနှင့်ဟန်ချင်စုန့်၏အလောင်းကို ရှာတွေ့ခဲ့သည်။ အရက်စက်ဆုံးက လည်ပင်းကို လှီးထားသည့် ဓားဒဏ်ရာပင် ဖြစ်ချေသည်။
ထိုအကြောင်းကို တွေးမိသည့်အခါတွင် လင်းလန် ချွေးစေးများပြန်လာသလို ရင်တုန်ပန်းတုန်လည်း ဖြစ်လာမိသည်။
တော်သေးသည်က စာသားများသာဖြစ်၍ ပုံမပါခဲ့သောကြောင့် သူမ မျက်မြင်တော့မတွေ့ခဲ့ရချေ ။ ထိုသို့ဆိုလျှင်တောင် စိတ်မသက်မသာဖြစ်နေဆဲပင် ဖြစ်သည်။
ခုတင်ပေါ်တွင် အချိန်အတော်ကြာ ဒူးတုပ်ထိုင်နေမိပြီးမှ လင်းလန် အသိပြန်၀င်လာပြီး ထသွားကာ ရေခဲတစ်မျှအေးစက်နေသော ရေဖြင့်မျက်နှာသစ်လိုက်သည်။ မျက်နှာကို သုတ်နေရင်းဖြင့် ဟန်ချင်စုန့်ကို ဘယ်သူက သတ်ခဲ့တာဖြစ်လောက်မလဲကို တွေးနေမိသည်။
သူမ ဖတ်ခဲ့သည်က စာကြောင်းများသာဖြစ်သဖြင့် ရုပ်ပုံလည်းမရှိ ၊ နာမည်လည်းမသိရသဖြင့် ဘယ်သူဘယ်၀ါဆိုသည်ကို လင်းလန် မသိနိုင်ပါ ။
ဘယ်သူလဲဆိုတာသိမှသာ ဟန်ချင်စုန့်အား သတိပေးပြီး ထိုလူများကို ဖမ်းဆီခိုင်းလို့ရမှာပင် ။
သက်ပြင်းတစ်ချက်ရှိုက်ကာ စိတ်ငြိမ်အောင်လုပ်ပြီးမှ လီကုံး ၊ ၀ူကုံးတို့နှင့်အတူ အလုပ်လုပ်ရန် ထွက်လာလိုက်သည်။
နာရီ၀က်ကြာပြီးနောက်တွင် မကောင်းသောစိတ်ခံစားချက်များကို လင်းလန် ဖယ်ထုတ်လိုက်နိုင်သည်။ သူမ ကူးပြောင်းလာခဲ့သဖြင့် အရာအားလုံးပြောင်းလဲခဲ့သွားသောကြောင့် ဟန်ချင်စုန့်၏အနာဂတ်သည်လည်း ပြောင်းလဲသွားမည်ဟု လင်းလန် ယုံသည်။
ဟန်ချင်စုန့်ပြန်လာသည့်အခါမှသာ ပိုပြီသတိထားရန် မှာထားရပေမည် ။ တစ်ယောက်တည်းမနေဘဲ အဖော်တစ်ယောက်ယောက်နှင့် အမြဲအတူရှိနေဖို့ ပြောထားရပေဦးမည် ။
........
နေ့လယ်သုံးနာရီတွင် ဟန်ချင်စုန့်က ကွန်မြူနတီသို့ ဆိုင်ကယ်တစ်စီးဖြင့် ပြန်လာနေသည်။ သူက ကျဲဖန်းလမ်းမှနေ အနောက်ဘက်ရှိစျေးသို့ ဖြတ်သွားနေခဲ့တာဖြစ်သည်။ ထိုစျေးက မနှစ်ကမှ အသစ်ဖွင့်ထားတာဖြစ်ပြီး ခရိုင်မှလူများက ထိုသို့သွား၍ အစားအသောက်နှင့်အခြားသောပစ္စည်းများကို ကူပွန်များနှင့် လဲလှယ်တတ်ကြသည်။
ထူးထူးခြားခြား ဘာမှမဖြစ်သဖြင့် ခရိုင်တော်လှန် ရေးကော်မတီကလည်း ထိုစျေးကို ဂရုစိုက်နေခြင်းမရှိပေ ။
ယခုအချိန်တွင် စစ်ဆေးခြင်းကို အောင်အောင်မြင်မြင် ဖြတ်ကျော်သွားပြီးပါကဘယ်သူကမှကိုယ်ပိုင် စီးပွားရေးအသေးလေးများကို ဂရုစိုက်မနေကြတော့ချေ ။ နိုင်ငံပိုင် ကုန်ပစ္စည်းများကို အမြောက်အမြား ပြန်လည်ရောင်းချခြင်းကိုသာ တားမြစ်ထားတာဖြစ်သည်။ တစ်ပိုင်တစ်နိုင်စီးပွားရေးအဖြစ် စတင်ခဲ့တာ တစ်နှစ်သာရှိသေးသော်လည်း လူများဖြင့် နေ့တိုင်းစည်ကားနေလေသည် ။
Part 890
ယခုအချိန်တွင် စစ်ဆေးခြင်းကို အောင်အောင်မြင်မြင် ဖြတ်ကျော်သွားပြီးပါက ဘယ်သူကမှ ကိုယ်ပိုင်စီးပွားရေးအသေးလေးများကို ဂရုစိုက်မနေကြတော့ချေ ။ နိုင်ငံပိုင် ကုန်ပစ္စည်းများကို အမြောက်အမြား ပြန်လည်ရောင်းချခြင်းကိုသာ တားမြစ်ထားတာဖြစ်သည်။ တစ်ပိုင်တစ်နိုင်စီးပွားရေးအဖြစ် စတင်ခဲ့တာ တစ်နှစ်သာရှိသေးသော်လည်း လူများဖြင့် နေ့တိုင်းစည်ကားနေလေသည် ။
ရုတ်တရက် စျေးထဲမှအော်သံကို ကြားလိုက်ကြရသည်။ " အားးး ဓားကြီးထုတ်လိုက်ပြီ ဓားကြီးထုတ်လိုက်ပြီ "
" ဘာလဲ လူသတ်ချင်နေတာလား "
" အား လူသတ်နေပါတယ် ဒီမှာ လူသတ်နေပါတယ် "
စျေးထဲမှလူအများမှာ ဒီရေလိုဘေးသို့ပြေးကပ်သွားကြသဖြင့် လမ်းလယ်ခေါင်ကရှင်းသွားပြီး လူတစ်စုက ယောက်ျားတစ်ယောက်နောက်သို့ ပြေးလိုက်နေသည်ကို မြင်လိုက်ကြရသည်။ လူသုံးယောက်က သားသတ်ဓားကိုကိုင်ထားကြပြီး ထိုလူအား ရိုက်နှက်ရင်း ပြေးလိုက်နေလေ၏။ အလိုက်ခံနေရသူက ဟန်ချင်စုန့်ကိုမြင်သောအခါ တစ်ကြော်ကြော်အော်ကာ အကူအညီတောင်းနေရင်း ပြေးလာသည်။
ဟန်ချင်စုန့်က ဟွန်းတီးလိုက်သည့်အခါတွင် ထိုလူသုံးယောက်က ရပ်လိုက်ကြပြီး သတိပေးစကားပြောသည်။
" ရန်ငြှိုးကြောင့် ဖြေရှင်းနေတာ ပြည်သူ့လုံခြုံရေးဗျုရိုနဲ့ ဘာမှမဆိုင်ဘူး ဖယ်နေစမ်း "
" ဟုတ်တယ် သူက ငါတို့ကို အ၀တ်တွေလိုချင်ရင် စရံအရင်ပေးထားဆိုလို့ ပေးထားပြီးမှ ရောင်းကုန်သွားတယ်လို့ပြောနေတာ ဒါကဘာသဘောလဲ "
" ငါတို့မိသားစုက အိမ်မှာပွဲလုပ်ဖို့ စောင့်နေကြတာ သူလုပ်လို့ အကုန်ကမောက်ကမဖြစ်ကုန်ပြီ "
ထွက်ပြေးလာသူက ဟန်ချင်စုန့်၏ဆိုင်ကယ်နောက်တွင် ပုန်းနေသည်။
" အဲ့ဒါ အဲ့ဒါ ငါ့ကိုအပြစ်တင်လို့မရဘူး ရုတ်တရက် ရောင်းကုန်သွားမယ်ဆိုတာကို ငါလည်းဘယ်သိမှာလဲ "
ဟန်ချင်စုန့်လှည့်ကြည့်လိုက်သည်။ ထွက်ပြေးလာသူက နှစ်ဆယ်ကျော်အရွယ်ဖြစ်ပြီး သာမန်ရုပ်ရည်သာရှိပြီး အတော်လေးပိန်သည်။ ဓားကိုင်ထားသူ သုံးယောက်သည်ကား ချည်ဘောင်းဘီနှင့် ဂျာကင်အင်္ကျီကိုတွဲ၀တ်ထားပြီး ကောက်ရိုးဖိနပ်များကို ၀တ်ထားကြသဖြင့် တောသားများဖြစ်ပုံရသည်။
" ပြည်သူ့လုံခြုံရေးဗျူရိုကိုသွားပြီး ဖြေရှင်းကြတာပေါ့ "
" ဆရာ ဆရာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ကျွန်တော် မလုပ်ရဲတော့ပါဘူး "
ရပ်ကြည့်နေကြသူများက ဟန်ချင်စုန့်ကိုထောက်ခံကာ " ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ " ဟုဆိုပြီး ထွက်သွားကြသည်။
ဓားကိုင်ထားသူများကလည်း ပြန်လှည့်ထွက်သွားသော်ငြား တစ်ယောက်ကမူ ဓားရိုးကိုတင်းတင်းဆုပ်ကိုင်လိုက်လေသည်။ ဟန်ချင်စုန့်မျက်မှောင်ကြုတ်လိုက်ပြီး လီဗာဆွဲကာ ဆိုင်ကယ်ကိုရှေ့သို့တိုးလိုက်သည်။
" ဘာ ဘာလုပ်နေတာလဲ " လူအများမှာ လန့်ပြီး ထွက်ပြေးသွားကြသည်။
အရှေ့မှလူကလည်း ထွက်ပြေးသွားလေ၏။ သံသယဖြစ်စရာကောင်းနေသောကြောင့် ဟန်ချင်စုန့် လွယ်လွယ်အလွတ်မပေးနိုင်သဖြင့် နောက်မှနေဆိုင်ကယ်ဖြင့် လိုက်ဖမ်းလိုက်သည်။ အရှေ့မှလူက ရုတ်တရက် ရပ်လိုက်ပြီး နောက်ပြန်ကျွမ်းထိုးလိုက်ကာ ဟန်ချင်စုန့်၏ရင်ဘတ်အား ဓားဖြင့်ထိုးရန်လုပ်လိုက်သည်။ ဟန်ချင်စုန့်ကလည်း ရှေ့သို့တိုးလာသဖြင့် ဓားသွားက ရင်ဘတ်ကိုစိုက်တော့မည် ဖြစ်သောကြောင့် မြင်သွားကြသူများမှာ ထအော်လိုက်မိကြသည် ။
အသက်ပင် ရဲရဲမရှူရဲဘဲ ဟန်ချင်စုန့် ဓားဖြင့်ထိုးခံရတော့မည်ကို ကြောင်၍ရပ်ကြည့်နေကြလေသည်။
ထိုအချိန်တွင် ဟန်ချင်စုန့်က ဆိုင်ကယ်ကိုလက်တစ်ဖက်လွှတ်လိုက်ပြီး ဓားကိုင်ထားသောလူ၏လက်ကိုဆွဲ၍ လိမ်လိုက်သဖြင့် ဓားမှာပြုတ်ကျသွားလေ၏။
ဟန်ချင်စုန့် ဘရိတ်ကိုနင်း၍ ဆိုင်ကယ်ကိုရပ်လိုက်ကာ ခြေထောက်ဖြင့်ကန်၍ ဒေါက်ထောက်လိုက်ပြီး ဆွဲထားသောလက်ကိုလည်း လွှတ်မပေးဘဲ မြေကြီးပေါ်သို့ ဖိချလိုက်သည်။
ထိုလူက ပြန်ထချင်နေသည်ကို ဟန်ချင်စုန့်က တက်ဖိလိုက်ပြီး လက်နှစ်ဖက်လုံးကို နောက်ပြန်ဆွဲကာ လက်ထိပ်ခတ်လိုက်သည်။
ထိုအပြစ်အပျက်များအားလုံးက မျက်တောင်တစ်ချက်ခတ်ရုံ အချိန်အတွင်း ဖြစ်သွားတာဖြစ်သည်။
သို့မှသာ စျေးထဲမှလူများလည်း သက်ပြင်းချနိုင်တော့သည်။
လည်ပင်းကို ဓားနဲ့ထိုးမိတော့မလို့ ... တော်သေးတာပေါ့ ။
သက်ပြင်းချလိုက်ပြီးမှ လူအများက ဟန်ချင်စုန့်ကို အံ့သြဖို့ သတိရသွားကြသည်။ ဘာလို့ ဒီရဲက ဒိီလောက်တောင် သန်မာနေရတာလဲ ။
သူတို့သည် ဟန်ချင်စုန့် မည်သို့မည်ပုံ လုပ်လိုက်သည်ကို သေချာမတွေ့လိုက်ကြပေ ။ ဟိုရှောင်သည်ရှောင် ဟိုခုန်သည်ခုန် လုပ်နေသည်ကိုသာ တွေ့လိုက်ကြတာဖြစ်သည် ။
ဆိုင်ကယ်ပေါ်မှဆင်းလာကာ ထိုလူအား ဖမ်းလိုက်သည်က ခဏလေးအတွင်း ဖြစ်ပျက်သွားခဲ့တာ ဖြစ်ချေသည်။
" ကောင်းတယ် " စျေးထဲမှလူများက စ၍လက်ခုပ်တီးကာ ချီးကျူးကြသည်။
" ကောင်းတယ် "
ဟန်ချင်စုန့် ဖမ်းထားသည့်လူအား ထနိုင်အောင် ဆွဲထူလိုက်ပြီး ဓားကိုကောက်လိုက်သည်။ ဓားက အရိုးထွင်သည့်ဓားဖြစ်ပုံရပြီး အတော်လေးထက်ပြီး သွေးစများလည်း ရှိနေလေသည် ။ ထိုးမိပါက သေချာပေါက် အသက်ပါသွားလောက်ပေသည် ။
ဘေးခုံပေါ်တွင် ထိုင်နေပြီဖြစ်သောလူကိုကြည့်၍ ဟန်ချင်စုန့် မျက်မှောင်ကြုတ်လိုက်မိသည်။ ဓားကိုင်ထားခဲ့သော အခြားရွာသားနှစ်ယောက်က ဟန်ချင်စုန့်ကို မကြည့်ရဲကြတော့ချေ ။ ဟန်ချင်စုန့်က လက်ဖြန့်၍ တောင်းသည့်အခါ နာနာခံခံပင် သူတို့၏ဓားများကို လက်ထဲလာထည့်ပေးကြသည်။
ဟန်ချင်စုန့် : " လက်ဖြန့်ပြ "
ထိုရွာသားနှစ်ယောက်က ချက်ချင်းပင် လက်ကိုဖြန့်ပြကြသည်။
သေချာကြည့်ပြီးနောက်တွင် ထိုနှစ်ယောက်က အလုပ်ကြမ်းလုပ်ရသော လယ်သမားများဖြစ်ကြသည်ကို ဟန်ချင်စုန့် အတပ်ပြောနိုင်သည်။ ပေါက်တူးပေါက်ပြားကိုင်ကာ အလုပ်လုပ်ရခြင်းနှင့် ဓားကိုင်ရခြင်းကြားတွင် အသားမာတက်ပုံခြင်း မတူကြပေ ။
ဟန်ချင်စုန့် သံသယ၀င်ရခြင်းမှာ ထိုလူ၏လမ်းလျှောက်ဟန်က ထူးဆန်းနေသလို ဓားကိုင်ဟန်ကလည်း ကျန်နှစ်ယောက်နှင့် ကွဲပြားနေ၍ဖြစ်သည်။
ရပ်ကြည့်နေသည့် ခုနကထွက်ပြေးလာသူအား ဟန်ချင်စုန့် လက်ယပ်ကာခေါ်လိုက်သည်။ ထိုတစ်ယောက်က အကြောက်လွန်ပြီး ပြေးဖို့မေ့ကာ လမ်းဘေးတွင် ရပ်နေခဲ့တာဖြစ်သည်။ ခေါ်လိုက်သည့်အခါတွင် ပြေးလာလေ၏။ " ဘာကိစ္စရှိလို့လဲ ဆရာ "
" နာမည် "
" ဖန်-ဖန်ချူးရှီပါ "
ထိုတစ်ယောက်က ဟန်ချင်စုန့်ကိုရော ဓားသမားကိုပါ ကြောက်နေတာဖြစ်သည်။ ဓားသမားက ဘာရန်ငြှိုးမှ ကြီးကြီးမားမား မရှိတာတောင် သူ့ကိုသတ်ပစ်လောက်သည်ဟု တွေးနေတာဖြစ်သည်။
ဟန်ချင်စုန့်က ကျန်နှစ်ယောက်ကို ညွှန်ပြကာပြောသည်။ " သူတို့နှစ်ယောက်ကို ပြည်သူ့လုံခြုံရေးဗျူရိုက်ို ခေါ်သွားလိုက် တစ်ယောက်လွတ်သွားတာနဲ့ ခင်ဗျားလည်း ကြံရာပါပဲ "
ဖန်ချူးရှီက အမြန်ပြန်ဖြေသည်။ " တစ်ယောက်-တစ်ယောက်မှမလွတ်စေရပါဘူး " ထို့နောက် ကျန်နှစ်ယောက်အား " သွားမယ် မြန်မြန်လာ " ဟုဆိုကာ ဆွဲခေါ်သွားသည်။
စုံစမ်းတာဖြစ်ဖြစ် စစ်ဆေးတာဖြစ်ဖြစ် လုပ်ပြီးနောက်တွင် ထုချေလွှာရေးတင်၍ ရသဖြင့် တော်ရုံဆို အဖွဲ့၀င်များက မကြောက်တတ်ကြပေ ။
ထိုလူများ ထွက်သွားကြမှသာ ဟန်ချင်စုန့် အနီးပတ်၀န်းကျင်ကို လိုက်မေးလိုက်သည်။ တကယ်ကို ခုနကပြောသည့်အတိုင်းပင်ဖြစ်သည်။
" ကြံရာပါရှိသေးလား " ဟုမေးရင်း ဟန်ချင်စုန့် လူအုပ်ကြီးကို လှည့်ပတ်ကြည့်လိုက်သည်။ သို့သော်လည်း သံသယ၀င်စရာ ဘယ်သူ့ကိုမှ မတွေ့ရပေ ။
တကယ်ပဲမရှိတာလား ဟန်ဆောင်ကောင်းနေခြင်းပဲလားဆ်ိုသည်ကို ဟန်ချင်စုန့် မပြောနိုင်ပါ ။
ယနေ့ကိစ္စများက ထူးဆန်းလွန်းသည်။ ဘယ်သူကမှ ရဲ၀န်းထမ်းတစ်ယောက်ကို လွယ်လွယ် ဓားနှင့်မထိုးရဲကြပေ ။ ယနေ့ကိစ္စကို ပေါ့သေးသေးတွေးလို့ မဖြစ်ပေ ။
Xxxx