Part 891
တစ်ချက် လှည့်ပတ်၍ လိုက်ကြည့်ပြီးမှ ဆိုင်ကယ်ဘေးသို့ပြန်လာကာ ဓားသမားကိုမေးလိုက်သည်။
" နာမည် "
ထိုလူက ပြန်မဖြေ ၊ သေရမည်ကို ကြောက်လန့်နေခြင်းလည်း မရှိချေ ။
ဟန်ချင်စုန့် ထိုလူအား ကန်ချလိုက်ပြီး ရင်ဘတ်ပေါ် ခြေထောက်ဖြင့် တက်နင်းကာ ခါးကိုင်း၍ လည်ပင်းကို ဓားနှင့်ရွယ်လိုက်သည်။
ဟန်ချင်စုန့်မျက်၀န်းထဲမှ စူးရှိမှုများက ဓားသွားထက်ပင် ပို၍ထက်နေသောကြောင့် ဓားသမားက လန့်သွားပြီး ပြန်ဖြေပေးလာသည်။
" ဖန်ရှီနုံး "
ထိုအခါမှသာ ဟန်ချင်စုန့်က ဓားကိုပြန်ရုတ်လိုက်ပြီး ထိုလူအား ဆိုင်ကယ်ဘေးခုံပေါ်သို့တင်ကာ မောင်းထွက်သွားလေသည်။
ဟန်ချင်စုန့်ထွက်သွားသည်ကို လူအုပ်ကြားထဲမှ အဘိုးအိုတစ်ယောက်က လိုက်ကြည့်နေပြီးမှ ဘေးရှိလူကို ပြောလေသည်။ ထိုအဘိုးအိုက အနက်ရောင်ကုတ်အင်္ကျီကို၀တ်ထားပြီး သားမွှေးခေါင်းပေါင်းလည်း ဆောင်းထားသဖြင့် လူအုပ်ထဲတွင် ထင်းမနေခြင်းဖြစ်သည်။
" ဒီနေ့ တော်တော်အေးတာပဲ "
ဘေးတွင်ရပ်နေသူကလည်း ပြန်ပြောသည်။
" အဲ့လောက်လည်း မဟုတ်ပါဘူး အစ်ကိုကြီးရေ ဒီိလိုရဲတွေရှိနေလို့လည်း ကျုပ်တို့လို သာမန်လူတွေ ကောင်းကောင်းနေရတာပေါ့ "
စျေးသည်များမှာ တစ်ယောက်တစ်ပေါက်စီ ထိုကိစ္စအား ပြန်ပြောနေကြသည်။
" သိပ်တော့ မဟုတ်သေးပါဘူး ဒီကောင်တွေက အခုတလော ခိုးလိုက်လုလိုက်နဲ့လုပ်နေကြတာ ပိုက်ဆံအိတ်ကိုဆို မျက်ခြည်အောက်က အပျောက်ကိုမခံရဲဘူး "
အဘိုးအိုက လက်ပိုက်ကာ သက်ပြင်းချလိုက်သည်။ " လူဆိုးဆိုတာ ချို(ဂျိူ)ပါတာမှ မဟုတ်တာ "
ပြောပြီးနောက်တွင် သီချင်းညည်းရင်း လှည့်ထွက်သွားပြီး သာမန်အိမ်တစ်အိမ်ရှေ့ရောက်မှ ရပ်လိုက်လေသည်။ တံခါးနှစ်ချက်ခေါက်လိုက်သည့်အခါတွင် တံခါးလာဖွင့်ပေးသဖြင့် ၀င်သွားလေ၏။ အိမ်ထဲရောက်သည်နှင့် အဘိုးအို၏ ကုန်းနေသောခါးက ပြန်မတ်သွားသည်။
" ဘယ်လိုလဲ အဖေ "
" အားလုံး စိတ်ရှည်သင့်တယ် အချိန်မကျသေးဘူး "
" အဲ့လောက်တောင်လား "
" ဒီလောက်တောင်ဖြစ်နေတာလား "
" စိတ်မပူပါနဲ့ အဖေ သူ ဘာမှထုတ်ပြောမှာ မဟုတ်ပါဘူး ကျွန်တော်တို့ကို ခြေရာခံမိမှာ မဟုတ်ပါဘူး သူတို့က အငယ်တန်းစားတွေပဲဟာ "
အဘိုးအိုက လက်ချောင်းလေးများကို ဆော့ကစားနေလေသည်။ " အဲ့ဒါက ပင်းချန်ပဲ ကောင်းကင်ပြိုမှာကို လက်နဲ့ကာလို့ ဘယ်ရမလဲ အချိန်ကကျလာလိမ့်မယ် နောက်နှစ်လလောက်စောင့်လိုက်ရင် နှစ်ကူးတော့မှာပဲလေ "
" အဖေ ဒီကောင်လေးတွေကိုရော ဘယ်လိုလုပ်လိုက်ရမလဲ "
" ဘာလုပ်ရမှာလဲ ကျင့်သားရအောင် လွှတ်ထားလိုက်ပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အလုပ်က ပြည်သူ့လုံခြုံရေးဗျူရိုနဲ့ ထိပ်တ်ိုက်တွေ့မှာကို ရှောင်လွှဲလို့မှ မရတာ ဘာပဲဖြစ်ဖြစ် ၀င်လိုက်ထွက်လိုက် လုပ်နေရင်လည်း ရဲတွေနဲ့ ဆက်ဆံရေးကောင်းချင်ကောင်းလာမှာပေ့ါ "
" အဖေပြောတာ မှန်ပါတယ် "
" မှတ်ထားကြ မင်းတို့ လုံး၀ လူမသတ်ရဘူး မင်းတို့ရဲ့အသက်ကို ရန်မရှာသရွေ့ မင်းတို့ လုံး၀ လူမသတ်ရဘူး "
" အဖေ့စကားကို မှတ်ထားပါ့မယ် "
" နှမြောစရာပဲ နှမြောစရာပဲ " အဘိုးအိုက ခေါင်းတစ်ခါခါဖြင့် ပြောသည်။
" အဖေ ဘာကနှမြောစရာဖြစ်နေတာလဲ "
" အဲ့ကောင်လေးပေါ့ နှမြောစရာပဲ ဒီလောက်တော်တဲ့ဟာကို ဟူး... "
အဘိုးအိုက ထို့နောက်တွင် စကားဆက်မပြောတော့ပေ ။ နားထောင်နေကြသူများက ဉာဏ်ကောင်းသဖြင့် သဘောပေါက်လိုက်ကြသည် ။ ဆက်ခံသူတစ်ယောက်ဖြစ်လာဖို့ ဆယ်စုနှစ်လောက် အချိန်ပေးကာ ပျိုးထောင်ကြရတာဖြစ်သည်။ ငယ်စဥ်က မသိသာသော်လည်း ကြီးလာသည့်အခါတွင် ကိုယ်ပိုင်အတွေးများရှိလာသဖြင့် ထိန်းချုပ်ရခက်လာလေသည်။
အချို့လူများက သဘောမတူကြ ။
" ဘယ်လောက်တော်တော် ကျွန်တော်တို့ရဲ့ ယာယာလေးလောက် မတော်ပါဘူး "
" ယာယာ ... " အဘိုးအိုက တွေဝေနေသည်။ နဂိုအစီအစဥ်အတိုင်းဆိုပါက ယာယာသည် ရှောင်ကျူ၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာပေလိမ့်မည် ။ ယာယာက ခင်ပွန်းဖြစ်သူနှင့်အတူတွဲကာ အုပ်ချုပ်ရမှာဖြစ်သည်။
မူလတုန်းက ထိုသို့တွေးပြီး ကလေးသုံးယောက်ကို ပျိုးထောင်ခဲ့သော်လည်း စိတ်တိုင်းမကျသဖြင့် သုံးနှစ်ကနေ ငါးနှစ်လောက် ထပ်စောင့်ကြည့်ဖို့ တွေးထားတာဖြစ်သည်။
ထိုနှစ်များအတွင်း သင်ပေးစရာများ သိသင့်သည်များကို သင်ကြားပေးပြီး သစ္စာရှိအောင် လေ့ကျင့်ပေးဖို့ ကြံရွယ်ထားခဲ့တာဖြစ်သည်။ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်လောက် ရောက်သည့်အခါ ကိုယ်တိုင်စ၍လုပ်ကိုင်ခိုင်းပြီး နှစ်ဆယ်အရွယ်လောက်ဆို ဂိုဏ်းကိုလွှဲပေးပြီး သက်သက်သာသာနှင့် အိုမင်းသွားရလောက်သည်ဟု တွေးထားခဲ့တာလည်းဖြစ်သည်။
သို့သော်လည်း ဟန်ချင်စုန့်ကြောင့် အစီအစဥ်များက သဲထဲရေသွန် ဖြစ်ကုန်လေပြီ ။
ငါးနှစ်လောက်အချိန်ပေးပြီး ပျိုးထောင်လာခဲ့သော်လည်း ထိုကလေးလောက် ဘယ်သူကမှ မတော်ကြသလို ယာယာလောက်ပင် အဖြစ်မရှိကြပေ ။ ထိုကလေးသာ သူ့နောက်ကိုလိုက်မည်ဆိုပါက ယခုဆိုလျှင် အတော်လေး တိုးတက်နေလောက်ပြီဖြစ်သည်။
ဆက်ခံသူကောင်းတစ်ယောက်ကို ဆုံးရှုံးရအောင် လုပ်ခဲ့သည့်အတွက် ဟန်ချင်စုန့်ကို အနည်းငယ်တော့ အငြှိုးထားနေခဲ့မိသည် ။
သို့သော်လည်း ယနေ့အတွေ့အကြုံအရ ဟန်ချင်စုန့်က သွေးအေးကာရက်စက်သူဖြစ်သဖြင့် ထိပ်တိုက်ရင်ဆိုင်၍ကောင်းမည့်သူမျိုး မဟုတ်သည်ကို သိလိုက်ရသည်။
လူကောင်းတွေက ရဲတွေနဲ့ မတိုက်ဘူး ။
နောက်နှစ်နှစ်လောက်ပဲ ထပ်စောင့်လိုက်တော့မယ် ။
"ကျွန်တော်ပြောမယ် ဒုတိယကလေးကလည်း ကောင်းပါတယ် သူ့ကိုသာ သေချာပျိုးထောင်ပေးရင်လည်း ရလောက်ပါတယ် ဟန်ချင်စုန့်က သူ့ကိုဆိုသိပ်ပြီးလည်း အာရုံထားတာမှမဟုတ်တာ "
" အရည်အချင်းရှိတဲ့လူတွေကို ပျိုးထောင်ရတာက လွယ်တာမဟုတ်ဘူး အနည်းဆုံးဆယ်နှစ်ပဲ "
" အဖေ ဖန်းရှီနုံးရော ဘာဖြစ်သွားလောက်လဲ "
" ရပါတယ် ဘာလုပ်ရမယ်ဆိုတာကို သူသိပါတယ် ဟန်ချင်စုန့်လည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး သူနဲ့ လီခွမ်းကျိုးကို အတွေ့အကြုံရအောင် လွှတ်ထားလိုက် ငါတို့က နောက်ထပ်ကလေးတွေကို လေ့ကျင့်ပေးဖို့ပဲ အာရုံစိုက်ထားကြမယ် "
" ဟုတ်ကဲ့ပါ "
" ငါ နှစ်နှစ်လောက် ထွက်သွားဦးမယ် လိုက်ရှာဖို့မလိုဘူး "
အဘိုးအိုက အိမ်ထဲမှ ထွက်သွားတော့သည်။ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး တစ်ကိုယ်လုံးလုံအောင် ဖုံးအုပ်ထားသော်လည်း ဆောင်းရာသီ၌ လေကအေးလွန်းသဖြင့် ဘယ်သူမှ သံသယမ၀င်ကြချေ ။
ထွက်ပြီးသွားနောက်တွင် ကလေးတစ်ယောက်ကလည်း လိုက်သွားလေသည်။ " ဒီနှစ်နှစ်ပြီးရင်တော့ ငါတို့အတွက် နေ့ရက်ကောင်းတွေ ရောက်လာမှာပါ အဲ့အချိန်ကျရင် အပျော်ဂေဟာ ၊ လောင်းကစားအိမ်တို့ဘာတို့ကိုပါ တစ်ခြားလူတွေနဲ့ ပေါင်းနိုင်လောက်ပါပြီ ဒါပေမယ့် တစ်ခုတော့မှတ်ထား ငါတို့က လူဆိုးတွေဆိုပေမယ့် လူယုတ်မာတွေ မဟုတ်ဘူး ငါတ်ို့က မခိုးဘူး မလုဘူး ပြန်ပေးမဆွဲဘူး မုဒိန်းလည်းမကျင့်ဘူး "
" တပည့်မှတ်ထားပါ့မယ် ဘိုးဘိုး "
" အင်း လိမ္မာတဲ့ကလေးပဲ "
အဘိုးအိုသည် တဖြည်းဖြည်းချင်း ရထားဘူတာဘက်သို့ ဦးတည်၍လျှောက်သွားလေ၏။
•••
ပြည်သူ့လုံခြုံရေးဗျုရိုတွင် ဟန်ချင်စုန့်က ထိုလူအား စစ်ဆေးမေးမြန်းစေပြီး မှတ်တမ်းများလည်း ယူခိုင်းထားစေကာ စွန်းကျိုး၀မ်ကိုလည်း လူလွှတ်၍ ခေါ်ခိုင်းလိုက်သည်။
" ခေါင်းဆောင်ဟန် ပြန်လာပြီပဲ " စွန်းကျိုး၀မ်က ပျော်နေလေ၏။
ဟန်ချင်စုန့်က အေးတိအေးစက် ရှိနေဆဲပင်။
" အားလုံးကို ခရိုင်မှာ ဒီညလူလာစုဖို့ သတင်းပို့လိုက်"
စွန်းကျိုး၀မ်က အလုပ်ကိစ္စနှင့် ပတ်သက်သည့်အခါတွင် မျက်နှာတည်သွားကာ " ဟုတ်ကဲ့ပါ " ဟုဆိုပြီး ထွက်သွားတော့သည်။
Xxxx
Part 892
ရုံးခန်းသို့ပြန်သွားလိုက်သည့်အခါတွင် လက်ထောက်ညွှန်မှုးလီနှင့် ဆုံလိုက်ရသည်။
လက်ထောက်ညွှန်မှုးလီ : " ခေါင်းဆောင်ဟန် ပြန်လာပြီပဲ "
ဟန်ချင်စုန့်က လျစ်လျူရှုပြီး ရုံးခန်းထဲကိုသာ ၀င်သွားသည်။
လက်ထောက်ညွှန်မှုးလီ : ဘာလဲ ငါ့ကိုလျစ်လျူရှုသွားတာလား ၊ တစ်ခုခုမှားနေပြီဟုထင်၍ ရုံးထဲသို့ လိုက်သွားလိုက်သည်။
" ခေါင်းဆောင်ဟန် ဘာဖြစ်တာလဲ ငါက မင်းကိုဘာလုပ်ထားလို့လဲ "
ဟန်ချင်စုန့်က ဓားကိုစားပွဲပေါ်သို့ ပစ်ချလိုက်သည်။ ဓားသွားက ထက်လွန်းနေပြီး ၀က်ဘယ်နှစ်ကောင်ကို သတ်ထားခဲ့ပြီးပြီလဲမသိပေ ။
ထိုသည်ကိုကြည့်ကာ လက်ထောက်ညွှန်မှုးလီ ကြက်သီးထသွားမိသည်။
" ခေါင်းဆောင်ဟန် ငါ မေးနေတယ်လေ ဘာဖြစ်နေတာလဲလို့ "
ဟန်ချင်စုန့်က မော့ကြည့်လာသည်။ " ခင်ဗျားကို သတ်ိပေးနေတာ "
တံခါးဖွင့်ကာ၀င်လာသော ကောင်းဝေ့တုန်းမှာ အေးစက်စက် အငွေ့အသက်ကြောင့် ရှေ့ဆက်တိုးရမည်ကို တန့်သွားသည်။ ဓားအပြင် ထိုနှစ်ယောက်၏ ကြက်သီးထစရာကောင်းသော အခြေအနေကြောင့် မေးလိုက်မိသည် ။
" ဒါ-ဒါက ဘယ်လိုအခြေအနေဖြစ်နေတာလဲ ကျုပ် အချိန်မှားပြီး ၀င်လာမိတာလား လက်ထောက်ညွှန်မှုးလီကတော့ သတ္တိရှိတယ်ဗျာ " ခေါင်းဆောင်ဟန်ကိုတောင် ရန်စရဲတယ်။ သူနဲ့ ရန်ဖြစ်တော့မလို့လား ။
လက်ထောက်ညွှန်မှုးလီက ဆံပင်များကို ဆွဲဖွလိုက်ပြီး ဒေါသဖြင့်ပြန်မေးသည်။
" သတ္တိရှိတာလား ငါက ဘာဖြစ်နေတာလဲလို့ မေးနေရုံလေးပဲ " ဟုဆိုကာ ဟန်ချင်စုန့်အား လက်ညှိုးထိုးကာ ပြောပြန်သည်။ " သူကမှ လုမှုရေးနားမလည်တာ " ငါ့ကို ဓားပြပြီး ဘာလုပ်ချင်နေတာလဲ ဘာလုပ်ချင်နေတာလဲ ။
ကောင်းဝေ့တုန်း နည်းနည်းသဘောပေါက်လာသဖြင့် ဘေးသို့ကပ်နေလိုက်မိသည် ။ သူတို့နှစ်ယောက်လုံးပေါင်းရင်တောင် ဟန်ချင်စုန့်ကို နိုင်မည်မဟုတ်ချေ ။ တပ်ထဲကနေ ရာထူးတက်လာသူနှင့် ကေဒါဘ၀မှ ရာထူးတက်လာသူများက မတူညီကြပေ ။
ဟန်ချင်စုန့်က သူတို့နှစ်ယောက်အား အေးစက်စက်ကြည့်ပြီးနောက်တွင် ဓားကိုထားခဲ့ပြီး ပြန်ထွက်သွားသည်။
ဟန်ချင်စုန့်ထွက်သွားမှသာ အခန်းထဲရှိ အအေးချိန်ကလည်း ကျသွားလေသည်။
ထိုအခါမှ ကောင်းဝေ့တုန်း သက်ပြင်းချလိုက်မိသည် ။
လက်ထောက်ညွှန်မှူးလီက မကျေမနပ်ပြောသည်။ " ဘယ်လိုကောင်လဲမသိဘူး "
အရင်တုန်းကတော့ အဲ့လိုကောင်ကို ချီးကျူးပြီး ရာထူးတိုးပေးချင်ခဲ့သေးတာ ၊ ညွှန်မှုးဖြစ်လာလို့ကတော့ သူ ပထမဆုံးလုပ်မှာက ဟန်ချင်စုန့်ကို အလုပ်ဖြုတ်တာပဲ ဖြစ်လိမ့်မယ် ။
ကောင်းဝေ့တုန်း အကြမ်းဖျင်းနားလည်လာသည်။ ခရိုင်၏အုပ်ချုပ်ရေးအာဏာက လက်ထောက်ညွှန်မှုးလီထံတွင် ရှိတာဖြစ်သော်လည်း သူက ဟန်ချင်စုန့်၏ အာဏာက ပိုကြီးလာမည်ကို စိုးရိမ်နေလေသည်။ သို့ဖြစ်၍ ကိစ္စများကို ဟန်ချင်စုန့်မသိအောင် ဖုံးကွယ်ထားပြီး သူတစ်ယောက်တည်း နာမည်ကောင်းယူကာ ဖြေရှင်းနေခဲ့တာ ဖြစ်လောက်သည်။ ယခုတွင်မူ မနိုင်တော့သဖြင့် ခရိုင်အတွင်းတွင် ပြဿနာများပိုများလာလေသည်။
ဟန်ချင်စုန့်က ပြည်သူ့လုံခြုံရေးဗျုရိုက အထူးတပ်သားတစ်ယောက်ဖြစ်သော်လည်း လူများကိုဖမ်းဆီးခွင့် မပေးထားပေ ။ စစ်ဆေးမေးမြန်းဖို့ဆိုသည်က ပို၍ဝေးသေးသည် ။ ထိုအရာမျိုးကို ဘောင်ကျော်သည်ဟု ဆိုလို့ရပေသည်။
ထို့ကြောင့် ဟန်ချင်စုန့်၏ လုပ်ပိုင်ခွင့်များက အကန့်အသတ်ရှိသွားပြီး ရာဇ၀တ်သားများကို အခွင့်အရေးပေးထားသလို ဖြစ်နေချေ၏။
လက်ထောက်ညွှန်မှုးလီက ထိုသည်ကို ဂရုမစိုက်ဘဲ သူ့ရာထူးကိုသာ မျက်လုံးထဲထည့်နေတာဖြစ်သည်။
ထိုအချိန်တွင် သူ့လက်အောက်မှလူက ဟန်ချင်စုန့်က လူတစ်ယောက်ကိုဖမ်းလာပြီး စစ်ဆေးနေသည်ဟု သတင်းလာပို့သဖြင့် လက်ထောက်ညွှန်မှုးလီက ပို၍ဒေါသထွက်သွားသည်။
" ဘာလို့ သူက လူဖမ်းလာရတာလဲ ပြီးတော့ စစ်ဆေးမေးမြန်းတာက ငါတို့အလုပ်လေ "
ကောင်းဝေ့တုန်း : " ခေါင်းဆောင်လီ ကျွန်တော့်အထင်တော့ ဒီိကိစ္စကို ခင်ဗျား၀င်မပါသင့်ဘူး "
လက်ထောက်ညွှန်မှုးလီက ကောင်းဝေ့တုန်းအား မျက်ထောင့်နီကြီးဖြင့် လှည့်ကြည့်သည်။
ကောင်းဝေ့တုန်းက ဓားကိုညွန်ပြကာ ဆက်ပြောသည်။
" ဒီဓားက ခေါင်းဆောင်ဟန်ကို လုပ်ကြံဖို့သုံးတဲ့ဓားလေ ခေါင်းဆောင်တစ်ယောက်ကို လုပ်ကြံတာဆိုတော့ သေချာပေါက် အခုလိုပဲလုပ်ရမှာ ခင်ဗျားတကယ် ၀င်မပါသင့်ဘူး "
လက်ထောက်ညွှန်မှုးလီ အံ့အားသင့်သွားမိသည်။ ဟန်ချင်စုန့်ကို လုပ်ကြံရဲတဲ့သူရှိတယ်လား ။ ပထမဆုံးတွေးမိတာက ဘယ်သူကလဲ ၊ ငါ မဟုတ်ဘူးလေ ဟူ၍ဖြစ်ပြီး ဒုတိယအတွေးသည်ကား တစ်ချို့တွေက အမြင်ကပ်ပြီး ကြည့်မရတော့လို့ သတ်ချင်နေတာများလားဟူ၍ပင် ။ တတိယအတွေးက ဘယ်သူက အသက်မရှင်ချင်တော့လို့ ဟန်ချင်စုန့်နဲ့ ပြိုင်ချင်နေတာလဲဟူ၍ ဖြစ်ချေသည်။
ဖြစ်ချင်ရင်လည်း တစ်ခြားနေရာမှာသွားဖြစ်လေ ၊ ဘာလို့ ခရိုင်မှာ လာဖြစ်ရတာလဲ ။ အခြားနေရာမှာဆို ဟန်ချင်စုန့် သေသေမသေသေ သူ ဂရုမစိုက်ပါ ။ ခရိုင်ထဲမှာ လာဖြစ်တော့ အခု သူ့လုပ်ပိုင်ခွင့်ကိုပါ စိန်ခေါ်သွားပြီမဟုတ်ဘူးလား ။
သို့ဖြစ်၍ လက်ထောက်ညွှန်မှုးလီမှာ ထိုကိစ္စကို ၀င်မပါရဲသလို နှောင့်လည်းမနှောင့်ယှက်ရဲတော့ချေ ။ မဟုတ်ပါက သူပါ ပတ်သက်နေသည်ဟု ထင်သွားကြပေလိမ့်မည် ။
၀င်မပါရဲသည့်အပြင် လိုလိုလားလားဖြင့် ကူညီပေးနေရပြီး ဟန်ချင်စုန့်က နောက်ကွယ်မှလူကို မြန်မြန်ရှာတွေ့ပါစေဟု ဆုတောင်းနေရလေ၏။
အပျော်ဆုံးက စွန်းကျိုး၀မ်ပင် ဖြစ်သည်။ ယခင်က လက်ထောက်ညွှန်မှုးလီ၏ လူများကဖိနှိပ်လွန်းသဖြင့် ဒေါသထွက်ကာ ကွန်မြူနတီသို့ ပြန်သွားခဲ့တာဖြစ်သည်။
ယခုကိစ္စက အပေါ်ယံတွင် ဘာမှမဟုတ်ချေ ။ ဖန်ချူးရှီက အထည်စက်ရုံမှ လူအချို့နှင့်သိပြီး အထည်များကို တစ်ဆင့်ပြန်ရောင်းလေသည်။ ထိုလူက အရက်ဆိုင်တွင် အရက်သောက်ရင်း သူက ဘယ်လိုအ၀တ်တွေကိုရောင်းတာ ဘာညာဖြင့် မူးမူးဖြင့်လျှောက်ပြောခဲ့လေသည်။ ထိုနေရာတွင်ပဲ မင်္ဂလာပွဲအတွက် ဘယ်လိုအထည်ကိုလိုနေကြောင်းပြောပြကာ သူ့ထံမှ မှာခဲ့ကြသူများရှိပြီး တကယ့်တကယ်ဖြစ်လာသည့်အခါတွင် အထည်များကို မပို့ပေးနိုင်သဖြင့် မင်္ဂလာပွဲမှာ နှောင့်နှေးသွားရလေသည်။
ထိုကိစ္စက ပြီးသွားသော်လည်း ဖန်ရှီနုံးကမူ အရာရှိကို ဓားဖြင့်တိုက်ခိုက်ခဲ့တာဖြစ်၍ မလွတ်နိုင်သေးပေ
ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာမဟုတ်ပါက ရန်ငြှိုးရှိ၍သာ ဖြစ်ရပေမည် ။ ပြောရပါက ဟန်ချင်စုန့်ထံတွင် ရှိနေသော ရန်ငြှိုးများက အလုပ်လုပ်ခြင်းမှ ရလာတာပဲ ဖြစ်ပေလိမ့်မည် ။
သူ ကိုင်တွယ်ခဲ့သည့်အမှုများထဲတွင် မတရားတာ ၊ မှားယွင်းစွပ်စွဲခဲ့မိတာမျိုး မရှိသည်ကို ဟန်ချင်စုန့် သေချာသိသည်။ ပြောရပါက သူ ကိုင်တွယ်ခဲ့သည့်အမှုများထဲတွင် သူ့ကိုဓားနှင့်ထိုးချင်ရလောက်သည်အထိ အငြှိုးထားနိုင်စရာ အမှုကြီးများ မပါခဲ့ပေ ။
မသိစိတ်မှ ပြောနေမှုအရ မူမမှန်တာရှိနေသည်ကို ဟန်ချင်စုန့် အတပ်သိနေသည်။
အပြင်၌ ခဏစောင့်နေပြီးမှ စစ်ဆေးခန်းထဲသို့ ၀င်သွားလိုက်သည် ။ အခန်းတွင်း၌ စားပွဲတစ်လုံးနှင့် ခုံသုံးခုံသာရှိသည် ။ ဖန်ရှီနုံးက လက်ထိပ်ခတ်ခံထားရပြီး ခုံတွင်ထိုင်နေကာ မျက်နှာချင်းဆိုင်တွင် စွန်းကျိုး၀မ်က ထိုင်နေသည်။ မေးပြီးသွားသော်လည်း ဘာသဲလွန်စမှ မရဘူးဟုဆိုသည်။
Xxxx