Part 893
ဟန်ချင်စုန့် အမှုမှတ်တမ်းကို ဖတ်ပြီးနောက် ဖန်ရှီနုံးကို ကြည့်လိုက်သည်။
" ဘယ်ရဲနဲ့ မင်းမှာ ရန်ငြှိုးရှိနေတာလဲ "
" ဘယ်ရဲမှ မကောင်းဘူး "
စွန်းကျိုး၀မ်က စားပွဲခုံကို ရိုက်လိုက်လေသည်။
" ရဲတွေမှာလည်း ကောင်းတဲ့လူ ဆိုးတဲ့လူဆိုတာရှိတယ် မင်းလို လူဆိုးတစ်ယောက်အတွက်တော့ ကောင်းတဲ့ရဲနဲ့တွေ့မှာ မဟုတ်ဘူး "
ပြန်မဖြေဘူးဆိုသည်ကို သိနေသဖြင့် ဟန်ချင်စုန့် စွန်းကျိုး၀မ်ကို ခိုင်းလိုက်သည်။
" သူ့ရွာကိုသွားပြီး စုံစမ်းကြည့်လိုက် အမှုဟောင်းတွေ ရှိလားလို့ "
စွန်းကျိုး၀မ်က နာခံပြီး ထွက်သွားသည်။
ဟန်ချင်စုန့် ဖန်းရှီနုံး၏ဘေးသို့ လျှောက်သွားလိုက်သည်။
" အဲ့ဒီ့အကွက်ကို ဘယ်သူ သင်ပေးထားတာလဲ "
နောက်ကျွမ်းထိုးပြီး ဓားထိုးဖို့ဆိုသည်က လေ့ကျင့်မထားလျှင် လုံး၀ ဖြစ်နိုင်သည့်အရာမဟုတ်ပေ ။
ဖန်ရှီနုံးက ၀န်မခံဘဲ သူ့ဘာသာ သုံးလေးခေါက်လောက် ကျင့်ထားတာဟုဆိုသည်။
ဟန်ချင်စုန့်က အတင်းအကြပ် ဖိအားပေးပြီး ၀န်ခံခိုင်းဖို့ စိတ်ကူးမရှိဘဲ တစ်ယောက်ကိုခေါ်၍ အကျဥ်းချခိုင်းထားလေသည်။
" လော့ဟိုင်ချန်လာရင် လော့ဟိုင်ချန်းလက်ထဲကိုအပ်လိုက် သူ့နားကို ဘယ်သူမှ မကပ်စေနဲ့ "
" ခေါင်းဆောင်ဟန် စိတ်ချပါ ကျွန်တော် သေချာစောင့်ကြည့်ထားပါ့မယ် "
ဟန်ချင်စုန့်က တိတ်နေလေ၏။ လက်ထောက်ညွှန်မှုးလီက ယခုကိစ္စကို နှုတ်ပိတ်လိုက်မည်ဟု သူ သံသယမ၀င်ပါ။ ဤကိစ္စကိုသုံးပြီး ဗျုရိုတွင်ဖြစ်နေသည်များကို ပြောင်းလဲပစ်ချင်ရုံသာဖြစ်သည်။ လီကွမ်ကျိုးရဲ့ နေရာပျောက်မှာ ကြောက်နေတဲ့စ်ိတ်ကြောင့် အလုပ်တွေ နှောင့်နှေးကုန်သည်ကို ဟန်ချင်စုန့် သဘောမကျပေ ။
ယုခအခြေအနေကို အခွင့်ကောင်းယူပြီး လော့ဟိုင်ချန်းနှင့် အခြားလူများကို ခရိုင်သို့ပြန်ခေါ်ပြီး အဖွဲ့အသစ်ဖွဲ့စည်းကာ အသစ်ဖွဲ့ထားသော ဂိုဏ်းများနှင့် ပြစ်မှုများကို အာရုံစိုက်ခိုင်းရပေမည် ။
မနှစ်ကတည်းကစကာ သူခိုးများ ၊ ဗေဒင်ဆရာအတုများ ၊ လူလိမ်များက တိုးလာလေသည်။ တော်သေးသည်က တင်းတင်းကြပ်ကြပ်ရှိနေသေးသဖြင့် အိမ်များကို ဓားပြ၀င်တိုက်ခြင်းနှင့် လူသတ်မှုများတော့ မရှိသေးပေ ။ သို့ပေမယ့်လည်း ဥပဒေချိုးဖောက်တာက ချိုးဖောက်တာပဲမို့ ပြည်သူများက ဗျုရိုအပေါ် အဆိုးမြင်ခြင်းများ ဖြစ်လာနေလေပြီ ။
သာမန်လူများက သူခိုးတွေ ဘယ်လိုပေါလာတာ ဘယ်လိုခိုးတယ်ဆိုတာမျိုးကိုသာ ပြောနိုင်ကြပြီး ဘာမှလည်း မတတ်နိုင်ကြပေ ။
သူခိုးဆိုသည်က အမြဲတမ်းအဖွဲ့နှင့်ဖြစ်သည်ကို ဟန်ချင်စုန့်သိသည်။ သေချာလေ့ကျင့်ပြီး သင်ကြားပေးထားတာဖြစ်နိုင်ပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်တုန်းက တ၀မ်ကိုပြန်ပေးဆွဲခဲ့သည့်လူများနှင့် တစ်ဖွဲ့တည်းဖြစ်လောက်သည်ဟု သံသယ၀င်နေမိသည်။ ထိုအချိန်တုန်းက အောက်လက်ငယ်သားများကိုသာ ဖမ်းမိခဲ့ပြီး တကယ့်ကြိုးကိုင်သူများကို ဖမ်းမမိခဲ့ပေ။
ဖြစ်နိုင်သည်က ယခုနှစ်များအတွင်း အဖွဲ့၀င်အသစ်များကို လေ့ကျင့်ပေးပြီးသွားလောက်တာ ဖြစ်လောက်ပေသည်။ လီခွမ်းကျိုး၏အပြုအမူများက ထိုဂိုဏ်းများကို ဆော့ပါစေဆိုပြီး လွှတ်ထားပေးသလိုဖြစ်နေလေသည်။
ဂိုဏ်းတစ်ဂိုဏ်းထက်ပိုတာလည်း ဖြစ်နိုင်ပေသည်။
စီစဥ်စရာရှိသည်များကို လုပ်ပြီးနောက်တွင် ဟန်ချင်စုန့် အပြင်ထွက်၍ လမ်းလျှောက်ကာ စိတ်ရှင်းနေလိုက်သည်။ ရန်မင်းလမ်းပေါ်တွင် နှစ်ခေါက်မျှလျှောက်ပြီးနောက်တွင် လင်းလန်က စက်ဘီးစီးလာနေသည်ကို တွေ့လိုက်ရသည်။
" စန်းကော ရှင်ပြန်ရောက်နေပြီလား " လင်းလန် ဘယ်လောက်ထိပျော်သွားမိလဲကို မသိတော့ပါ ။ နေ့လယ်က အကြောင်းများကို တွေးပြီးနောက်တွင် ပြန်တွေ့ရတာဖြစ်၍ စက်ဘီးကိုပင် သေချာမရပ်နိုင်ဘဲ ခုန်ဆင်းကာ ဟန်ချင်စုန့်၏ရင်ခွင်ထဲ ပစ်၀င်လိုက်မိသည်။
ဟန်ချင်စုန့်မှာ စက်ဘီးကို လဲမသွားအောင် လက်တစ်ဖက်ဖြင့် ထိန်းလိုက်ရပြီး တစ်ဖက်က လင်းလန်ကိုပြန်ဖက်လိုက်သည်။
" ကိုယ်ပြန်ရောက်နေတာ နည်းနည်းတော့ ကြာပြိိီ "
တစ်ဖက်လူ၏မျက်နှာထက်မှ ပင်ပန်းနွမ်းနယ်နေမှုများကို အတိုင်းသားမြင်နေရသဖြင့် လင်းလန် မေးလိုက်မိသည်။
" သေချာအနားမယူခဲ့ရဘူးလား ကြည့်ရတာ ကောင်းကောင်းမွန်မွန်လည်း မစားရလောက်ဘူးထင်တယ် "
လင်းလန် ခြေဖျားထောက်ကာ ဟန်ချင်စုန့်၏ မျက်ခုံးများကို နှိပ်ပေးလိုက်သည်။
ဟန်ချင်စုန့်က လင်းလန်ကို တစ်ဖက်ကပွေ့ပြီး တစ်ဖက်က စက်ဘီးကိုကိုင်ထားလေသည်။
" ခဏနားလိုက်ဦး ပြီးမှတပ်မဟာကိုသွားကြမယ် " သူ့အား မျက်၀န်းနက်များဖြင့် စိုက်ကြည့်နေသဖြင့် ဟန်ချင်စုန့် ရင်ထဲကြည်နူးနေမိသည်။
" ဟင်းကောင်းရှိတယ် အခုလေးတင် တပ်မဟာမှာ ၀က်ပေါ်ထားကြတာ "
လင်းလန် ရယ်လိုက်မိသည်။ " စားဖို့၀က်သားတောင် ရှိတယ်ပေါ့လေ ဒါဆိုလည်း အိမ်စောစောပြန်ပြီး ညစာကောင်းကောင်းချက်စားကြတာပေါ့ "
ဟန်ချင်စုန့်က ခေါင်းညိတ်ပြကာ " သွားကြမယ် " ဟုဆိုသည်။
နှစ်ယောက်သည် တော်လှန်ရေးကော်မတီသို့ အရင်သွားလိုက်ကြသည်။ ဟန်ချင်စုန့်က စွန်းကျိုး၀မ်အား မှာနေပြီး လော့ဟိုင်ချန်းထံ အမှုလွှဲပေးလိုက်ဖို့ ပြောနေလေ၏။
" သူ့ကို ဒီအတိုင်းရှင်းပြလိုက်ရင် သဘောပေါက်သွားလိမ့်မယ် "
စွန်းကျိုး၀မ် : " ဟုတ်ကဲ့ပါ "
လင်းလန်က သူမရုံးကိုတစ်ခေါက်ပြန်ပြီးနောက်တွင် ဟန်ချင်စုန့်နှင့်အတူ အိမ်ပြန်လာကြသည်။
ကလေးများကလည်း ကျောင်းမှပြန်လာကြပြီဖြစ်သည်။ မိဘနှစ်ပါးပြန်လာသည်ကိုတွေ့သောအခါ စန်း၀မ်နှင့်ရှောင်၀မ်က လင်းလန်ကို လာပြေးဖက်ကြသည်။
ရှောင်၀မ် : " သား မားမားကို လွမ်းနေတာ "
စန်း၀မ် : " ခေါင်းဆောင်လင်း မတွေ့ရတာကြာပြီနော် "
လင်းလန်က ပြန်မေးသည်။ " ဒီနေ့အတန်းရော ဘယ်လိုနေလဲ "
စန်း၀မ် : " သေချာလိုက်လုပ်တယ် ရေကူးတာထက်တောင် သေချာအာရုံစိုက်ထားတယ် စိတ်မပူနဲ့တော့ "
တ၀မ် ၊ မိုင်ဆွေ့နှင့် အား၀မ်ကလည်း နောက်မှလိုက်လာကြသည်။ အား၀မ်က တံခါးကိုဖွင့်လိုက်ချိန်တွင် ကောင်းလင်းတို့ညီအစ်ကိုက ပြေးလာသည်။
" ဦးလေးဟန် ဒေါ်လေးလင်း " ညီအစ်ကိုနှစ်ယောက်က ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်ကြသည်။
ကောင်းယွီက အစ်ကိုဖြစ်သူကြောင့်သာ လိုက်လာခဲ့တာဖြစ်သည်။ တကယ်က တ၀မ်၏အနားသို့ မကပ်ရဲပေ ။
ဟန်ချင်စုန်က ခေါင်းညိတ်ပြပြီးနောက်တွင် အား၀မ်က တံခါးဖွင့်ပြီးသွားပြီဖြစ်၍ အထဲသို့၀င်သွားသည်။
ကောင်းလင်း : " ဟန်၀မ်ကော မနက်ဖြန်ကြရင် ဘတ်စ်ကတ်ဘောအတူကစားကြမလား "
တ၀မ် : " ကြည့်ကြတာပေါ့ "
သူ ကားမောင်းကျင့်ရဦးမယ် ။
သူတို့အား အိမ်ထဲ၀င်ရန် မဖိတ်သဖြင့် ကောင်းလင်း စိတ်မကောင်းဖြစ်သွားပြီး မိုင်ဆွေ့ကိုကြည့်လိုက်မိသည်။ မိုင်ဆွေ့ကလည်း စန်း၀မ်နှင့် ရှောင်၀မ်ကို အိမ်ထဲသို့တွန်း၍ ၀င်သွားပြီး သူ့ကိုကြည့်ပင်မကြည့်သွားချေ ။
ကောင်းလင်း : " ........ " သူ ဘယ်တုန်းက သူမကို စိတ်ဆိုးအောင် လုပ်ထားမိတာလဲ ။
ကောင်းယွီက သူ့ကိုမြန်မြန်ပြန်ရန် ပြောလာသည်။ ဒီထက့်ဆက်နေနေရင် ဟန်၀မ်ကောက မင်းဖင်ကိုကန်လိုက်လိမ့်မယ် ။
လင်းလန် လှည့်ကြည့်လိုက်သည့်အခါတွင် ကလေးနှစ်ယောက်က ရပ်နေသေးသဖြင့် အထဲကိုခေါ်လိုက်ရမလားဟု တွေးလိုက်မိသည်။
တ၀မ် : " ညစာစားပြီးရင် ကစားကြတာပေါ့ "
ကောင်းလင်းက ချက်ချင်းပျော်သွားလေ၏။ " ကောင်းပြီလေ ငါ မင်းကိုစောင့်နေမယ် "
အိမ်ထဲသို့၀င်ပြီးနောက်တွင် လင်းလန်တို့တစ်စုမှာ စတင်ချက်ပြုတ်ကြသည်။
Xxxxx
Part 894
အိမ်တွင် ၀က်သားဆားနယ်များရှိသေးပြီး အခဲခံထားတာဖြစ်သည်။ ယခုအခါ အနည်ငယ်ကိုထုတ်လာပြီး ရေဆေးကာ အခဲပျော်သွားအောင် လုပ်လိုက်သည်။ ထို့နောက် ဂေါ်ဖီနှင့်ပဲနှင့်ရောကာ ကြော်လိုက်သည်။ ချဥ်ဖက်များလည်းရှိပြီး ကန်စွန်းဥဟင်းတစ်ခွက်ပါ ပါသေးလေသည်။
ရှေ့ခန်းရောနောက်ခန်းပါ အပူရစေရန် မီးဖိုနှစ်ဖိုလုပ်ထားတာဖြစ်၍ နောက်တစ်ဖိုတွင် ကြက်ဥပေါင်းနှင့်ရေညှိဟင်းကို ချက်လိုက်သေးသည်။
စန်း၀မ်နှင့် ရှောင်၀မ်က မီးမွှေးပေးကြပြီး အား၀မ်နှင့် မိုင်ဆွေ့က ချက်ပြုတ်နေကြသည်။
ဟင်းအိုးတည်ပြီးမှ အိမ်တွင် ခေါက်ဆွဲမရှိတော့သည်ကို အား၀မ် သတိထားမိလိုက်သည် ။ မနက်ဖြန်ကြမှ ကြိိုမှာထားရမယ် ။
ယခု သူတို့မိသားစုက ပို၍အဆင်ပြေလာပြီဖြစ်၍ ဂျုံအစားအစာများကို စားသည်က အကျင့်ဖြစ်နေပြီဖြစ်သည် ။ အချို့အခါမျိုးတွင် ပြောင်းဖူးပန်ကိတ်များကို လုပ်တတ်ပြီး ကန်စွန်းဥကလည်း မပါမဖြစ်ပေ ။ ဆန်ကြမ်းကို မသုံးတော့သည်က ကြာပြိိီဖြစ်သည် ။
ညစာစားပြီးနောက်တွင် မိုင်ဆွေ့နှင့်အား၀မ်က အငယ်နှစ်ယောက်ကိုခေါ်၍ အိမ်စာလုပ်နေပြီး တ၀မ်က ကောင်းလင်းနှင့်သွားကစားနေသည်။
ရှောင်၀မ်က ယခင်ကလိုပင် စာကြိုးစားသောကလေးတစ်ယောက် ပြန်ဖြစ်သွားသဖြင့် စန်း၀မ်လည်း အတူလိုက်ဟန်ဆောင်နေရသည်။
အိမ်စာပြီးသွားသည့်အခါတွင် ရှောင်၀မ်က သူသိသော အင်္ဂလိပ်စာလုံးများကိုသုံး၍ သီချင်းဆိုနေပြီး အား၀မ်ကိုပါ အတူဂီတာလိုက်တီးခိုင်းလေသည်။
လင်းလန်နှင့် ဟန်ချင်စုန့်တို့ လမ်းလျှောက်ပြီးပြန်လာသောအခါ ကလေးများသီချင်းဆိုနေကြသံကို ကြားလိုက်ရသဖြင့် စိုးရိမ်ပူပန်စိတ်များလည်း လျော့သွားမိသည်။
ဟန်ချင်စုန့်အား ဆေးကြောသန့်စင်ပြီးမှ အိပ်ရာ၀င်ရန် လင်းလန် ပြောလိုက်သည်။
ရေချိုးခန်းထဲတွင် ရေချိုးရသည်က သက်သောင့်သက်သာ ရှိလှသည်။ အိမ်တွင်မီးလင်းဖိုလည်းရှိသဖြင့် ရေနွေးလည်းရှိသောကြောင့် ဟန်ချင်စုန့်အား ရေချိုးပြီးမှနားဟု လင်းလန် ပြောထားသည်။
လင်းလန်နှင့် ဟန်ချင်စုန့်က ယနေ့ညတွင် ကလေးများကိုမစောင့်ဘဲ အရင်အိပ်ရာ၀င်သွားကြသည်။ ကလေးများကလည်း ဟန်ချင်စုန့် အိမ်ပြန်မလာတာကြာပြီဖြစ်သဖြင့် ပင်ပန်းနေသည်ကိုသိသောကြောင့် စကားကျယ်ကျယ်ပင် မပြောကြဘဲ တံခါးများကိုပိတ် ၊ ရေဒီယိုကိုပိတ်ကာ တိုးတိုးတိတ်တိတ် အိမ်စာလုပ်နေကြသည်။
လင်းလန်က အတွေးများနေပြီး အိပ်ရာထဲတွင် လှဲနေလေ၏။
ဟန်ချင်စုန့် ဇနီးလေးကို ဖက်ကာမေးလိုက်သည်။ " ဘာတွေတွေးနေတာလဲ "
လင်းလန်က ပြန်ပြုံးပြသည်။ " အိပ်နေတာလေ ဘာတွေးရမှာလဲ "
ဟန်ချင်စုန့်က ဖက်ထားရာမှနေ လင်းလန်၏မျက်နှာကိုကိုင်ကာ ခပ်ဖွဖွ အနမ်းချွေသည်။ " ကိုးနာရီတောင် မထိုးသေးဘူးလေ " စောသေးတယ် ။
လင်းလန် : " ဒီည လော့ဟိုင်ချန်းတို့ဆီ မသွားတော့ဘူးလား "
" ဟင့်အင်း သူ့ဘာသူ လုပ်တတ်ပါတယ် " ရွာသို့သွားစဥ်က လော့ဟိုင်ချန်နှင့် ဟန်ချင်းယွမ်က အတူပါသွားခဲ့တာဖြစ်သည်။ လော့ဟိုင်ချန်းက ဟန်ချင်းယွမ်ထက်ပိုပြီး လိုက်လျောညီထွေ နေတတ်သဖြင့် ယခုကိစ္စကို သူ့ထံလွှဲခဲ့လိုက်တာဖြစ်သည်။ ဟန်ချင်းယွမ်အတွက်မူကား လုပ်နေကြ အလုပ်များကိုသာ ဆက်လုပ်ခိုင်းထားလို့ ရလောက်ပေသည်။
" စန်းကော ရှင်တစ်ယောက်တည်း ရွာဘက်ကိုသွားတာက အန္တရာယ်မများဘူးလား " လင်းလန်က ဟန်ချင်စုန့်၏ လက်မောင်းပေါ်ခေါင်းအုံး၍ မေးလာသည်။
" အန္တရာယ်က ဘာလို့ရှိရမှာလဲ သူတို့က သာမန်တောသူတောင်သားတွေပဲလေ နည်းနည်းပါးပါး စကားများရန်ဖြစ်ကြတာပဲရှိတာ ဘာမှမဖြစ်ပါဘူး "
" ဒါဆို ဒီနေ့က ဘာဖြစ်တာလဲ " တော်လှန်ရေးကော်မတီမှာတုန်းက လင်းလန် ဘာမှထုတ်မမေးခဲ့သော်လည်း ခေါင်းဆောင်ဟန်က ဓားထိုးခံရတော့မလို့ဟု ပြောသံကိုကြားခဲ့ရသဖြင့် သူမမှာ ထခုန်မိမတက် လန့်သွားခဲ့တာဖြစ်သည်။
ဟန်ချင်စုန့်က ဘာမှမဖြစ်သလို ထိလည်းမထိခိုက်သွားခဲ့သော်ငြား ဓားထိုးခံရလုနီးနီးဟု ကြားခဲ့ရသဖြင့် စိုးရိမ်စိတ်ရှိနေဆဲပင်ဖြစ်သည်။
ဒီလိုလူတောင် ရှိနေပြီဆို မဖြစ်နိုင်စရာ ဘာအကြောင်းရှိတော့မလဲ ။
ဟန်ချင်စုန့် : " စျေးထဲမှာ ရန်ဖြစ်နေတာကို ကိုယ် သွားဖမ်းပြီး စစ်ဆေးဖို့ပြန်ခေါ်လာခဲ့ရုံပါပဲ"
အ၀တ်၀ယ်ထားသည်ဆိုသူများက သာမန်လယ်သမားများဖြစ်ပြီး ပညာမတတ်ကြပေ ။ ဓားကိုင်ထားခဲ့ကြသော်လည်း ဘာမှမလုပ်ခဲ့ကြသဖြင့် လွတ်သွားကြပြိိီဖြစ်သည်။
ဖန်ရှီနုံးနှင့် ဖန်ချူးရှီတို့ကိုသာ ခဏထိန်းသိမ်းထားတာဖြစ်သည်။
လင်းလန် စိုးရိမ်နေမည်စိုး၍ ဟန်ချင်စုန့်က အကုန်ပြောပြမှာ မဟုတ်ပါ ။ ဖန်ရှီနုံး၏ဓားက သူ့ကိုဦးတည်ခဲ့တာဖြစ်ပြီး အခြားနေရာတွင်သာဆိုပါက သူ ချီးကျူးပေးမိလောက်သည်။ ယခုတွင်မူ ဓားကိုင်ရန် မည်သို့သင်ယူထားသည်အား သေချာစစ်မေးမှရပေလိမ့်မည် ။
ဓားကိုင်တာက ဥပဒေနှင့် မငြိစွန်းပေ ။ ရွာမှစစ်သားများနှင့် အချို့ကိုယ်ခံပညာရှင်များလည်း ကိုင်တတ်ကြလေသည်။ သို့သော်လည်း ထိုလူများက မျိုးရိုးစဥ်ဆက်ဘာညာ အစရှိသဖြင့် လက်ဆင့်ကမ်းလာကြတာဖြစ်သည်။
ဖန်ရှီနုံးသာ ရိုးသားပါက ဘယ်သူ့ဆီကသင်ခဲ့သည်ကို ထုတ်ပြောလိုက်သည်နှင့် ချက်ချင်းလိုက်ရှာလို့ရသွားမှာ ဖြစ်သည်။
ဖန်ရှီနုံးကလည်း သူ့အဖေဆီကနေ သင်ထားတာဟုသာ ထပ်ခါတစ်လဲလဲ ဖြေနေတာဖြစ်သည် ။ ပို၍ကျွမ်းကျင်အောင် သူ့ဘာသာ လေ့ကျင့်ထားတာဟုလည်းဆိုသည်။
မှန်လား မမှန်ဘူးလားဆိုသည်ကို ဟန်ချင်စုန့် အချိန်ကုန်ခံပြီး စဥ်းစားမနေချင်ပါ ။ မနက်ဖြန်ကြမှ သူနေတဲ့ရွာကိုသွားပြီး စုံစမ်းလိုက်ရင် ရတာပဲမဟုတ်ဘူးလား ။
လင်းလန်ကပြောသည်။ " စန်းကော ကိုယ့်ကိုယ်ကို ဂရုစိုက်နော် လူဆိုးတွေဆိုတာက ကျွန်တော်လူဆိုးပါလို့ ဘယသူကမှ စာကပ်ထားကြတာမဟုတ်ဘူး ရေကြည်ရင် ငါးမနေဘူးတဲ့ ဒါကြောင့် အမှောင်ထဲကနေပဲ ကြံစည်ကြမှာ ရှင် ဖမ်းရင်လည်း တကယ့်ပြစ်မှုကြီးတွေ ကျူးလွန်တဲ့သူတွေကိုမှ ဖမ်းပြီးအပြစ်ပေးသင့်တယ် မပြောပသလောက်လေးဆိုရင်တော့ သူတို့မိဘတွေကိုပဲ သွန်သင်လို့ရအောင် လွှတ်ထားပေးလိုက်ပါ "
ပြောရရင် ရဲသားကလည်း နည်းနည်းလေးရှိတာလေ ၊ ဖမ်းပြီးရင်လည်း ဘာဖြစ်တယ်ညာဖြစ်တယ်ပြောပြီး ပြန်လွှတ်လိုက်ရမှာပဲဟာ အချိန်ကုန် လူပင်ပန်းတာပဲ အဖက်တင်လိမ့်မယ် ။
တဖြည်းဖြည်း တိုးတက်လာတာနှင့်အမျှ ရာဇတ်မှုများကလည်း တိုးပွားလာမှာပဲဖြစ်သည်။
ဟန်ချင်စုန့်က ပက်လက်လှဲပေးကာ လင်းလန်အား သူ့ရင်ဘတ်ပေါ်တွင် ခေါင်းတင်စေသည်။ " မင်းပြောတာ မှန်တယ် "
" သက်သေမရှိဘဲလည်း ဘာမှလုပ်လို့မရဘူးနော် ။ မဟုတ်ရင် နောက်ဆက်တွဲတွေ ရှိလာလိမ့်မယ် ။ တကယ့်တကယ် အဆိုးဆုံးအခြေအနေထိ ကြုံလာရင် အသက်ပါဆုံးရှုံးသွားရနိုင်တယ် "
လင်းလန် မော့ကြည့်လိုက်မိသည်။ အခန်းထဲ၌ အလင်းမှိန်မှိန်လေးပဲ ရှိသော်ငြား ဟန်ချင်စုန့်၏မျက်နှာကို သူမ သေချာမြင်နေရသည်။
လင်းလန်၏အသံက နူးနူးညံ့ညံ့လေးဖြင့် တောင်းဆိုနေတာဖြစ်၍ ကြားမိသူကို မငြင်းဆန်နိုင်အောင် ညှို့ယူနိုင်လေသည်။
ဟန်ချင်စုန့် ဘယ်လိုပဲဖြစ်ဖြစ် တပ်ထဲကတုန်းကလိုမျိုး ဘာကိုမှ ဂရုမစိုက်ဘဲ လုပ်ချင်သလိုလုပ်ခဲ့တာမျိုးကို ထပ်မလုပ်လိုတော့ပါ ။
ခေါင်းငုံ့ကာ လင်းလန်၏ နဖူးကိုနမ်း၍ " မင်းပြောတဲ့အတိုင်းပဲ " ဟု ဟန်ချင်စုန့်က ဆိုသည်။
လင်းလန် ရယ်လိုက်မိသည်။ " စန်းကောက လိမ္မာလိုက်တာ "
ဟန်ချင်စုန့် ကိုယ်ကိုလှည့်ကာ သူ့ရင်ဘတ်ပေါ်မှ လင်းလန်အား အောက်သို့ပို့၍ အပေါ်မှ အုပ်မိုးလိုက်သည်။ " ဒီ့ထက်ပိုပြီး လိမ္မာနိုင်သေးတယ် "
လင်းလန် : " ရှင်က ရွာကပြန်လာတာဆိုတော့ ပင်းပန်နေမှာပဲ အိပ်ကြရ..."
ဟန်ချင်စုန့်က စကားဆက်မပြောတော့ဘဲ အလုပ်ဖြင့်သာ သူ လိမ္မာနိုင်ကြောင်းကို သက်သေပြလိုက်လေ၏။
Xxxx