Part 897
ကလေးချစ်တတ်သည့် ယောက်ျားတစ်ယောက်က အပြင်တွင် ကြမ်းတမ်းနေလျှင်တောင် အတွင်းစိတ်ကတော့ နူးညံ့တတ်ကြသည်။
တကယ်သွေးအေးသူများ မဟုတ်သဖြင့် လင်းလန် စိတ်ပိုင်းဆိုင်ရာအရ ထိုးဖောက်ကာ သိချင်သောအကြောင်းကို မေးလို့ရလောက်ပေသည်။
လင်းလန် တွေးနေမိသည်။
ချီဖုန်းပေါ်က လင်းလန်အား ကြည့်နေသည်။ ခေါင်းငုံ့ထားသဖြင့် မျက်တောင်များကိုသာ မြင်နေရပြီး ရင်ထဲတွင်လည်း ဘယ်တုန်းကမှ မခံစားခဲ့ဖူးသော ခံစားချက်ကို ခံစားလိုက်ရသလိုပင် ။
" ခေါင်းဆောင်လင်း ကျွန်တော် ကူညီပေးနိုင်တာများ ရှိမလား "
လင်းလန် ခေါင်းခါပြလိုက်သည်။ " သူနဲ့ ရန်ငြှိုးလည်းမရှိ သူ့မိသားစုကိုလည်း မနှိပ်စက်ခဲ့ဖူးတာကို ဘာလို့ဓားနဲ့ထိုးဖို့ကြံရတာလဲ "
ချီဖုန်းပေါ် : " သူက ကေဒါတွေအားလုံးကို မုန်းနေတာဖြစ်လောက်တယ် ပြောရရင် သူ့အဖေက ပြည်သူ့တပ်ထဲမှာ ဒုက္ခတွေ့လာရာကနေ နောက်ဆုံးကြ ဆုံးပါးသွားရတာပဲလေ မဟုတ်ဘူးလား "
ခဏစဥ်းစားပြီးနောက် ချီဖုန်းပေါ် ထပ်ပြောလိုက်သည်။ " ဖန်ရှီနုံးက တကယ်တော့ ရက်စက်တဲ့သူလို့ ပြောလို့ရတယ် အရင်ရွာသူကြီးတုန်းက သူ့ကိုယ်သူ ဘ၀င်မြင့်ပြီး ရွာသားတွေကို နှိမ်တာလေ နောက်ဆုံး ဖန်ရှီနုံးကိုပါ ရန်သွားစမိတော့တာပဲ အဲ့ဒါကို ဖန်ရှီနုံးက သူတစ်ယောက်တည်းနဲ့ ရွာသူကြီးအိမ်က ကြက်တွေဘဲတွေအကုန် သတ်ပစ်ပြီး သူ့ကိုတိုင်ရင် ကလေးတွေမြေးတွေကိုပါ သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်သွားခဲ့တာတဲ့ တကယ်ဟုတ်မဟုတ်တော့ ဘယ်သူမှမသိပေမယ့် အဲ့ရွာသူကြီးကတော့ တကယ်ကြီး ပြောင်းပြေးသွားတယ် "
သူတို့နှစ်ယောက် စကားပြောနေစဥ်တွင် ဟန်ချင်စုန့်နှင့် လော့ဟိုင်ချန်က နေ့လယ်စာစားဖို့ ရောက်လာပြီး လင်းလန်နှင့် ချီဖုန်းပေါ်ကိုတွေ့သည့်အခါ ထိုနေရာသို့ လျှောက်လာကြသည်။
ချိဖုန်းပေါ်က ဟန်ချင်စုန့်ကို မြင်သည်နှင့် လန့်သွားပြီး ချက်ချင်းထရပ်ကာ " ညွှန်မှုးဟန် နေကောင်းရဲ့လား "ဟုဆိုသည်။
ဟန်ချင်စုန့်က " စိတ်လှုပ်ရှားဖို့ မလိုဘူး "ဟုသာ ခပ်ပြတ်ပြတ် ပြန်ဖြေသည်။
လော့ဟိုင်ချန်အား ထမင်းဘူးကိုပေးပြီးနောက် လင်းလန်၏ဘေးတွင် ၀င်ထိုင်လိုက်သည်။ လင်းလန်၏ ထမင်းဘူးထဲတွင် တစ်၀က်နီးပါးကျန်နေသေးသဖြင့် ဟန်ချင်စုန့် မေးလိုက်သည်။
" ခံတွင်းမတွေ့ဘူးလား "
လင်းလန်က ပြုံးပြသည်။ " မဟုတ်ဘူး ရှင့်ကိုစောင့်နေတာ "
လင်းလန် လိမ်နေသည်ကို ဟန်ချင်စုန့်သိသော်လည်း ထပ်မမေးဖြစ်ပေ ။ ချိီဖုန်းပေါ်အား ကျားရှန်ရွာနှင့်ဖန်ရှီနုံးအကြောင်းများကိုသာ မေးလိုက်သည်။။
လော့ဟိုင်ချန် ပြန်လာသည့်အခါတွင် ဟန်ချင်စုန့်အတွက် ကြက်ဥပြုတ်ကို ပိုယူလာသည်။
ဟန်ချင်စုန့် ကြက်ဥပြုတ်ကိုယူကာ အခွံခွာပြီးနောက်တွင် လင်းလန်၏ထမင်းဘူးထဲသို့ ထည့်ပေးလိုက်သည်။
ချိဖုန်းပေါ် မမြင်ချင်ယောင်ဆောင်ကာ အမြန်ခေါင်းငုံ့ပြီး စားစရာရှိသည်ကိုသာ စားနေလိုက်သည်။
လော့ဟိုင်ချန်က ချီဖုန်းပေါ်ကို နှုတ်ဆက်ပြီး သူ့ဘေးတွင် ၀င်ထိုင်သည်။
စားပြီးနောက်တွင် လော့ဟိုင်ချန်က ချီဖုန်းပေါ်အား မေးမြန်းရန်ခေါ်သွားပြီး ဟန်ချင်စုန့်က လင်းလန်နှင့်အတူ လမ်းလျှောက်ထွက်သွားသည်။
လင်းလန်က ဖန်ရှီနုံးနှင့် တွေ့ချင်နေသည်။ " စန်းကော ရှင်ရော စစ်ဆေးတဲ့နေရာကို မသွားဘူးလား ကျွန်မ သွားကြည့်ချင်လို့ "
ဟန်ချင်စုန့်က သူမကိုပြန်ကြည့်ကာ လက်ကိုကိုင်လိုက်သည်။ " ဘာမှကြည့်စရာမရှိဘူး "
" ဒီအတိုင်း သိချင်လို့ပါ " လင်းလန်က ကလေးဆန်ဆန် ဟန်ချင်စုန့်၏လက်ကိုဆွဲကာ တောင်းဆိုနေသည်။ " သွားကြည့်ကြမယ်လေ နော် နော် "
ဟန်ချင်စုန့်က လင်းလန်၏ခါးကိုဖက်ကာ " လမ်းပဲ အရင်လျှောက်ကြရအောင် "
နာရီ၀က်ကြာပြီးနောက်တွင် လမ်းလျှောက်ရာမှ ပြန်လာလိုက်ကြသည်။ အဆိုအကအဖွဲ့သို့လည်း သွားကာ တိတ်တိတ်လေး ခိုးကြည့်ခဲ့ကြသေးသည်။ ရှောင်၀မ်နှင့် စန်း၀မ်က ခေါင်းဆောင်လုတို့နှင့် ရယ်ကာမောကာ စကားပြောရင်း လိမ်လိမ်မာမာဖြင့် နေ့လယ်စာစားနေကြလေသည်။
လင်းလန် ပြန်လာပြီးနောက်တွင် စုံစမ်းစစ်ဆေးရေးခန်းသို့ လိုက်သွားလိုက်သည်။ ချီဖုန်းပေါ်က ပြန်သွားပြီဖြစ်ပြိး ယခုတွင် လော့ဟိုင်ချန်က ဖန်ရှီနုံးကို စစ်မေးနေ၏။
ချီဖုန်းပေါ်၏အကြောင်းများကို သိပြီးပြီဖြစ်၍ ဟန်ချင်စုန့်အား ဘာကြောင့်တိုက်ခိုက်ခဲ့သည်ကို မေးလို့ရလောက်ပြီဟု ထင်ထားခဲ့တာဖြစ်သော်လည်း တကယ်တမ်းတွင် ချီဖုန်းပေါ်က လွယ်လွယ်ထုတ်မပြောလာပေ ။ " ခင်ဗျားတို့ ပြည်သူ့လုံခြုံရေးဗျုရိုကလူတွေက သက်သက်ဖိအားပေးပြီး ၀န်ခံခိုင်းနေကြတာပဲ " ဟူသည့်စကားကိုသာ ထပ်ခါတစ်လဲလဲ ပြောနေလေသည်။
လော့ဟိုင်ချန် : " မင်းကမှ ဟိုဟာလည်းနားမလည် ဒီဟာလည်းနားမလည်နဲ့ဖြစ်နေတာ ညွှန်မှုးဟန်က သွေးနဲ့ချွေးနဲ့ရင်းပြီးမှ ဒီနေရာကိုရောက်လာတဲ့သူ မင်းကဘာသတ္တိနဲ့ သူ့ကိုတိုက်ခိုက်ရဲရတာလဲ "
ဖန်ရှီနုံးက ခေါင်းငုံ့သွားလေသည်။ " ငါ သူ့ကိုမသိဘူး ငါက ယူနီဖောင်းကိုပဲ ကြည့်လိုက်တာ "
လင်းလန် ထိုမြင်ကွင်းကို သေချာကြည့်နေမိသည်။ လိမ်နေတာပဲ ။ ယခင်က လော့ဟိုင်ချန်၏မေးခွန်းများကို တစ်ချက်လေးအကြည့်မလွှဲဘဲ ပြန်ဖြေခဲ့တာဖြစ်သော်လည်း ယခုတွင်မူ ခေါင်းငုံ့သွားလေသည်။ ဟန်ချင်စုန့်ကိုသိနေသည်က အသေအချာပင် ။ ဒါမှမဟုတ် ဟန်ချင်စုန့်ကလည်း သူမုန်းနေတဲ့သူတွေနဲ့ အတူတူပဲလို့ထင်နေလို့များလား ။
လင်းလန် ဟန်ချင်စုန့်ကို လက်ကုပ်၍ခေါ်လိုက်သည်။
ဟန်ချင်စုန့်က သူမကိုငုံ့ကြည့်လာသည်။ " ဟမ် ..."
လင်းလန် : " စန်းကော ကျွန်မ သူနဲ့စကားပြောလို့ရမလား "
ဟန်ချင်စုန့်က မျက်မှောင်ကြုံ့ကာ " မရဘူး အန္တရာယ်များတယ် " ဟုငြင်းသည်။
" ဘာလို့ အန္တရာယ်များရမှာလဲ ရှင်ရော လော့ဟိုင်ချန်ရောရှိတယ်လေ ပြီးတော့ လက်ထိပ်လည်းခတ်ထားမှာပဲဟာ " လင်းလန် မော့ကြည့်ကာပြောလိုက်သည်။
ဟန်ချင်စုန့်က သူမအား ငုံ့ကြည့်နေဆဲဖြစ်သဖြင့် လင်းလန် ခေါင်းမော့ကာ ပြုံးပြလိုက်သည်။
လင်းလန် : " ဘာမှမပြောရင် သဘောတူတယ်လို့ပဲ သတ်မှတ်လိုက်တော့မယ်နော် "
" မရဘူးလို့ ကိုယ်ပြောာနေတယ်လေ " ဟန်ချင်စုန့်က လက်မခံသေးပေ ။
" စန်းကော ဒီမှာကြည့် ကျွန်မက လူထုလှုပ်ရှားရေးလုပ်နေတာလေ ဟုတ်တယ်မလား အမျိုးသမီးတွေကလေးတွေ အကြမ်းဖက်မခံရအောင် ကာကွယ်ပေးဖို့တို့ ပိုက်ဆံကိုဘယ်လိုချွေတာသုံးပြီး ဘယ်လိုစုရမယ်တို့ကို ပြောပြတာအပြင် ကျွန်မတို့ရဲ့အလုပ်က လူတွေရဲ့ အခက်အခဲကို နားထောင်ပေးရတာပဲလေ မဟုတ်ဘူးလား "
ဟန်ချင်စုန့်က ထိုအခါမှ " ကိုယ်လည်း လိုက်ခဲ့မယ် " ဟု နည်းနည်းအလျှော့ပေးသည်။
" ဘယ်ဖြစ်မလဲ " လင်းလန် ခပ်ဖွဖွ ရယ်လိုက်မိသည်။ " ရှင်က ကြောက်ဖို့ကောင်းတော့ ရှင့်ကိုမြင်ရင် သူကဘယ်ပြောချင်တော့မှာလဲ "
လင်းလန် ဟန်ချင်စုန့်အား ပြတင်းပေါက်နားသို့ ဆွဲခေါ်သွားလိုက်သည်။ " ဒီကနေဆို မြင်လည်းမြင်ရတယ် ကြားလည်းကြားရတယ် "
ယခုအချိန်တွင် စစ်ဆေးမေးမြန်းခြင်း၌ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ခြင်းများကိုလည်း မသုံးတတ်ကြသေးသဖြင့် ဘွင်းဘွင်းရှင်းရှင်းသာ စစ်မေးကြတာဖြစ်သည်။
စိတ်ပျော့သူများက ချက်ချင်း၀န်ခံတတ်ကြသော်လည်း စိတ်မာသူများကမူ လွယ်လွယ်၀န်မခံတတ်ကြပေ ။
ဟန်ချင်စုန့် ခဏစဥ်းစားပြီးနောက်တွင် ခေါင်းညိတ်ပြလိုက်သည်။ " ခဏ စောင့်ဦး "
လင်းလန်အား စောင့်ခိုင်းပြီးနောက်တွင် ဟန်ချင်စုန့်က လော့ဟိုင်ချန်ကို လှမ်းခေါ်သည်။
လော့ဟိုင်ချန်က စာရေးလေးကို ထားခဲ့ပြီး ထွက်လာလေ၏။ " ခေါင်းဆောင်ဟန် ဘာဖြစ်လို့လဲ "
ဟန်ချင်စုန့်က ပြောပြလိုက်သည့်အခါတွင် လော့ဟိုင်ချန်က အံ့သြသွားပြီး လင်းလန်ကိုကြည့်နေလေ၏။ " မရီးကလား "
လင်းလန် ပြုံးရုံသာ ပြုံးပြလိုက်သည်။
Xxxx
Part 898
ဟန်ချင်စုန့်က သဘောတူပြိိီးပြီဖြစ်၍ လော့ဟိုင်ချန်လည်း ဘာမှမပြောတော့ဘဲ ကြိုးတုတ်တုတ် တစ်ချောင်းရှာကာ ဖန်ရှီနုံး၏ခြေထောက်များကို ထိုင်ခုံနှင့်တွဲချည်လိုက်ပြီး လက်နောက်ပြန် လက်ထိပ်ခတ်ထားသည်ကိုပါ ရှေ့သို့ပြောင်း၍ ခတ်လိုက်သည်။
ဖန်ရှီနုံးက ဘာတွေဖြစ်နေသည်ကို မသိသော်ငြား ဘာမှမပြောဘဲ လုပ်ချင်သလို လုပ်ခွင့်ပေးထားသည်။
လော့ဟိုင်ချန် စာရေးလေးကို မှာလိုက်သည်။ " လိုက်ပဲမှတ်နေလိုက် စကားမပြောနဲ့ "
စာရေးလေးက ခေါင်းညိတ်ပြသည်။ " ဟုတ်ကဲ့ "
ထို့နောက် လင်းလန်၀င်လာသည်ကို မြင်သောအခါ စာရေးလေးမှာ မျက်လုံးပြူးသွားလေ၏။
ခေါင်းဆောင်လင်းက ဘာလာလုပ်တာလဲ ။
လင်းလန် ပြုံးပြကာ ပြောလိုက်သည် ။ " လူထုလှုပ်ရှားရေးအသင်းမှာက အလုပ်တွေများတယ်လေ ဒါကြောင့် အတွေ့အကြုံ လာယူတာ "
လင်းလန် စာရေးလေး၏ဘေးတွင် ၀င်ထိုင်လိုက်ပြိီး သက်သောင့်သက်သာဖြစ်အောင် ထိုင်ခုံကိုကျောမှီ၍ ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင်မှ ဖန်ရှီနုံးကို နှုတ်ဆက်လိုက်သည်။ " ဟယ်လို "
ဖန်ရှီနုံး၏ မျက်နှာကသုန်မှုန်လို့နေသည်။ သူ့ရှေ့ရှိ ချောမောသော အမျိုးသမီးကိုကြည့်နေမိသည် ။ သူမက လှသော်ငြား အမြင်ရိုင်းမနေဘဲ သူမ၏အပြုံးများက သူ့ကိုစိတ်ကြည်လာစေသည် ။
သူမကို စိိုက်ကြည့်နေသည်ကိုတောင် ကြောက်သွားခြင်းမရှိသလို ရှက်ရွံ့သွားခြင်းလည်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေလေ၏။
စာရေးလေးက စိတ်တိုနေလေ၏။ ခေါင်းဆောင်ဟန်ရဲ့ မိန်းမကို အဲ့လိုစိုက်ကြည့်နေရလား ။
သူ ပြောတော့မည်လုပ်လိုက်သော်လည်း လင်းလန်က အကြည့်ပေးကာ စကားမပြောရန် တားလာသည်။
စာရေးလေးလည်း ခေါင်းငုံ့ကာ မှတ်စုစာအုပ်ကိုသာ ကြည့်နေလိုက်တော့သည်။
လင်းလန်ကလည်း သူမ၏မှတ်စုစာအုပ်ကို ထုတ်လိုက်သည်။ နောက်ဆုံးအနေဖြင့် မှတ်စုရေးခဲ့သည်က ချင်ရှီကွန်မြူနတီတွင် အသက်မပြည့်သော သတို့သမီးကိစ္စကို ဖြေရှင်းခဲ့စဥ်ကဖြစ်သည်။
လင်းလန် စာနှစ်လုံးချရေးပြီးနောက်တွင် ဖန်ရှီနုံးကိုကြည့်၍ မေးလိုက်သည်။ " နာမည်ပြော "
စာရေးလေးက ဖန်ရှိီနုံးအား သတိပေးသလိုကြည့်နေသည်။ သူတို့မေးတုန်းက ဖန်ရှိီနုံးက " မင်းတို့နားလေးနေတာလား ဉာဏ်မကောင်းတာလား ဘယ်နှစ်ခေါက်မေးမှာလဲ " ဟူ၍ ဘုဆက်ဆက်ဖြေခဲ့တာဖြစ်သည် ။
သို့သော်လည်း ယခုတွင်မူ အံ့သြစရာပင် ၊ ကောင်းကောင်းမွန်မွန် ပြန်ဖြေလာလေသည်။ " ဖန်ရှိီနုံး "
လင်းလန် မျက်လွှာချကာ ဆက်မေးလိုက်သည်။ " အသက်ကရော "
သူမက ချမရေးသလို သူ့ကိုလည်း ကြည့်မနေသဖြင့် ဖန်ရှီနုံးက တစ်ခဏတွေဝေနေပြီးမှ " ၂၆ " ဟုပြန်ဖြေလာသည်။ သူများတွေ ပြောတဲ့အတိုင်းပဲ ။
လင်းလန် ရယ်လိုက်မိသည်။ " ကျွန်မထက်တောင် ငယ်သေးတာပဲ လက်ထပ်ပြီးသွားပြီလား "
ဖန်ရှီနုံး : " .... ဟင့်အင်း "သူ သိပ်နားမလည်တော့ပေ ။ ဘာလို့ ဒါတွေမေးနေတာလဲ ။ ရှေ့ကလူတွေက ဘာလို့လုပ်တာလဲ ၊ ဘယ်သူ့ဆီက သင်ထားတာလဲဆိုသည်များကိုသာ ထပ်တစ်လဲလဲ မေးနေခဲ့တာဖြစ်သည်။
လင်းလန် အံ့သြသွားဟန်ဖြင့် " လက်မထပ်ရသေးဘူးလား " ဟုပြန်မေးလိုက်သည်။ ရွာသားများက နှစ်ဆယ်မပြည့်ခင် လက်ထပ်ကြတာဖြစ်ပြီး နှစ်ဆယ်ကျော်သွားပါက လူပျိုသိုးကြီးများဟု အခေါ်ခံကြရလေသည်။
လင်းလန် စာရေးလေးထံလှည့်၍ မေးလိုက်သည်။ " ရှောင်ကျန်းရော အသက်ဘယ်လောက်ရှိပြီလဲ "
ရှောင်ကျန်းက ရှက်သွားလေသည်။ " ၂၄ပါ "
ရှောင်ကျန်းက သားတစ်ယောက်ရှိသည်ကို လင်းလန်သိသည်။ " ဪ ငယ်သေးတာပဲ ဒါနဲ့ကလေးကရော နှစ်နှစ်လား သုံးနှစ်လား မြို့ကလူတွေက နောက်ကျမှလက်ထပ်ကြတာဆို ဒီကလူကြီးမင်းကကြ အစောကြီးလက်ထပ်ပြီး ကလေးတောင်ရနေပြီလား "
ရှောင်ကျန်းက ခေါင်းငုံ့ကာ ဖန်ရှီနုံး၏အကြည့်ကိုရှောင်၍ လင်းလန်ကိုခိုးကြည့်သည်။ ခေါင်းဆောင်လင်းရေ ဘာလုပ်နေတာလဲဗျာ ။
လင်းလန် ဖန်ရှီနုံးကို ပြန်မေးလိုက်သည်။ " ရွာသားတွေက စောစောလက်ထပ်ကြတယ်ဆိုတော့ ရှင်ကရော ဘာလို့လက်မထပ်သေးတာလဲ မိန်းမယူဖို့ မတတ်နိုင်အောင် ဆင်းရဲလို့လား "
ဖန်ရှီနုံးက ထူးထူးခြားခြား ၀တ်မထားသော်လည်း ချုပ်ရိုးချုပ်သားကောင်းသည့် အထည်ကောင်းများကို ၀တ်ထားတာဖြစ်သည်ကို လင်းလန်သိသည်။
ဖန်ရှီနုံး ဘောပင်ကိုင်ထားသော သူမ၏လက်များကို ကြည့်လိုက်မိသည်။
" မတတ်နိုင်တာ မဟုတ်ဘူး ကျုပ်ကို ကြိုက်မယ့်သူမရှိတာ "
ထိုလက်များက အလုပ်ကြမ်းလုပ်ရသည့် မိန်းမများလို ကြမ်းတမ်းမနေသော်လည်း အလုပ်မလုပ်ရသူလို ချောမွေ့နေခြင်းလည်း မရှိပေ ။ လက်ချောင်းများပေါ်၌ အသီးအရွက်လှီးခြင်းမှ ရလာသောရှရာများ ရှိနေလေသည်။
ဘာကြောင့်ရယ်မသိ သူ၀ှက်ထားခဲ့သောဓားကိုပင် သတိရသွားမိသည်။ ထိုဓားကိုသာကိုင်ပါက သူမ၏လက်ချောင်းများ ရှသွားမည်က အသေအချာပင် ။
ဖန်ရှီနုံးမျက်မှောင်ကြုတ်လိုက်မိသည်။ ထိုသို့ဖြစ်သောမြင်ကွင်းကို သူ မမြင်ချင်ပေ ။
ထိုအမျိုးသမီးက ရယ်လိုက်ပြန်သည်။ " ရှင်က ရုပ်လည်းမဆိုးဘူး အလုပ်လည်းလုပ်နိုင်တာပဲကို ဘာလို့တစ်ယောက်မှ မကြိုက်ကြတာလဲ တင်မတောင်းနိုင်လို့လား ဒါမှမဟုတ် ရှင်ကဒေါသကြီးပြီး မိန်းမတွေကို ရိုက်တတ်တဲ့သူမို့လို့လား မဖြစ်နိုင်တာ "
" ကျုပ် ဘယ်တုန်းကမှ မိန်းကလေးတွေကို မရိုက်ဘူး " ဖန်ရှီနုံးက ချက်ချင်းပြန်ငြင်းသည်။
လင်းလန် ထပ်မေးလိုက်သည်။ " မဆင်းရဲပေမယ့်လည်း မိန်းမယူဖို့ ပိုက်ံအကုန်မခံချင်လို့လား "
ဖန်ရှီနုံး : " မဟုတ်ဘူး "
" ထူးဆန်းလိုက်တာ မဆင်းရဲဘူး ရုပ်လည်းမဆိုးဘူး မိန်းမတွေကိုလည်း မရိုက်ဘူး မြို့ကလူတွေလို နောက်ကျမှ မိန်းမယူမှာလည်း မဟုတ်ဘူးဆိုတော့ ဘာလို့လဲ ရှင့်အမေက မြေးမချီချင်လို့လား ရှင့်အမေကရော ဘာမှမပြောဘူးလား "
ပြည်သူ့လုံခြုံရေးဗျူရို၌ ဘာလို့လက်မထပ်သည်ကို အသေးစိတ်လိုက်မေးနေမည့်သူရှိနေမည်ဟု ဖန်ရှီနုံး ထင်မထားခဲ့ပါ ။ စိတ်ထဲတွင် ပြန်မဖြေနဲ့တော့ဟု ကိုယ့်ကိုယ်ကို သတိပေးနေခဲ့သော်လည်း ဘာလို့မှန်းမသိ ပြန်ဖြေမိနေလေသည်။
" ဟုတ်တယ် လက်မထပ်ချင်တာ "
လင်းလန် စိတ်ထဲကြိတ်ကာ သက်ပြင်းချလိုက်မိသည်။ အမှန်အတိုင်းပြောနေတာပဲ ။ အပြင်တွင်တော့ မယုံကြည်နိုင်ဟန်ဆောင်လိုက်သည်။ " မယုံနိုင်စရာပဲ မိန်းမမလိုချင်တဲ့သူ တကယ်ရှိတယ်ပေါ့လေ အရူးတွေပဲ မိန်းမမယူချင်ကြတာ မဟုတ်ဘူးလား " ဟုဆိုရင်း ရှောင်ကျန်းကိုလှည့်မေးလိုက်သည်။ " ဟုတ်တယ်မလား ရှောင်ကျန်း "
ရှောင်ကျန်း : " ....... " ကျွန်တော်က အရူးမှမဟုတ်တာ ၊ ဘယ်သိမှာလဲလို့ ။
ရှောင်ကျန်း၏ မျက်နှာထားကြောင့် လင်းလန် ရယ်လိုက်မိသည်။ မျက်နှာချင်းဆိုင်မှ ဖန်ရှီနုံးကလည်း ထရယ်လိုက်ပြီးမှ တစ်ခုခုလွဲနေမှန်းသဘောပေါက်သွားကာ ပါးစပ်ကိုလက်ဖြင့်အုပ်၍ ချောင်းဟန့်လိုက်ပြီး လင်းလန်၏လက်များကို ကြည့်နေလေ၏ ။
သူမရဲ့လက်တွေက တကယ်လှလွန်းတယ် ၊ ဖြူဖြူသွယ်သွယ်လေးတွေနဲ့ သူစိုက်တဲ့ ကြက်သွန်မြိတ်တွေလိုပဲ ။ (?)
ဖန်ရှီနုံး တွေးရင်းဖြင့် လက်သိီးဆုပ်လိုက်မိသည်။
လင်းလန် ဖန်ရှီနုံးကိုပြောလိုက်သည်။
" စိတ်မလှုပ်ရှားပါနဲ့ ကျွန်မရဲ့လူထုလှုပ်ရှားရေးအသင်းမှာ ပြင်ဆင်စရာအကြောင်းအရာလေးရှိလို့ ရှင့်ကိုမေးကြည့်နေရုံပါ ငယ်ငယ်လေးနဲ့လက်ထပ်တာကို ခွင့်မပြုသင့်ဘူးထင်လို့ အဲ့အကြောင်းကို ဆွေးနွေးချင်နေတာလေ "
လင်းလန်က ပြောနေသော်လည်း ထိုလူက သေချာနားမလည်ပါ ။
Xxxxx