Part 899
လင်းလန်က ပြောနေသော်လည်း ထိုလူက သေချာနားမလည်ပါ ။
အဟုတ်ကိုပင် ၊ သူမ အရူးလုပ်ကာ လျှောက်ပြောနေသည်များကြောင့် ထိုလူက ခေါင်းရှုပ်လာပြီး အမှန်တစ်၀က် အမှားတစ်၀က်များကို ပြန်ဖြေလာလေသည်။ သူက ကလေးများကိုသဘောမကျသလို ယောက္ခမများနှင့်လည်း မဆက်ဆံချင်၍ဟုဆိုသည်။ ထိုတစ်ချက်ဖြင့်ပင် လိမ်နေတာဖြစ်မှန်း လင်းလန်သိသည်။
ဖန်ရှီနုံး အမှန်အတိုင်းမပြောမချင်း လင်းလန် ကွေ့၀ိုက်၍ မေးနေလိုက်သည်။ ဖန်ရှီနုံးက ပြန်ဖြေသည်နှင့် လင်းလန်က သူငယ်ချင်းစကားပြောနေသည်ကို နားထောင်ပေးနေသည့်အလား ပြုံး၍နားထောင်နေလိုက်သည်။
ဖန်ရှီနုံးက အစတွင် လုပ်ကြံပြောနေခဲ့သော်လည်း ခဏအကြာတွင် သူ့အမေက ဘယ်လိုဒုက္ခခံပြီးနေခဲ့ရသည်ဆိုသည်များကို အမှန်အတိုင်းပြောပြလာသည်။
လင်းလန် ခေါင်းညိတ်ပြကာ ၀မ်းနည်းနေသည့်ဟန်ဖြင့် ထောက်ခံလိုက်သည်။
" အမေတွေအားလုံးက ဒီလိုပါပဲ သားသမီးတွေအတွက်ဆို ဘာမဆိုလုပ်ရဲကြတယ် ရှင့်အမေကလည်း ရှင့်ကိုတကယ်ချစ်တဲ့ပုံပါပဲ "
ကလေးဖြစ်သူအတွက် ဘာမဆိုလုပ်နိုင်သည်က မိဘများပင်ဖြစ်သည်။
ဖန်ရှီနုံးက လင်းလန်၏စကားများကြောင့် ၀မ်းနည်းသွားကာ အမေဖြစ်သူကို သတိရသွားပြီး မျက်ရည်များကျလာလေ၏။
စာရေးလေးမှာ အံ့အားသင့်သွားတော့သည်။ နွားလိုသန်မာနေသည့် ယောက်ျားရင့်မာကြီးတစ်ယောက်က ယခုလိုငိုတတ်လိမ့်မည်ဟု သူ မထင်ခဲ့ပါ ။
သေစမ်း အံ့သြစရာကြီးပဲ ။
လင်းလန် : " ရှင်ပြောပုံအရဆို ရှင့်အဖေကလည်း လူကောင်းတစ်ယောက်ဖြစ်တဲ့ပုံပါပဲ ဒါဆိုဘာလို့ ရှင်နဲ့ရှင့်အမေကို မလိုချင်ရတာလဲ ကျွန်မအမျိုးသားကလည်း စစ်သားဆိုတော့ အဝေးမှာသွားပြီး တာ၀န်ထမ်းဆောင်နေခဲ့ရတာ ကျွန်မဆိုလည်း အိမ်မှာကလေးငါးယောက်နဲ့ကျန်ခဲ့ရတာဆိုတော့ ရှင့်အမေနဲ့ ခပ်ဆင်ဆင်ပါပဲ "
သူ ငယ်စဥ်က အဖေဖြစ်သူအကြောင်းကို တွေးမိသည့်အခါ ဖန်ရှီနုံးမှာ မျက်နှာကိုလက်ဖြင့်အုပ်ကာ ရှိုက်ကြီးတစ်ငင် ငိုမိတော့သည်။
လင်းလန်က ဘာမှမပြောဘဲ မှတ်စုစာအုပ်ကိုပိတ်ပြီး ရပ်ကာ ဖန်ရှီနုံး၏ဘေးသို့သွား၍ ပုခုံးကိုခပ်ဖွဖွ ပုတ်ပေးနေသည်။
" မိသားစုဆိုတာ အမြဲတမ်း အတူရှိနေကြမှာပါပဲ အခုဆို ကျွန်မလည်း အဆင်ပြေနေပြီ ရှင်လည်း အဆင်ပြေသွားမှာပါ ဒီနေ့တော့ ဒီလောက်ပဲပြောကြတာပေါ့ ရှင်ပြောပြချင်တာတွေရှိသေးတယ်ဆိုရင် နောက်နေ့ကျွန်မကို ခေါ်လိုက်လေ "
အဖေဖြစ်သူ ဆုံးပါးသွားခြင်းက ဖန်ရှီနုံးအတွက် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်ပုံရသည်။ တကယ်ကြတော့လည်း ဖန်ရှီနုံးကလည်း သနားစရာကောင်းတာပါပဲ ။
သို့ပေမယ့်လည်း ဘယ်လောက်ပဲ သနားဖို့ကောင်းကောင်း အပြစ်မဲ့တဲ့သူတွေကို ထိခိုက်အောင်လုပ်နေတာကိုတော့ ခွင့်လွှတ်ပေးလို့မရပါ ။
ကိုယ်စိတ်ဒဏ်ရာရနေတာနဲ့ပဲ သူများတွေကို ထိခိုက်အောင်လုပ်ဖို့ အခွင့်အရေးရသွားတာ မဟုတ်ဘူးလေ ။
လင်းလန် ပြန်လှည့်ထွက်လာသည့်အခါတွင် သူမမျက်နှာထက်မှ အပြုံးက ချက်ချင်းပျောက်ကွယ်သွားသည် ။ အခန်းထဲတွင်မူ ဖန်ရှီနုံးက ငိုရင်းကျန်နေခဲ့သည်။
စစ်မေးခန်းထဲမှ ထွက်လာပြိး ဟန်ချင်စုန့်ကိုတွေ့မှသာ လင်းလန် ပြုံးပြလိုက်သည် ။
လော့ဟိုင်ချန်က လင်းလန်အား အံ့သြတကြီးကြည့်လို့နေသည်။ " မရီးက ... "
လင်းလန် လည်ချောင်းဟန့်လိုက်မိသည်။ " သူက ဘာပြဿနာမှ မရှိဘူးထင်တာပဲ သနားဖို့ကောင်းလိုက်တာ "
လော့ဟိုင်ချန် ဆွံ့အသွားမိသည် ။ သနားဖို့ကောင်းတယ် ဘယ်သူကလဲ ။ ခေါင်းဆောင်ဟန်သာ ဓားထိုးခံလိုက်ရရင် သနားဖို့ကောင်းနေမှာက မရီးနဲ့ကလေးတွေလေ ။
ဟန်ချင်စုန့် : " သူဘက်က စကားပြောချင်တယ်လို့ မပြောမချင်း ထပ်မမေးနဲ့တော့ "
အံ့သြဖို့ကောင်းစွာပင် နောက်တစ်နေ့နံနက်တွင် ဖန်ရှီနုံးက လင်းလန်နှင့် စကားထပ်ပြောချင်သည်ဟု ဆိုလာသည်။
သို့သော်လည်း အစောင့်ရဲက လက်မခံ ။
" ခေါင်းဆောင်လင်းက ရဲမှမဟုတ်တာ ပြီးတော့ ဘယ်သူက မင်းနဲ့မအိပ်ဘဲ စကားလာပြောပေးမှာလဲ"
သို့သော်လည်း ဟန်ချင်စုန့်မှာထားသဖြင့် လင်းလန်တို့အိမ်ကို အကြောင်းကြားလိုက်ပြီဖြစ်သည်။
ဆောင်းရာသီဖြစ်၍ မနက်ငါးနာရီချိန်၌ မှောင်မဲနေဆဲဖြစ်သည် ။ တံခါးခေါက်သံကြား၍ ဟန်ချင်စုန့်တံခါးသွားဖွင့်ကြည့်လိုက်သည့်အခါ အစောင့်ရဲဖြစ်နေသည်ကို တွေ့လိုက်ရ၍ မေးလိုက်သည်။
" ဖန်ရှီနုံးနဲ့ ပတ်သက်တဲ့ကိစ္စလား "
" ခေါင်းဆောင်ဟန် သူက ခေါင်းဆောင်လင်းနဲ့ စကားပြောချင်တယ်လို့ ပြောပါတယ် "
ဟန်ချင်စုန့် မျက်မှောင်ကြုံလိုက်မိသည်။ " အလုပ်တက်တဲ့အချိန်ထိ စောင့်ခိုင်းထားလိုက် "
အစောင့်ရဲက သိပြီဖြစ်ကြောင်းပြောကာ ပြန်သွားသည်။
တ၀မ်က နိုးနေပြီဖြစ်၍ ဟန်ချင်စုန့်က လေ့ကျင့်ပေးရန် ခေါ်သွားသည်။ သူတို့ပြန်လာချိန်တွင် အား၀မ်လည်း နိုးနေပြီဖြစ်သည် ။ ဟန်ချင်စုန့်က တ၀မ်အား အငယ်များကိုခေါ်၍ မနက်ခင်းလေ့ကျင့်ခန်းလုပ်နေကြဟု ခိုင်းသွားပြီး သူကိုယ်တိုင်ကမူ မနက်စာပြင်နေလေ၏။
မိုင်ဆွေ့က တ၀မ်ကိုကြည့်ကာမေးသည်။ " အစ်ကိုကြီး မေးစေ့က ဘာဖြစ်တာလဲ "
တ၀မ် : " ဘာမှမဖြစ်ဘူး "
ယနေ့ သူ ဟန်ချင်စုန့်ထံမှ အနည်းငယ်အထိုးခံရ ၊ အကန်ခံရလာတာဖြစ်သည်။ အရင်နေ့များနှင့်မတူဘဲ သူ့အဖေက ယနေ့တွင် အနည်းငယ်ကြမ်းတမ်းပြီး သူ့ကိုမညှာပေးပေ ။ သို့သော်လည်း ဆတ၀မ်က ပုလင်းဘူးဆို့ အခြေအနေတွင် ရှိနေခဲ့ပြီး မတိုးတက်လာတာကြာပြီဖြစ်ပြီး အဖေဖြစ်သူထံမှ အရိုက်ခံရပြီးနောက်တွင် နောက်တစ်ဆင့်ကို တက်သွားနိုင်သဖြင့် ပျော်နေတာဖြစ်သည်။
လင်းလန် နိုးလာချိန်တွင် ခုနစ်နာရီခွဲနေပြီဖြစ်၍ အမြန်ထကာ မနက်စာစားလိုက်သည်။
ဟန်ချင်စုန့်ကိုလည်း အပြစ်တင်လိုက်သေးသည်။ " ဘာလို့ စောစောမနှိုးတာလဲ "
ဟန်ချင်စုန့် : " အခုလည်း နောက်မကျသေးပါဘူး "
စန်း၀မ်နှင့်ရှောင်၀မ်က အစမ်းလေ့ကျင့်နေရ၍ အတန်းမတက်ကြရပေ ။ မနက်စာစားပြီးနောက်တွင် တက်တက်ကြွကြွ နှုတ်ဆက်နေကြသည်။ " မားမား သားတို့အစမ်းလေ့ကျင့်တာကို လာကြည့်ဦးနော် "
လင်းလန် : " ဒါပေါ့ လာကြည့်ရမှာပေါ့ အစမ်းလေ့ကျင့်ပြီးရင်လည်း ကျောင်းကိုအတန်းသွားတက်ကြဦးနော် "
ရှောင်၀မ် : " မားမား သားကလိမ္မာပါတယ် စိတ်မပူနဲ့ " ထို့နောက် စန်း၀မ်၏လက်ကိုကိုင်ကာ " စန်း၀မ်ကော လိမ္မာရမယ်နော် ဟုတ်တယ်မလား စာကြိုးစားပြီး နေ့တ်ိုင်းတိုးတက်အောင် လုပ်နေရမယ် " ဟုဆိုပြန်သည်။
စန်း၀မ် : " မင်း ဘာတွေပြောနေပြန်တာလဲ ငါက အမြဲလိမ္မာနေတာပဲကို ဘယ်တုန်းက မလိမ္မာဘူးလို့လဲ သွားကြမယ် နောက်ကျနေပြိိီ "
ညီအစ်ကိုနှစ်ယောက်မှာ စကားတစ်ပြောပြောဖြင့် ထွက်သွားကြသည်။
ကလေးများထွက်သွားမှ လင်းလန်နှင့် ဟန်ချင်စုန့်လည်း တော်လှန်ရေးကော်မတီသို့ ထွက်လာလိုက်သည်။ မထွက်လာခင်တွင် ဟန်ချင်စုန့်ပေးထားသော ပန်းရောင်လည်စည်းကိုလည်း လင်းလန် ပတ်လာခဲ့သေးသည်။
ဆောင်းရာသီ၀တ်အင်္ကျီများက မီးခိုးရောင်နှင့် အနက်ရောင်များသာဖြစ်သဖြင့် ပန်းရောင်လည်စည်းကို ၀တ်လိုက်သည့်အခါ တောက်ပနေလေ၏။
Xxxxx
Part 900
ဟန်ချင်စုန့်က သူမအား အကြာကြီးကြည့်နေပြီးမှ " လှတယ် " ဟုဆိုလာသည်။
လင်းလန် ပြန်ပြုံးပြလိုက်သည်။ " ပန်းရောင်က နူးညံ့တဲ့အရောင်လေ "
သွေးအေးသည့်ယောက်ျားများသည်ပင် ပန်းရောင်ကိုမြင်ပါက စိတ်ပျော့သွားတတ်ကြသည်။ အရောင်များက လူများ၏စိတ်ကို ပြောင်းလဲရာ၌ အသုံး၀င်သည်။
ဟန်ချင်စုန့်က သူမကိုငုံ့ကြည်ပြီး လည်စည်းကိုကိုင်ကာ သေချာပြင်ပေးပြီးနောက် သူမ၏ပါးကိုအုပ်ကိုင်ကာ အနမ်းချွေလိုက်သည်။
တော်လှန်ရေးကော်မတီသို့ရောက်သည့်အခါတွင် လော့ဟိုင်ချန်က ရပ်စောင့်နေသည်ကို တွေ့လိုက်ရသည်။ လင်းလန်ကိုမြင်သောအခါ လော့ဟိုင်ချန်က ချီးကျူးစကားဆိုလိုက်သည်
" မရီး ဒီနေ့လှနေတယ် "
လင်းလန် : " အရင်နေ့က မလှဘူးလို့ ပြောချင်တာလား "
လော့ဟိုင်ချန် : " ကျွန်တော်မှားသွားတာ ဒီနေ့ပိုလှနေတာ "
လင်းလန် : " ဖန်ရှီနုံးက စကားပြောချင်တာတဲ့လား "
လော့ဟိုင်ချန်က ခေါင်းညိတ်ပြသည်။ " မရီးကတော့ တော်တယ်ဗျာ "
လင်းလန် : " ဘာကိုတော်ရမှာလဲ လူထုလှုပ်ရှားရေးအသင်းမှာလုပ်နေကြလူဆိုတော့ နားထောင်ပေးနေတတ်ရုံပါ "
ဖန်ရှီနုံးက မနေ့တွင် စကားများ ပြန်ပြောခဲ့သော်လည်း တစ်၀က်တစ်ပြတ်ကြီးဖြစ်သွား၍ ကသိကအောက် ဖြစ်နေလောက်သည်။ စကားပြောဖော်ဆိုသည်ကလည်း လူတိုင်းမဖြစ်နိုင်ပေ ။ ဟန်ချင်စုန့်နှင့် လော့ဟိုင်ချန်လိုလူများကိုမူ ဘယ်သူကမှ စကားပြောဖော်လုပ်ချင်မည် မဟုတ်လောက် ။
လင်းလန် ဟန်ချင်စုန့်နှင့်အတူ သူမရုံးခန်းသို့ပြန်ပြီး မှတ်စုစာအုပ်ကိုယူကာ ပြင်ဆင်စရာရှိသည်များကိုပြင်ဆင်ပြီး ပြန်သွားလိုက်သည်။
" စန်းကော နေရာကိုပြောင်းလိုက်ပါလား သူ့ကိုအထဲမှထိုင်ခိုင်းပြီး ကျွန်မနဲ့ရှောင်ကျန်းက အပြင်မှာထိုင်မယ် "
ပထမအကြိမ်တွင် သူမက ပြတင်းပေါက်ကို မျက်နှာချင်းဆိုင်ကာ ထိုင်ခဲ့တာဖြစ်ပြီး ဖန်ရှီနုံးက ကျောပေးထားခဲ့တာဖြစ်သည်။
သူမ ပြောသည့်အတိုင်း ဖန်ရှီနုံးကို နေရာပြောင်းပေးသော်လည်း ခြေထောက်များကို ခုံနှင့်တွဲ၍ ကြိုးချည်ထားဆဲပင် ။
စာရေးလေးက ၀င်ထိုင်ပြီး မှတ်တမ်းမှတ်ဖို့ ပြင်နေသည်။
ဟန်ချင်စုန့်နှင့် လော့ဟိုင်ချန်က တံခါးအပြင်တွင်ရှိနေပြိး လင်းလန်ကလည်း အတူရပ်နေကာ အခန်းထဲမ၀င်သေးပေ ။
ဖန်ရှီနုံးက စိတ်လှုပ်ရှားနေဟန်ဖြင့် တံခါးကိုကြည့်လိုက်သော်လည်း ဘယ်သူမှရှိမနေပေ ။
လေးမိနစ် ငါးမိနစ်ကြာပြီးမှ တံခါးသည် တွန်းဖွင့်ခံလိုက်ရပြီး လင်းလန်က ၀င်လာသည်။ တံခါးဖွင့်လိုက်သဖြင့် နေရောင်က သူမအပေါ်ဖြာကျနေပြီး ဖြူနေသောအသားအရေက နေရောင်အောက်တွင်၀င်းနေလေ၏။
ခဏရပ်နေပြီးနောက်တွင် လင်းလန် ပြုံးပြ၍ အထဲသို့၀င်ကာ စာရေးလေးကို နှုတ်ဆက်လိုက်သည်။ " ရှောင်ကျန်း ဘယ်လိုဖြစ်တာလဲ မနေ့ညက မအိပ်ဘူးလား မျက်ကွင်းတွေညိုနေတယ် "
ရှောင်ကျန်း : " ..... ကလေးက ဂျီကြနေလို့ မအိပ်ရသေးတာပါ "
လင်းလန် : " ဪ အဲ့ဒါက နည်းနည်းတော့ ခက်ခဲပေမယ့် ပျော်စရာလည်း ကောင်းပါတယ် "
လင်းလန်က ရှောင်ကျန်းထိုင်နေသော ထိုင်ခုံပေါ်လက်ထောက်ကာ ရပ်နေပြီး ဖန်ရှီနုံးကို ပြုံးပြလိုက်သည်။
" မိဘတွေဆိုတာက အဲ့လိုပဲလေ ရှင်ရော ကလေးဘ၀တုန်းက ကိစ္စတွေကို မှတ်မိသေးလား အဲ့လိုဆူညံနေရင်တောင် ရှင့်မိဘတွေက ရိုက်ရက်ကြလို့လား "
မေးပြီးသော်လည်း လင်းလန်က ဖန်ရှီနုံး ပြန်ဖြေမည်ကိုမစောင့်ချေ ။
" ကျွန်မတို့စန်း၀မ်ကလည်း ရေကူးရတာကို အရမ်းကြိုက်တာလေ ငယ်ငယ်တုန်းကဆို ခဲနေတဲ့မြစ်ထဲရေဆင်းကူးလို့ ဒေါသထွက်ပေမယ့်လည်း မရိုက်ရက်လို့ မရိုက်ဖြစ်ခဲ့ပါဘူးလေ မိဘဆိုတာ ဒီလိုပါပဲ "
လင်းလန်က မျက်ရည်၀ဲလာသဖြင့် ခေါင်းငုံ့ကာ မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
ဖန်ရှီနုံးက မေးသည်။ " အခုရော "
လင်းလန် ထိုင်ခုံတွင်၀င်ထိုင်လိုက်ပြီး သက်ပြင်းချကာ ဖန်ရှီနုံးကို ကြည့်လိုက်သည်။
ဖန်ရှီနုံး သူမလည်ပင်းရှိ ပန်းရောင်လည်စည်းကို ကြည့်လိုက်မိသည်။ ထိုသည်က နူးညံ့သောအရောင်ဖြစ်သော်လည်း ဆောင်းရာသီတွင် ပွင့်နေသောဇီးပန်းများလိုဖြစ်နေပြီး သူငယ်စဥ်က အမေဖြစ်သူကျခဲ့သော မျက်ရည်များလိုပင် ဖြစ်လို့နေသည်။
နူးညံ့ပေမယ့် ၀မ်းနည်းဖို့ကောင်းတဲ့အရောင်ပဲ ။
အဲ့ဒီ့လည်ပင်းသွယ်သွယ်လေးကလည်း နူးညံ့လွန်းသဖြင့် ကျိုးဖို့လွယ်သော်ငြား ကလေးများအပေါ်ထားသည့် မျှော်လင့်ချက်များကိုမူ ကြံကြံခံသယ်ပိုးထားနိုင်လေသည်။
အမေတွေအားလုံးက ဒီအတိုင်းပဲ ။
သူ ငယ်ငယ်တုန်းက သူ့အမေလည်း အဲ့လိုပဲဖြစ်သည်။ သူ ဝေဝေ၀ါး၀ါးသာ မှတ်မိခဲ့သည့် ပုံရိပ်များကို ထင်ထင်ရှားရှား ပြန်မှတ်မိလာသည်။။
သို့ဖြစ်၍ သူ့အကြောင်းများကို ဖန်ရှီနုံး ပြန်ပြောပြနေမိသည်။
သူကြုံတွေ့ခဲ့ရသည်များ ၊ ပျော်ရွှင်ခြင်းများ ၊ ၀မ်းနည်ခြင်းများ ၊ မျှော်လင့်ချက်များအပြင် အဘိုးဖြစ်သူ၏အကြောင်းများ သေသင့်သူများက မသေဘဲရှိနေသေးကြောင်း အစရှိသည်များကို အကုန်ပြန်ပြောပြနေမိသည်။
ထိုအရာများက သူအမြဲဖုံးကွယ်ထားကာ ဘယ်သူ့ကိုမှ ပြောမပြခဲ့ဖူးသောအရာများဖြစ်သည်။ သူက အမြဲတမ်း အပေါ်ယံသာ တွေးတောနေခဲ့သော်လည်း ထိုထဲတွင် လူတစ်ယောက်ကတော့ မပါပေ ။
ထိုတစ်ယောက်က သူ့အား ပြောင်းလဲလာအောင် သန်မာလာအောင် ကူညီပေးခဲ့သည်။
ဒါပေမယ့်လည်း ကလေးမရှိ မိန်းမမရှိသည်ကို သူနောင်တရမနေတာက အမှန်မဟုတ်ချေ ။ သူ့အမေ အသက်ရှိနေစဥ်က သူ့အား လက်ထပ်ပြီး သားနဲ့မယားနဲ့ ကောင်းကောင်းမွန်မွန် နေသွားစေချင်ခဲ့တာဖြစ်သည်။
ဖန်ရှီနုံးက တောက်လျှောက်ပြောနေပြိိး မျက်ရည်ကျကာ ငိုနေလိုက် တိုးတိုးလေးပြောနေလိုက်ဖြင့် ဖြစ်နေသည်။
အဖေဖြစ်သူဆုံးသွားသည်က သူ့အတွက် အကြီးမားဆုံး ထိုးနှက်ချက်ဖြစ်ခဲ့သည်။ ဦးလေးမိသားစု သေသွားသည်ထက်ပင် သူ့အတွက် စိတ်ဒဏ်ရာဖြစ်ခဲ့တာဖြစ်သည်။ သူ့အဖေက နာမကျန်းဖြစ်ကာ အိပ်ရာထဲလဲပြီး တစ်လလောက် ဝေဒနာခံစားရပြီးမှ ဆုံးပါးသွားခဲ့တာဖြစ်သည်။
သူ့အဖေက ဝေဒနာမခံစားနိုင်တော့သဖြင့် " နာတယ် နာလွန်းတယ် ကျေဇူးပြုပြ အဖေ့ကိုကယ်ပါ " ဟုအော်နေခဲ့တာဖြစ်သည် ။
ဒါပေမယ့်လည်း သူက ဘာများလုပ်နိုင်ခဲ့မှာလဲ ။
အဖေဖြစ်သူ သေသွားသည့်အခါတွင် သူ စိတ်သက်သာရာရသွားမိလား နောင်တရခဲ့မိလားဆိုသည်ကိုပင် မသိတော့ပါ ။ ဝေဒနာများမှ ကင်းလွတ်သွားပြီဖြစ်၍ ပျော်နေခဲ့လောက်လား ။
" လူ့ဘ၀က ခက်ခဲလွန်းပါတယ် ငယ်တုန်းကတော့ ကြီးလာရင်ကောင်းမှာပဲလို့ တွေးနေပေမယ့် တကယ်လည်းကြီးလာရော ငယ်ပဲငယ်ချင်နေတော့တယ် "
စာရေးလေးကလည်း မျက်ရည်များကို တစ်ရှုံ့ရှုံ့သုတ်နေသည်။
" ခင်ဗျားရော သနားဖို့ကောင်းတယ်လို့ ထင်လား " ဖန်ရှီနုန်း လင်းလန်ကိုကြည့်၍ မေးလိုက်သည်။ မျက်ရည်များဖြင့် ဖြစ်နေသောကြောင့် သူမကို သူ သေချာမမြင်ရပါ ။
ဖန်ရှီနုံးက ပြောနေစဥ်တွင် သူမက စကားမပြောဘဲ တစ်ချိန်လုံးတိတ်နေခဲ့တာဖြစ်သည်။
သူမေးလိုက်သည့်အခါမှ သူမက ပြန်ဖြေလာသည်။
" အားလုံး ခံစားနေကြရတာပဲလေ ရှင်လည်း နာကျင်ရတယ် ကျွန်မလည်း နာကျင်ရတယ် အားလုံးက အတူတူပါပဲ ဘယ်သူကမှ တစ်ယောက်တည်း ကွက်ဖြစ်နေတာ မဟုတ်ဘူးလေ "
ရှင်တစ်ယောက်တည်းမဟုတ်လို့ ရှင့်ကိုယ်ရှင် ပိုထူးခြားတယ်လို့ ထင်မနေပါနဲ့။ ရှင်ကသာ ရှင့်ကိုယ်ရှင် စွန့်ပစ်ခံရတယ် နာကျင်ရတယ်လို့တွေးပြီး ပတ်၀န်းကျင်ကို မုန်းတီးနေတာ ။
Xxxx