Extra (3)
Viewers 12k

Extra-3


နွေရာသီကျောင်းပိတ်ရက်စတင်ကထဲကကျိရှောင်ကျိုးတယောက်‌နေ့တိုင်းလိုလိုအပြင်ထွက်၍ဘတ်စကတ်ဘောကစားခြင်းဒါမှမဟုတ်တခြားတနေရာသို့သွားခြင်းများပြုလုပ်လေသည်။ သူကအုပ်စု၏ခေါင်းဆောင်တယောက်ဖြစ်နေပြီး တခြားသူများကသူမပါလျှင်အပြင်သွားဖို့ထိုမျှစိတ်လှုပ်ရှားတက်ကြွနေတော့မည်မဟုတ်ပေ။


ထိုလူစုက အိမ်၌သူ့ကိုနေ့တိုင်းလာရှာကာစားပြီးသည်နှင့်ထွက်သွားလေ့ရှိသည်။ဝေ့ကျား၏အိမ်ကလဲ လက်ရှိကျိမိသားစုအိမ်နှင့်သိပ်မဝေးလေရာအိမ်သို့လာပြီးသူ့ကိုစောင့်နေလေ့ရှိသည်။


သူမသည်လဲကျိမိသားစုနှင့်ရင်းနှီးလာပြီးနေ့လည်စာညစာစားရန်အတွက်ပင်နေလေ့ရှိလေသည်။ထိုလူစုရောက်လာသည်နှင့်ကျိမိသားစုအိမ်ကလဲဆူညံအသက်ဝင်နေပေသည်။


သူတို့စားသောက်ပြီးထွက်သွားသည်နှင့်အိမ်၌ထန်ထန်နှင့်နောင်နောင်တို့နှစ်ယောက်သာကျန်ခဲ့ပြီးတိတ်ဆိတ်သွားလေသည်။


 နောင်နောင်ကအပြင်သို့ဘယ်တော့မှမလိုက်သွားပဲထန်ထန်နှင့်အတူအိမ်မှာနေကာအိမ်အလုပ်များကူပေးခြင်း ဒါမှမဟုတ်တခါတရံစာဖတ်ခြင်း၊အဝတ်အထည်များကူညီပြုလုပ်ခြင်းများကိုသာလုပ်လေ့ရှိသည်။


သို့သော်လဲသူမကအချိန်တိုင်းအမြဲတမ်းတိတ်ဆိတ်နေကာ စကားလဲသိပ်မပြောပေ။


ထန်ထန်နောင်နောင်၏ခေါင်းလေးကိုပွတ်သပ်ရင်းမေးလိုက်သည်။


"ဘယ်လိုဖြစ်လို့အခုတလောအကိုရှောင်ကျိုးနဲ့လိုက်မကစားတာလဲ...နှစ်ယောက်သားစိတ်အဆင်မပြေတာရှိနေလို့လား..."


"မဟုတ်ပါဘူး..."


နောင်နောင်မျက်တောင်တချက်ခတ်လိုက်ရင်းဖြေလိုက်သည်။


"သမီးကဘတ်စကတ်ဘောလဲမကစားတတ်ဘူး...ပြီးတော့ဂိမ်းလဲမဆော့တတ်ဘူး သူတို့သိသလိုမျိုးသမီးမသိဘူးလေ..."


နောင်နောင်တစုံတရာကြောင့်မပျော်မရွှင်ဖြစ်နေသည်ကိုထန်ထန်ရိပ်မိလေသည် သို့သော်ကလေးကမပြောချင်လေရာ သူမအတင်းဖိအားပေး၍ပြောခိုင်းမည်မဟုတ်ပေ။သူမတခြားအကြောင်းအရာကိုသာပြောလိုက်သည်။


"ဒါပေမဲ့လဲ နေ့တိုင်းအိမ်မှာနေနေရတာမပျင်းဘူးလား...အခုကနွေရာသီကျောင်းပိတ်ရက်လဲရောက်နေပြီဆိုတော့ အပြင်ကိုထွက်ပြီးတော့အပန်းဖြေသက်သောင့်သက်သာလေးနေသင့်တာပေါ့...နောင်နောင်ကသူတို့နဲ့မကစားချင်ဘူးဆိုရင်လဲအမြဲတမ်းကစားနေဖို့မလိုပါဘူး...ကိုယ့်ဟာနဲ့ကို ကိုယ်ပျော်မယ်ထင်တာလေးတွေသွားပြီးလုပ်လို့ရတယ်လေ..."


ထိုအချိန်၌ကျူးဇီရှောင်၏အမေကဖက်တီးလေးဝိတ်ကျစေရန်အတွက်‌နွေရာသီစခန်းသွင်းလေ့ကျင့်ရေးကိုစာရင်းသွင်းထားခဲ့လေသည်။ထို့ကြောင့်ကျုးဇီရှောင်တယောက်နောင်နောင့်ဆီရောက်လာပြီးစောဒကတက်ပြောဆိုနေလေသည်။ထိုနေရာသို့လုံးဝမသွားချင်ပေသူ့စကားများကိုနားထောင်ပြီးနောက်နောင်‌နောင်ကတည်ငြိမ်စွာဖြင့်ပြောလိုက်သည်။


"နင်တကယ်သွားသင့်တယ်..."


ဖက်တီးလေးကမကျေမနပ်ဖြင့်နောင်နောင့်ကိုကြည့်လိုက်သည်။


"နောင်နောင် နင်ကလဲငါဝနေတယ်လို့ထင်နေတာလား..."


နောင်နောင်ကခေါင်းညိမ့်လိုက်သည်။


"ယောက်ျားလေးတွေကလေအရမ်းဝနေရင်ကြည့်မကောင်းတော့ဘူး..."


ကျုးဇီရှောင်တယောက်ခေါင်းငုံ့ကာနေလိုက်သည် အမှန်တိုင်းပြောရမည်ဆိုလျှင်သူကိုယ်တိုင်လဲဝနေရင်ကြည့်မကောင်းဘူးဆိုတာကိုသိပေသည်။မိန်းကလေးများကအကိုကျိုးကဲ့သို့ပိန်ပိန်ပါးပါးအရပ်ရှည်သည့်သူများကိုသာသ‌ဘောကျနှစ်သက်ကြပေသည်။


"တကယ်တမ်းတော့ငါလဲ ဝိတ်ကျချင်ပါတယ်...ဒါပေမဲ့လဲငါကအဲ့လောက်ဇွဲမထက်သန်ဘူးဖြစ်နေတယ်..."


နောင်နောင်ကသူ့ပုခုံးကိုပုတ်လိုက်ပြီးရုတ်တရက်ပြောလိုက်သည်။


"ငါလဲနင်နဲ့တူတူသွားမယ်..."


"ဟမ်..."


ကျုးဇီရှောင်ချက်ချင်း‌မော့ကြည့်လိုက်သည်။


"နင်ဘာပြောလိုက်တာ နင်လဲငါနဲ့တူတူဝိတ်လိုက်ချမလို့လား..."


နောင်နောင်ခေါင်းညိမ့်ပြလိုက်၏။


"ငါလဲသွားမယ်...ငါတို့တူတူသွားကြတာပေါ့ ဒါပေမဲ့ ငါကဝိတ်ချဖို့တော့မဟုတ်ဘူး ငါ့ခန္ဓာကိုယ်ပိုပြီးတော့ကြံ့ခိုင်လာအောင်နဲ့ နင့်ကိုကြီးကြပ်ဖို့..."


"တကယ်လား...နင်ငါ့ကိုမလိမ်ပါဘူးနော်..."


"မလိမ်ပါဘူး...ဘယ်လိုပဲဖြစ်ဖြစ်လေအိမ်မှာနေတော့လဲငါတခြားလုပ်စရာမှမရှိတာ..."


ကျုးဇီရှောင်ပြုံးလိုက်ပြီးခေါင်းညိမ့်ပြလိုက်သည် ။


"အိုကေ နောင်နောင် နင်ကငါ့ကိုလိုက်ပြီးကြီးကြပ်ပေးမယ်ဆိုရင်တော့ ငါသေချာပေါက်အောင်အောင်မြင်မြင်ဝိတ်ချနိုင်မှာ..."


နောင်နောင်လဲ နွေရာသီလေ့ကျင့်ရေးကိုဝင်ရောက်ချင်သည်ကိုသိလိုက်ပြီးနောက် ထန်ထန်ကအပြည့်အဝထောက်ပံ့ပေးလိုက်သည်။


တနေကုန်အိမ်မှာနေနေမည့်အစား သူမနွေရာသီစခန်းသို့သွားပြီးလေ့ကျင့်ခန်းလုပ်တာကပိုကောင်း‌ပေသည်။နောင်နောင်၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကလဲအသန်မာကြီးမဟုတ်လေရာ၎င်းကသူမအတွက်ပို၍အဆင်ပြေပေသည် ထို့ကြောင့်ထန်ထန်ချက်ချင်းပင်စာရင်းသွင်းပေးလိုက်၏။နောက်တနေ့တွင်နောင်နောင်နှင့်ကျုးဇီရှောင်တို့အတူတူထွက်သွားကြလေသည်။


မနေ့ညကကျိရှောင်ကျိုးတယောက်ဝေ့ကျားနှင့်တခြားသူများနှင့်အတူဘတ်စကက်ဘောကစားခဲ့ကြသည်။ထို့နောက်သူတို့အသားကင်သွားစားကြပြီးဝေ့ကျားကိုအိမ်ပြန်ပို့ပေးခဲ့သည်။ ပြန်ရောက်လာသည့်အချိန်၌အရမ်းကိုနောက်ကျနေပြီဖြစ်ပြီးတခါထဲအိပ်ယာဝင်သွားခဲ့သည်။ နောက်တနေ့၌လဲနေ့လည်စာစားချိန်မှသာနိုးလာခဲ့လေသည်။


အိမ်ထဲကိုကြည့်လိုက်ရာနောင်နောင့်ကိုမတွေ့ရသောကြောင့်သူ့အမေကိုမေးလိုက်သည်။


"မာမီ‌နောင်နောင်ရော ဘယ်သွားလို့လဲ..."


ထန်ထန်သူ့ကိုမကျေလည်စွာဖြင့်ကြည့်လိုက်သည်။


"နောက်ဆုံးတော့နောင်နောင့်ကိုသတိရပြီပေ့ါလေ...နင်နေ့တိုင်းနေ့တိုင်းအရူးအမူးအသဲအမဲကစားနေတာနောင်နောင့်ကိုလုံးဝကိုသတိမထားဘူးလေ...အဲ့ဒာကမာမီ့ကိုတော်တော်စိတ်ဆိုးစေတယ်..."


"အာ...မာမီ နောင်နောင်ကသားတို့တူတူမကစားချင်တာလေ သူကမှမကစားချင်ဘူးဆိုမှတော့သားကဘာလုပ်ပေးလို့ရတော့မှာလဲ..."


ကျိရှောင်ကျိုးတယောက်ထန်ထန်၏နောက်သို့သွားကာပုခုံးများကိုနှိပ်ပေးလိုက်ပြီးနောက်ဆက်မေးလိုက်သည်။


"မာမီနောင်နောင်ဘယ်သွားလဲဆိုတာမပြောသေးဘူးနော်..."


"နောင်နောင်က ကျုးဇီရှောင်နဲ့တူတူနွေရာသီလေ့ကျင့်ရေးစခန်းကိုသွားတယ်..."


"နွေရာသီစခန်း..."


 ကျိရှောင်ကျိုးတယောက်ချက်ချင်းပင်တောင့်တင်းသွားပြီး သူမတည်ငြိမ်စွာဖြင့်မေးလိုက်သည်။


"ဘာလို့သူကသားကိုမပြောတာလဲ..."


" သူကဘယ်လိုလုပ်ပြောမလဲ နင်နေ့တိုင်းအပြင်ကိုသွားပြီးတော့တနေကုန်တနေကန်းဆော့တယ် ပြီးရင်မိုးချုပ်မှပြန်လာပြီးတော့အိပ်တယ်...ပြီးတော့ကောဘာလို့သူကနင့်ကိုပြောရမှာလဲ...နင်တောင်မှတခြားသူတွေနဲ့သွားပြီးတော့ဆော့နိုင်သေးတာလေ နောင်နောင်လဲအဲ့လိုလုပ်လို့ရတယ်..."


ကျိရှောင်ကျိုးတယောက်စိတ်ရှုပ်ထွေးစွာဖြင့်ခေါင်းကုတ်လိုက်ပြီးနောင်နောင့်ဆီသို့ဖုန်းခေါ်လိုက်သည် သို့သော်လဲသူမကဖုန်းဆက်ပိတ်ထားလေသည်။


"နောင်နောင်ကဖုန်းမယူသွားဘူး..."


"ဘာဖြစ်တယ်..."


ကျိရှောင်ကျိုးတယောက်ခဏမျှတိတ်ဆိတ်သွားပြီးနောက်မေးလိုက်သည်။


"သူဘယ်နေရာကိုသွားတာလဲ..."


ထန်ထန်ရီစရာကောင်းသည်ဟုခံစားလိုက်မိသည် ဒီကောင်စုတ်လေးကအခုတလောနောင်နောင့်ကိုလျစ်လျူရှုထားပြီးမှအခုစိုးရိမ်ပူပန်နေပြန်ပီ...


"နေရာကအတိမကျမရှိဘူးသူတို့ကနေရာအများကြီးလျှောက်ပတ်သွားမှာ..."


ကျိရှောင်ကျိုးစိတ်ထဲ၌မွန်းကြပ်လာပြီး အသက်ရှုရပင်ခက်ခဲလာသည်။ သို့သော်လဲဘာကြောင့်ဒီလိုဖြစ်နေမှန်းသူမသိပေ ထို့ကြောင့်သူ့၏ထိုခံစားချက်များပျောက်ပျယ်သွားအောင်သူငယ်ချင်းများနှင့်ဘတ်စကတ်ဘောသွားကစားလိုက်သည်။အားလုံးသနားစရာကောင်းလောက်အောင်ဖိနှိပ်ခံလိုက်ရသည်။


"နင်တော့ရူးသွားပြီ ကျိရှောင်ကျိုး နင်ဒီနေ့ဆေးမသောက်ခဲ့ဘူးလား..."


ဝေ့ကျားတယောက်သူမနဖူးမှချွေးများကိုသုတ်၍ပြောလိုက်သည်။ သူမ၏အက်ျီကလဲချွေးများနှင့်နစ်ပြီးခန္ဓာကိုယ်မှာကပ်နေလေသည် သူမ၏ပုံစံကဆန့်ကျင်ဘက်လိင်များကိုဆွဲ‌ဆောင်မှုအပြည့်ရှိနေလေသည်။


သို့သော် ကျိရှောင်ကျိုးကသူမကိုကြည့်ရလောက်အောင်စိတ်အခြေနေကောင်းမနေပေ သူ့နဖူးမှချွေးများကိုသုတ်ပစ်လိုက်သည်။


သို့သော်လဲသူ့စိတ်ထဲ၌မသက်မသာဖြစ်နေသောခံစားချက်ကပျောက်မသွားသောကြောင့် အေးမြသွားအောင်ခေါင်းကနေ‌ရေလောင်းချလိုက်သည်။ဝေ့ကျားကပဝါကိုယူလိုက်ပြီးသူ့ကိုခြောက်သွေ့အောင်သုတ်ပေးဖို့ပြင်လိုက်သည် သို့သော်လဲသူကတွန်းဖယ်ကာထွက်သွားလေသည်။


အားလုံးကြောင်အစွာဖြင့်တယောက်ကိုတယောက်ကြည့်လိုက်ကြသည်။


"လောင်တတယောက်ဒီနေ့ဘာဖြစ်နေတာလဲ...သူတခုခုပေါက်ကွဲနေတာလား..."


"မသိဘူးလေ ကြည့်ရတာတော့စိတ်အခြေအနေမကောင်းပုံပဲ..."


"လောင်တတယောက်ဒီနေ့ကြောက်စရာကောင်းနေတယ်...တခုခုတော့ဖြစ်ထားတယ်..."


ဝေ့ကျားသူ့၏နောက်ကျောကိုကြည့်၍နှုတ်ခမ်းကိုဖိကိုက်လိုက်သည် ထို့နောက်အလျင်အမြန်ပြေးလိုက်သွားကာနောက်မှနေ၍သူ့၏လက်မောင်းကိုဆွဲလိုက်သည်။


"ကျိရှောင်ကျိုးနင်ဒီနေ့ဘာဖြစ်နေတာလဲ...ဘာလို့မပျော်မရွှင်ဖြစ်နေတာလဲ..."


ကျိရှောင်ကျိုးခေါင်းခါယမ်းရင်းပြန်ပြောလိုက်သည်။


"ဘာမှမဖြစ်ဘူး ငါဒီနေ့မကစားချင်လို့ အိမ်ပြန်တော့မယ်...ငါ့နောက်ကလိုက်မလာနဲ့..."


သူ့ဆီမှနှစ်ခါတွန်းထုတ်ခံရသောကြောင့်ဝေ့ကျားတယောက်အရှက်ခွဲခံရသလိုခံစားလိုက်မိပြီး စိတ်မပျော်ရွှင်စွာဖြင့်အိမ်သို့ပြန်သွားလေသည်။


...


သူတို့ငယ်ငယ်ထဲက ကျိရှောင်ကျိုးနှင့်နောင်နောင်တို့တခါမှခွဲမနေဘူးပေ။


ထို့ကြောင့်သူ့စိတ်ထဲနေလို့မကောင်းပဲကြမ်းတမ်းနေကာအားလုံးပေါက်ကွဲထုတ်ပစ်ချင်နေသည် သို့သော်လဲ ဘာပဲလုပ်လုပ်သူ့၏ခံစားချက်များကပြန်တက်လာပေ။


နောင်နောင့်ကိုမမြင်ရတာနဲ့အသားမကျလို့ပဲဖြစ်မယ်...ကိစ္စမရှိပါဘူးနောင်နောင်ပြန်လာရင်အဆင်ပြေသွားလိမ့်မယ်...


ကျိရှောင်ကျိုးတယောက်နေ့တိုင်း‌နောင်နောင်ပြန်လာမည့်အချိန်ကိုစောင့်နေခဲ့လေသည်။သို့သော်လဲသူနွေရာသီတရာသီလုံးစောင့်လိုက်ရ၏။နောင်နောင်ကကျောင်းမဖွင့်ခင်သုံးရက်အလိုမှပြန်လာခဲ့လေသည်။


ကျိရှောင်ကျိုးတယောက်နောင်နောင်ပြန်လာသည်ဟုကြားလိုက်သည်နှင့်သူ့သူငယ်ချင်းများကိုပစ်ထားခဲ့ကာအိမ်သို့အမြန်ပြေးလေတော့သည်။


အိမ်သို့ရောက်ချိန်၌သူ့တကိုယ်လုံးချွေးများနစ်နေပြီးအသက်ရှူသံများပင်မမှန်ဖြစ်နေသည်။သူချွေးပင်မသုတ်နိုင်ပဲနောင်နောင့်ဆီပြေးသွားပြီးပွေ့ဖက်လိုက်သည်။ ထို့နောက်မကျေမနပ်ဖြင့်ကျယ်လောင်စွာပြောလိုက်သည်။


"လူဆိုးမလေး...နောက်ဆုံးတော့ပြန်လာပြီပေါ့ နင့်ကိုဖုန်းမယူပဲထွက်သွားဖို့ဘယ်သူကခွင့်ပြုလို့လဲ...နင်နောက်တခါအဲ့လိုမျိုးထပ်လုပ်ရဲရင်နင့်ခြေထောက်တွေကိုချိုးပစ်မယ်..."


"အေး မင်းကနောင်နောင့်ခြေထောက်တွေကိုချိုးရဲရင်ငါကမင်းခြေထောက်ကိုအရင်ဆုံးချိုးပစ်မယ်..."


နားရက်ရသောကြောင့်အိမ်၌ရှိနေသောကျိယန်တယောက်ကျိရှောင်ကျိုးကိုကြိမ်းမောင်းလိုက်သောကြောင့် သူ့၏မျက်နှာမဲမှောင်သွားလေသည်။


နောင်နောင်က အခွင့်အရေးယူ၍သူ့၏ပွေ့ဖက်မှုထဲမှရှောင်ထွက်လိုက်ကာပြုံးပြလိုက်သည်။


ကျိရှောင်ကျိုးဂရုတစိုက်ဖြင့်သူမကိုစေ့စေ့ကြည့်လိုက်သည် နွေရာသီတချိန်လုံးသူမကိုမမြင်ခဲ့ရသောကြောင့် 

သူမ၏ဆံပင်များရှည်လာသည်ကိုသတိထားလိုက်မိသည်။သူမကအရပ်လဲရှည်လာပေသည် ထို့အပြင်သူမ၏မျက်နှာပေါ်၌က‌လေးအဆီလေးများလဲပျောက်ကွယ်သွားလေပြီ သူမတကယ်ကိုအရွယ်ရောက်ကြီးပြင်းလာလေ၏။


ကျိရှောင်ကျိုးတယောက်မှင်သက်နေမိသည်။


နောင်နောင်ကသူမအိတ်ထဲမှဗူးလေးတခုကိုထုတ်ယူလိုက်ပြီးကျိရှောင်ကျိုးကိုပေးလိုက်သည်။


"ဒီမှာ နင့်အတွက်လက်ဆောင်..."


ကျိရှောင်ကျိုးပြန်၍သတိဝင်လာပြီးလက်ဆောင်ဗူးလေးကိုဖွင့်ကြည့်လိုက်သည် ၎င်းကကျိရှောင်ကျိုး၏ပုံတူကာတွန်းကီးချိန်းလေးဖြစ်သည်။


"နောင်နောင်ဒါနင်ကိုယ်တိုင်လုပ်ထားတာလား..."


နောင်နောင်ကခေါင်းညိမ့်ပြလိုက်၏ ကျိရှောင်ကျိုးတယောက်ပြုံးသွားပြီးချက်ချင်းပင်သူ့၏သော့၌ချိတ်တွယ်လိုက်သည် ထို့နောက်သူနောင်နောင့်၏ခေါင်း‌လေးကိုပွတ်ပေးမည်ပြင်လိုက်သောအခါ သူမကရှောင်ထွက်သွားလေသည်။


သူနေရာမှပင်အေးခဲတောင့်တင်းနေမိသည် သူသတိပြန်ဝင်လာသောအခါ၌နောင်နောင်ကတခြားအရာများလုပ်ရင်းအလုပ်ရှုပ်နေပေပြီ။


ကျိရှောင်ကျိုးတစုံတရာမှားယွင်းနေသလိုမျိုးခံစားလိုက်ရသော်လဲ ဘယ်နေရာကမှားယွင်းနေမှန်းလဲသူမပြောတတ်ပေ ထို့ကြောင့်သူအတွေးလွန်နေခြင်းဖြစ်မည်ဟုသာကောက်ချက်ချလိုက်သည်။


နောက်ရက်၌အလယ်တန်းကျောင်းဖွင့်ရက်စတင်ပေပြီ ကျိရှောင်ကျိုးနှင့်နောင်နောင်တို့နှစ်ယောက်စလုံးကဝင်ခွင့်စာမေးပွဲတွင်အမှတ်အပြည့်ရခဲ့သောကြောင့်သဘာဝကျစွာပင်အတန်းတစ်၌တက်ရောက်ရလေသည်။


ကျုးဇီရှောင်ကလဲအမှတ်တော်တော်လေးကောင်းသောကြောင့် သူတို့နှင့်အခန်းတူပေသည်။ တိုက်ဆိုင်စွာပင်ဝေ့ကျားကလဲသူတို့နှင့်အတန်းတူနေ၏။


အရင်ကအတန်းဖော်သူငယ်ချင်းများထဲ၌သူတို့လေးယောက်သာအခန်းတူပေသည် တခြားသူများကကျောင်းတူကြသော်လဲရလဒ်များအရအခန်းကွဲသွားလေသည်။


ဝေ့ကျားကအပြုံးလေးဖြင့်ပြောလိုက်သည်


"ငါတို့လေးယောက်ကအခန်းတူနေတယ်ဆိုမှတော့ အတူတူပဲထိုင်လိုက်ကြရအောင်...ငါနဲ့နောင်နောင်နဲ့ထိုင်လိုက်မယ်နင်တို့ယောက်ျားလေးနှစ်ယောက်ကတူတူထိုင်လိုက်..."


ကျိရှောင်ကျိုးကအရင်ဆုံးငြင်းပယ်လာလေသည်။


"ငါက...အဲ့ဖက်တီးနဲ့မထိုင်ချင်ဘူး..."


ကျူးဇီရှောင်တယောက်ခုန်ထလိုက်ပြီးငြင်းဆိုလိုက်သည်။


"ငါမဝတော့ဘူး ငါ့ကိုဖက်တီးလို့မခေါ်နဲ့တော့..."


နွေရာသီတလျှောက်လုံးနောင်နောင်၏တင်းကြပ်သောစောင့်ကြည့်မှုအောက်တွင်ဝိတ်ချခဲ့ရသောကြောင့် ကျုးဇီရှောင်တယောက်၁၅ကီလိုခန့်ဝိတ်ကျသွားခဲ့သည် ထို့ကြောင့်သူကယခုဖက်တီးကောင်လေးတယောက်မဟုတ်တော့ပေ။သူ၏ခန္ဓာကိုယ်ကယခုသာမာန်ယောက်ျားလေးများ၏ခန္ဓာကိုယ်ဖြစ်နေလေပြီ 

မျှော်လင့်မထားစွာပင်ကျုးဇီရှောင်၏အသွင်အပြင်ကလဲမဆိုးပေ။


ကျိရှောင်ကျိုးသူ့ကိုဂရုမစိုက်ပဲထပ်ပြောလိုက်သည် ။


"မင်းဘာမင်းဝဝမဝဝ ငါမင်းနဲ့မထိုင်ချင်ဘူး...ငါကအမြဲတမ်းနောင်နောင်နဲ့ပဲထိုင်နေကြ..."


ဝေကျား၏မျက်နှာအမူအယာပျက်ယွင်းသွားပြီးသူမနှုတ်ခမ်းအသာဖိကိုက်လိုက်သည် ထို့နောက်သူမလိုလားစွာဖြင့်ပြောလိုက်သည်။


"ဒီလိုဆိုရင်လဲငါကအတန်းဖော်ကျုးဇီရှောင်နဲ့ထိုင်လိုက်မယ်လေ...ဒါပေမဲ့ငါတို့ကမရင်းနှီးဘူး..."


ဝေ့ကျား၏စကားကြောင့် ကျုးဇီရှောင်တယောက်မျက်လုံးလှန်လိုက်လေသည်။


"ငါက‌ကောနင်နဲ့ထိုင်ချင်တယ်လို့ထင်နေလို့လား...ငါကလဲနင်နဲ့မရင်းနှီးပါဘူး..."


ဝေ့ကျားတယောက်ကျိရှောင်ကျိုးကိုလှမ်းကြည့်လိုက်သည် သို့သော်လဲကျိရှောင်ကျိုးကသူမဘာသာသူမဖြေရှင်းဖို့လွှတ်ထားလေသည်။


 မထင်မှတ်ထားစွာပင်သူ့ဘေးမှာထိုင်နေသောနောင်နောင်ကသူ့၏ကျောင်းလွယ်အိတ်ကိုယူ၍ထရပ်လိုက်ပြီးကျုးဇီရှောင်ဘေးနားသို့သွားလိုက်သည်။


"ဒီလိုဆိုမှတော့ ငါဇီရှောင်နဲ့ထိုင်လိုက်မယ်လေ..."


ဝေ့ကျား၏မျက်နှာကပြုံးသွားပြီး ကျိရှောင်ကျိုး၏မျက်နှာကမဲမှောင်သွားလေသည်။


 သူခန္ဓာကိုယ်ကိုကွေးလိုက်ပြီးနောင်နောင့်ကိုပြန်ဆွဲခေါ်ရန်ပြင်လိုက်သော်လဲ ဝေ့ကျားကရုတ်တရက်သူ့ဘေးသို့ဝင်ထိုင်လာပြီးသူ့၏လှုပ်ရှားမှုများကိုဖြတ်တောက်လိုက်လေသည်။


"ကောင်းပြီကောင်းပြီ အားလုံးအဆင်ပြေသွားပြီ ရှေ့တန်းလေးနဲ့နောက်တန်းလေးပဲကွာတာပဲဟာကို...နောင်နောင်ကသူ့ရဲ့အတန်းဖော်ကျုးဇီရှောင်နဲ့ထိုင်ချင်နေပါတယ်ဆိုမှတော့ နင်ကအကိုကြီးတယောက်အနေနဲ့ဖိအားမပေးရဘူးလေ...ဟုတ်တယ်မလားနောင်နောင်..."


နောင်နောင်ကသူမကိုလျစ်လျူရှူထားသလို ကျိရှောင်ကျိုးကိုပါလျစ်လျူရှုထားလိုက်သည်။နောင်နောင့်၏သဘောထားကကျိရှောင်ကျိုးကိုစိတ်မသက်မသာဖြစ်သွားစေသော်လဲ သူပြန်လာထိုင်ဖို့စကားတခွန်းမှမဆိုလိုက်ပေ။ တနေ့လုံးသူ့၏အမူအယာကပျော်ရွှင်မှုမရှိတော့သလိုစကားလဲမပြောတော့ပေ။


အတန်းပြီးဆုံးချိန်၌အရင်ကျောင်းတုန်းကခင်ခဲ့သောသူငယ်ချင်းတချို့ကကျိရှောင်ကျိုးနှင့်ဝေ့ကျားကိုကစားရန်လာရောက်ခေါ်ဆောင်ကြလေသည်။ဝေ့ကျားကချက်ချင်းသဘောတူလိုက်သော်လဲ ကျိရှောင်ကျိုးကလုံးဝစကားမပြောပေ။ထိုအစားသူနောင်နောင့်ကိုကြည့်ကာပြောလိုက်သည်


"‌နောင်နောင်ငါနဲ့ဘတ်စကတ်ဘောသွားကစားကြမယ်..."


အရင်တုန်းကလိုမျိုးနောင်နောင်ကသူ့ဘေးနားမှာစောင့်နေကာသူ့အတွက်ပဝါရေဘူးကမ်းပေးသည်မျိုးကိုလိုချင်ပေသည်။သို့သော်လဲနောင်နောင်ကဝေ့ကျားကိုတချက်ကြည့်လိုက်ပြီးခေါင်းခါငြင်းလာမည်ဟုသူမထင်ထားမိပေ။


"မလိုက်တော့ဘူး...ငါအိမ်ပြန်ပြီးတော့အိမ်စာပဲလုပ်တော့မယ် နင့်ဘာသာနင်ပဲသွားဆော့လိုက်တော့..."


သူမကပြောပြီးသည်နှင့်လွယ်အိတ်ကိုကောက်ယူကာထွက်သွားလေသည် ထိုမြင်ကွင်းကိုမြင်လိုက်ရသောကျုးဇီရှောင်ကလဲသူ့၏ကျောင်းလွယ်အိတ်ကိုချက်ချင်းပင်ကောက်ယူကာအနောက်မှလျှင်မြန်စွာလိုက်သွားလိုက်၏။တခြားသူများကဘာမှဝင်မပြောကြသော်လဲလက်ရှိကျုးဇီရှောင်၏အသွင်အပြင်ကြောင့်အံ့အားသင့်နေကြလေသည်။


ထို့နောက်တယောက်ကစကားစပြောလာလေသည်။


"ကျုးဇီရှောင်ကနွေရာသီတလျှောက်မမြင်လိုက်တာနဲ့ပဲ...သူဘယ်လိုလုပ်ပြီးအဲ့လောက်ထိဝိတ်ကျသွားရတာလဲ...အခုဆိုသူကပိုပြီးချောမောလာပြီနော်ဒီပုံစံနဲ့တော့မိန်းကလေးတွေကိုဆွဲဆောင်နိုင်နေတော့မှာပဲ..."


ကျိရှောင်ကျိုးသူ့ခုံထဲမှလွယ်အိတ်ကိုဆွဲထုတ်လိုက်ပြီးပြောလိုက်သည်။


"ငါဒီနေ့မကစားတော့ဘူး မင်းတို့ဘာသာပဲသွားဆော့လိုက်ကြတော့..."


ထို့နောက်အနောက်ကိုပြန်မကြည့်တော့ဘဲချက်ချင်းပင်ထွက်သွားလေသည် ကျန်ခဲ့သည့်သူများအားလုံးတယောက်ကိုတယောက်ကြောင်အစွာကြည့်လိုက်မိကြသည်။


ကျိရှောင်ကျိုးတယောက်ကျောင်းပေါက်ဝသို့ရောက်သည့်အချိန်၌သူနောက်ကျသွားပေပြီ သူနောင်နောင်နှင့်ကျုးဇီရှောင်တို့စက်ဘီးစီးသွားသည်ကိုသာကြည့်နေလိုက်ရသည်။


ချီးပဲ...


ကျိရှောင်ကျိုးတယောက်မကျိန်ဆဲပဲမနေနိုင်တော့ပေ...သူစိတ်ပျက်လက်ပျက်ဖြင့်ဆံပင်များကိုဆွဲဖွလိုက်မိသည် သူ့ရင်ထဲမှာမနာလိုသည့်ခံစားချက်ကပို၍ပြင်းထန်လာလေသည်။


နောင်နောင်ကဘာလို့သူနဲ့လိုက်မကစားချင်ပဲကျုးဇီရှောင်နဲ့တူတူသွားရတာလဲ...အခုကျုးဇီရှောင်ကမဝတော့ဘူးဆိုတော့သူကသူ့ကိုသဘောကျသွားပြီလား...


သို့သော်လဲကျိရှောင်ကျိုးတယောက်ထိုစိတ်ကူးကိုချက်ချင်းပင်ငြင်းပယ်လိုက်သည်။


ဒါမဖြစ်နိုင်ဘူး...ကျုးဇီရှောင်ကအခုချောမောလာပြီဆိုပေမဲ့လဲ သူ့ထက်ပိုချောမှာမဟုတ်ဘူးလေ...နောင်နောင်အရင်ကပြောဖူးတယ် သူကသာအချောဆုံးပဲတဲ့...