Extra (6) End
Viewers 12k

Extra 6 (End)


သူတို့၏ သမီးရည်းစား ဆက်ဆံရေးကို အတည်ပြုပြီးနောက် ကျိရှောင်ကျိုးက သူ့အဆုံးသတ်ကောင်းမည်မဟုတ်သည်ကို မသိသလို နောင်နောင်ငြင်းနေသည်ကိုပါ မသိကျေးကျွန်ပြု၍ နောင်နောင်လက်ကို တင်းတင်းကိုင်၍ အိမ်ပြန်လိုက်သည်။ သူလျှို့ဝှက်ချက်အနေဖြင့် ဖုံးကွယ်ထားရန် အစီအစဉ်မရှိပေ။ 

သဘောကျရင် သဘောကျတယ်ပေါ့... ဘာလို့ဖုံးကွယ်ထားရမှာလဲ... သူအသတ်မခံရဘူးဆိုရင် ပြန်ထပြီး သန်မာလာမှာပေါ့...


နောင်နောင် သူ့ကိုဘာမှ မလုပ်နိုင်ပေ။ သူမရှေ့မှာ ဦးဆောင်သွားရန် ခွင့်ပြုပေးထားလိုက်သည်။


"နောင်နောင် ငါအခု နင့်ကိုပြောမယ်.... ငါတို့အိမ်ပြန်ရောက်လို့ အမေက ငါနင့်ကို တွန်းအားပေးတာလားလို့ မေးရင် ခေါင်းငြိမ့်ပြလို့လည်းမရဘူး ဟုတ်တယ်လို့လည်း ပြောလို့မရဘူးနော်... မဟုတ်ရင် ငါနင့်ကိုရိုက်မှာ..."


သူထပ်ပြီး အရှက်မဲ့နေပြန်ပြီ...

နောင်နောင် ခေါင်းသာ ငြိမ့်ပြလိုက်သည်။


"ငါ့မိဘတွေက နင်ငါ့နဲ့ ဒိတ်ဖို့ဆန္ဒရှိလားမေးရင် ဆန္ဒရှိတယ်လို့ပဲပြောလို့ရမှာနော်... ဆန္ဒမရှိဘူးလို့ မပြောရဘူး ဟုတ်ပြီလား..."


နောင်နောင် ခေါင်းငြိမ့်ပြလိုက်သည်။


"ပြီးတော့ ငါ့မိဘတွေက နင့်ကို နင်ကြိုက်နေတဲ့လူရှိလားလို့မေးရင် ငါ့ကိုပဲကြိုက်တယ်လို့ပြောရမယ် တခြားလူကိုပြောလို့မရဘူးနော် အိုကေလား..."


နောင်နောင် နောက်တစ်ခေါက် ခေါင်းငြိမ့်လိုက်သည်။


ကျိရှောင်ကျိုး ပြောလို့ဆိုလို့ပြီးသွားသောအခါ သူ့ခေါင်းသူ သက်တောင့်သက်သာ မရှိစွာခါရမ်းလိုကသည်။ သူ့အပြုအမူများက အရှက်မရှိသလိုဖြစ်နေသည်ကို သိ၍ မလွယ်ကူစွာပြောလိုက်သည်။


"ငါဒီလိုထပ်ပြီး မလုပ်တော့ဘူးနော်... ငါနင့်ကို အခုကစပြီး ပိုပြီးတော့ ကောင်းကောင်းဆက်ဆံပေးတော့မှာ..."


နောင်နောင်က တုံ့ပြန်သည့်အနေဖြင့် "အင်း"ဟုသာ ပြောလိုက်သည်။ ထို့နောက် ခေါင်းလေးငုံ့၍ ခိုးပြုံးလိုက်သည်။ မည်သူမှ သူမယခုအချိန်တွင် ပျော်ရွှင်နေမှုကို နားလည်မည်မဟုတ်ပေ။


အရူးအစ်ကိုကြီးကျိုးရေ... နင် ငါ့ကိုတွန်းအားပေးခဲ့တာ မဟုတ်ပါဘူးဟာ... ငါ့စိတ်ထဲ ဘယ်သူမှမရှိပါဘူး... ငါဆိုတဲ့ ဝမ်နောင်က ဒီဘဝမှာ နင့်တစ်ယောက်တည်းကိုပဲ ကြိုက်မှာပါ... ဒါပေမဲ့ နင့်ကို မပြောပြတော့ပါဘူး... ဘယ်သူကများ နင့်ကို ဝေ့ကျားကို ကောင်းကောင်းဆက်ဆံခိုင်းလို့လဲ... ပြီးတော့ သူ့ကို နင့်လက်ကိုတောင် ထိခိုင်းလိုက်သေးတယ်လေ... သူ့အိမ်ကို အတူလမ်းလျှောက်သွားပြီး သူနဲ့အတူတူ ရေဘူးတစ်ခုတည်းတောင်သောက်လိုက်သေးတယ်... နင်က ငါ့ကို မနာလိုဖြစ်အောင်လုပ်မှာတော့ နင့်ကို အပြစ်ပေးရတာပေါ့...


နောင်နောင် ခေါင်းသာတွင်တွင်ငုံ့ပြီး ဘာမှမပြောသဖြင့် ကျိရှောင်ကျိုး ပိုမိုအပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမ၏ ခြောက်သွေ့နေသော လက်များကို ဆုပ်ကိုင်ကာ မေးလိုက်သည်။


"နောင်နောင် နင်ရော ငါ့ကို ပြောစရာရှိသေးလားဟင်...."


နောင်နောင် သူ့ကို မော့ကြည့်လိုက်သည်။ အချိန်ခဏကြာသောအခါ ခေါင်းလေးငုံ့၍ ပြန်ပြောလိုက်သည်။


"ရှိတယ်... နင်အခြားကောင်မလေးတွေလက်ကို မကိုင်ရဘူး... သူတို့နဲ့အတူ ဘက်စကတ်ဘောမဆော့ရဘူး.. အရက်လည်းအတူသောက်လို့မရသလို သူတို့ပခုံးကိုလည်း ဖက်လို့မရဘူး... နင်သူတို့နဲ့ကြားမှာ အကွာအဝေးတစ်ခုထားရမယ်... မဟုတ်ရင် ငါနင်နဲ့အတူရှိတာ ပျော်မှာမဟုတ်ဘူး..."


သူမ နောက်ဆုံးစာကြောင်းကို ခပ်တိုးတိုးပြောလိုက်သည်။


ကျိရှောင်ကျိုး မျက်လုံးပြူးသွားရသည်။


"ငါဘယ်တုန်းကများ အခြားကောင်မလေးတွေနဲ့ အဲ့လိုနေလို့လဲ... ငါ့ကို မစွပ်စွဲပါနဲ့..."


နောင်နောင် နှုတ်လမ်းလေးထော်ကာ ခပ်တိုးတိုးပြောလိုက်သည်။


"နင်လုပ်ဖူးတယ်... နင်ဝေ့ကျားနဲ့ ဘက်စကတ်ဘောကစားတုန်းက နင်တို့အချင်းချင်းပခုံးဖက်ကြတယ်လေ.. နင်သူနဲ့အတူတူ ရေဘူးတစ်ခုတည်းကိုသောက်ပြီး ကာရာအိုကီဆိုဖို့တောင်မှ သဘောတူသေးတာကို...."


ရုတ်တရက် ကျိရှောင်ကျိုး အကုန်လုံးကိုသဘောပေါက်သွားခဲ့သည်။ ထို့နောက် နောင်နောင်ကို ဆွဲဖက်လိုက်ပြီး သူမမျက်နှာကို သူ့လက်ထဲ ထည့်လိုက်သည်။


"နင်ဒီတစ်ချိန်လုံး စိတ်ဆိုးနေခဲ့တာ အဲ့တာတွေကြောင့်လား... အဲ့တာကြောင့် ငါနဲ့မကစားတာ ငါ့နောက်မလိုက်တာ ငါ့ကိုမစောင့်တာ ဟုတ်တယ်မလား..."


နောင်နောင် ပါးစပ်တင်းတင်းစေ့ထားကာ ဘာမှမပြောလိုက်ပေ။ တိတ်တိတ်နေခြင်းက ဝန်ခံခြင်းမည်ပေသည်။


ကျိရှောင်ကျိုး ကျစ်ကနဲ စုပ်တစ်ချက်သပ်လိုက်သည်။ သူဒေါသထွက်သလို ရယ်လည်းရယ်ချင်နေသည်။


"ငါအစကတည်းက ဝေ့ကျားကို မိန်းကလေးတစ်ယောက်လို့ မမြင်ခဲ့ဘူး... ငါ့စိတ်ထဲမှာ သူက ဟောက်ဇီတို့နဲ့ ကျန်တဲ့လူတွေလိုပဲ... အဲ့တာကြောင့်ပဲ သူနဲ့ ရေတစ်ဘူးတည်းတူတူသောက်ပြီး ကာရာအိုကီပါဆိုခဲ့တာ... ငါသူ့ကို ပိစိသေးသေး နည်းနည်းလေးတောင် စိတ်မဝင်စားဘူး... နင်မပျော်ဘူးဆိုရင် ဘာလို့ ငါ့ကိုမပြောခဲ့တာလဲ... ငါ့ကို ဘာမှမဟုတ်တာအတွက် မှားယွင်းပြီး စွပ်စွဲနေတာပဲ..."


နောင်နောင် မျက်လွှာချလိုက်သည်။ သူမ၏ ထူထဲလှသော မျက်တောင်လေးများက သူမ မျက်လုံးထဲရှိ အရိပ်များကို ဖုံးကွယ်ပေးထားသည်။


ထိုသည်ကိုတွေ့ပြီး ကျိရှောင်ကျိုး ဒေါသမထွက်နိုင်တော့ပေ။ သူ့နှဖူးကို သူမနှဖူးနှင့်ကပ်ပြီး ငြင်ငြင်သာသာလေးပြောလိုက်သည်။


"ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပါပြီ.. တောင်းပန်ပါတယ် ငါ့အမှားပါ... ငါအဲ့လိုအရာတွေအားလုံးကို သတိထားခဲ့မိသင့်တယ်... နင်မပျော်ဘူးမှန်း ငါသိရင် သူနဲ့လုံးဝဆက်ဆံမှာမဟုတ်ဘူးလေ... ငါကတိပေးတယ် နင်ကလွဲလို့ အခြားမိန်းကလေးတွေအားလုံးနဲ့ ဆက်နွယ်မှုမရှိစေရဘူး ဟုတ်ပြီလား...."


နောင်နောင် သူမ၏ လက်ချောင်းလေးများကို ဆော့ကစားနေမိသည်။ သူမရင်ထဲတွင် ချိုမြိန်နေပြီး သူမမျက်လုံးထဲတွင် ပျော်ရွှင်မှုတို့ ထွက်ပေါ်လာသည်။

 

ရင်းနှီးနေသော နောင်နောင်ပြန်ဖြစ်သွားသောအခါ ကျိရှောင်ကျိုး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူငုံ့ကိုင်းလိုက်ပြီး သူမ၏ နူးညံ့သေးငယ်သော နားရွက်လေးကို ကြမ်းကြမ်းတမ်းတမ်းကိုက်လိုက်သည်။


"မင်းက လူဆိုးမလေးပဲ... အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ့်ကိုစွပ်စွဲပြီး အကြာကြီး လျစ်လျူရှုထားတယ်... မင်းအပြစ်မင်းသိလား...."


နောင်နောင်၏ မျက်နှာလေး ရဲရဲနီသွားသည်။ နှုတ်ခမ်းကိုကိုက်၍ နောင်နောင် သူ့ကို နူးနူးညံ့ညံ့ပြုံးပြလိုက်သည်။ သူ့ကို ကလူ၏သို့မြူ၏သို့ ပုံစံဖြင့် ခွင့်လွှတ်မှုတောင်းခံနေသည့်ပုံနှင့် တူနေသည်။


သဘာဝကျစွာဖြင့် ကျိရှောင်ကျိုးက သူမ၏အပြုံးလေးကြောင့် ပျော့ပြောင်းသွားသော်လည်း သူအလေးအနက်ဖြစ်နေဟန်ဖြင့် ပြောလာသည်။


"နင့်ရဲ့အပြုံးလေးကြောင့် အပြစ်ပေးမခံရတော့ဘူးထင်နေတာလား.. အပြစ်ပေးခံရဦးမှာပဲ..."


နောင်နောင် ခေါင်းလေးငြိမ့်ကာ အပြစ်ဒဏ်ကို လက်ခံလိုက်သည်။


"ကောင်းပြီလေ... နင့်ရဲ့အပြစ်က အခုကစပြီး ငါဘက်စကတ်ဘောကစားတိုင်း ငါ့ရဲ့အားပေးသူလုပ်ပေးရမယ်... လုပ်ပေးနိုင်မှာလား..."


နောင်နောင် ပြုံးလိုက်ကာ ခေါင်းမော့လိုက်ပြီး လုပ်ပေးနိုင်ကြောင်း အလေးပြုပြလိုက်သည်။


စိတ်ကျေနပ်စွာဖြင့် ကျိရှောင်ကျိုးတစ်ယောက် သူ၏ အသစ်စက်စက်ရည်းစားလေးကို အိမ်ခေါ်သွားလိုက်တော့သည်။

                                           ———————————— 


ကလေးနှစ်ယောက်လုံး ပြန်လာသည်ကို မြင်သောအခါ ထန်ထန် ပန်းထိုးနေသည်ကို ရပ်လိုက်ပြီး ကလေးများကို လက်ပြလိုက်သည်။


"လာစားတော့လေ... သားတို့နှစ်ယောက်လုံး ဗိုက်ဆာနေလောက်ကြပြီပေါ့..."


နောင်နောင် သူမလက်ကို ပြန်ဆွဲယူနေသော်လည်း ကျိရှောင်ကျိုးက အတင်းအကြပ်ဆုပ်ကိုင်လိုက်သည်။ သူ သူမကို ထန်ထန်ရှေ့သို့ရောက်သည်အထိ ဆွဲခေါ်သွားလိုက်သည်။ သူတလေးတစား ခါးမတ်ကာ ပြောလိုက်သည်။


"မာမီ... သား မာမီ့်ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်..."


"အာ..."


ထန်ထန် နားမလည်ပေ။ သူကလေးနှစ်ယောက် နောက်ကို လှည့်ကြည့်လိုက်သော်လည်း မည်သူ့ကိုမှ မတွေ့ခဲ့ပေ။


"သား သူငယ်ချင်းကို အိမ်ခေါ်လာတာလား... ဘယ်မှာလဲ...."


လွန်ခဲ့သည့် ဆယ်နှစ်ကအတိုင်း နူးညံ့ချိုသာနေဆဲဖြစ်သော သူ၏အဖိုးတန်အမေကိုကြည့်၍ ကျိရှောင်ကျိုး လုံးဝစိတ်မလှုပ်ရှားတော့ပေ။ ဤကိစ္စတွင် သူ့အမေက ပြဿနာမဟုတ်ဘဲ အဖေကသာ ပြဿနာဖြစ်နေသည်။ ထို့ကြောင့် သူ ထန်ထန်ရှေ့တွင် ပြုံးလိုက်ပြီး ပြောလိုက်သည်။


"မာမီ. သားဘေးက ကောင်မလေးကို မိတ်ဆက်ပေးမယ်... သူက သားကောင်မလေး ဝမ်နောင်လေ.. မာမီ့ရဲ့ အနာဂတ်ချွေးမလောင်းလေးပေါ့..."


နီရဲနေသော မျက်နှာဖြင့် ဝမ်နောင် ခေါင်းငုံ့ထားသည်။ သူမ ထန်ထန်ကို မကြည့်ရဲပေ။


ထန်ထန် သူတို့နှစ်ယောက်ကို မျက်လုံးပြူးမျက်ဆန်ပြူးဖြင့်ကြည့်လိုက်သည်။ တခဏလောက် သူဘာဆိုဘာမှ မပြောနိုင်တော့ပေ။


ကျိရှောင်ကျိုးက လေးလေးနက်နက်ရှင်းပြလာသည်။


"မာမီ.. သားနောင်နောင်ကို သဘောကျတယ်... သားလျှောက်ပြောနေတာ မဟုတ်သလို မိသားစုအချစ်နဲ့ စိတ်ကူးယဉ်အချစ်ကို ရောထွေးနေတာလည်း မဟုတ်ဘူး... သား နောင်နောင်ကို တကယ်လေးလေးနက်နက်ချစ်တာ... သားတစ်ဘဝလုံး သူ့ကိုပဲ စောင့်ရှောင့်သွားမှာ... အမေသားတို့ကို ထောက်ခံပေးဖို့ မျှော်လင့်ပါတယ်..."


သူ အရာတိုင်းကိုပြောပြလိုက်သော်လည်း ထန်ထန့်တွင် ပြောစရာစကားပျောက်ရှနေလျက်ရှိသည်။ သူမ ထစ်တီးထစ်ငေါ့ ပြောလိုက်သည်။


"သား... သားဒယ်ဒီ ပြန်လာတဲ့အထိစောင့်ပြီး... ဒီကိစ္စကို ထပ်ဆွေးနွေးကြတာပေါ့..."

အမှန်အတိုင်းပြောရလျှင် သူမ၏ကမ္ဘာ၌ အသက်ဆယ့်သုံး ဆယ့်လေးတွင် လက်ထပ်သည်က ပုံမှန်သာဖြစ်သည်။ ခဏမျှ ထိတ်လန့်သွားပြီးနောက်တွင် ယခုလက်ရှိ၌ အရာတိုင်းကမတူညီသော်လည်း ကလေးနှစ်ယောက် ဒိတ်နေခြင်းက ပြဿနာမရှိကြောင်း တွေးလိုက်မိသည်။ ကျိယန်ကသာ ဒေါသထွက်မည့်လူဟု တွေးမိလိုက်သည်။ သူမ၏မိသားစုဝင် ရှောင်ကျိုးလေး ပြဿနာတက်ပေတော့မည်။


ထန်ထန် မတ်တတ်ထရပ်လိုက်ပြီး နောင်နောင်လက်ကိုဆွဲကာ မီးဖိုချောင်ထဲ ခေါ်သွားလိုက်သည်။


"နောင်နောင် အန်တီ့ကို မီးဖိုချောင်ထဲမှာ လာကူပေးလို့ရလား..."


နောင်နောင်က သူမတွင် ပြောစရာရှိနေကြောင်း ချက်ချင်းသဘောပေါက်သွား၍ သူမနောက်ကို လိမ်လိမ်မာမာလေး လိုက်သွားလိုက်သည်။ ကျိရှောင်ကျိုးက လိမ္မာပါးနပ်စွာ လိုက်မလာခဲ့ပေ..."


မီးဖိုချောင်ထဲရောက်သောအခါ ထန်ထန်က မေးလိုက်သည်။


"နောင်နောင် အန်တီ့ကို အမှန်အတိုင်းပြောပြ... ရှောင်ကျိုးက သမီးကိုအတင်းအကြပ်ခိုင်းထားတာလား... သမီးမှာ မကျေနပ်တာရှိရင် အန်တီ့ကိုအရာတိုင်း ပြောပြလို့ရတယ်နော်... အန်တီက သမီးဘက်မှာရှိတယ် သမီးအစ်ကိုကြီး ရှောင်ကျိုးကို ကြောက်ဖို့မလိုဘူး...."


နောင်နောင် ခေါင်းခါလိုက်ကာ ထန်ထန်လက်ကို ဆွဲလိုက်သည်။


"အန်တီ ကိုကိုရှောင်ကျိုးက သမီးကို အတင်းအကျပ်ခိုင်းထားတာ မဟုတ်ပါဘူး... သမီးလည်း သူ့ကိုတကယ်သဘောကျတာ... သူ့ကို အမြဲတမ်းသဘောကျနေခဲ့တာ..."


ထန်ထန် ကြောင်အသွားကာ နောင်နောင်ကို အံ့ဩတကြီး ကြည့်လိုက်သည်။


နောင်နောင်က ထန်ထန်ရင်ခွင်ထဲကိုဝင်လိုက်ပြီး သူမနှလုံးသားထဲတွင် အမြဲတမ်းသိမ်းထားခဲ့သော လျှို့ဝှက်ချက်ကို ပြောပြခဲ့သည်။


"အန်တီ... အစ်ကိုရှောင်ကျိုး သမီးကိုလက်ကမ်းပေးပြီး အိမ်ပြန်ခေါ်သွားပေးတဲ့နေ့ကစပြီး သမီးရဲ့ကမ္ဘာကြီးက သူ့ကြောင့် လုံးဝပြောင်းလဲသွားခဲ့ရတယ်... အစကတော့ တစ်နေ့ကြရင် အစ်ကိုရှောင်ကျိုးက အခြားမိန်းကလေးတစ်ယောက်ကို သဘောကျပြီး ကလေးလေးတွေရလာမယ်ထင်ခဲ့တာ... အခုတော့ အဲ့ဒီ့ ကံကောင်းတဲ့ မိန်းကလေးသမီးဖြစ်ခဲ့ပြီလေ... ဟုတ်တယ်မလားဟင်..."


ထန်ထန်တစ်ယောက် နောင်နောင် ဤမျှစကားအများကြီးပြောသည်ကို တစ်ခါမှ မကြားဖူးပေ။ ထို့အပြင် နောင်နောင်က သူမနှလုံးသားထဲတွင် ကျိရှောင်ကျိုးအတွက် ထိုမျှသန်မာသော ခံစားချက်များရှိနေသည်ကို လုံးဝမသိခဲ့ချေ။ ထန်ထန်က နောင်နောင့်ကို အချစ်အကြောင်း ဘာမှမသိသော ကလေးတစ်ယောက်ဟု ထင်ခဲ့သော်လည်း ယခုတွင် နောင်နောင်က ကျိရှောင်ကျိုးထက် ပိုမိုရင့်ကျက်သော ကလေးတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။ သူမစိတ်ထဲတွင် အရာအားလုံး နည်းလည်နေသော်လည်း ဘာမှထုတ်မပြောခဲ့ပေ။


နောင်နောင်က နားမလည်၍ မဟုတ်ပဲ နားလည်လွန်နေခြင်းသာဖြစ်သည်။


မူလက နောင်နောင်က အချစ်အကြောင်းနားမလည်၍ ကျိရှောင်ကျိုးထံမှ လှည့်စားခံရမည်ကို စိုးရိမ်နေခဲ့သည်။ ထို့အပြင် နောင်နောင် နားလည်လာသည့်အခါတွင် ထိုအရာကြောင့် နောင်တမရစေချင်ခဲ့ပေ။ သို့သော် ယခုတွင် နောင်နောင် စိတ်သက်သာရာ ရသွားပေတော့သည်။


"လိမ္မာလိုက်တဲ့ ကောင်မလေး... သမီးဆန္ဒရှိတယ်ဆိုရင် ရပါပြီ... အန်တီ သမီးတို့နှစ်ယောက်လုံး ပျော်နေဖို့ မျှော်လင့်တယ်...."


နောင်နောင့် မျက်လုံးအိမ်များ နီရဲလာသည်။


"ကျေးဇူးတင်ပါတယ် အန်တီ... အန်တီတို့မိသားစုနဲ့ ကြုံခဲ့ရတာ သမီးဘဝမှာ ကံအကောင်းဆုံးအရာပဲ... အရင်ဘဝက သမီး စကြဝဠာကြီးတစ်ခုလုံးကို ကယ်တင်ခဲ့တာပဲနေမှာ..."


ထန်ထန် သူမ၏ တုံးအအစကားများကြောင့် ရယ်လိုက်မိသည်။


"အရူးမလေး...."


ထန်ထန်က ပြောရဆိုရလွယ်သော်လည်း ကျိယန်ကတော့ မလွယ်ကူခဲ့ပေ။ သူ ထိုအကြောင်းကို ကြားသောအခါ ချက်ချင်း အိမ်ကို အပြေးပြန်လာခဲ့သည်။ သူပထမဆုံးလုပ်သည့်အရာမှာ ထန်ထန်နှင့် နောင်နောင်ကို အိမ်အပြင်သို့ တစ်နာရီမျှ ထွက်သွားခိုင်းခြင်းဖြစ်သည်။


အမျိုးသမီးနှစ်ဦး အိမ်ပြင်ထွက်သွားသောအခါ ကျိယန်က ဘာမှမပြောပဲ ကျိရှောင်ကျိုးကို ဒူးထောက်ခိုင်းလိုက်သည်။ ထို့နောက် ခါးပတ်ကို ချွတ်ကာ သူ့ကို ကြမ်းကြမ်းတမ်းတမ်းရိုက်တော့သည်။


ကျိရှောင်ကျိုးက နာကျင်နေသော်လည်း အသံတစ်စက်မှမထွက်ပေ။ သူ့နောက်ကျောရှိ အဝတ်များက အရိုက်ခံရ၍ စုတ်ပြဲသွားသည်။ အနီရောင်သွေးကွက်များက သူ့နောက်ကျောတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ မြင်ကွင်းတစ်ခုလုံးက ကြောက်မက်ဖွယ်ကောင်းလှသည်။


ကျိယန်က ကျိရှောင်ကျိုးကို တစ်ခါမှ ကြမ်းကြမ်းတမ်းတမ်းမရိုက်ဖူးပေ။ သူ ရှောင်ကျိုးကို သနားမိသော်လည်း ရိုက်ကို ရိုက်ရမည်ဖြစ်သည်။ ကျိယန်က လွန်ခဲ့သည့်နှစ်များကတည်းက နောင်နောင်ကို သူ့သမီးအရင်းလေးဟု သတ်မှတ်ခဲ့သည်။ သူ့သမီးကို ကျိရှောင်ကျိုးအပါအဝင် အခြားကောင်လေးများ စိတ်ကူးယဉ်မည်ကိုပင် ခွင့်မပြုပေ။ ယခုတွင် ဤကလေးစုတ်က နောင်နောင့်ကို ငယ်ငယ်ရွယ်ရွယ်နှင့်ပင် လှည့်ဖျားသွားလေပြီ။ သူ ကျိရှောင်ကျိုးကို သင်ခန်းစာပေးရုံမျှမက ပြင်းပြင်းထန်ထန် သင်ခန်းစာပေးရမည်ဖြစ်သည်။


ဤသင်ခန်းစာပေးမှုက နာရီဝက်ကုန်ဆုံးမှ ရပ်တန့်သွားခဲ့သည်။ ကျိရှောင်ကျိုးက ချွေးများဖြင့် ရွှဲနစ်နေကာ မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး အမောတကော အသက်ရှူနေသည်။


ကျိယန် အဝေးကို အကြည့်ရွှေ့လိုက်ပြီး သူ့ခါးပတ်သူ ပြန်ဝတ်လိုက်သည်။ ထို့နောက် ပထမဦးဆုံးစကားကို စပြောလိုက်သည်။


"မင်း နောင်နောင်ကို တကယ်သဘောကျတာလား..."


"အင်း... ကျွန်တော်သဘောကျတယ်..."

(T/N: ပုံမှန်ဆို ကျိရှောင်ကျိုးက သူ့အဖေနဲ့အမေကိုပြောရင် သားလို့ နာမ်စားသုံးပေးထားပါတယ်။ အခု ကျွန်တော်လို့ သုံးတာက လေးနက်တဲ့အခြေအနေဖြစ်နေလို့ပါ)


"မင်းတစ်သက်လုံးစာအတွက် အာမခံလား..."


"အာမခံတယ်.. ကျွန်တော် သူ့ကိုတစ်သက်လုံး ကောင်းကောင်းစောင့်ရှောက်မှာ... ကျွန်တော့်စကားကို ပြန်ရုတ်သိမ်းမှာမပါဘူး...."


ကျိယန် ဆိုဖာပေါ်ထိုင်လိုက်ပြီး ဆေးလိပ်မီးညှိလိုက်သည်။ ထို့နောက်ကျိရှောင်ကျိုးကို ဆေးလိပ်တစ်လိပ်ပစ်ပေးလိုက်သည်။ ဆေးလိပ်ကို ယူပြီးသောအခါ ကျိရှောင်ကျိုးက ဤကိစ္စပြီးသွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူဖြေးဖြေးချင်း ထလိုက်ပြီး ဆေးလိပ်ကို နှုတ်ခမ်းကြားထဲညှပ်လိုက်ကာ မီးညှိလိုက်သည်။


ကျိယန် ဆေးလိပ်မီးခိုးငွေ့တို့ကိုမှုတ်ထုတ်လိုက်သည်။


"ငါ မင်းကို တားမှာမဟုတ်ဘူး... ဒါပေမဲ့ မင်းဘာလုပ်သင့်တယ် ဘာမလုပ်သင့်ဘူးဆိုတာ သိရမယ်... နောင်နောင် အသက်မပြည့်မချင်း သူမကို ထိလို့မရဘူး.. နားလည်လား...."


ကျိရှောင်ကျိုး ခေါင်းငြိမ့်လိုက်သည်။


"ကျွန်တော်နားလည်ပါတယ် အဖေ... ကျွန်‌တော် နောင်နောင်ကို အနိုင်ကျင့်မိရင် အဖေ ကျွန်တော့်ကို သေတဲ့အထိရိုက်လို့ရတယ်...."


ကျိယန် နှုတ်ခမ်းတို့ တွန့်ကွေးသွားသည်။

ဒီအကျင့်မကောင်းတဲ့ ကောင်စုတ်လေးက မိုက်သားပဲ... သူများတွေပြောတာဟုတ်တယ် ဒီကောင်စုတ်လေးက ဇနီးရှာတဲ့နေရာမှာ သူ့ထက် ပိုတော်တယ်...သူဖြင့် အသက်သုံးဆယ်အရွယ်မှာ ထန်ထန်နဲ့တွေ့မှ အချစ်ကိုနားလည်ခဲ့တာ...ဒီကလေးစုတ်ကတော့ ဆယ်ကျော်သက်အရွယ်နဲ့တင် သူ့ဇနီးသူရွေးပြီးပြီ... အဲ့အပြင် ပိုဆိုးတာက အဲ့ကောင်မလေးက သူနဲ့အတူ ကြီးပြင်းလာတဲ့ ကောင်မလေးဖြစ်နေတာပဲ... ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ အမြင်ရှိတယ်ပြောရမယ်... အခြားကောင်မလေးတွေနဲ့ ယှဉ်ရင် နောင်နောင့်လိုကောင်မလေးကို ချွေးမတော်ရတာကို အတော်လေး ကျေနပ်မိတာပဲ... အနည်းဆုံးတော့ ကျိရှောင်ကျိုး မတော်မရော်မိန်းမတွေနဲ့ မရတော့ဘူးပေါ့...


နောင်နောင်နှင့် သူ၏ ဆက်ဆံရေးကို ဖွင့်မပြောပဲ နားလည်မှုရသွားသော အချိန်တွင် ကျိရှောင်ကျိုးက လူတိုင်းကို နောင်နောင်က သူ့ညီမလေးဟု မိတ်ဆက်မပေးတော့ဘဲ သူ့မိန်းမဟုသာ မိတ်ဆက်ပေးတော့သည်။


ထိုပြောင်းလဲမှုက လူတိုင်းကို ထိတ်လန့်သွားစေသည်။ ဤအပြောင်းအလဲကို လက်ခံသွားသောအခါတွင် သူတို့ ကျိရှောင်ကျိုးကို လက်မသာ ထောင်ပြလိုက်သည်။ သူနှင့်အတော်လေးနီးသော နေရာမှလူတစ်ယောက်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။


သူတို့၏ ဆက်နွယ်မှုက ပြောင်းလဲသွားသော်လည်း သူတို့၏ဆက်ဆံပုံများက အများကြီးမကွဲပြားသွားပေ။ ကျိရှောင်ကျိုး၏ စိတ်ထဲတွင် ဘယ်အရာက သင့်လျှော်ကြောင်း သိလေသည်။ သူနောင်နောင်ကို မသင့်လျှော်သည့် နည်းဖြင့် မထိပေ။ ထို့ကြောင့် လက်ကိုင်ခြင်း တစ်ခါတစ်ရံ နမ်းခြင်းမှလွဲ၍ အခြားဘာကိုမှ မလုပ်ခဲ့ပေ။ နောင်နောင်ပင်လျှင် သူ၏ သမာဓိရှိမှုကို အံ့အားသင့်ရသေးသည်။ အမှန်ပင် သူ သူမနှင့် ပတ်သတ်သော မသင့်လျှော်သည့် အိပ်မက်များကိုတော့ မပြောပြခဲ့ပေ။


သူတို့ ဂျူနီယာအထက်တန်းကျောင်းမှ စီနီယာအထက်တန်းကျောင်းအထိတိုင်အောင် တွဲခဲ့ကြသည်။ တစ်ကျောင်းလုံးက သူတို့၏ ဆက်ဆံရေးကိုသိကြသော်လည်း ကျောင်းအုပ်အပါအဝင် ဆရာ ဆရာမတိုင်းက မမြင်ဟန်ဆောင်ပေးခဲ့ကြသည်။ အကြောင်းပြချက်က ရိုးရှင်းသည်။ ကျိရှောင်ကျိုး၏ သမာဓိရှိသည့် လုပ်ရပ်များကြောင့် မဟုတ်ဘဲ သူတို့၏ အဆင့်များကြောင့်ဖြစ်သည်။ ကျောင်းသားကောင်းများက အမြဲတမ်း ဦးစားပေး ဆက်ဆံခံရသည်။ သူတို့ကျောင်း၏ အောင်ချက်က ကျိရှောင်ကျိုးနှင့် နောင်နောင်အပေါ် မူတည်နေသည်။ ကျောင်းအုပ်ကြီးပင် ထိုအကြောင်းကို မသိကျေးကျွန်ပြုလေရာ ကျန်ဆရာ ဆရာမများက စိတ်ထဲပင် မထည့်တော့ပေ။


နောက်ဆုံး စာမေးပွဲကြီး ကျရောက်လာသောအခါ ကျိရှောင်ကျိုးနှင့် နောင်နောင်တို့က အမှတ်ပြည့်နှင့် အနီးစပ်ဆုံးအထိ ရခဲ့ပြီး ပထမနှင့် ဒုတိယနေရာကို ဆွတ်ခူးခဲ့လေသည်။ ဉာဏ်ကြီးရှင်နှစ်ယောက်ကြောင့် သူတို့၏ကျောင်းကြီး ထိပ်ဆုံးသို့ရောက်ခဲ့သဖြင့် ကျောင်းအုပ်ကြီးတစ်ယောက် ပါးစပ်က နားရွက်တက်ချိတ်မတတ် ပြုံးမိလေသည်။


သူတို့၏ အဆင့်များ တည်ငြိမ်သွားသောအခါ သူတို့ တက္ကသိုလ်တက်ရန် လျှောက်ရပေတော့သည်။ ကျိရှောင်ကျိုးက စစ်တပ်မိသားစုမှ လာသည်ဖြစ်၍ နိုင်ငံအတွင်းရှိ အကောင်းဆုံးသော စစ်သင်တန်းကျောင်း နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ လျှောက်ခဲ့သည်။ နောင်နောင်၏ ရွေးချယ်မှုက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ လူတိုင်းက သူမကို နိုင်ငံအတွင်း အကောင်းဆုံး တက္ကသိုလ်တစ်၏ နာမည်ကြီး ဘာသာရပ်တစ်ခုခုကို အထူးပြုရွေးချယ်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် သူမက သိပ္ပံနှင့်အင်ဂျင်နီယာတက္ကသိုလ်ကိုရွေးချယ်ပြီးအထူးပြုဘာသာရပ်အဖြစ် တည်ဆောက်မှုဆိုင်ရာသိပ္ပံနှင့် စက်မှုပညာကို ရွေးချယ်မည်ဟု မထင်ခဲ့ကြပေ။ အမျိုးသမီးများ မပါလုနီးနီးဖြစ်နေသော ဘာသာရပ်များဖြစ်နေသည်။


၎င်းက စစ်လက်နက်ရေးရာဌာန၏ ပထမဦးဆုံး တိုက်ရိုက် လက်အောက်ခံကျောင်းဖြစ်သည်။ ၎င်းက စစ်တပ်၏အင်အားတောင့်တင်းရေးအတွက် အဓိက ပန်းပဲရုံကြီးဟု ပြောလျှင်လည်း မမှားပေ။

နောင်နောင်လို မိန်းကလေးမျိုးက ထိုသည်ကို အထူးပြုလေ့လာမယ်ဟု မည်သူက ထင်မည်နည်း။ ဆရာများက တောင် သူမကို ကောင်းကောင်းပြန်စဉ်းစားဖို့ အကြံပေးလိုက်ကြသေးသည်။


သို့သော် နောင်နောင်က ဆုံးဖြတ်ပြီးပြီဖြစ်၍ လက်မလျော့ခဲ့ပေ။ ၎င်းက သူမစိတ်ဝင်စားသည့်အရာဖြစ်ပြီး သူမချစ်သည့်လူကို ကာကွယ်ပေးသည့် ပုံစံတစ်မျိုးဖြစ်သည်။ သူမ၏ အစ်ကိုကျိရှောင်ကျိုးက နိုင်ငံကို ကာကွယ်မည်ဖြစ်ပြီး သူမက သူ့ကို သူမကိုယ်ပိုင်နည်းလမ်းဖြင့် ကာကွယ်မည်ဖြစ်သည်။ သူတို့ အတူတူ နိုင်ငံကို ကာကွယ်ကြမည်ဖြစ်သည်။


တက္ကသိုလ်လျှောက်လွှာများ ဖြည့်ပြီးသောအခါ ငယ်ငယ်ကြီးကြီး အမျိုးအစားစုံသော တွေ့ဆုံပွဲများ ရောက်လာတော့သည်။ Class 1ကလည်း မျှော်လင့်ထားသည့်အတိုင်း လူစုမိကြသည်။ Class 1၏ စုဝေးပွဲတွင် ကျောင်း၏ နံပါတ်တစ် အတွဲဖြစ်သော ကျိရှောင်ကျိုးနှင့် နောင်နောင်က အဓိက အာရုံစိုက်စရာဖြစ်လာခဲ့သည်။ သူတို့နှစ်ယောက်လုံး အရက်သောက်ခိုင်းခြင်းမှ မလွတ်မြောက်နိုင်ကြပေ။


သို့သော် ကျိရှောင်ကျိုးရှိနေ၍ အတန်းဖော်များက နောင်နောင်ကို မသောက်ခိုင်းရဲကြပေ။ ထို့ကြောင့် ကျိရှောင်ကျိုးကိုသာ စုပုံ၍ သောက်ခိုင်သကြတော့သည်။ ကျိရှောင်ကျိုးက သူ့အတွက်အရက်များကိုသာမက နောင်နောင်အတွက်အရက်များကိုသာ သောက်လိုက်ရသည်။ စုဝေးပွဲအပြီးတွင် နောင်နောင်ကဘာမှမသောက်လိုက်ရလဲ ကျိရှောင်ကျိုးကသာ အများကြီးသောက်လိုက်ရသည်။


လူတစ်အုပ်က ကာရာအိုကေဆိုရန်ပင် စီစဉ်ခဲ့ကြပြီးဖြစ်သည်။ လူတိုင်းက စားသောက်ဆိုင်မှ ကာရာအိုကေသို့ ခပ်မြန်မြန်ထွက်သွားကြသော်လည်း ကျိရှောင်ကျိုးက မလိုက်သွားခဲ့ပေ။ သူ နောင်နောင်လက်ကိုဆွဲ၍ မြစ်ကမ်းဘေးကိုသာ သွားလိုက်သည်။ မြစ်ကမ်းဘေး၌ ထိုင်နေရင်း ကျိရှောင်ကျိုးက နောင်နောင်ကို ဖက်လိုက်သည်။ သူမကို တင်းတင်းကြပ်ကြပ်ဖက်တွယ်၍ မြစ်ပြင်ကျယ်ကျယ်ကို ငေးမောကြည့်နေလိုက်သည်။ မကြာမီ သူက အက်ရှစွာမေးလာသည်။


"နောင်နောင် မင်းဒီနေရာလေးကို မှတ်မိသေးလား..."


နောင်နောင် သူ၏ဖက်တွယ်ထားမှုထဲတွင် ပြုံးလိုက်မိသည်။


"ဒါက တို့တွေဝန်ခံခဲ့တဲ့နေရာလေ..."


ကျိရှောင်ကျိုးလည်း ပြုံးလိုက်သည်။


"အဲ့တုန်းက ကိုယ်မင်းအပေါ်မှာရှိတဲ့ ခံစားချက်တွေကို ရှာတွေ့သွားခဲ့ပြီး မင်းကိုတစ်ယောက်ယောက်က အလစ်သုတ်သွားမှာ တကယ်ကြောက်မိခဲ့တာ... အဲ့တော့ ကိုယ်ကပဲအရင်ဆုံးမင်းကို တွန်းအားပေးပြီး ကိုယ့်ကောင်မလေးဖြစ်စေခဲ့တာ... ဒယ်ဒီနဲ့မာမီကို ကိုယ်မင်းကို တွန်းအားပေးခဲလို့ မပြောဖို့ ပြောခဲ့တယ်လေ... ပြောရင် ရိုက်ပစ်မှာလို့ ခြိမ်းခြောက်ခဲ့တာ..."


နောင်နောင် သူမလက်ကို သူ့လည်ပင်တွင် ဖက်တွယ်လိုက်ပြီး တခစ်ခစ်ရယ်မောလိုက်သည်။ ကိုကိုရှောင်ကျိုးက ထိုအချိန်တုန်းက တကယ့်ကို တုံးအခဲ့သည်။


"ဟမ့်... မင်းရယ်ရဲတယ်လား... လူလိမ်မလေး..."


ကျိရှောင်ကျိုး သူကောင်မလေး၏ နှဖူးကို အသာလေးတောက်လိုက်သည်။


"မင်းက ကိုယ်ကိုလုံးဝကြိုက်နေခဲ့ပေမဲ့ အခြားလူကိုကြိုက်နေတဲ့ပုံနဲ့ ကိုယ့်ကို အထင်လွဲအောင်လုပ်ခဲ့တာလေ... ကိုယ့်ကိုတော်တော်လေး ကြောက်သွားစေခဲ့တာ မင်းသိရဲ့လား... ပြောစမ်းပါဦး မင်းက မိန်းမဆိုးလေးမဟုတ်ဘူးလား ပြော...."


နောင်နောင် သူမမှားခဲ့သည်ကိုသိ၍ ခေါင်းမော့ကာ သူ့မေးစေ့ကို တောင်းပန်သည့်အနေဖြင့် နှစ်ချက်နမ်းခဲ့သည်။


"မေးစေ့ကို နမ်းတာက လုံလောက်တယ်ထင်တာလား... ကိုယ်က အဲလောက် လွယ်လို့လား..."


ကျိရှောင်ကျိုး နောင်နောင်၏မေးစေ့လေးကို ကိုင်ကာ သူ့နှုတ်ခမ်းနှင့် သူမနှုတ်ခမ်းကို ထပ်တူကျစေခဲ့သည်။ သူ၏လျှာက သူမထဲတွင် မွှေနှောက်နေပြီး သူမတစ်ကိုယ်လုံး အားနည်းပျော့ခွေသွားသော်လည်း သူကမလွှတ်ပေးခဲ့ပေ။ ပို၍ပို၍တိုးကာ သူမမျက်နှာကို သူ့နားကပ်ကာ သူမတစ်ကိုယ်လုံးကို သူ့ကိုယ်ထဲ ပျော်ဝင်သွားစေချင်သည့်ဟန် ဖြစ်နေသည်။


နောင်နောင် မရုန်းကန်ခဲ့သည့်အပြင် သူ့ဘေးတွင် သက်တောင့်သက်သာ အသက်ရှုသွင်းနေသည်။


သူ မပျော်ရွှင်နေကြောင်း သူမသိလေသည်။ သူမပျော်ရွှင်ရခြင်းမှာ သူ့ကို ကျောင်းမှ နှစ်ရက်အတွင်း ရီပို့တင်ရန် စာရောက်လာ၍ဖြစ်သည်။ စစ်ကျောင်းများက သာမန်ကျောင်းများနှင့်မတူပေ။ ကျောင်းဝန်းထဲတွင် ဇိမ်ခံပစ္စည်းများ ရှိမည်မဟုတ်ပေ။ သူတို့နှစ်ယောက်က အမြဲအတူရှိနေကြတာဖြစ်ပြီး သူတို့၏ အသက် ဆယ့်ရှစ်နှစ်တာတွင် ပထမဆုံးခွဲခွာဖူးခြင်းဖြစ်လေသည်။


သူတင်မက သူမလည်း ပျော်ရွှင်မနေပေ။ ထိုအကြောင်းကို တွေးမိတိုင်း ပျာယာခတ်မိသည်။ ဖြစ်နိုင်လျှင် သူနှင့်သာ အတူရှိနေချင်သည်။


နောင်နောင်၏ ပါးစပ်ထဲမှ သံဓာတ်အရသာ အနည်းငယ် ခံစားမိလာမှ ကျိရှောင်ကျိုး သူမကို လွှတ်ပေးခဲ့သည်။ သူမတစ်ကိုယ်လုံးကို သိမ်းကြုံးဖက်ပြီး ဘာမှမပြောလိုက်ပေ။ နောက်ဆုံး သူ၏စိတ်ခံစားချက် တည်ငြိမ်သွားမှ သူမကို ကူညီပေးပြီး စကားတစ်ခွန်းပင်မပြောပဲ အိမ်ပြန်ရန် လုပ်လိုက်သည်။


နောင်နောင် သူမခေါင်းလေးကို သူ့နောက်ကျောပေါ်စောင်းပြီး နူးနူးညံ့ညံ့နှစ်သိမ့်လိုက်သည်။


"ကိုကို ရှောင်ကျိုး... ညီမမှာ အချိန်ရှိတာနဲ့ လာရှာပါ့မယ် ဟုတ်ပြီလား... ဝမ်းမနည်းပါနဲ့တော့...."


"အင်း..."


ကျိရှောင်ကျိုး သူမ၏ နှဖူးလေးကို နမ်းလိုက်သည်။ စိတ်မပါလက်မပါဖြင့် သူမကိုပြောလိုက်သည်။


"ကိုယ် မင်းကို ကျောင်းလိုက်မပို့နိုင်တော့ဘူး... မင်းကို Wechatတောင်းတဲ့ကောင်လေးတွေနဲ့ အဆောင်ကိုလိုက်ပို့ပေးမဲ့ကောင်လေးတွေရှိရင် လုံးဝငြင်းပါ့မယ်လို့ ကတိပေး..."


နောင်နောင် ပြုံးလိုက်ကာ ခေါင်းငြိမ့်လိုက်သည်။


"မင်းတို့ကျောင်းမှာ မိန်းကလေးထက် ယောက်ျားလေးတွေ ပိုများတယ် ယောက်ျားတွေဆိုတာ ဝံပုလွေတွေပဲ... မင်းမှာ ကောင်လေးရှိတယ်လို့ သေသေချာချာပြောပြရမယ်နော်... မဟုတ်ရင် မင်းကိုဆာလောင်နေတဲ့ ဝံပုလွေတွေလို ငမ်းငမ်းတက်ဖြစ်ကုန်ကြလိမ့်မယ်..."


နောင်နောင် သူမကိုအခြားလူများ လုယူသွားမည်ကို သူကစိုးရိမ်နေကြောင်း သိပေသည်။ တစ်ချိန်တည်းတွင် ရယ်လည်းရယ်ချင်သလို ချိုမြိန်နေမိသည်။ သူမခေါင်းကိုမော့လိုက်ကာ သူ့ကိုနမ်းလိုက်ပြီး ကတိပေးလိုက်သည်။


"ငြင်းပါ့မယ်... သူတို့ကိုညီမမှာ ကောင်လေးရှိကြောင်း သေချာပေါက်ပြောလိုက်မယ်...  ညီမကောင်လေးက အရပ်အရမ်းရှည်ပြီး အရမ်းချော အရမ်းသန်မာကြောင်းပြောပြမယ်... သူက ညီမကိုအရမ်းချစ်ပြီး ပိုအရေးကြီးတာက ညီမကလည်း သူ့ကိုအရမ်းချစ်ကြောင်း ပြောပြမယ်... သူ့ကို ညီမတစ်ဘဝလုံးချစ်သွားမှာလို့လည်း ပြောပြလိုက်မယ်..."


ကျိရှောင်ကျိုး နောင်နောင်၏ စကားချိုချိုများကြောင့် အံ့အားသင့်သွားရသည်။ သူ နတ်သမီးပေါက်စလေးကို ထပ်နမ်းချင်သည်။ သို့သော် သူ့ကိုယ်သူ မထိန်းနိုင်မည်ကို ကြောက်နေခဲ့သည်။ ထို့ကြောင့် ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး သူ့ကိုယ်တွင်းရှိ သားရဲကြီးကို ချွန်းအုပ်နေရသည်။


နောင်နောင်က သူ့မျက်လုံးထဲမှတဆင့် သူ့အတွေးများကို မြင်နေရပေသည်။ သူ သူမကိုလိုချင်နေကြောင်းသိပြီး နှစ်ပေါင်းများစွာကြာအောင် ထိန်းလာခဲ့ရသည်ကိုလည်း သိပေသည်။


သူမ၏ နှုတ်ခမ်းလေးကို အရှက်တကြီးကိုက်ပြီး ခပ်လှမ်းလှမ်းရှိ ဟိုတယ်ကို လက်ညှိုးထိုးပြလိုက်သည်။ ရှက်နေသော်လည်း သတ္တိကိုမြှင့်၍ သူ့နားထဲကို ခပ်တိုးတိုးပြောလိုက်သည်။


"ကိုကိုကျိုး... ညီမဒီနေ့ည အိမ်မပြန်ချင်ဘူး... ဟိုတယ်ကိုသွားကြမလား..."


ကျိရှောင်ကျိုး မိုးကြိုးပစ်ခံလိုက်ရသလို ရုတ်တရက်ကြီး တောင့်သွားသည်။


"နောင်နောင်  မင်းဘာတွေပြောနေလဲသိလား..."


နောင်နောင် သူမမျက်နှာကို သူ့ပခုံးကြားနှစ်ကာပြောလိုက်သည်။


"ညီမ အရင်လကပဲ ဆယ့်ရှစ်နှစ်ပြည့်သွားပြီ... ညီမ အရွယ်ရောက်နေပါပြီ..."


အမျိုးသမီးတစ်ယောက် ဖြစ်လို့ရပြီ...


အရွယ်ရောက်နေပြီ.... အဓိပ္ပါယ်က ရှင်းလင်းလှသည်။ ကျိရှောင်ကျိုး၏ နှလုံးက တဒိန်းဒိန်းဆောင့်ခုန်သွားသည်။


"အချစ်လေး... မင်းဘာသာပြောတာနော်... နောက်မှ နောင်တမရနဲ့...'


နောင်နောင် ရှက်သွေးဖြာသွားကာ ခိုးပြုံးလိုက်မိသည်။


အရူးကိုကို... ညီမကဘာလို့ နောင်တရရမှာလဲ... ညီမက အရင်ကတည်းက ကိုကို့ရဲ့ အမျိုးသမီးဖြစ်ပြီးသားကို....


xxxxxxx The End xxxxxxxx


Story လေးပြီးဆုံးသွားပါပြီရှင် ...


Story လေးရဲ့နောက်မှာ Buy me coffee ဆိုတဲ့ chapters (အလွတ်)လေးတွေထည့်ထားပါတယ် ...

စာရေးသူရဲ့ ဘာသာပြန်ဆိုမှုကို စိတ်ကျေနပ်မှုရှိတယ်ဆိုရင် buy me coffee chapters လေးကိုဝယ်ပြီး support ပေးလို့ရပါတယ်ရှင် 💜


အားပေးဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ...


See U AGAIN 😘