အခန်း(၈၁)ယာယီအလုပ်
Viewers 43k

အခန်း (၈၁) - ယာယီအလုပ်


နွေစပါးရိတ်သိမ်းချိန် ဖြစ်သောကြောင့် သူတို့စားသောက်သည့် အစားအသောက်များမှာ အတော်လေး ရိုးရှင်းသော်လည်း အာဟာရပြည့်သည်။


သူတို့မှာ နွေဦးပန်ကိတ်တွေ ရှိကြသည်။


နွေဦးပန်ကိတ်တွေကို ထုပ်ပိုးပြီး လင်းချင်းဟယ်က အိမ်မှ ယူဆောင်ခဲ့သည်။


အသားတုံး သေးသေးလေးတွေ၊ မှိုလေးတွေ၊ ကြက်သွန်နဲ့ ကြက်ဥမွှေကြော် ပြီးတော့ သူမ အထူးပြုလုပ်ထားတဲ့ ခရမ်းချဉ်သီးဆော့စ်နဲ့ ရာသီပေါ်ဟင်းသီးဟင်းရွက်တို့ကို အထဲမှာ ထည့်သွင်းထားခဲ့သည်။ ဒီအရသာက အထူးကောင်းမွန်ပြီး စားကောင်းလှသည်။


ဒီဟာကို စွပ်ပြုတ်နဲ့ တွဲဖက်ပြီး စားသောက်ရန်အတွက် လင်းချင်းဟယ်က တစ်ယောက် တစ်ပန်းကန်စီ ယူလာခဲ့သည်။


ထမင်းစားသောက်ပြီးနောက် အနားယူကြသည်။ ထို့နောက် ခူးဆွတ်ထားသော လတ်ဆတ်သည့် ခရမ်းချဉ်သီးကို စားသောက်ခဲ့သည်။ အရသာက အထူးကောင်းမွန်လှသည်။


ဒီဖက်ခြမ်းက အစားအသောက်တွေက ရွာမှာ အကောင်းဆုံးပါပဲ။ ကျိူးအိမ်တော်ဟောင်းက သူတို့နှင့် ယှဉ်ပြိုင်ရန်ပင် မဖြစ်နိုင်ပေ။


ဒုတိယမရီးက သူတို့မိသားစုငါးယောက် နွေဦးပန်ကိတ်များကို ‌ပေါပေါများများ စားသောက်နေတာကို ကြည့်နေခဲ့သည်။ လေအဝှေ့တွင် ထိုအစားအသောက်တွေရဲ့ ရနံ့ဟာ သူတို့ဆီ သယ်ဆောင်လာခဲ့သည်။


"ဒီလောက် ကောင်းကောင်းစားနေရတာကို ဘာဖြစ်လို့ အဖေနဲ့ အမေ့ဆီကို နည်းနည်းလောက်တောင် သူမက လာမပို့ရတာလဲ" ဒုတိယမရီးက သူမရဲ့ပန်ကိတ်ကို ကိုက်ဝါးနေရင်း တတွတ်တွတ်ရွတ်နေသည်။


"သူတို့က အိမ်ခွဲပြီးပြီ၊ နင့်ဟာနင် အေးဆေးစား" အမေကျိုးသည် ပြဿနာရှာချင်နေသော ဒုတိယမရီးကို အကြည့်တစ်ချက် ပစ်ခွင်းလိုက်သည်။


ဒီစကားကြောင့် ဒုတိယမရီး ပါးစပ်ပိတ်သွားသည်။ သူမရဲ့ စိတ်ထဲမှာတော့ ဒီကိစ္စကို အရမ်းမကျေမနပ် ဖြစ်နေသည်။


လင်းချင်းဟယ်သည် ကြာကြာ မနေခဲ့ပေ။ သူမသည် ကျိုးချင်းပိုင်၊ လောင်တနဲ့ လောင်အာ့တို့ကို နေကာခရင်မ် လိမ်းပေးခဲ့သည်။ ဒါက သူမ စုဆောင်းဝယ်ယူထားတဲ့ ပစ္စည်းများထဲမှ ထုတ်ယူထားတာ ဖြစ်သည်။ ဗူးကြီး ၂ဗူး ရှိပါသေးသည်။


ဒီအခိုက်အတန့်မှာ ဒါက အသုံးတည့်သည်။ လောင်တနှင့် လောင်အာ့တို့က ရယ်ကာမောကာဖြင့် ပူးပေါင်းပါဝင်ခဲ့သည်။ လင်းချင်းဟယ်က ဒါကို မတားမြစ်ပေမယ့် လူတိုင်းကို ဦးထုပ်တစ်လုံးစီ သေချာဆောင်းခိုင်းခဲ့သည်။


ကျိုးချင်းပိုင်က အဓိကပင်ဖြစ်သည်။ သူက နေလောင်လွန်း၍ ‌နီရဲနေတာကို မြင်ရသောအခါ လင်းချင်းဟယ်ရဲ့နှလုံးသားလေးဟာ သည်းမခံနိုင်တော့ပေ။


"မင်း ကိုယ့်ကို ဒါတွေ လိမ်းပေးဖို့ မလိုအပ်ဘူး။" ကျိုးချင်းပိုင်က ပြောသည်။


"ကျွန်မမှာ ဒါ အများကြီး မကျန်တော့ဘူး။ နည်းနည်းလေးပဲ ကျန်တော့တာ" လင်းချင်းဟယ် ရှင်းပြသည်။


ကျိုးချင်းပိုင်ရဲ့ မျက်ခုံးတွေက ပြေလျော့သွားခဲ့သည်။


"ရှင် အနားယူလိုက်ဦး" လင်းချင်းဟယ် ပြောသည်။


ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်ပြီး လောတ၊ လောင်အာ့တို့ကတော့ အိပ်ငိုက်နေကြပြီ။

လင်းချင်းဟယ်က ပစ္စည်းများကို သိမ်းဆည်းပြီး လောင်စန်းနှင့် အိမ်ပြန်သွားသည်။ ဒီနေ့က မီးလို တကယ် ပူပြင်းသည်။


ဒါပေမယ့် ဒီလို အရေးကြီးတဲ့ နေ့ရက်မျိုးမှာ ဘယ်သူမှ အနားမယူရဲကြဘူး။ သူတို့က လယ်ကွင်းထဲဆင်းပြီး အမြန် ရိတ်သိမ်းကြသည်။ လင်းချင်းဟယ်က ပျင်းရိပြီး ဘယ်တော့မှ လယ်ထဲ မဆင်းခဲ့ဖူးပေ၊ ဒါ့ကြောင့် လူတိုင်းက ဒါကို ကျင့်သားရပြီး ဘယ်သူမှ ထွေထွေထူးထူး ဝေဖန်ပြောဆိုခြင်း မရှိပေ။


ဟွန်းသံ ကြားလိုက်တာနဲ့ ကျိုးချင်းပိုင်နဲ့ တခြားသူတွေက လယ်ထဲသို့ဆင်းကာ ဆက်လက်ရိတ်သိမ်းကြပြန်သည်။


လောင်တ၊ လောင်အာ့နဲ့ တခြားကလေးတွေက ပိုသက်သာတယ်၊ သူတို့ထံမှ လိုအပ်ချက်တွေက သိပ်မကြီးဘူး။ အလုပ်ရမှတ်များအတွက် အလေးချိန်ဖြင့် တွက်ချက်ထားသော ကောက်နှံများကို ကောက်သိမ်းရန်သာ တာဝန်ရှိသည်။ ဒီကလေးတွေကလည်း အတော်လေး အလုပ်ကြိုးစားကြသည်။

ဒါပေမယ့် သူတို့ ဘယ်လောက်ပဲ တက်ကြွလှုပ်ရှားနေပါစေ၊ နေစောင်းလာတာနဲ့ သူတို့တွေလည်း မောပန်းလာကြသည်။


သူတို့အိမ်ပြန်သည့်အခါတွင် လောင်အာ့သည် သူ့အဖေကျောပေါ်တွင် လိုက်ပါလာခဲ့ရသည်။ သူ အရမ်းပင်‌ပန်းနေမှန်း သိသာပါသည်။


ဒါကို မြင်လိုက်ရတာက လင်းချင်းဟယ်ကို ရုတ်တရတ် ထိတ်လန့်သွားစေသည်၊ သူ အပူရှပ်သွားမှာကို စိုးရိမ်သောကြောင့် "မနက်ဖြန်ကျရင် လောင်အာ့ လိုက်မသွားနဲ့" လို့ ပြောလိုက်သည်။


"ဟင့်အင်း၊ သား လိုက်သွားမယ်" လောင်အာ့က ချက်ချင်း ပြန်ပြောသည်။


"မပင်ပန်းဘူးလား" လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်နေသည်။


"မပင်ပန်းဘူး" လောင်အာ့က ခေါင်းညိတ်ကာ ဆိုသည်။


သူ ဘယ်လိုနေထိုင်မလဲ ဆိုတာကို ဝင်ရောက်မစွက်ဖက်ချင်သောကြောင့် လင်းချင်းဟယ်က လွှတ်ထားလိုက်သည်။ ဒါပေမယ့် သူမက သူ‌့ကို သတိပေးလိုက်သေးသည်။ "အကယ်၍ မင်း ပင်ပန်းတယ်လို့ ခံစားရရင် ချက်ချင်း အနားယူရမယ်၊ နားလည်လား။"


"ဟုတ်၊ သားသိပါတယ်။ သား ကိုယ့်ကိုယ်ကို တွန်းအားမ‌ပေးပါဘူး။ အကယ်၍ သား အပူရှပ်သွားတယ်ဆိုရင် နာကျင်ကိုက်ခဲလိမ့်မယ်" လောင်အာ့ ပြောသည်။


တခြားကလေးတွေ အပူရှပ်သွားကြသည်။ သူတို့ အော့အန်ပြီး ဝမ်းပျက်နေတာကို မြင်ရုံနဲ့ သူ စိတ်မသက်မသာ ဖြစ်မိသည်။


ရိုးရှင်းပြီး အာဟာရပြည့်သော ညစာကို စားပြီးနောက် လင်းချင်းဟယ်သည် မတ်ပဲစွတ်ပြုတ်ကို ထုတ်ယူကာ ရေတွင်းထဲ၌ အအေးခံလိုက်သည်။


ဒါက သကြားခဲနှင့် ချက်ပြုတ်ထားသော မတ်ပဲစွပ်ပြုတ်ဖြစ်၍ ချိုမြမြ ခံစားရပေမယ့် အရသာကတော့ တကယ့်ထိပ်တန်းပင်။


လင်းချင်းဟယ်သည် သူတို့သားအဖတွေကို မတ်ပဲစွပ်ပြုတ် အကြိမ်အနည်းငယ်ခန့် ကျွေးဖို့ ဆုံးဖြတ်ထားသည်။ သူမက ပန်းကန်လုံး နှစ်လုံးကို အပြည့်ဖြည့်၍ လောင်တအား သူ့အဖိုးအဖွားထံ သွားပို့ခိုင်းသည်။


လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောသည်။ "ကျွန်မ ရှင့်အတွက် မနက်ဖြန်ကျရင် မတ်ပဲစွတ်ပြုတ် ထည့်ပေးလိုက်မယ်။ ဒါက အပူဒဏ်သက်သာစေတဲ့နေရာမှာ အကောင်းဆုံးပဲ။"


"ကောင်းပြီ" ကျိုးချင်းပိုင် သဘောတူသည်။


စိတ်ကျေနပ်သွားသည့် လင်းချင်းဟယ်က ဆက်ပြောသည်။ "ရှင် ဒီနေ့ ပင်ပန်းသွားပြီ၊ အနားယူတော့"

ကျိုးချင်းပိုင်က ခေါင်းခါလိုက်သည်၊ သူ ဒီလောက်နဲ့ မပင်ပန်းသွားဘူး။ သူ ဝက်ခြံကို သန့်ရှင်းရေးလုပ်ရန် သွားခဲ့ပေမယ့် သူတို့တွေကို သန့်ရှင်းရေးလုပ်ထားကြောင်း တွေလိုက်ရသည်။


မေးစရာ မလိုအောင်ပင် ဒါကို လင်းချင်းဟယ်က ရှင်းခဲ့တာ ဖြစ်သည်။ ‌ဒီအမျိုးသားအတွက် သူမ အနစ်နာခံခဲ့သည်။


"အခု ကျွန်မ ရှင့်ကို ပြောမယ်၊ ရှင် နွေစပါးရိတ်နေချိန်အတွင်းမှာ ကျွန်မ ဒါတွေကို ဂရုစိုက်ထားလိုက်မယ်၊ တခြားအချိန်တွေကျ ရှင်ကိုယ်တိုင်ပဲ လုပ်ပေါ့" လင်းချင်းဟယ်က ရှင်းပြသည်။


"မင်း ဒါတွေ လုပ်စရာ မလိုပါဘူး၊ ကိုယ်ပြန်ရောက်တာနဲ့ ကိုယ်ပဲ လုပ်ပါ့မယ်" ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်နေသည်။


"ရှင် ဒီလောက် ပင်ပန်းနေတာကို ကျွန်မ ရှင့်ကိုပဲ အကုန်လုပ်ခိုင်းလို့ ဘယ်ဖြစ်မလဲ" လင်းချင်းဟယ်က နှုတ်ခမ်းစူလိုက်သည်။


ကျိုးချင်းပိုင်ရဲ့မျက်ခုံးတွေဟာ ပြေလျော့သွားခဲ့ပြီး သူ့မျက်လုံးထဲတွင် ချိုမြိန်မှုများကိုပင် သူမ ခံစားရနိုင်သည်။


သူ့ရဲ့စူးရှတဲ့အကြည့်တွေကနေ ဒီလိုချိုမြိန်မှုမျိုးကို မြင်ရခဲပါသည်။


"ရှင် အနားယူတော့" လင်းချင်းဟယ်က လက်ဝှေ့ယမ်းကာ ပြောသည်။


သိပ်မကြာခင်မှာပဲ လောင်တ ပြန်ရောက်လာသည်။ ဒီကလေး ဒီနေ့တစ်နေ့လုံး ဟိုလုပ်ဒီလုပ်နဲ့ ခြေကုန်လက်ပမ်းကျနေပြီမို့ လင်းချင်းဟယ်သည် သူတို့ညီအစ်ကိုတွေ ရေချိုးသန့်စင်စေပြီး အနွေးကုတင်ပေါ်သို့ ကစားဖို့ စေလွှတ်လိုက်သည်။ လင်းချင်ဟယ်သည် ညနေခြောက်နာရီခန့်မှာ သူတို့တွေကို မတ်ပဲစွပ်ပြုတ် တစ်ခွက်စီ ပေးလိုက်သည်။


အရမ်းအေးမြတယ်လို့ မဆိုနိုင်ပေမယ့် ရေတွင်းထဲမှာ ထည့်ထားခဲ့သောကြောင့် အေးမြနေဆဲပါပင်။

ထို့အပြင် သကြားခဲပါ ထည့်ထားသောကြောင့် သောက်လိုက်တာနဲ့ ချိုမြမြ အရသာလေးကိုပါ ခံစားရနိုင်သည်။


နောက်နေ့ကစပြီး လင်းချင်းဟယ်သည် ခန့်မှန်းခြေအားဖြင့် မနက်ဆယ်နာရီခန့်တွင် မတ်ပဲစွပ်ပြုတ်ကို ပို့ပေးသည်။


ဒါပေါ့၊ သူမက ဒါကို အဖေကျိုးနဲ့ အမေကျိုးတို့ဆီ ပို့ပေးဖို့ကိုလည်း မမေ့ခဲ့ပါဘူး။ 


အခြားသူတွေကိုတော့ လင်းချင်းဟယ်က ဂရုမစိုက်ပေးနိုင်ဘူး။


မျှော်လင့်ထားတဲ့သလိုပဲ၊ ဒုတိယမရီးက လူကြီးတွေကျ ပို့ပေးပေမယ့် ကလေးတွေအတွက်ကို နည်းနည်းလေးတောင် ပို့မပေးနိုင်တဲ့အတွက် ချဉ်စူးနေသည့် အသံတွေ ထွက်လာခဲ့သည်။


အကြီးဆုံးမရီးက အိမ်တွင် ထမင်းချက်ရင်း ကလေးထိန်းရသလို တတိယမရီးကလည်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ပြီ ဖြစ်သည်။


အကြီးဆုံးမရီး ကလေးမွေးထားတာ နှစ်လ သုံးလခန့်သာ ကြာသေးသောကြောင့် ယခုကဲ့သို့ ပျားပန်းခတ်မျှ လုပ်ရှားရသည့် လုပ်ငန်းခွင်သို့ မဝင်ရောက်သင့်သေးပေ။ သူမသည် မိသားစုအတွက် ချက်ပြုတ်သည့်တာဝန်ကို ယူရပြီး အိမ်တွင် ကလေးတွေကို ကြည့်ရှုထိန်းကျောင်းရသည်။


ဒီတစ်ကြိမ်မှာတော့ အကြီးဆုံးမရီးသည်လည်း သားတစ်ယောက် မွေးဖွားခဲ့သည်။


လင်းချင်းဟယ်သည် အကြီးဆုံးမရီး ကလေးဖွားမြင်သည့်အခါမှာလည်း တွန့်တိုခြင်း မရှိခဲ့ပေ။ ကလေးအတွက် နို့ထွက်များစေရန် ဝက်ခြေထောက်နှစ်ချောင်းကို မြေပဲဖြင့် ချက်ပြုတ်စားဖို့ ပေးခဲ့သည်။


တတိယမရီးက ဒုတိယမရီး ပြောဆိုနေတာတွေကို ကြားပေမယ့် အရေးမစိုက်ခဲ့ပေ။


သူတို့က အိမ်ခွဲ‌သွားပြီးကြပြီ။ ဒီစတုတ္ထခယ်မ လင်းချင်းဟယ်သည် သက်ကြီးရွယ်အိုများအတွက် သိတတ်မှုကြောင့် ပေးပို့နိုင်သည်၊ အဲ့တာတင် တော်ရောပေါ့။ တခြားသူတွေအတွက် သူမမိသားစုရဲ့ပစ္စည်းတွေကို သုံးစေချင်တာလား။ ဒါက မဖြစ်နိုင်ဘူး။


အမေကျိုးသည် အကြီးဆုံးချွေးမဖြစ်သူအား မတ်ပဲစွပ်ပြုတ်‌ ချက်ပြုတ်ပြီး စတုတ္ထ‌ရဲ့ဇနီးကို ပြန်လည်ပို့ပေးရန် ညွှန်ကြားခဲ့သည်။


ဒုတိယမရီးဖြစ်သူက ထပ်မံ၍ ငြူစူပြောပြန်သည်။ "အဖိုးအဖွားကြီးနှစ်ယောက်က စတုတ္ထရဲ့ မိသားစု ဆင်းရဲတွင်းနက်မှာကို စိုးရိမ်နေတာလား။"


ဒီတစ်ခါတော့ တတိယမရီးဖြစ်သူက မနေနိုင်တော့ပဲ အကြီးဆုံးဖြစ်သူအား ဒီအကြောင်းကို ပြောပြလိုက်သည်။


"ချင်းဟယ်က အဖေနဲ့ အမေတို့ သောက်ဖို့ နည်းနည်းလောက် ပို့ပေးတာကို ကလေးတွေအတွက် မပါလို့ ငြူစူတယ်။ အခု အမေက တစ်မိသားစုလုံးစာ မတ်ပဲစွပ်ပြုတ်ကို ချက်ပြုတ်ခိုင်းတော့ သူမက မကျေနပ်ပြန်ဘူး။ သူမက နောက်ကွယ်မှာ တစ်နေကုန် ငြူစူပြော‌ဆိုနေတော့တာပဲ။" တတိယမရီးက ရင်ဖွင့်သည်။


"ဘယ်သူ သိမှာလဲ။ ငါ မနေ့တုန်းက ထောင်ကျီရဲ့အမေ့ဆီကနေ ဝမ့်လင်းက ချင်းဟယ်ကို အနိုင်ကျင့်ဖို့ လုပ်ခဲ့ပေမယ့် ချင်းဟယ်က သူမကို ဒေါသတကြီးနဲ့ ပြန်သွားစေခဲ့တယ်။ ဝမ့်လင်းက သူမနဲ့ ဆက်ဆံရေးကောင်းတယ်လေ။" အကြီးဆုံးမရီးရဲ့ နှုတ်ခမ်းတွေဟာ ကွေးညွှတ်သွားသည်။


"အဲ့မိန်းမက တော်တော်လျှာရှည်တဲ့ မိန်းမပဲ၊ သွားလေရာ နေရာတိုင်းမှာ သူမရဲ့ အပုတ်အသိုးသတင်းတွေပဲ ကြားနေရတယ်။" တတိယမရီးက အထင်အမြင်သေးစွာ မှတ်ချက်ပြုသည်။


"အဲ့တာကို စိတ်ထဲထားမနေနဲ့။ အများဆုံးမှ သူမ ဒါကို တိုးတိုးတိတ်တိတ်သာ ပြောရဲလိမ့်မယ်။ သူမသာ ပြောရဲရင် ချင်းဟယ်ကို မျက်နှာချင်းဆိုင်ပြီး သွားပြောလိမ့်မယ်၊ အဲ့ကျရင် ချင်းဟယ် သူမကို ဘယ်လိုပြန်ပြောမလဲ ဆိုတာကို မြင်ချင်ပါသေးတယ်။" အကြီးဆုံးမရီးက ကောက်ချက်ချသည်။

တတိယမရီးမှာ မည်သည့်စကားကိုမျှ ထပ်မပြောတော့ချေ၊ ဒီနွေစပါးရိတ်သိမ်းချိန်ဟာ အလွန်မောပန်းလှသည်။


နွေစပါးရိတ်သိမ်းချိန်တွင် အလုပ်အရမ်းရှုပ်နေသောကြောင့် လင်းချင်းဟယ်သည် ခရိုင်မြို့ပေါ်သို့တက်ကာ ဝက်သားမရောင်းခဲ့ပေ။ နေ့တိုင်းစုဆောင်းထားသည့် ဝက်သားများကို နေရာလွတ်ထဲတွင် သိမ်းဆည်းထားခဲ့သည်။


ဒီရိတ်သိမ်းချိန်ပြီးမှ ဝက်သားတွေ ရောင်းချဖို့ သူမ မြို့ပေါ်ကို သွားရမယ်။


မိန့်ကျဲသည် အခုအလုပ်ကနေ ထွက်သွားခဲ့သည်။ ထိုအခါမှသာ လင်းချင်းဟယ်သည် သူမက ယာယီအလုပ်သမားတစ်ဦးသာ ဖြစ်ကြောင်းကို သိရှိခဲ့သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်က မိန့်ကျဲကို အရင်က မတွေ့ဖူးတာ အံ့ဩစရာ မဟုတ်ပါဘူး။