အခန်း(၈၀)နွေစပါးရိတ်သိမ်းခြင်း
Viewers 38k

အခန်း (၈၀) - နွေစပါးရိတ်သိမ်းခြင်း


“စတုတ္ထယောင်းမ နင် ဘယ်လိုလုပ်ပြီး သိနေရတာလဲ။” ကျိုးရှောင်မိန်ရဲ့ပါးပြင်တွေဟာ နီမြန်းလာခဲ့သည်။


“ငါ သူ့ကို နင် မနက်ဖြန် အားလပ်ရက်ရတဲ့အကြောင်း ဘာဖြစ်လို့ ပြောခဲ့တာလို့ ထင်လဲ။ သူ မနက်ဖြန်ကျ နင့်ကို လာခေါ်တဲ့အခါကျရင် နင် ဒီအကြောင်းကို လေးလေးနက်နက် စဥ်းစားကြည့်သင့်တယ်။ သူ နင့်ကို လာမခေါ်ဘူးဆိုရင် သူက အရမ်းပိန်းလွန်းပြီးတော့ နင်တို့ရဲ့ဆက်ဆံရေးကို သူ့ဦး‌လေးကို အသိပေးထားရဲ့လား‌တောင် မသေချာဘူး။” လင်းချင်းဟယ်က သူမ ပြောစရာရှိတာ ပြောပြီးနောက် ပြန်သွားခဲ့သည်။


လင်းချင်းဟယ်သည် ညဖက်အိပ်ရာဝင်သောအခါတွင် ကျိုးချင်းပိုင်အား စုတာ့လင်းအကြောင်းကို ပြောပြခဲ့သည်။


“တော်‌တော်အဆင်ပြေတဲ့ ကောင်လေးပဲ။ ရှင့်ထက် ၇လက်မလောက် အရပ်ပုတယ်။” ကျိုးချင်းပိုင်ရဲ့ အရပ်ဟာ ၆ပေ ၁လက်မနီးပါးရှိပြီး အစာရေစာရှားပါးသော ဒီခေတ်တွင် ရှားပါးလှသည့် အရပ်မျိုးဖြစ်သည်။


“သူ့မျက်နှာအသွင်အပြင်က တော်တော်လေး ကြည့်ကောင်းတယ်။ နှာတံမြင့်မြင့်နဲ့ အနည်းငယ်နုံအတဲ့ပေါ်တယ်၊ သူ့မျက်လုံးတွေကတော့ ပုံမှန်မြင်နေကြ အဖြူအမည်းမျက်လုံးတွေနဲ့ ကွဲပြားခြားနားတယ်။ ကြည်လင်ပြီး မရိုးမဖြောင့်ဟန်မရှိဘူး။” လင်းချင်းဟယ်က ဆက်ပြောသည်။


ကျိုးရှောင်မိန်အနားမှာ သူမသာ ရှိနေရင် သူမရဲ့မျက်နှာကြောင့် အခြားလူငယ်တွေက ကျိုးရှောင်မိန်ကို မမြင်နိုင်ကြဘူး။ ဒါပေမယ့် စုတာ့လင်းကတော့ သူ့မျက်လုံးထဲတွင် သူမရဲ့ တည်ရှိမှုကို မမြင်နိုင်ခဲ့ဘူး။ သူ့မျက်လုံးထဲတွင် ကျိုးရှောင်မိန်တစ်ဦးတည်းသာ ရှိနေခဲ့သည်။


“သူက နည်းနည်းတော့ စကားထစ်ပေမယ့် ဒါက နေထိုင်မှုဘဝအတွက် အရမ်း အရေးမကြီးပါဘူး။ အနာဂတ်မှာ သူတို့ ရန်ဖြစ်ရင်တော့ ရှောင်မိန် ဆယ်ခွန်းပြောမှ သူ တစ်ခွန်းလောက်ပဲ ပြောနိုင်လိမ့်မယ်။ ကျွန်မကို ရှောင်မိန်က သူ့အိမ်အခြေအနေကလည်း အဆင်ပြေတယ်လို့ ပြောတယ်။ သူ့အိမ်က လေးဆယ်စတုရန်းမီတာခန့် ရှိတယ်လို့ ကြားရတယ်။” ကျိုးရှောင်မိန်က ပြောသည်။

 

ဒီဖက်ခေတ်အိမ်အရွယ်အစားကို အနာဂတ်မျိုးဆက်သစ်တွေရဲ့ အမြင်နဲ့ ကြည့်ပြီး မဆုံးဖြတ်ကြပါနဲ့။ အဲ့ဒီအချိန်တုန်းက လေးဆယ်စတုရန်းမီတာ အကျယ်အဝန်းခန့်ဆိုရင် မိသားစုကြီးတစ်ခုလုံး အတင်းကြပ်သိပ်နေထိုင်နိုင်သည်။


ဒါကိုကြည့်လျှင် စုတာ့လင်းရဲ့ လေးဆယ်စတုရန်းမီတာ ကျယ်ဝန်းသော အိမ်ကြီးသည် မည်မျှကြီးမားပြီး အဖိုးတန်ကြောင်းကို သိမြင်နိုင်သည်။


“သူ့က တစ်လကို ၃၄ယွမ်လောက်ရတယ်။” သူ့လစာသည် ကျိုးရှောင်မိန်ရဲ့လစာထက် နှစ်ဆမြင့်မားသည်။


ကျိုးရှောင်မိန်ဟာ အလုပ်သမားအသစ်ဖြစ်သောကြောင့် အခုနှစ်တွင် လစာအနည်းငယ် တိုးသွားခဲ့သော်လည်း ၁၇ယွမ်သာ ရရှိသေးသည်။ စုတာ့လင်းဟာ အဖွဲ့ခေါင်းဆောင် စဖြစ်ကတည်းက ၃၄ယွမ်ရရှိခဲ့တာဖြစ်ပြီး သူ အလုပ်လုပ်နေခဲ့တာ ကြာပါပြီ။


သူမတို့မိသားစုလို မိသားစုဝင် ငါးယောက်ရှိတဲ့ အိမ်ထောင်စုတစ်စုတောင် တစ်လကို ဆယ်ယွမ်နဲ့ ကောင်းကောင်းမွန်မွန် စားသောက်နေနိုင်သည်။ ဒါပေါ့၊ ဒီနှုန်းထားက ဒီခေတ်အချိန်အခါရဲ့ နှုန်းထားပင်ဖြစ်သည်။


လင်းချင်းဟယ်ရဲ့ စံနှုန်းအတိုင်း အသုံးပြုမယ်ဆိုရင်တော့ သူမ ထိုအသုံးစရိတ်ထဲ နောက်ထပ်ဆယ်ယွမ်ခန့် ပေါင်းထည့်ရမည်။ ယွမ် ၂၀လောက်မှ သူမတို့မိသားစု သက်တောင့်သက်သာ နေထိုင်စားသောက်ဖို့ လုံလောက်သည်။


အရင်က သူမ ပိုက်ဆံတွေ အရမ်း အကုန်မြန်နေတယ်လို့ ခံစားခဲ့ရပေမယ့် အခု လင်းချင်းဟယ်မှာ ငွေရှာနည်းတစ်ခု ရှိနေခဲ့ပြီ။ 


မိန့်ကျဲတို့လင်မယားထံမှ ဝက်သားယူရောင်းတာက သူမကို တစ်ခါရောင်းလျှင် လေးယွမ်ဝန်းကျင် ရနိုင်သည်။


မှောင်ခိုစျေးကွက်တွင် အသားဝယ်ချင်လျှင် အသားကူပွန်လက်မှတ်များ မလိုအပ်ပါ။ သူမသည် ဒီအသားများကို ကောက်ပဲသီးနှံကူပွန်လက်မှတ်အချို့ဖြင့် လဲလှယ်နိုင်ပြီးတော့ ထိုအဖိုးနှုန်းထားမှာ သင့်တော်နေဆဲဖြစ်သည်။ အသားတစ်ကျင်းလျှင် ၁ယွမ် ပြား၅၀မှ တစ်ယွမ် ပြား၆၀အထိ အမြတ် ရရှိနိုင်သည်။


သုံးရက်တစ်ကြိမ် အသားငါးကျင်းခန့် စုဆောင်းနိုင်သည်။ အခြားအတိုအစများ အပါအဝင်ဆို ၇ကျင်းခန့် ရရှိသည်။


မိန့်ကျဲကို အမြတ်အချို့ ခွဲဝေပေးပြီးနောက် သူမက တစ်ကျင်းလျှင် တစ်ယွမ်ခန့် ရရှိသေးသည်။ သူမသည် တစ်ခေါက်လျှင် ငါးယွမ်အထိ ဝင်ငွေရရှိသည်။

 

အကြိမ်တိုင်း လေးယွမ်ခန့် ရရှိနိုင်ပြီး သုံးရက်တစ်ကြိမ် ရောင်းချတာ ဖြစ်သည့်အတွက် တစ်လလျှင် ယွမ်လေးဆယ်ခန့် အသားတင်အမြတ်ကျန်သည်။


ဒါပေါ့၊ လင်းချင်းဟယ်က ဝက်သားများကို ရောင်းချရာတွင် အလွန်သတိထားရသည်။ သူမသည် ဝယ်သူများကို အထူးသဖြင့် အမျိုးသမီးကြီးများကိုသာ ရှာဖွေခဲ့သည်။ ဒီအမျိုးသမီးကြီးများ၏ အိမ်တွင် များသောအားဖြင့် လူဦးရေ ပေါများပြီး ဒုက္ခမပေးတတ်ကြပါ။ သူမထံမှ ဝက်သားများကို ဖလှယ်ဝယ်ယူပြီး ပြောဆိုဆက်ဆံရာတွင်လည်း ပိုဂရုစိုက်ကြသည်။


တစ်လအတွင်း သူမ ဒီလောက်ဝင်ငွေ ရရှိခဲ့သည်။ သူမရဲ့ ကိုယ်ပိုင်အသုံးစရိတ်က မြင့်မားနေရင်တောင် သူမ ဝင်ငွေ အများကြီး စုဆောင်းနိုင်သေးသည်။


လင်းချင်းဟယ်က တော်တော်လေး စိတ်ကျေနပ်သွားသည်။ ထို့အပြင် သူမဟာ ငွေစုဖို့ ကြိုးပမ်းချင်သည်။ ဒီနည်းဖြင့် ငွေစုဆောင်းတာက ဝက်သားမှောင်ခိုရောင်းချတာကို ဆက်မလုပ်နိုင်တော့ဘူး ဆိုရင်တောင်မှ သူမမှာ စုဆောင်းထားတာ ကျန်ရှိနေမည် ဖြစ်သည်။ သူမမှာ အရင်းအနှီး လုံလုံလောက်လောက် ရှိလာလိမ့်မည်။


ဒါတွေက ဝေးကွာလွန်းပါသေးသည်၊ ကျိုးရှောင်မိန်ရဲ့ အကြောင်းကို ပြန်သွားကြရအောင်။


သူမ ပြောတာကို နားထောင်ပြီးနောက် ကျိုးချင်းပိုင်က ပြောသည်။ “သူက ကောင်းတယ်လို့ မင်းထင်ရင် အဆင်ပြေတာပေါ့။”


“ရှင်က ကျွန်မအမြင်ကို အရမ်းယုံကြည်တယ်ပေါ့လေ။” လင်းချင်းဟယ်က သူ့ကို အားရပါးရပြုံးပြရင်း ပြောသည်။


ကျိုးချင်းပိုင်ရဲ့ နှုတ်ခမ်းတွေက အသာအယာ ကွေးညွှတ်သွားကာ သူမအား တိတ်တဆိတ် ကြည့်နေခဲ့သည်။ လင်းချင်းဟယ်သည် ကျိုးချင်းပိုင်က ပြုံးရယ်ခဲသော်လည်း သူ့အပြုံးက အတော်လေး စွဲမက်ဖွယ်ကောင်းမှန်း တွေ့ရှိခဲ့သည်။

 

“ကျွန်မသာ အထင်မှန်တယ်ဆိုရင် ရှောင်မိန်က ဒီနှစ်ထဲ လက်ထပ်ဖြစ်လောက်တယ်။ ကျွန်မတို့မှာ ပစ္စည်းတွေ အများကြီး မရှိပေမယ့် ကျွန်မတို့က သူမရဲ့ သတို့သမီးခန်းဝင်ပစ္စည်းထဲကို စောင်အသစ်တစ်ထည်လောက် ထပ်ထည့်ပေးကြမယ်လေ။” လင်းချင်းဟယ်က တွေးဆပြောဆိုသည်။


ဒီခေတ်အချိန်အခါတွင် စောင်အသစ်တစ်ထည်သည် အလွန်ထူးကဲကောင်းမွန်သော ပစ္စည်းတစ်မျိုးဖြစ်သည်။ ထို့အပြင် သမီးယောင်းမနှစ်ဦးအကြား ဆက်ဆံရေး မည်မျှကောင်းမွန်ကြောင်းကို အထူးပြသနိုင်သည်။ မဟုတ်လျှင် ဘယ်ယောင်းမကများ စောင်တစ်ထည်ကို လက်ဖွဲ့မှာလဲ။


“မင်းပဲ ဆုံးဖြတ်ပါ။” ကျိုးချင်းပိုင်သည် အိမ်မှုကိစ္စအဝဝကို ဖြေရှင်းရာတွင် မည်သည်ကိုမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။


လင်းချင်းဟယ်က သူ့ခါးကို ပွေ့ဖက်ပြီး မှတ်ချက်ပြုသည်။ “ရှင် ဒီအတောအတွင်း ကိုယ်အလေးချိန် အများကြီး ကျသွားတယ်။”


သူမသည် သူ့ကို ဆောင်းရာသီတွင် ကျန်းမာဝဖြိုးပြီး သန်မာအောင် ကောင်းစွာ ကျွေးမွေးပြုစုထားသည်။ အခုလို နွေရာသီနေ့ရက်တွေကို ရောက်ရှိသွားချိန်မှာတော့ သူ့ကိုယ်အလေးချိန်က သိသိသာသာ ကျဆင်းသွားခဲ့သည်။


“ကိုယ် သိပ်မကျသွားပါဘူး” ကျိုးချင်းပိုင်က သူ့ခေါင်းကိုယမ်းပြီး သူ သန်မာသေးကြောင်း ပြောလိုက်သည်။


“ဇနီးလေး မင်း ခန္ဓာကိုယ်ပြန်သက်သာလာပြီလား။” ကျိုးချင်းပိုင်က အက်ကွဲနေသောအသံဖြင့် ထပ်မံစကားဆိုလိုက်ပြန်သည်။


လင်းချင်းဟယ်က ချောင်းခြောက်ဆိုးကာ “ကျွန်မ သိပ်မသက်သာသေးဘူး” ဟု ပြန်ဖြေသည်။


ကျိုးချင်းပိုင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ လင်းချင်းဟယ်က တခစ်ခစ်ရယ်ရင်း သူ့ရင်ဘတ်ကို တွန်းထုတ်လိုက်သည်။ “ရှင် အခု ဘာဖြစ်လို့ အရမ်းမတော်တရော် ဖြစ်နေရတာလဲ။”


ကိုယ် မင်းကို ဘယ်တုန်းက မတော်တရော် ဆက်ဆံလို့လဲ။


ကျိုးချင်းပိုင်က သူ့မျက်ခုံးကိုပင့်ပြီး သူ့အကြည့်တွေက ဒီအဓိပ္ပာယ်ကို ထုတ်ဖော်လိုက်သည်။


လင်းချင်းဟယ်က ဒါကို နားလည်သဘောပေါက်ပြီး အပြုံးသဲ့သဲ့ဖြင့် ပြန်တုံ့ပြန်သည်။ “ရှင် အရင်ပြန်လာတုန်းက ကျွန်မ ရှင့်ကို ဘေးအခန်းမှာ အိပ်ဖို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ ရှင် အရမ်းသဘောတူလက်ခံပေးခဲ့တာ မဟုတ်ဘူးလား။ ရှင် ကျွန်မကို စိတ်မဝင်စားဘူးလို့ ကျွန်မ ထင်နေခဲ့တာ။”


ကျိုးချင်းပိုင်ဟာ ကူကယ်ရာမဲ့သွားသည်။


အဲ့တာကို ဘယ်လိုပြောနိုင်ပါ့မလဲ။ သူ ပြန်လာတုန်းက သူ့ရဲ့ အကြီးမားဆုံးဆန္ဒကတော့ သူမနဲ့ အဆင်ပြေပြေ နေနိုင်သွားဖို့ပါပဲ။


လူသားတွေရဲ့ စိတ်ဆန္ဒဟာ အမြဲတမ်း တစ်ဆ တစ်ဆ တိုးပွားလာလိမ့်မည်။ သူမက ဒေါသကြီးသော်လည်း သူ့အပေါ် ဂရုစိုက်မှု မပျက်ကွက်ခဲ့ပေ။ အဲ့ဒီအချိန်တုန်းက သူမက သူ့အပေါ် ဟက်ဟက်ပက်ပက် သိပ်မရှိလှသော်လည်း အရင်ကနဲ့ မတူညီကွဲပြားကြောင်းကို သူ ခံစားနိုင်ခဲ့သည်။


ထို့ကြောင့် သူသည် သူမနှင့် ဘယ်အချိန်ကစပြီး ရင်းနှီးချင်လာမှန်း မသိခဲ့ဘူး။


“ကဲ မြန်မြန်အိပ်တော့။ နောက်လဆို နွေစပါးရိတ်သိမ်းချိန် ရောက်ပြီ။ ရှင့်ရဲ့ခွန်အားတွေကို သိမ်းထားရမယ့်အစား ဖြုန်းတီးမနေနဲ့။” လင်းချင်းဟယ်က တိုက်တွန်းသည်။


ကျိုးချင်းပိုင်က သူမကို ဖက်ပြီး မှိန်းစက်လိုက်သည်။


ယခုအချိန်က မေလပင် ဖြစ်သည်။


မေလတွင် ရာသီဥတုက ပိုပူနွေးလာပြီး စပါးခင်းထဲမှ လယ်ငါးလေးများနှင့် ငါးရှဥ့်များ ထွက်လာခဲ့ကြသည်။


ကျိုးချင်းပိုင်ဟာ အလုပ်များနေခဲ့ပြီး သူက မကြာခဏဆိုသလိုပင် လယ်ငါးများနှင့် ငါးရှဥ့်များကို အိမ်သို့ ပြန်ယူလာခဲ့သည်။ သူတင် မကပါဘူး၊ လောင်တကလည်း လယ်ငါးလေးများ ဖမ်းဆီးရတာကို သဘောကျနှစ်ခြိုက်သည်။


သူလေးက ပျော်ရွှင်စွာဖြင့် ရေပုံးတစ်ပုံးကို ယူသွားခဲ့သည်။ လောင်အာ့နှင့် လောင်စန်းတို့ကလည်း သူ့နောက်မှ လိုက်ပါသွားခဲ့ကြသည်။ ရေက သိပ်မနက်ပဲ ရွှံ့တူးမြောင်းထဲမှာ အားလုံးရှိနေသောကြောင့် လင်းချင်းဟယ်က သူတို့ကို လွှတ်ထားလိုက်သည်။ ဒါပေမယ့် လောင်တကို သူ့ညီလေးများအား ရံဖန်ရံခါ ဂရုတစိုက် ကြည့်ရှုစောင့်‌ရှောက်ပေးဖို့ မှာကြားခဲ့သည်။ လောင်တက အရမ်းတာဝန်ယူမှုရှိတဲ့ ကောင်လေးတစ်ယောက်ပင် ဖြစ်သည်။


သူတို့ အိမ်ပြန်ယူလာတဲ့ လယ်ငါးတွေကို ရေဇလုံတစ်ခုထဲ တစ်ညလောက် ထည့်ထားလိုက်ရင် နောက်တစ်နေ့ စားနိုင်ပြီဖြစ်သည်။


လယ်ငါးနဲ့တို့ဟူး ဒါမှမဟုတ် လယ်ငါးအိုးကပ် ဒါမှမဟုတ် လယ်ငါးဟင်းတို့ ချက်ပြုတ်စားနိုင်သည်။ ရွှံ့နွံ့နံ့တွေကို သဘောမကျတဲ့ ကျိုးချင်းပိုင်အပါအဝင် သူတို့အားလုံးဟာ ဒီဟင်းလျာတွေကို နှစ်ခြိုက်ကြသည်။


မျက်စိတစ်မှိတ်အတွင်း ဇွန်လသို့ ချဥ်းနင်းဝင်ရောက်လာခဲ့ပြီ။


အခုလကုန်လောက်တွင် နွေစပါး ရိတ်သိမ်းချိန် စတင်တော့မည် ဖြစ်သည်။


ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက မိုးရွာသွန်းခဲ့ပြီး မိုးက တော်တော်ကြီးသည်။


 “ဒီမိုးက နွေစပါးရိတ်သိမ်းမှုအပေါ် သက်ရောက်မှု ရှိနိုင်လား။” လင်းချင်းဟယ် မေးသည်။


“မရှိဘူး။” ကျိုးချင်းပိုင်က မိုးရွာသောနေ့များတွင် အလုပ်သွားရန် မလိုအပ်သောကြောင့် အိမ်မှာ ရှိနေသည်။


 “အဲ့တာဆို တော်သေးတာပေါ့၊ မဟုတ်ရင် ကျွန်မတို့မှာ စားစရာ ရှိမှာ မဟုတ်ဘူး။ ဒီကောက်ပဲသီးနှံတွေအပေါ် ကျွန်မတို့ မှီခိုနေရတာလေ။” လင်းချင်းဟယ်က မှတ်ချက်ပြုသည်။

 

ဒါပေမယ့် ဘုရားသခင်က သူ့ရဲ့လှပတဲ့အလုပ်ကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။ မိုးက ၇ရက် ၈ရက်လောက် ရွာသွန်းခဲ့သည်။ ဇွန်လလောက်မှ ရာသီဥတုက ပြန်သာယာလာခဲ့သည်။


ပို၍အရေးကြီးသည်မှာ နေသာသောနေ့များ ရရှိလာခဲ့ပြီ။


နွေစပါးရိတ်သိမ်းချိန်ဟာ ဇွန်လကုန်ချိန်ထိတိုင် ကြာမြင့်ခဲ့သည်။


နွေစပါးရိတ်သိမ်းခြင်းကဲ့သို့သော အရေးကြီးသောနေ့ရက်များတွင် လင်းချင်းဟယ်မှလွဲ၍ တစ်ရွာလုံး ပါဝင်ကြရသည်။ ကောက်ပဲသီးနှံများကို စုဆောင်းပေးရာမှ သူတို့ဟာ ရမှတ်များကို စု‌ဆောင်းရယူနိုင်သောကြောင့် လောင်တနှင့် လောင်အာ့တို့လည်း ပါဝင်ခဲ့ကြသည်။


လင်းချင်းဟယ်က အိမ်တွင် အိမ်မွေးတိရိစ္ဆာန်များကို ပြုစုကျွေးမွေးပြီးနောက် အစားအသောက်များကို ချက်ပြုတ်ပြင်ဆင်ကာ လောင့်စန်းကိုချီပြီး ယူဆောင်လာခဲ့သည်။ သူမတို့တစ်မိသားစုလုံးဟာ သစ်ပင်အောက်တွင် ပျော်ပွဲစားထွက်သလို စားသောက်နေခဲ့ကြသည်။