အခန်း(၇၉)အနည်းငယ်စကားထစ်ခြင်း
Viewers 43k

အခန်း (၇၉) - အနည်းငယ် စကားထစ်ခြင်း


အမှန်အတိုင်းပြောရရင် ကျိုးရှောင်မိန်ဟာ ဒီအတောအတွင်း သင့်တော်တဲ့သူတစ်ယောက်ကို ရှာတွေ့ခဲ့သည်။


“သူက အသက်နည်းနည်းကြီးတယ်။ ဒီနှစ်ထဲ ၂၉နှစ်ပြည့်ပြီ။ သူက တစ်ဦးတည်းသောသားပဲ။ သူ့မိဘတွေက ကွယ်လွန်သွားပြီးတော့ အိမ်ပိုင်ရှိတယ်။ သူက အရမ်းရိုးသားပေမယ့် နည်းနည်းတော့ စကားထစ်တယ်။”


“စကား နည်းနည်းထစ်တာလား” လင်းချင်းဟယ်က သူမကို ကြည့်လိုက်သည်။


“အင်း၊ စကားနည်းနည်းထစ်တာ၊ အရမ်း စကားထစ်နေတာမျိုးတော့ မဟုတ်ဘူး။ သူ့ဦးလေးက အထည်ချုပ်စက်ရုံရဲ့ ဒါရိုက်တာဖြစ်ပြီးတော့ သူကတော့ အထည်ချုပ်စက်ရုံက အဖွဲ့ခေါင်းဆောင်တစ်ယောက်ပဲ။” ကျိုးရှောင်မိန်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။


“၂၉နှစ်ဆိုတော့ အသက်သိပ်မကြီးသေးပါဘူး၊ သူ့အခြေအနေကလည်း မဆိုးဘူး။ သူက ဒီအသက်အရွယ်အထိ ဘာလို့ လက်မထပ်သေးတာလဲ။” လင်းချင်းဟယ်က သူမကို ကြည့်လိုက်သည်။


“သူက ကျန်းမာရေးကောင်းပြီး ဖျားနာတာမျိုး လုံးဝမရှိဘူး။ သူ စကားထစ်တာက မကောင်းတဲ့အရာတွေကို ဆောင်ကျဥ်းလာစေပြီး သူ့ကြောင့် သူ့မိဘတွေ စောစောစီးစီး ကွယ်လွန်သွားခဲ့ရတာလို့ လူတွေ ထင်နေကြတယ်။ ဒါ့အပြင် သူ့မှာ ကျောထောက်နောက်ခံပြုပေးမယ့် ညီအစ်ကို မောင်နှမတွေလည်း မရှိဘူး၊ သူ့မှာ သူ့ဦးလေးတစ်ယောက်ပဲ ရှိတာ။” ကျိုးရှောင်မိန်က ရှင်းပြသည်။


ဒီနေ့ခေတ်ဟာ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲစပြုပေမယ့် အယူသည်းမှုအချို့ကတော့ ကျန်ရှိနေဆဲပဲ။


သူက စကားထစ်ပြီး မိဘမဲ့ဖြစ်ကာ အိမ်တွင် တစ်ဦးတည်းသား ဖြစ်သည်။ ဒါ့ကြောင့် သူ့မှာ အိမ်နဲ့ အလုပ်အကိုင် ရှိရင်တောင် မြို့ကမိန်းကလေးတွေက သူ့ကို အထင်မြင်သေးကြသည်။


အခြားတစ်ဖက်၌ သူဟာ ကျေးလက်မှ မိန်းကလေးများကိုလည်း တကယ် သဘောမကျသောကြောင့် အခုအချိန်ထိ တစ်ကိုယ်တည်း ဖြစ်နေခဲ့တာ ဖြစ်သည်။


“နင်တို့နှစ်ယောက် ဘယ်လိုတွေ့ခဲ့တာလဲ” လင်းချင်းဟယ်က မေးသည်။


စားသောက်ကုန်စက်ရုံသည် အထည်ချုပ်စက်ရုံနှင့် အနည်းငယ်ဝေးသည်။


“ငါ အားလပ်ရက် တစ်ရက် ကျန်သေးတာ နင်သိတယ်မလား။ ငါ တခြားဘာမှလုပ်စရာ မရှိတော့ စျေးဝယ်ထွက်ခဲ့တယ်လေ။ ငါ ပန်းခြံမှာ နှာဘူးနှစ်ကောင်နဲ့ ဝင်တိုက်မိတော့ သူက ဝင်ကူညီပေးပြီး အဲ့လူတွေကို မောင်းထုတ်ပေးခဲ့တယ်။” ကျိုး‌ရှောင်မိန်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ဝန်ခံလိုက်သည်။


လင်းချင်းဟယ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “နင် သူနဲ့သိတာ ဘယ်လောက်ကြာပြီလဲ။”


“လဝက်လောက်ရှိပြီ။ ငါ မနေ့က သူနဲ့အတူ ရုပ်ရှင်သွားကြည့်ခဲ့တယ်။ သူက ငါတို့ အဆောင်ပြန်လာတဲ့လမ်းမှာ ငါ့ကို ဖွင့်ပြောခဲ့တယ်၊ သူက ငါ သဘောတူလိမ့်မယ်လို့ မျှော်လင့်ပါတယ်တဲ့။” ကျိုးရှောင်မိန်ရဲ့ ပါးပြင်ဟာ အနည်းငယ် ရှက်သွေးဖြာသွားခဲ့သည်။


လင်းချင်းဟယ်သည် သူက ကျိုးရှောင်မိန်ဟာ ကျေးလက်ဒေသမှ မိန်းကလေးဖြစ်ကြောင်းကို သူ သိရဲ့လား ဆိုတာကို စစ်ဆေးမေးမြန်းခဲ့သည်။


ကျိုးရှောင်မိန်က သူမ အဲ့အကြောင်းကို ပြောခဲ့ဖူးကြောင်း ရှင်းပြခဲ့သည်။ တစ်ဖက်လူက သူ ဒါတွေကို ဂရုမစိုက်ဘူး သူမ ဖြစ်နေရင်ကို သဘောကျတာ ဖြစ်ကြောင်းဟု ပြောခဲ့တယ်လို့ လင်းချင်းဟယ်အား ကျိုးရှောင်မိန်က ပြောပြခဲ့သည်။


“အခုအချိန်လောက်ဆို သူ အလုပ်ဆင်းလောက်ပြီ။ သူ့ကို စစ်ဆေးကြည့်ရှုရအောင် ငါ့ကို ခေါ်သွားပေး” လင်းချင်းဟယ်က ညွှန်ကြားလိုက်သည်။


ကျိုးရှောင်မိန်က အလွန်ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။


ကျိုးရှောင်မိန်သည် သူမရဲ့ စတုတ္ထယောင်းမကို ယုံသောကြောင့် သူတို့အတူ ထွက်လာခဲ့ကြသည်။


ထိုစက်ရုံကို သွားရတာက နာရီဝက်လောက် ကြာမြင့်သည်။ တိုက်ဆိုင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ သူတို့နှစ်ယောက် ရောက်သွားသည့်အချိန်တွင် စုတာ့လင်းက အလုပ်ဆင်းပြီဖြစ်၍ သူ့အိမ်ကိုပြန်ဖို့ စက်ဘီးတစ်စီးဖြင့် ထွက်လာတာနှင့် ကြုံခဲ့သည်။


လင်းချင်းဟယ်ရဲ့ အသွင်အပြင်ဟာ သဘာဝကျကျပင် လူအများအမြင်ကို ဖမ်းစားနိုင်ခဲ့သည်။ လူတော်တော်များများက သူမကို ဖျတ်ခနဲ မကြည့်ပဲ မနေနိုင်ကြဘူး။ ထိုအပြုအမူတွေဟာ မသေးငယ်လှပေမယ့် လင်းချင်းဟယ်ကိုတော့ မတုန်လှုပ်သွားစေပါဘူး။


ကျိုးရှောင်မိန်က တီးတိုးပြောဆိုခဲ့သည်။ “ငါ နောက်ဆုံးအကြိမ် ပြန်ရောက်တုန်းက ငါ စတုတ္ထအစ်ကိုကို နင့်ကို ကောင်းကောင်းတန်ဖိုးထားဖို့ ငါ ပြောခဲ့တယ် သိလား၊ စတုတ္ထယောင်းမ” ကျိုးရှောင်မိန်သည် ထိုမတိုင်ခင်က သူမရဲ့ စတုတ္ထယောင်းမ၏ ရုပ်ရည်အသွင်အပြင် တစ်ခုတည်းကြောင့်ပင် မြို့သားအများအပြားက သူမကို လက်ထပ်ချင်ကြောင်း သူမရဲ့ အမေဖြစ်သူကိုလည်း ဤသို့ ပြောခဲ့ပါသေးသည်။ သူမ အမေဖြစ်သူကတော့ ဒါကို မယုံကြည်ခဲ့ပေ။


“ကြည့်ဦး၊ အဲ့လူက နင့်ကို ကြည့်နေတာပဲ။ အဲ့တာ နင်ပြောတဲ့ စုတာ့လင်းဆိုတဲ့လူလား။” လင်းချင်းဟယ်က သူမ ပြောတာကို လျစ်လျူရှုပြီး သူမ သိချင်တာကိုသာ မေးမြန်းလိုက်သည်။


ကျိုးရှောင်မိန်သည် သူမ ညွှန်ပြရာနောက်သို့ လိုက်ပါကြည့်ရှုလိုက်ရာ စုတာ့လင်းကို မြင်တွေ့လိုက်ရသည်။ သူမက သူ့ကို ရှက်ကြောက်စိတ် ရောစွက်ကာ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် သူ့ကို လှမ်းလက်ပြလိုက်သည်။


စုတာ့လင်းက အနားသို့ ရောက်လာခဲ့သည်။


“စုတာ့လင်း ဒါက ကျွန်မရဲ့စတုတ္ထယောင်းမပဲ။” ကျိုးရှောင်မိန်က စုတာ့လင်းကို လင်းချင်းဟယ်အား ညွှန်ပြကာ မိတ်ဆက်ပေးပြီးနောက် သူမသည် လင်းချင်းဟယ်ဖက်သို့ လှည့်ကာ တဖန် မိတ်ဆက်ပေးပြန်သည်။ “စတုတ္ထယောင်းမ ဒါက စုတာ့လင်းတဲ့။”


ဒါကို ကြားလိုက်ရတော့ စုတာ့လင်းဟာ ချက်ချင်း နားလည်သဘောပေါက်သွားသည်။ သူက အသက် ၂၉နှစ်သို့ ရောက်ရှိနေသော်ငြား အနည်းငယ် ရှက်ရွံ့နေသေးသည်။ သူက လင်းချင်းဟယ်ကို ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။ “စတုတ္တ... စတုတ္ထယောင်းမ”


“အိုး... ရှင် ဘယ်လိုခေါ်လိုက်တာလဲ။” ကျိုးရှောင်မိန်ရဲ့မျက်နှာဟာ ရှက်သွေးဖြန်းသွားခဲ့သည်။


လင်းချင်းဟယ်သည်လည်း ကြက်သေ သေသွားခဲ့သည်။


ထို့နောက် စုတာ့လင်းက သူ ဘာလုပ်ခဲ့မိမှန်းကို အမှတ်ရသွားမိသည်။ ချက်ချင်းဆိုသလိုပင် ရှက်ရွံ့သွားခဲ့ကာ အလျင်အမြန် ရှင်းပြခဲ့သည်။ “ကျွန်တော်... ကျွန်တော် ဒါကို... ရည်ရွယ်ချက်ရှိရှိ... ခေါ်တာ မဟုတ်ရပါဘူး၊ ကျွန်တော်... ကျွန်တော်... သက်သက်မဲ့...”


သူက စိတ်လှုပ်ရှားသွား၍ စကားနည်းနည်း ထစ်ငေါ့သွားသည်။ အချိန်အတော်ကြာသည့်အထိ သူ ဒါကို ရှင်းမပြနိုင်ခဲ့ဘူး။


“ရပါတယ်။ ကျွန်မ ရှင့်အကြောင်းကို ကျွန်မရဲ့ ကုကျီဆီကနေ ကြားထားခဲ့တယ်၊ ကျွန်မ ဒီကို ရှင် ကျွန်မရဲ့ ကုကျီကို ကယ်တင်ပေးခဲ့တဲ့ ရှင့်ရဲ့ ရိုးသားဖြောင့်မတ်တဲ့စိတ်အတွက် ကျေးဇူးတင်ချင်လို့ ရောက်လာခဲ့တာပါ။ ကျွန်မ ကျွန်မရဲ့ကုကျီကို တစ်ယောက်တည်း အပြင်မသွားဖို့ မှာထားရတယ်။” လင်းချင်းဟယ်က သွက်လက်ကျွမ်းကျင်စွာ တုံ့ပြန်ခဲ့သည်။


စုတာ့လင်းက ခေါင်းညိတ်သည်။


“ဘာမှ ထွေထွေထူးထူး မရှိတော့ဘူးဆိုရင် ကျွန်မ ကျွန်မရဲ့ကုကျီကို ပြန်ခေါ်သွားလိုက်တော့မယ်နော်။ ဒါနဲ့ သူမ မနက်ဖြန်ကျ အားလပ်ရက်တစ်ရက် ရထားတယ်။” လင်းချင်းဟယ်က ထိုသို့ပြောပြီးနောက် ကျိုးရှောင်မိန်အား အဝေးသို့ ဆွဲခေါ်သွားခဲ့သည်။


စုတာ့လင်းသည် စကားအနည်းငယ်လောက်သာ ပြောပြီးနောက် ကျိုးရှောင်မိန် ထွက်ခွာသွားတာကို မြင်တွေ့လိုက်ရပြီး ချက်ချင်း စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့မိသည်။


အခုကျမှ သူ့ရဲ့ စွမ်းဆောင်ရည်က ဆိုးရွားသွားခဲ့ရတာလဲ။ ရှောင်မိန်ရဲ့ စတုတ္ထယောင်းမက သူ့ကို သဘောမကျဘူးလို့ ထင်တယ်ဟု သူ့ကိုယ်သူ တွေးထင်လိုက်မိသည်။


စုတာ့လင်း သူ့ဦးလေးအိမ်သို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။


“တာ့လင်း မင်း ဒီကို ရောက်နေတာလား။ မင်း မနက်ဖြန် အားလပ်ရက် ရတယ်ဆို။ မင်း ဒီည ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတယ် မဟုတ်ဘူးလား။ အ‌ဒေါ် မင်းကို ပြောမယ်၊ မင်းက အရွေးတော်တာပဲ။ သူမမှာ ညီအစ်ကို မောင်နှမတွေ အများကြီးရှိတယ်၊ သူမက မင်းအတွက် အရမ်းသင့်တော်တယ်။” သူ့အဒေါ်က ပြုံးပြုံးကြီးဖြင့် ပြောလိုက်သည်။


သူ့ဦးလေးကလည်း ခေါင်းညိတ်ထောက်ခံသည်။ သူလည်း ကျိုးရှောင်မိန်ကို တော်‌တော်လေး သဘောကျသည်။


“အဒေါ်၊ ကျွန်တော်... ဖျက်သိမ်းလိုက်... ဒါကို ဖျက်လိုက်တာ။” စုတာ့လင်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။


သူ့ဦးလေးနဲ့ အဒေါ်ဖြစ်သူကလည်း ထိတ်လန့်သွားခဲ့ကြသည်။ “ဘာဖြစ်လို့လဲ။”


စုတာ့လင်း သက်ပြင်းချလိုက်သည်။ လင်းချင်းဟယ်က ကျိုးရှောင်မိန်ကို ကယ်တင်ပေးခဲ့သောကြောင့် သူ့အား ကျေးဇူးတင်စကား သီးသန့်လာပြောခဲ့သည့် အကြောင်းအား ပြန်လည်အမှတ်ရသွားကာ စကားထစ်သွားခဲ့သည်။ စကားအနည်းငယ်ခန့်သာ ပြောဆိုပြီးနောက် သူမက ကျိုးရှောင်မိန်ကို ပြန်‌ခေါ်သွားခဲ့သည်။


သူ့ဦးလေးနဲ့ အဒေါ်ဖြစ်သူဟာ သူတို့အချင်းချင်း အကြည့်တွေ ဖလှယ်ပြီးနောက် သူ့ကို မေးမြန်းခဲ့သည်။ “မင်းကို တခြားပြောလိုက်တာ ရှိသေးလား။”


“မရှိ... မရှိပါဘူး။” စုတာ့လင်းက သူ့ခေါင်းကို ယမ်းလိုက်သည်။ သူ့ဦးလေးနဲ့ အဒေါ်ဖြစ်သူတို့ရဲ့ ထိန်းမထားနိုင်အောင် ထွက်ပေါ်လာသည့် ဝမ်းနည်းပူဆွေးဟန်ကိုမြင်ပြီး သူက သတိရသွားခဲ့သည်။ “ပြောတယ်... ရှောင်မိန်က ပြောသေးတယ်... မနက်ဖြန် အားလပ်ရက်ရှိတယ်တဲ့။”


“ဒါက ဘာကိုဆိုလိုချင်တာလဲ။” သူ့ဦးလေးဖြစ်သူက တုံ့ပြန်သည်။


သူ့အဒေါ်ဖြစ်သူကတော့ ဒီစကားကို ကြားလိုက်ရသည့်အချိန်တွင် မျှော်လင့်ချက် ရောင်ခြည်သမ်းသွားခဲ့သည်။ “တာ့လင်း နင် မျှော်လင့်လို့ ရသေးတယ်။ ရှောင်မိန်ရဲ့ ယောင်းမက နင့်ကို သဘောကျပုံပဲ။”


“ဘာလဲ... ဘာလဲ” စုတာ့လင်းက အေးခဲသွားသည်။


“အင်း၊ အဲ့တာ ဘာကိုပြောချင်တာလဲ။” သူ့ဦးလေးက မေးမြန်းလိုက်သည်။


“သူမရဲ့ယောင်းမက နင့်ကို သဘောမကျဘူးဆိုရင် မနက်ဖြန်ကျ သူ့ကုကျီ အားလပ်ရက်ရတယ်လို့ ဘယ်ပြောခဲ့ပါ့မလဲ။ နင့်မှာ အချိန်အားရှိရင် သူမကို သွားရှာနိုင်တယ်လို့ အရိပ်အယောင်ပြခဲ့တာပဲ။” သူ့အဒေါ်ဖြစ်သူက ရှင်းပြသည်။


 “တကယ်... တကယ်လား” စုတာ့လင်းက မနေနိုင်စွာ ပြောလိုက်မိသည်။


“နင်တို့ယောကျာ်းနှစ်ယောက်က ငါတို့လို မိန်းမသားတွေရဲ့ အတွေးကို နားမလည်နိုင်ပါဘူး။ ငါ့ပြောစကားကို နားထောင်တာ အမှားမရှိနိုင်ဘူး။ မနက်ဖြန်ကျရင် ရှောင်မိန်ကို သွားခေါ်ပြီး လည်ကြပတ်ကြပေါ့။ နောက်ပြီး နင် ရှောင်မိန်ကို ကတိပေးရမယ်၊ ငါတို့သုံးယောက်က သတို့သမီးတင်တောင်ပစ္စည်းကို မနည်းစေရပဲ ခမ်းခမ်းနားနား လက်ထပ်ယူပါ့မယ်ဆိုတဲ့အကြောင်းကို လေးလေးနက်နက် ပြောပြခဲ့။” သူ့အဒေါ်ဖြစ်သူက ပြောသည်။


“ဟုတ်... ဟုတ်ကဲ့” စုတာ့လင်းက အရွယ်ရောက်ပြီးလူတစ်ယောက် ဆိုပေမယ့် ဒီအကြောင်းအရာကို ပြောဆိုသောအခါတွင် အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။


ဒီဖက်မှာ စကားစမြည်ပြောဆိုနေချိန်တွင် လင်းချင်းဟယ်ကလည်း ကျိုးရှောင်မိန်နဲ့ ဒီအကြောင်းအား ဆွေးနွေးပြောဆိုနေခဲ့သည်။


“စတုတ္ထယောင်းမ နင် စုတာ့လင်းကို သဘောမကျဘူးလား။ သူက အရင်က ဒီလောက် မဆိုးပါဘူး။ သူက ကျွန်မ ကျွန်မရဲ့မိသားစုဝင်ကို ခေါ်ဆောင်လာမှန်းသိပြီး သူ အရမ်းစိတ်လှုပ်ရှားလို့ ဒီလိုမျိုး စကားအရမ်းထစ်သွားတာ ဖြစ်နိုင်တယ်။” ကျိုးရှောင်မိန်က ပြောသည်။


“နင် ဘယ်လောက် စိုးရိမ်ပူပန်နေလဲ နင်ကိုယ့်နင် ပြန်ကြည့်ပါဦး။” လင်းချင်းဟယ်က သူမကို တခစ်ခစ်ရယ်ရင်း ပြောသည်။


ကျိုးရှောင်မိန်က အံ့အားသင့်သွားခဲ့သည်။ “စတုတ္ထယောင်းမ နင် သူ့ကို အမြင်မကြည်တာ မဟုတ်ဘူးလား။”


“ငါ နင့်ကို ပြောဖူးတယ်လေ၊ အိမ်ထောင်ဖက်ကို ရွေးချယ်တဲ့နေရာမှာ ပထမဆုံးထားသင့်တဲ့ စံသတ်မှတ်ချက်က သူ့မိဘတွေကွယ်လွန်ပြီး ကားနဲ့ အိမ်ရှိရမယ်လို့။ ဒါပေါ့၊ သူ့က စကားပြော မချောမွေ့ဘူး။ ဒါပေမယ့် ငါ သူ့ကို နင့်နဲ့ လိုက်ဖက်မလား မလိုက်ဖက်ဘူးလားဆိုတာကို ငါ စစ်ဆေးကြည့်ပြီးပြီ။ ဒီလူက သိပ်မဆိုးဘူး။ အခု ဒါက နင့်ပြဿနာ ဖြစ်သွားပြီ။ နင် သူနဲ့ လက်ထပ်ပြီးရင် နင် စကားထစ်တဲ့လူနဲ့ လက်ထပ်လိုက်လို့ နင့်ကို အတင်းတုပ်မယ့် အမျိုးသမီးအချို့နဲ့ ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလား။” လင်းချင်းဟယ်က သူမကို သေသေချာချာ စောင့်ကြည့်နေခဲ့သည်။


“ဘယ်သူကများ တာ့လင်းကို ပြစ်တင်ဝေရဲလဲ၊ ပြောရဲတဲ့သူရှိရင် ငါ သူမပါးစပ်ကို ဆွဲဖြဲပစ်လိုက်မယ်။” ကျိုးရှောင်မိန်က ချက်ချက်း တုံ့ပြန်လိုက်သည်။


လင်းချင်းဟယ်က ပြုံးရယ်ရင်း ပြောလိုက်သည်။ “နင် ဒါတွေကို သေသေချာချာ စဥ်းစားရမယ်။ မနက်ဖြန်ကျရင် လှလှပပလေး ဝတ်စားပြင်ဆင်ထား။ နင် အားလပ်ရက် ရတယ်ဆိုတာကို သူ သိတော့ နင်နဲ့ အပြင်ထွက်လည်ဖို့ သူ မေးလောက်တယ်။”