အခန်း(၈၃)ဧရာမဖရဲသီး
Viewers 43k

အခန်း (၈၃) - ဧရာမဖရဲသီး


“ဒီစကားလုံးတွေကို နင်ရေးထားတာလား။” တတိယမရီးသည် သွက်သွက်လက်လက်ဖြင့် စာအုပ်တချို့ကို လှန်လျောကြည့်သည်။ တုန်လှုပ်ခြောက်ခြားနေသော မျက်နှာအမူအရာဖြင့် သူမသည် စတုတ္ထယောင်းမကို ကြည့်ကာ မေးမိသည်။


လက်ရေးလက်သားက လှပပြီး ရေးထားတာ အတော်လေး ကောင်းမွန်သည်။


“အဲ့တာ ငါ ပေါ့ပေါ့ပါးပါး ရေးထားတာ။” လင်းချင်းဟယ်ရယ်ရင်း ဆိုလိုက်သည်။ အဲ့ဒီစာသားတွေက သူမရေးသားထားသည့် မှတ်စုတိုတွေပင်ဖြစ်သည်။


အခြားသူတွေက စာကိုကျက်ပြီးမှ အလွတ်ချရေးကြသည်။


“နင် ဒီလောက် ကောင်းကောင်း ရေးသားနိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ အရမ်းအံ့သြဖို့ကောင်းတယ်။” တတိယမရီးသည် သူမကို အထင်မကြီးပဲ မနေနိုင်အောင် ဖြစ်မိသည်။


တတိယမရီးသည် စာတတ်မြောက်ရေးအတန်းတွင် အချိန်ခဏမျှတာ သင်ကြားခဲ့ဖူးသဖြင့် သူမသည် စာရေးသားတတ်ဖို့ နေနေသာသာ သူမ သိသော စကားလုံးများဟာ နည်းပါးလွန်းလှသည်။


“အရင်ကတည်းက ငါ့ရဲ့ပညာရေးမှတ်တမ်းက ကောင်းမွန်တယ်။ ဒါပေမယ့် ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး။ ငါ့မိသားစုက ငါ့ကို ပညာသင်ကြားဖို့ စေလွှတ်ပေးရမယ့်အစား ငါ့ရဲ့ ကျေးဇူးမသိတတ်တဲ့ ဒုတိယအစ်ကိုကို ပညာသင်ကြားခိုင်းခဲ့တယ်လေ။” လင်းချင်းဟယ် ပြောသည်။


အမျိုးသားများသည် အမျိုးသမီးတွေထက် ဦးစားပေးခံရခြင်းမှာ နိုင်ငံရှိ ကျေးလက်ဒေသ အမြောက်အများတွင် တွေ့ရလေ့ရှိသော ဖြစ်စဥ်တစ်ခု ဖြစ်သည်။


“ဒါပေမယ့် အခုမှ လေ့လာတာကျ အသုံးမဝင်ဘူးလေ။” တတိယမရီးဖြစ်သူက မှတ်ချက်ပြုသည်။


“ဒါက အသုံးမဝင်ဘူးဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် စာဖတ်ရတာ ကောင်းတယ်။ စာများများဖတ်တဲ့သူက အသိဥာဏ်ပိုကြွယ်တယ်လေ။” လင်းချင်းဟယ်က ပြန်တုံ့ပြန်သည်။


တတိယမရီးသည် သူမရဲ့ စတုတ္ထယောင်းမသည် အကြောင်းပြချက်မရှိ ထက်မြက်သည်ဟု ထင်မြင်မိသည်။ သူမရဲ့ သင်ယူလိုစိတ်ပြင်းပြမှုကို ကြည့်ပါဦး။ သူမသည် ကလေးသုံးယောက်မိခင်ဖြစ်ပေမယ့် စာလေ့လာဖို့ကိုလည်း မမေ့လျော့ခဲ့ဘူး။


“တတိယမရီး၊ ဒီအကြောင်းကို အပြင်ဖက်မှာ လျှောက်မပြောနဲ့နော်။ ဒါကို ငါ့ဖာသာငါ ကြည့်နေရရုံနဲ့ လုံလောက်ပါတယ်။ ငါ အိမ်မှာ စာလေ့လာနေမှန်းကို လူတွေသိသွားရင် ငါ့ကို လှောင်ရယ်ကြလိမ့်မယ်။” လင်းချင်းဟယ်က သတိပေးသည်။


“ငါ မပြောပါဘူး။ ဒါပေမယ့် သင်ယူလေ့လာတာက သဘောကျဖို့ကောင်းတဲ့အရာပဲလေ၊ ဘယ်သူက နင့်ကို လှောင်ရယ်နိုင်ကြမှာလဲ။” တတိယမရီးက ကတိပေးရင်း ပြောသည်။

 

“အဲ့လိုသဘောထားသိမ်ဖျင်းတဲ့လူတွေရှိတယ်။” လင်းချင်းဟယ်က အပြုံးလေးဖြင့် ဆိုသည်။


တတိယမရီးသည် ဒုတိယမရီးရဲ့ စရိုက်ဆိုးတဲ့ပါးစပ်ကို ပြန်အမှတ်ရသွားပြီး တိတ်ဆိတ်သွားသည်။ လင်းချင်းဟယ်သည် ကျိုးတုန်တုန်ကို ချော့မြူရင်း ပြုံးရယ်ကာဆိုသည်။ “တုန်တုန်လေးက အထွားမြန်လိုက်တာ။ အရင်နှစ်ကဆို သူက သေးသေးလေးရယ်၊ အခုနှစ်ဆို သူလေးက ထိုင်နိုင်တော့မယ်။”


“ကလေးတွေက ဒီလိုပါပဲ။ လောင်တလည်း အတူတူပဲ မဟုတ်လား။ သူက ဒီနှစ်ဆို အရမ်းအရွယ်ရောက်လာတယ်၊ ရွာထဲက သူ့အရွယ် ကလေးတွေထဲမှာ သူက အရပ်အရှည်ဆုံးပဲ။” တတိယမရီးက မှတ်ချက်ပြုသည်။

 

လင်းချင်းဟယ်က ရယ်ရင်း ဆိုသည်။ “သူက အရမ်းဆိုးတယ်။ အိမ်စာတွေလုပ်နေရင်းနဲ့ သူ့အဖေ ငါးရှဥ့်နဲ့ လယ်ငါးတွေ ထွက်ရှာမှာကို သိသိချင်းပဲ သူ့ညီငယ်နှစ်ယောက်နဲ့ နောက်ကနေ အပြေးအလွှား လိုက်သွားတယ်လေ။”


ကလေးတွေအကြောင်း ခဏလောက်ပြောဆိုပြီးနောက် အခြားအကြောင်းအရာတွေကိုလည်း ခဏတဖြုတ် ပြောဖြစ်ခဲ့ကြသည်။ ထို့နောက် တတိယမရီးသည် ကျိုးတုန်တုန်လေးကိုချီရင်း အိမ်ကိုပြန်သွားခဲ့သည်။


ဒါပေါ့၊ လင်းချင်းဟယ်က သူမကို အတော်လေး ဧည့်ဝတ်ကျေပွန်ခဲ့သည်။ သူမသည် ခရမ်းချဥ်သီးအနည်းငယ်ကို ခူးဆွတ်ကာ သွားကြားထိုးတံဖြင့် ထိုးစားနိုင်သည့် အရွယ်လောက် လှီးဖြတ်ကာ ပန်းကန်ပြားပေါ်တင်ပြီး အပေါ်၌ သကြားဖြူးကာ ဧည့်ခံခဲ့သည်။ ဒါက ဧည့်ဝတ်ကျေပွန်ဖို့အတွက် အတော်လေးကို အဆင်ပြေသည့် သရေစာပင်။


ကျိုးချင်းပိုင်က သူ့ကလေးသုံးယောက်ကို အပြင်ကို ခေါ်သွားပြီး ညနေစောင်းခါနီးတွင် ပြန်ရောက်လာကြသည်။


ကျိုးချင်းပိုင်အပါအဝင် ညီအစ်ကိုတွေအားလုံး ရွှံ့တွေ ပေလူးလာခဲ့ကြသည်။ လင်းချင်းဟယ်သည် အဝတ်အစားတွေကို ကျိုးချင်းပိုင် လျှော်ဖွတ်ပေးကတည်းက ဒါကို ဂရုမစိုက်တော့ဘူး။ ဒီရာသီဥတုမှာ အဝတ်အစားတွေ ခြောက်သွေ့ဖို့ သိပ်မလွယ်ကူပေမယ့် သူတို့မှာ အဝတ်အစားအပိုတွေ ရှိနေသေးတော့ လင်းချင်းဟယ်က စိတ်မဆိုးနေ‌တော့ဘူး။


အကယ်၍ သူမသာ ဒီအဝတ်အစားတွေကို လျှော်ဖွတ်ရမယ်ဆိုရင် ဒီညီအစ်ကိုတွေ အော်ငေါက်ခံရမှာကို ရှောင်ကြဥ်နိုင်မှာ မဟုတ်ဘူး။


ကျိုးချင်းပိုင်သည် ငါးရှဥ့်အကြီးကြီးသုံးကောင်နှင့် လယ်ငါးလေးတွေ အမြောက်အများကို ပြန်ယူလာခဲ့သည်။


ဒီရာသီမှာ ငါးရှဥ့်ပဲဖြစ်ဖြစ် လယ်ငါးတွေပဲဖြစ်ဖြစ် အလွန်ဝဖြိုးကြပြီး အရသာကလည်း စင်းလုံးချော ပြောစရာမရှိပေ။


ငါးရှဥ့်တွေကို ရေထဲစိမ်ထားရန် မလိုအပ်ပေမယ့် လယ်ငါးတွေကတော့ ရွှံ့စင်အောင် ‌ရေဖြင့်စိမ်ထားဖို့ လိုအပ်သည်။ ဒါ့ကြောင့် ညစာအတွက် ငါးရှဥ့်ကို ချက်ချင်း ချက်ပြုတ်စားသောက်ရမည်။


ငါးရှဥ့်ကို စားသောက်ခဲ့သော ကျိုးချင်းပိုင်သည် အနည်းငယ် စိတ်အားတက်ကြွလာခဲ့ပြီး လင်းချင်းဟယ်သည် ပျော်စရာကိစ္စအချို့ကို ခံစားခဲ့ရသည်။


ဒါက ဘယ်လိုမှ ရှောင်လွဲလို့မရပါဘူး။ ဒီအချိန်က အတော်လေး ကြာမြင့်ခဲ့ပြီး သူမ ချွေးအများကြီး ထွက်ခဲ့သည်။ ဒီလိုပူပြင်းတဲ့ ရာသီဥတုမျိုးမှာ ချွေးထွက်များတာက မကောင်းဘူး။


သို့သော် သူမ မကျေမနပ်ပြောဆိုရာတွင် ကျိုးချင်းပိုင်က အပြစ်ကင်းစင်သော မျက်နှာအမူအရာကိုသာ ချိတ်ဆွဲထားသည်။ သူ မလုပ်ဖြစ်တာ ကြာလှပြီမို့ ဇွဲမလျှော့ပဲ နေလိုက်သည်။


လင်းချင်းဟယ်က တခစ်ခစ်ရယ်မောရင်း သူ့ပါးပြင်ကို ဆွဲလိုက်သည်။ ဒီလူဟာ ဝမ်းတွင်းမည်းဆိုတာ တဖြည်းဖြည်းနဲ့ သိသာထင်ရှားလာသည်။


ကျိုးချင်းပိုင်က သူ့ဇနီးကို ကျေနပ်အားရစွာ ပွေ့ဖက်လိုက်သည်။


အစပိုင်းတွင် သူ လမ်းတစ်ဝက်မှာ ပင်စင်ယူလိုက်ရသောကြောင့် အရမ်းစိတ်ဖိစီးခဲ့သည်။ အဲ့တာက သူ့အိမ်မက်ပဲလေ။


လမ်းတစ်ဝက်မှာပင် ဒဏ်ရာရရှိခဲ့ပြီး ပင်စင်ယူဖို့ကလွဲလို့ သူ့မှာ အခြားရွေးချယ်စရာ မရှိတာက သူ့စိတ်ကို ဘယ်လို သက်တောင့်သက်သာရှိစေမှာလဲ။


ဒါပေမယ့် အခုအချိန်မှာတော့ သူ ပင်စင်ယူပြီး အိမ်ပြန်လာရတာကို လုံးဝ နောင်ဝမရတော့ဘူး။


သူ့ဇနီးသည်ကို ပွေ့ဖက်ထားရင်း ကျိုးချင်းပိုင်သည် သူ့ရဲ့ လက်ရှိဘဝကို အလွန်ကျေနပ်သာယာနေခဲ့သည်။ အရင်က သူမကို လျစ်လျူရှုခဲ့တဲ့အတွက် သူ့ကိုယ်သူ အပြစ်တင်မိသည်။


သူ့ဇနီးသည်က အရမ်းကောင်းတယ်၊ အရမ်း... အရမ်းကောင်းမွန်သည်။ အရင်က သူမကို ချစ်မြတ်နိုးစွာ မဆက်ဆံမိခဲ့ပေမယ့် နောင်အနာဂတ်တွင် သူမကို ရတနာတစ်ပါးလို တန်ဖိုးထားရပေမည်။


“ဇနီးလေး နောက်ထပ် ထပ်လုပ်ရအောင်” ကျိုးချင်းပိုင်က သူ့ဇနီးလေးကို ‌နောက်ထပ် ယုယကြင်နာဖို့ တောင်းဆိုလိုက်သည်။


လင်းချင်းဟယ်က မကန့်ကွက်နိုင်ခင်မှာပင် သူက သူမကို မုန်တိုင်းလှိုင်းလုံးအသစ်ကြား နောက်တစ်ဖန် ဆွဲသွင်းကာ နောက်နေ့နှောင်းပိုင်းမှ နိုးလာခဲ့သည်။ 


နွေရာသီပူပြင်းပေမယ့် ပူပြင်းတဲ့ နွေရာသီက သစ်သီးဝလံတွေ စတင်ထွက်ပြူစပြုတဲ့ အချိန်အခါလည်း ဖြစ်သည်။


မိုးစဲပြီးနောက် နောက်ထပ်အလုပ်တွေ စတင်လာခဲ့သည်။


လင်းချင်းဟယ်သည် အသားသွားရောက် စုဆောင်းသည့် အချိန်အခါတွင် လောင်အာ့နှင့် လောင်စန်းတို့ကို ခရိုင်မြို့ပေါ်သို့ သူမနှင့်အတူ ခေါ်သွားခဲ့သည်။


သူမသည် ကလေးနှစ်ယောက်ကို ကုန်တိုက်အပေါက်ဝတွင် ရေခဲချောင်း တစ်ယောက် တစ်ချောင်း ဝယ်ကျွေးကာ လောင်အာ့ကို လောင်စန်းလေးအား ထိန်းခိုင်းခဲ့သည်။


လောင်အာ့ကို သူ့ညီငယ်လေးကို မျက်ခြေမပြတ် ကြည့်ရှုပေးမယ်ဟု ပြောသည်။


လင်းချင်းဟယ်သည် သူလေးက ဥာဏ်ကောင်းမှန်း သိပေမယ့် သူလေးက လေးနှစ်အရွယ်သာ ရှိနေသေးသည်။ လင်းချင်းဟယ်သည် သူတို့ညီအစ်ကိုနှစ်ဦးကို လူချင်းမကွဲစေရန် သူတို့ရဲ့ခါးတွေကို ကြိုးဖြင့် တွဲချည်ထားခဲ့သည်။

 

သူမသည် လောင်အာ့ကို စက်ဘီးနှင့် ညီလေးကို သေချာစောင့်ကြည့်ထားဖို့ မှာကြားပြီးနောက် ဝက်သားရောင်းချဖို့ အလျင်စလို ထွက်လာခဲ့သည်။


ညီအစ်ကိုနှစ်ယောက်ကို စိုးရိမ်ပူပန်နေခြင်းကြောင့် လင်းချင်းဟယ်သည် နောက်နာရီဝက်အကြာမှာပင် ချွေးတလုံးလုံးဖြင့် ပြန်ရောက်လာခဲ့သည်။


ညီအစ်ကိုနှစ်ယောက်ဟာ နာခံမှုရှိစွာ ထိုင်စောင့်နေကြသည်။ လင်းချင်းဟယ်သည် စိတ်သက်သာရာ ရသွားခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ပူပင်သောက ဖြစ်မိသည်။


 “လာသွားကြရအောင်၊ ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းကို သွားကြရအောင် အမေနဲ့ လိုက်ခဲ့ကြ။ အမေ မင်းတို့အတွက် နို့မှုန့်ဝယ်ပေးမယ်။” လင်းချင်းဟယ်က လက်ယပ်လှမ်းခေါ်သည်။


လောင်အာ့နှင့် လောင်စန်းတို့သည် သူမ ပြန်ရောက်လာတာကို တွေ့လိုက်ရသဖြင့် သူတို့အမေနောက်သို့ အလွန်ပျော်ရွှင်စွာ လိုက်ပါသွားခဲ့သည်။ ညီအစ်ကိုတွေရဲ့ ရုပ်ရည်သွင်ပြင်က တော်တော်လေး ကြည့်ကောင်းလှသည်။ လင်းချင်းဟယ်ရဲ့ အရှိန်အဝါနဲ့ အသွင်အပြင်အကြောင်းကို စကားထဲ ထည့်ပြောရန်ပင် မလိုပေ။

 

သားအမိတစ်တွေဟာ စျေးထဲသို့ ဝင်လာသည်နှင့် စျေးသည်တွေရဲ့ အကြည့်တွေက တောက်ပလာခဲ့ကြသည်။


လင်းချင်းဟယ်ရဲ့ လက်ဖွာနှုန်းကတော့ သာမာန်ထက် လွန်ကဲလှစွာ နို့မှုန့်၊ ယုန်ဖြူသကြားလုံး၊ တရုတ်ဆီးသီး၊ လေချူသီးခြောက်နှင့် အခြားပစ္စည်းများကိုပါ ဝယ်ယူခဲ့သည်။ အထူးသဖြင့် သူမသည် ‌ခြောက်ပေါင်လောက်ရှိသည့် ဧရာမဖရဲသီးကြီးကိုပါ ဝယ်ယူခဲ့သည်။


ဤအရာများသည် လောင်အာ့နှင့် လောင်စန်းတို့ကို သွားရေယိုစေခဲ့သည်။


တခြားအရာအားလုံးကို စားဖူးပြီးသားမို့ ဘာမှထူးထူးခြားခြား မဖြစ်ပေမယ့် ဧရာမဖရဲသီးကြီးကတော့ သူတို့ တစ်ခါမှ မစားဖူးသေးဘူး။


လင်းချင်းဟယ်သည် ဒီပစ္စည်းတွေ ဝယ်ယူပြီးတာနဲ့ ချက်ချင်း မပြန်ခဲ့ဘူး။ သူမသည် လောင်အာ့နှင့် လောင်စန်းတို့ကို စျေးဝယ်ထွက်ရန် ကုန်တိုက်ကို ခေါ်ဆောင်သွားခဲ့ပြီး ကျောင်းသုံးပစ္စည်းအချို့ကိုပါ ဝယ်ယူခဲ့သည်။


အဲ့တာတွေ ဝယ်ယူပြီးတာနဲ့ လင်းချင်းဟယ်သည် သူမရဲ့ ကလေးနှစ်ယောက်နဲ့ ပစ္စည်းတွေကို သယ်‌‌ဆောင်ပြီး အိမ်ပြန်ခဲ့ကြသည်။


“အမေ နောက်တစ်ခါကျရင်လည်း သားတို့ကို ခေါ်လာဦးမှာလားဟင်။” လောင်အာ့နှင့် လောင်စန်းတို့သည် ရှေ့ဆုံးခုံတွင် ထိုင်နေကြသည်။


ညီအစ်ကိုများအတွက် အထူးပြုလုပ်ပေးထားသည့် ကလေးထိုင်ခုံတွေကို လင်းချင်းဟယ်မှ ပုံကြမ်းရေးဆွဲခဲ့ပြီး ကျိုးချင်းပိုင်က လက်သမားတစ်ဦးကို ထိုသို့ပြုလုပ်ပေးဖို့ အပ်နှံခဲ့သည်။


လင်းချင်းဟယ်က သူတို့က အသက်အရမ်းငယ်သေးတော့ သူတို့ကို နောက်ခုံမှာ ထိုင်ခိုင်းဖို့က သူမကို စိုးရိမ်သောကရောက်စေသည်။


“မင်းတို့ညီအစ်ကိုတွေ ဘယ်လိုနေထိုင်ပြုမူနေထိုင်လဲ ဆိုတာကို ကြည့်မယ်။” လင်းချင်းဟယ်က မျက်ခုံးပင့်ရင်း ဆိုသည်။


“သားတို့ စကားနားထောင်ပါ့မယ်။” ကျိုးလောင်အာ့က ချက်ချင်းပင် အပေါ်ယံဆန်စွာ ကျိန်ဆိုပြသည်။


“ကောင်းကောင်းနေရင် ဖရဲသီးစားရမှာလား။” ကျိုးလောင်စန်းသည် ဖရဲသီးကိုသာ အာရုံစိုက်ထားသည်။


မကြာခင်မှာပဲ သားအမိတွေဟာ အိမ်ပြန်ရောက်လာခဲ့ကြသည်။ ကျိုးချင်းပိုင်က အလုပ်မှ ပြန်မရောက်သေးသလို လောင်တကလည်း ကျောင်းမဆင်းလာသေးသဖြင့် သူတို့ပြန်ရောက်ရောက်ချင်း မစားဖြစ်ကြသေးဘူး။

 

မစားခင် သူတို့ပြန်လာတာကို စောင့်ရမည်။


ဖရဲသီးက ရေတွင်းရေအေးအေးထဲမှာ ထည့်ထားလျှင် စားလို့ ပိုကောင်းပေမယ့် လင်းချင်းဟယ်က ကလေးတွေ အရမ်းငယ်သေးတော့ ရေတွင်းထဲမှာ ဖရဲသီးကို ထည့်မထားတော့ဘူး။


“အမေ၊ ထမင်းစားဖို့ အဖေနဲ့ အစ်ကိုကြီးကို သားတို့ စောင့်နေရမှာလား။” လောင်အာ့က ဧရာမဖရဲသီးကြီးကို မက်မက်မောမောကြည့်ပြီး မေးသည်။

 

“ဒါဆို မင်း တစ်နေ့ အိမ်မှာမရှိတဲ့အချိန်မှာ အရသာရှိတဲ့ အစားအစာတွေကို မင်းကို မစောင့်ပဲ ငါတို့ချည်းပဲ အရင်စားလိုက်ကြမယ်၊ အဲ့တာကို မင်း သဘောတူလား။” လင်းချင်းဟယ်က မျက်ခုံးပင့်ကာ ပြောသည်။


လောင်အာ့က သူ့ခေါင်းကိုခါပြီး အဖေဖြစ်သူနှင့် အစ်ကိုကြီးတို့ကို နာနာခံခံ ထိုင်စောင့်နေခဲ့သည်။


လောင်စန်းသည် အေးမြသောဖျာပေါ်တွင် ဧရာမဖရဲသီးကြီးနှင့် ကစားနေသည်။ ဧရာမဖရဲသီးကြီးကို မစားရသေးသည့်အတွက် လင်းချင်းဟယ်သည် သူတို့ကို အရင်ဆုံး ခရမ်းချဥ်သီးတစ်လုံးစီ ပေးထားခဲ့သည်။