အခန်း(၈၄)ကိုယ့်ကိုဒီညခွင့်ပြုပေးနိုင်မလား
Viewers 28k

အခန်း (၈၄) - ကိုယ့်ကို ဒီည ခွင့်ပြုပေးနိုင်မလား


လောင်တက အိမ်ကို အရင်ဆုံး ပြန်ရောက်လာခဲ့သည်။


သူက အိမ်ကိုပြန်ရောက်ရောက်ချင်း ခြင်းတောင်းကို ဆွဲယူပြီး နောက်တွင်ပိုးကာ ရွာရှိ သူရဲ့ သူငယ်ချင်းသေးသေးလေးများနှင့်အတူ ဝက်စာအရွက်များကို စုဆောင်းရန် ဦး‌ဆောင်ထွက်ခွာသွားခဲ့သည်။


ဒီလိုစုဆောင်းတာက အလုပ်အမှတ်တွေ ရရှိဖို့ အထောက်အကူ ဖြစ်စေနိုင်ပါသည်။


မိသားစုတွင် ဒုတိယ အားကိုးအားထား ပြုစရာ အမျိုးသား ဖြစ်ကြောင်း မှတ်ယူထားသည့် လောင်တသည် နေ့စဥ် ညနေ ကျောင်းပြန်လာချိန်တိုင်း ဝက်စာအရွက် တစ်ခြင်းတောင်းကို ရှာဖွေလေ့ရှိသည်။

 

သူ့မှာ လောင်အာ့ကို ‌ကျောင်းလွယ်အိတ် လက်ထဲထည့်ပေးဖို့သာ အချိန် အလုံအလောက် ရှိသည့်အတွက် သူ့အမေက ဧရာမဖရဲသီးကို ဝယ်လာခဲ့ပြီး ဝက်စာအရွက်တွေကို စုဆောင်းဖို့ အပြင်ကို မထွက်နဲ့ လောင်အာ့ကို ပြောချင်တာကို နားမထောင်ခဲ့မိဘူး။ 


ကလေးက အရမ်းတာဝန်သိတတ်တာမို့ လင်းချင်းဟယ်က သူ့ကို အရမ်း စည်းကမ်း မတင်းကြပ်နေတော့ဘူး။ သူမကို တချို့အရာတွေကို သူ့ဘာသာသူ ဆုံးဖြတ်ခွင့် ပေးထားသည်။


ဒါကလည်း သူ့ကို လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်စွမ်း ရှိစေဖို့ပင် ဖြစ်သည်။


ညစာအတွက်မူ ရိုးရိုးရှင်းရှင်း အာလူးဝက်နံရိုးဟင်း၊ စွပ်ပြတ်တစ်ခွက်နှင့် ပြောင်းဖူးပေါက်စီတို့ပင် ဖြစ်သည်။


ကျိုးချင်းပိုင် အလုပ်မှ ပြန်လာချိန်တွင် လောင်တလည်း ပြန်ရောက်လာခဲ့သည်


ဒါ့ကြောင့် သူတို့ ညစာ အရင်ဆုံး စားသောက်ကြသည်။


ဖရဲသီးကတော့ ညစာစားပြီးတာနဲ့ အချိုတည်းဖို့ သရေစာပင် ဖြစ်သည်။


“အမေ၊ ဘာလို့ ဒီလောက်ကြီးတဲ့ ဖရဲသီးကို ဝယ်ချင်ရတာလဲ။” လောင်တက မျက်လုံးတောက်တောက်လေးများဖြင့် မေးသည်။


“ဒီလို အကြီးကြီး မဝယ်ဖူးဆိုရင် အမေတို့မိသားစု ပျော်ပျော်ရွှင်ရွှင် စားသောက်ဖို့ ဘယ်လိုလုပ်ပြီး လုံလောက်မှာလဲ။” လင်းချင်းဟယ် ပြောသည်။


ဖရဲသီးသည် သူမ အကြိုက်ဆုံးများထဲမှ တစ်ခု ဖြစ်သည်။ သူမသည် ကျိုးချင်းပိုင်ကို မေးခဲ့သည်၊ ကျိုးချင်းပိုင်သည်လည်း ဖရဲသီးကို ကြိုက်နှစ်သက်သည်။ ၆ကျင်း အလေးရှိသည့် ဒီဖရဲသီး ဝယ်ယူခဲ့တာတောင် အရမ်းလုံလောက်နေတာ မဟုတ်ဘူး။


ဒါ့အပြင် သူတို့တွေဟာ ငယ်ရွယ်နေသေးကြသည်။ သူတို့သာ လူကြီးတွေ ဖြစ်လာခဲ့ရင် တစ်ယောက်ကို လူနှစ်ယောက်စာ စားသုံးကြလိမ့်မည်။


ညစာစားပြီးနောက် ညီအစ်ကိုတွေဟာ ဖရဲသီးကို စတင်လှိမ့်ယူလာကြသည်။


ညစာက ညနေခြောက်နာရီမှာ စားပြီးသွားကြပြီ။ လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို ဖရဲသီးခွဲရန် ခိုင်းစေပြီးနောက် သူတို့ ဝေမျှစားသောက်ကြသည်။


တိုက်ဆိုင်စွာပင် အမေကျိုး အိမ်လည်လာသည့်အချိန်တွင် သူတို့မိသားစု ဖရဲသီးစားနေတာကို တွေ့လိုက်ရသည်။ စတုတ္ထလေးရဲ့ မိသားစုဘဝဟာ ဘယ်လို‌တောင် ထိတ်လန့်တုန်လှုပ်ဖို့ကောင်းသည်ကို တွေးမိကာ သူမ သက်ပြင်းချမိသည်။


ဒီလိုဘဝမျိုးက ငွေကြေး အများကြီး ကုန်ကျသည်။


“လောင်စန်း၊ မင်းအဖွားကို တစ်စိတ်ပေးလိုက်ဦး။” လင်းချင်းဟယ် ပြောသည်။


လောင်စန်းသည် ဖရဲသီးတစ်စိတ်ကို ဆွဲယူပြီး သူ့အဖွားကို ပေးလိုက်သည်။ အခုအချိန်မှာ ဒီကလေးလေးဟာ လူတွေ ပြောဆိုနေသည့် စကားလုံးများကို နားလည်နေပြီး သူ ဘာလုပ်ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိနားလည်နေပြီ။


အမေကျိုးက ဖရဲသီးတစ်စိတ်ကို လက်ခံယူပြီး မေးသည်။ “ငါ နင့်အမေဖက်က မိသားစုက နင့်ရဲ့ တတိယယောင်းမ ကလေးမွေးတယ်လို့ ငါ ကြားလိုက်ရတယ်။”


လင်းချင်းဟယ်သည် ခဏမျှ အေးခဲသွားပြီးနောက် သူမရဲ့ ခေါင်းထဲမှာ တတိယမောင်လေးလင်းကို အမှတ်ရသွားသည်။ သူမ နှစ်သစ်ကူးမတိုင်မီ သူမ မိခင်ဖက်မိသားစုကို ပြန်ရောက်သွားတုန်းက တတိယယောင်းမမှာ ကိုယ်ဝန်ရှိနေမှန်းကို မသိရှိခဲ့ပေ။


တတိယယောင်းမလင်းအပေါ် အထင်မြင်ကောင်း မရှိသော်လည်း သူမရဲ့ တတိယမောင်လေးကိုတော့ သူမ သဘောကျနှစ်ခြိုက်နေဆဲပင် ဖြစ်သည်။ ဘုန်းကြီးကို သဘောမကျရင်တောင်မှ ဗုဒ္ဓကို မျက်နှာသာပေးသင့်သည့်အတွက် သူမ ခေါင်းညိတ်လိုက်သည်။ “ကျွန်မမောင်လေးမှာ ‌ပျော်စရာသတင်း ရှိနေတာကို ကျွန်မ ဒီအတိုင်း ကြည့်နေလို့ မဖြစ်ဘူးပဲ။”


ဖရဲသီးဟာ အရမ်းအရသာရှိသည်။ လင်းချင်းဟယ်ရဲ့အမြင်အရ အရသာဟာ သာမာန်မျှသာ ဖြစ်သော်လည်း ကလေးတွေအတွက်မူ ဒါကို စားရတာ အရမ်း စိတ်ကျေနပ်သည့်ပုံပေါ်သည်။ ကျိုးချင်းပိုင်တောင်မှ ဒါကို အရမ်းကြိုက်နှစ်သက်သည်။


“ငါ ခရိုင်မြို့ပေါ် နောက်တစ်ခေါက် သွားတဲ့အခါကျရင် နောက်ထပ်တစ်လုံး ထပ်ဝယ်လာခဲ့မယ်။” လင်းချင်းဟယ် ကတိပေးသည်။


ညီအစ်ကိုတွေဟာ ဝမ်းသာရွှင်မြူးသွားကြသည်။ ၇ နာရီသာ ရှိပေမယ့် ကောင်းကင်ယံဟာ မမှောင်သေးပေ။ ကလေးတွေကို အနီးအနား လမ်းလျှောက်ထွက်ခိုင်းလိုက်သည်။


လင်းချင်းဟယ်က ဘာဖြစ်လို့လဲ ဆိုတာ မေးစရာမလိုပဲ သိသောကြောင့် သူမ ကြားဝင်မစွက်ဖက်ပေ။


ကလေးတွေက ဆော့ကစားရတာ ကြိုက်လို့ တော်သေးသည်။


“ပင်ပန်းနေပြီလား။” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို လှည့်ကြည့်လိုက်သည်။ “ကျွန်မ ရှင့်ကို နှိပ်ပေးရမလား။”


ကျိုးချင်းပိုင်သည် မပင်ပန်းပေမယ့် သူ့ဇနီးသည်ရဲ့ ပြုစုမှုကို ခံစားလိုသောကြောင့် မတားမြစ်ခဲ့ပေ။ ကလေးသုံးယောက်စလုံး အိမ်မှာ မရှိသောကြောင့် သူမရဲ့ နှိပ်နယ်ပေးမှုကို လက်ခံဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ။


လင်းချင်းဟယ်က သူ့မှာ ကြွက်သားတွေ ရှိတာကို သိပေမယ့် သူမ နှိပ်နယ်ပေးလိုက်သည့်အခါမှာ တကယ်ပဲ မာကြောနေတယ် ဆိုတာကို ရှာတွေ့ခဲ့သည်။


“ကျွန်မ မနှိပ်နိုင်တော့ဘူး။” လင်းချင်းဟယ်သည် နှစ်ကြိမ်ခန့်နှိပ်ပြီးနောက် လက်လျော့လိုက်သည်။


သူ့ကို နှိပ်နယ်ပေးဖို့ အရမ်းပင်ပန်းလွန်းသည်။


ကျိုးချင်းပိုင်ကပြုံးရယ်ရင်း သူ့ဇနီးသည်ကို လက်မောင်းထဲသို့ ဆွဲသွင်းလိုက်သည်။


ပူပြင်းသော နေ့ရက်တစ်ရက် ဖြစ်ပေမယ့် လင်းချင်းဟယ်သည် သူ ပွေ့ဖက်နေတာကို စိတ်မကွက်ခဲ့ပေ။ ရေချိုးထားသောကြောင့် သူ့ခန္ဓာကိုယ်မှ လန်းဆန်းသော ကိုယ်သင်းရနံ့ကို အနံ့ခံရင်း ပြောလိုက်သည်။ “ဒီဆပ်ပြာရဲ့ အမွှေးနံ့က တော်တော်ကောင်းတာပဲ။”


သူသည် ရေချိုးရာတွင် သူမ စုဆောင်းထားခဲ့သော ဆပ်ပြာကို အသုံးပြုခဲ့သည်။ တစ်ခါလောက် တိုက်လိုက်ရုံဖြင့် ဆေးကြောဖို့ မလွယ်ကူသော အဆီများနှင့် ရွှံ့များကို သန့်စင်သွားစေည်။ ဒါက တော်တော်လေး အသုံးဝင်သည်။


“ကျွန်မက ပိုက်ဆံကို ဖြုန်းတီးတဲ့ အမျိုးသမီးတစ်ယောက်လို့ ရှင် ထင်လား။” လင်းချင်းဟယ်သည် သူ့လည်တိုင်ကို ပွေ့ဖက်ရင်း မျက်ခုံးပင့်ကာ သူ့ကို စိုက်ကြည့်နေသည်။


ကျိုးချင်းပိုင်က ခေါင်းခါလိုက်သည်။


“မထင်ပါဘူး။”


သူ့ဇနီးသည်က သူတို့မိသားစုအတွက် လုပ်ပေးတာ ဖြစ်ပြီး အသုံးအဖြုန်းကြီး လက်ဖွာတာ မဟုတ်ဘူး။


“ကျွန်မတို့မိသားစု ဘယ်တော့လောက် ပေကျင်းကို အလည်သွားနိုင်မလဲဟင်။” လင်းချင်းဟယ်က မေးသည်။


“ဘာဖြစ်လို့ ပေကျင်းကို သွားချင်ရတာလဲ။” ကျိုးချင်းပိုင်က သူမကို ကြည့်လိုက်သည်။


“ဒါက စူးစမ်းချင်စရာပဲ မဟုတ်လား။ မဟာတံတိုင်း၊ နန်းတော်ဂိတ်၊ ဒဏ္ဍာရီလာတည်ရှိမှုတွေပဲ။” လင်းချင်းဟယ်က ပြုံးရယ်ရင်း‌ ပြောသည်။


သူမ အဲ့နေရာတွေကို ဘယ်နှခါပင် ရောက်ရောက် စိတ်ပါဝင်စားမှုများ ဘယ်တော့မှ မပျောက်ဆုံးသွားခဲ့ပေ။


ဒါပေမယ့် ဒီခေတ်က လူတွေအတွက်မူ ပေကျင်းကို သွားရတာ အရမ်းလေးနက်သည်။


“လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး။ အပြင်မှာက မတည်မငြိမ် ဖြစ်နေတုန်းပဲ။ အချိန်စောင့်ကြည့်ပါဦး။” ကျိုးချင်းပိုင် ပြောသည်။


လင်းချင်းဟယ်က ဒါကို သိချင်နေတာပင် ဖြစ်သည်။ သူမသည် စကားဝိုင်းခေါင်းစဥ်ကို ပြောင်းလိုက်သည်။ “ဒီအနီးအနားမှာ ကျောက်စိမ်းလိုမျိုး ပစ္စည်းတွေ ရှိလားဟင်။”


“အဲ့တာအားလုံးတွေက မြို့ဟောင်းပဒေသရာဇ် ပစ္စည်းတွေပဲ။” ကျိုးချင်းပိုင်က ရှင်းပြသည်။


လင်းချင်းဟယ် “...” ဒီလူ ငယ်ငယ်ကတည်းက ကြီးပြင်းလာခံသည့် ပတ်ဝန်းကျင်ကို သူမ နားလည်သောကြောင့် “ဒါဆိုရင် ထားလိုက်ပါတော့” လို့ ပြောလိုက်သည်။


ကျိုးချင်းပိုင်က သူ့ဇနီးသည် လိုချင်နေတာကို သိသည့်အတွက် သူ အားလပ်သည့်အချိန်တွင် သူ့သူငယ်ချင်းဆီ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ အကယ်၍ ကောင်းတာတွေ့ရင် သူ သူမအတွက် ပြန်ယူလာပေးရမည်။


“ကိုယ့်ကို ဒီည ခွင့်ပြုပေးနိုင်မလား။” ကျိုးချင်းပိုင်က သူမရဲ့ ခါးသွယ်သွယ်လေးကို ပွတ်သပ်ရင်း မေးသည်။


လင်းချင်းဟယ်: 囧. သူ့ခေါင်းထဲမှာ ဘာအကြောင်းတွေပဲ တွေးနေတာလဲ။


ဒါပေမယ့် လင်းချင်းဟယ်သည် သူနှင့် အကြည့်ချင်း ဆုံသွားသောအခါတွင် အလွန်အမင်း ရှက်ရွံ့သွားပြီး သူ့ကို အလေးအနက် မေးမြန်းမိသည်။ “တစ်နေ့ကုန် အလုပ်လုပ်လာရတာ ရှင် မပင်ပန်းဘူးလား။”


“မပင်ပန်းပါဘူး။” ကျိုးချင်းပိုင်က အသံထွက်လာသည်။ သူမ ဘာကို ဆိုလိုသည်ကို သူသိပြီး သူမရဲ့ ပါးပြင်ပေါ် အနမ်းခြွေလိုက်သည်။


လောင်တတို့ညီအစ်ကိုတွေဟာ ဆယ်မိနစ်လောက် လမ်းလျှောက်ထွက်ပြီးနောက် အိမ်ပြန်လာကြသည်။ သူတို့ပြန်ရောက်တာနဲ့ ထုံးစံအတိုင်း အိမ်စာတွေလုပ်ပြီး အိပ်ဖို့ ပြင်ဆင်သည်။


ကျိုးချင်းပိုင်က အသားတစ်နပ် စားပြီးတော့ လင်းချင်းဟယ်သည် အဆုံး၌ ပင်ပန်းနွမ်းနယ်သွားသည်။


“ရှင် နေ့တိုင်း လယ်ထဲမှာ တစ်နေကုန် အလုပ်လုပ်နေရတာတောင် ရှင် အိမ်ပြန်ရောက်တော့လည်း အလုပ် ဆက်လုပ်နေသေးတယ်။ ရှင့်မှာ အဲ့ဒီအတွက် စွမ်းအင်တွေ ကျန်နေသေးတယ်ပေါ့လေ။” လင်းချင်းဟယ်သည် အားနည်းပျော့ခွေစွာဖြင့် ထုတ်ဖော်ပြောသည်။


ကျိုးချင်းပိုင်က တိုးတိုးလေး ပြောသည်။ “အကယ်၍ မင်းလိုချင်နေသေးတယ်ဆိုရင် ကိုယ် ဆက်လုပ်နိုင်သေးတယ်။”


လင်းချင်းဟယ်က သူ့ကို ဘေးဖက်သို့ တွန်းဖယ်လိုက်သည်။ ကျိုးချင်းပိုင်က တခစ်ခစ်ရယ်ပြီး သူ့ဇနီးသည်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ကျိုးချင်းပိုင်သည် သူ့ဇနီးသည်ကို ယပ်ခတ်ပေးပြီးနောက် အိပ်ပျော်သွားခဲ့သည်။


အခုရာသီဥတုက အရမ်းပူပြင်းလွန်းသည်၊ လင်းချင်းဟယ်က မတ်ပဲစွပ်ပြုတ်ကို အမြဲတမ်းလိုလို ချက်ပြုတ်သည်။ မိသားစုတွေ ထမင်းစားပြီး အချိုတည်းသည့်အချိန်တိုင်း မတ်ပဲစွပ်ပြုတ်ချိုချိုလေး တစ်ပန်းကန်ကို သောက်သုံးလေ့ရှိသည်။


တတိယမောင်လေးလင်းဟာ တစ်လခွဲအကြာတွင် သတင်းကောင်းဖြင့် ရောက်ရှိလာခဲ့သည်။


လင်းချင်းဟယ်က ဆူပူလိုက်သည်။ “နင့်မိန်းမ ကလေးမွေးပြီးတာ ဘယ်လောက်တောင် ကြာနေပြီလဲ၊ အခုအချိန်မှ ဘာဖြစ်လို့ ရောက်လာရတာလဲ။’

 

“အဲ့ဒီအချိန်တုန်းက အရမ်းအလုပ်များနေလို့ ကျွန်တော် အိမ်မှာ ကူညီလုပ်ကိုင်ပေးနေရတာလေ။” တတိယမောင်လေးလင်းက အောက်ကျို့သော အပြုံးလေးဖြင့် စကားဆိုသည်။


“ဒီမတ်ပဲစွပ်ပြုတ်ကို မြန်မြန်သောက်လိုက်။ နင့်ကို ကြည့်စမ်းပါဦး၊ နင် အရမ်းအပင်ပန်းခံလွန်းတော့ နင့်ခန္ဓာကိုယ်က အရိုးပဲ ကျန်တော့တယ်။” လင်းချင်းဟယ်က မျက်မှောင်ကြုံ့ရင်း စကားဆိုသည်။


တတိယမောင်လေးလင်းသည် အရမ်းပိန်လွန်းသည်။ သူ့အရပ်က ၅ပေ ၉လက်မရှိပြီး ဒီခေတ်အခါတွင် အရမ်းပုတယ်လို့ မဆိုနိုင်ပေမယ့် ကိုယ်အလေးချိန်က ကျင်း ၁၁၀ပင် ပြည့်ရဲ့လား မသေချာပေ။ သူက အရမ်းပိန်လွန်းသည်။


“အစ်မရယ် နင် ဘယ်လိုတောင် ချဲ့ကားပြောဆိုနေရတာလဲ။” တတိယမောင်လေးလင်းသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောနေသော်လည်း မတ်ပဲစွပ်ပြုတ်ကိုတော့ သောက်လိုက်ဆဲ ဖြစ်သည်။ 


မတ်ပဲစွပ်ပြုတ်ကို သောက်ပြီးနောက် သူ့မျက်နှာပေါ်မှာ စိတ်ကျေနပ်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ ဒီမတ်ပဲစွပ်ပြုတ်ချိုချိုလေးက အရမ်းအရသာရှိတယ်။

 

လင်းချင်းဟယ်က သူ့အတွက် နောက်ထပ်တစ်ပန်းကန် ထပ်ထည့်ပေးတော့ တတိယမောင်လေးလင်းသည် ချက်ချင်း ငြင်းပယ်လိုက်သည်။ “အစ်မ ငါ ဝပါပြီ။”


“ဘာကို ဝတာလဲ။ လူကြီးတစ်ယောက်အတွက် တစ်ပန်းကန်က ဘယ်လုံလောက်မှာလဲ။ ဒီအိုးထဲမှာ အများကြီး ကျန်သေးတယ်။” လင်းချင်းဟယ်က အခိုင်အမာ ပြောဆိုသည်။


သူမသည် တတိယမောင်လေးလင်းကို မတ်ပဲစွပ်ပြုတ်ကို သောက်ခိုင်းနေခဲ့ပြီး သူမသည် အထဲသို့ ဝင်သွားကာ နေရာလွတ်ထဲမှ ဝက်သားအချို့ကို ထုတ်ယူလိုက်သည်။ သူမသည် ဝက်ဗိုက်သားတစ်ကျင်းနှင့် ဝက်နံရိုးနှစ်ချောင်းကို ပေးလိုက်သည်။ ဒါတွေက သူမရဲ့‌ နေရာလွတ်ထဲမှ သူမရဲ့ကိုယ်ပိုင်ကုန်ပစ္စည်းများပင် ဖြစ်သည်။