အခန်း(၈၅)အတင်းအဖျင်းပြောသူ
Viewers 38k

အခန်း (၈၅) - အတင်းအဖျင်းပြောသူ


ထို့နောက် သူမသည် သကြားညို နှစ်ကျင်းကိုလည်း ထုတ်ယူလိုက်သည်။ အိမ်တွင် တရုတ်ဆီးသီး နှစ်ကျင်းရှိနေသေးသဖြင့် တစ်ကျင်းကို ထုတ်လိုက်သည်။ ကျန်တာတွေကတော့ အပြောင်းအလဲအနေဖြင့် တရုတ်ဆီးသီးမန်ထိုလုပ်ဖို့ အစီအစဥ်ဆွဲလိုက်သည်။ သူမသည် ပုစွန်ဆိတ်ကျင်းတစ်ဝက်နှင့် ကြက်ဥ တစ်ကျင်းကိုပါ ထုတ်လိုက်သည်။


ဒီပစ္စည်းတွေကို ထုပ်ပိုးပြီး ထွက်လာတာကို မြင်လိုက်ရသည့် တတိယမောင်လေးလင်းသည် “အစ်မ ဘာလုပ်နေတာလဲ” လို့ လှမ်းမေးလိုက်သည်။


“အဲ့ဒီလူအိုကြီးနှစ်ယောက်ရဲ့ သဘောသဘာဝကို ငါ အသိဆုံးပဲ။ နင့်ဇနီး ပထမတစ်ကြိမ် မွေးတုန်းကလည်း သမီးမိန်းကလေးမွေးတယ်၊ အခုလည်း နောက်ထပ် သမီးမိန်းကလေးတစ်ယောက် ထပ်မွေးတယ်။ သူတို့နှစ်ယောက် သေချာပေါက် စိတ်ပျော်နေမှာ မဟုတ်ဘူး။ သူတို့က မိန်းကလေးတွေထက် ယောကျာ်းလေးကို ပိုသဘောကျတာမို့ နင့်ဇနီးရဲ့ မီးနေချိန်ကို ဂရုစိုက်ပေးဖို့ မေ့လျော့နေလိမ့်မယ်။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်အတွက် မီးနေချိန်က အရမ်းအရေးကြီးတယ်။ ဒါကို ကလေးအဖေဖြစ်ဖူးတဲ့သူတိုင်း နားလည်တယ်၊ ဒါတွေ ကျွေးမွေးဖို့ လိုအပ်တယ်၊ ငါ နင့်ကို တွန်းအားပေးစေချင်သေးလား။” လင်းချင်းဟယ် ပြောသည်။


“အစ်မ” တတိယမောင်လေးလင်းရဲ့ မျက်လုံးတွေ နီရဲလာခဲ့သည်။


သူ့ဇနီးသည်က သမီးမိန်းကလေး ဖွားမြင်ပြီးတဲ့နောက်မှာ သူ့မိဘတွေရဲ့ သဘောထားဟာ ဆိုးရွားခဲ့သောကြောင့် သူ့ဇနီးသည် မီးနေချိန်မှာ အကြိမ်ကြိမ် မျက်ရည်ကျခဲ့ရသည်။


စားချင်စိတ်ရှိပေမယ့် အလိုရှိတိုင်း စားခွင့်မရခဲ့ဘူး။ ဒီအတွက် သူ့ကို အလွန် အပြစ်ရှိသလို ခံစားရစေခဲ့သည်။


သို့သော်လည်း အပြစ်ရှိသလို ခံစားရခြင်းမှာ အသုံးမဝင်ပေ၊ သူ့ဇနီးသည် မီးနေချိန်မှာ အားရှိတာ တစ်ခုခု ကျွေးချင်ပေမယ့် မကျွေးနိုင်ခဲ့ဘူး။


“အခုအချိန်က စောသေးတယ်။ သူတို့အလုပ်မဆင်းခင် နင် မြန်မြန်ပြန်သွားချေ။” လင်းချင်းဟယ်က တိုက်တွန်းခဲ့သည်။


“ကောင်းပြီ” တတိယမောင်လေးလင်းသည် ခေါင်းညိတ်ကာ ကျဆင်းလာတော့မည့် မျက်ရည်များကို သုတ်ဖယ်လိုက်သည်။


သူ့အစ်မဖြစ်သူကို ဒုက္ခမပေးသောကြောင့် သူတို့ အိမ်ပြန်မရောက်ခင် အမြန်ပြန်သွားခဲ့သည်။


သူ့အိမ်အပြန်လမ်းတွင် ပစ္စည်းတွေ အပြည့်သိပ်ထားသည့် နိုင်လွန်အိတ်တစ်လုံးကို ကိုင်ဆောင်သွားခဲ့သည်။

 

ဒါပေမယ့် ဒီအချိန်မှာတောင် ရွာထဲမှာ လူတွေရှိနေတုန်းပဲ။ ဥပမာအားဖြင့် အရင်က လင်းချင်းဟယ်နှင့် ထိပ်တိုက်တွေ့ဆုံဖူးသည့် ဝမ်လင်းတို့လို လူမျိုးတွေပေါ့။ သူမက ဒါကို မြင်တွေ့လိုက်ရသည်။

 

“ဟုတ်တယ်၊ သူမက အကျင့်မကောင်းဘူး။ ရသမျှ ပစ္စည်းတိုင်းကို သူ့မိခင်ဖက်မိသားစုကိုပဲ ပြန်ပေးနေတာ။” ဝမ့်လင်းက နှာခေါင်းရှုံ့ရင်း အေးစက်စွာ ပြောသည်။


သူမသည် ဒုတိယမရီး အလုပ်မှ ပြန်လာတာကိုတောင် မစောင့်နိုင်ပဲ ဒီသတင်းကို အပြေးအလွှား သွားပြောတော့သည်။


“သူ ဘယ်လောက်များများ ပြန်ယူသွားလဲလို့ ငါ မသိဘူး။ ငါ့အမြင်အရတော့ သူ ပြန်ယူသွားတဲ့ ပမာဏက တော်တော်လေး များတယ်။” ဝမ့်လင်း အံ့အားသင့်စွာ ပြောသည်။

 

“နင် အဲ့တာကို တကယ်တွေ့ခဲ့တာလား။” ဒုတိယမရီးက ချက်ချင်း မေးမြန်းခဲ့သည်။ 


“ငါက ဘာဖြစ်လို့ လိမ်ရမှာလဲ။ ကြက်ဥတွေပါ ပါလိမ့်မယ်လို့ ငါ ခန့်မှန်းမိတယ်။” ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။


ဒုတိယမရီးသည် အိမ်ကို တန်းတန်းမတ်မတ် ပြန်သွားခဲ့ပြီး အကြီးဆုံးမရီးအား ဒီအကြောင်းကို ‌ဖောက်သည်ချလိုက်သည်။


တတိယမရီးသည်လည်း အနားမှာ ရှိနေခဲ့ကာ ဒီအကြောင်းကို ကြားလိုက်ရသည်နှင့် ဝင်ပြောလိုက်သည်။ “ဒုတိယမရီး ငါတို့က အခု အိမ်ထောင်စု ခွဲထားတဲ့ မိသားစုတွေပဲ။ ချင်းဟယ် ဘာလုပ်လုပ် အဲ့တာက သူ့ဘဝပဲ၊ ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ သူမရဲ့ မိခင်ဖက်က မိသားစုကို သူမ ပေးချင်ပေးမယ် မပေးချင်မပေးဘူး အဲ့တာတွေကို ငါတို့ ဝင်စွက်ဖက်လို့မရဘူး။ ငါတို့ ဒီအကြောင်းကို မပြောသင့်ဘူး။”

 

အကြီးဆုံးမရီးဖြစ်သူကလည်း တူညီသော အတွေးအမြင်ရှိသည်။ “သူတို့က အိမ်ခွဲနေကြတာလေ။ ချင်းဟယ်က သူမတို့မိသားစုရဲ့ အိမ်ရှင်မပဲ၊ သိပ်အများကြီး ပြောမနေနဲ့။”


ဒုတိယမရီးသည် စတုတ္ထရဲ့ ဇနီးသည်က သူမရဲ့မရီးနှစ်ယောက်ကို လာဘ်ထိုးထားတယ်လို့ ခံစားလိုက်မိသည်။ ဒီကိုကြည့်ပါဦး၊ သူတို့အားလုံးက စတုတ္ထရဲ့ ဇနီးသည်ဖက်မှာ ရပ်တည်နေကြသည်။


ဒုတိယမရီးသည် အမေကျိုးကို ဒီသတင်းအား တိုင်ကြားခဲ့သည်။


အမေကျိုးသည် ဒီသတင်းကိုကြားတော့ တကယ် သဘောမကျပေမယ့် သူမက ဒုတိယချွေးမဖြစ်သူ မျက်နှာသုန်သုန်မှုန်မှုန်ဖြင့် မေးလိုက်သည်။ “ဒီအတင်းအဖျင်းကို နင် ဘယ်က ကြားလာတာလဲ။ နင့်မှာ ဘာမှလုပ်စရာ မရှိဘူးဆိုရင် ငါတို့မိသားစုရဲ့ မြေးတွေကို များများမွေးနိုင်ဖို့လုပ်၊ အပြင်ထွက်ပြီး အတင်းအဖျင်းတွေ လိုက်ပြောနေတာတွေ လျှော့။”


ဒုတိယမရီးရဲ့ မျက်နှာဟာ စိမ်းတစ်လှည့် ဖြူတစ်လှည့် ဖြစ်သွားခဲ့သည်။ သူမသည် သူမကိုယ်တိုင်အတွက် လျှောက်လဲချက် တင်သွင်းခဲ့သည်။ “အမေ၊ ကျွန်မက စတုတ္ထမတ်လေးအတွက် ကိုယ်ချင်းစာလို့ ပြောမိတာပါ၊ သူ့ပုခုံးပေါ်မှာ မိသားစုတစ်စုလုံးရဲ့ဝန်ကို ထမ်းပိုးထားရတာလေ။ အခု သူ့ဇနီးက သူ ပင်ပင်ပန်းပန်း ရှာဖွေထားရတာတွေကို သူမမိခင်ဖက်က မိသားစုရဲ့ မောင်ငယ်ကိုပါ ထောက်ပံ့ပေးနေတယ်။ ဒါက စတုတ္ထမတ်လေးကို ဆင်းရဲဒုက္ခတွေ ထမ်းပိုးစေချင်တာ မဟုတ်ဘူးလား။”


ဒီစကားလုံးတွေက အမေကျိုးရဲ့ စိတ်နှလုံးကို ထိမိသွားစေသည်။


သို့သော်လည်း အမေကျိုးသည် လင်းချင်းဟယ်ကို သွားမထိဝံ့ပေ။ သူမရဲ့ အငယ်ဆုံးသားလေး ကျိုးချင်းပိုင်က သူမနှင့် နှစ်ကိုယ်ကြား ပြောဆိုထားတာ ရှိသည်။ သူမရဲ့ အငယ်ဆုံးသားလေး ပင်ပင်ပန်းပန်း အလုပ်ကျွေးပြုနေရတာကို မြင်ရတာက အမေကျိုးရဲ့ နှလုံးသားကို နာကျင်စေသည်။ “စတုတ္ထလေး၊ အလုပ်ကိုပဲ အရိုးကျိုးမတတ် လုပ်မနေနဲ့၊ အခါအားလျော်စွာ အနားယူဦး။”


“အမေ၊ ကျွန်တော် အဆင်ပြေပါတယ်” ကျိုးချင်းပိုင် ပြောသည်။ “အမေ၊ အခုလာတာ အကြောင်းကိစ္စ အထွေအထူး ရှိလို့များလား။”


“ဒီနေ့၊ လင်းအိမ်တော်ဟောင်းက လောင်တရဲ့ တတိယဦးလေး နင်တို့အိမ်ကို အိမ်လည်လာတယ်။ နင့်ဇနီးသည်က သူ့ကို ပစ္စည်းတော်‌တော်များများ‌ ပေးလိုက်တယ်လို့ ငါကြားတယ်။ အဲ့တာကြောင့် နင်တို့အိမ်မှာရော စားဖို့ လုံလောက်ရဲ့လား။” အမေကျိုးက ထုတ်ဖော်မေးမြန်းခဲ့သည်။


“လောင်တရဲ့ တတိယအန်တီလေးက ကလေးမီးဖွားခဲ့ပြီး အခု မီးတွင်းထဲမှာလေ။ အဲ့ဒီအတွက်ကြောင့် ပစ္စည်းအချို့ ထည့်ပေးလိုက်တာ။” ကျိုးချင်းပိုင်က သူသိကြောင်း ခေါင်းညိတ်ရင်း ဆိုလိုက်သည်။


သူ့ဇနီးသည်က လင်းအိမ်‌တော်ဟောင်းမှ လူများနှင့် အဆက်အသွယ်ဖြတ်ခဲ့ပြီး တတိယမောင်လေးလင်းကိုသာ အသိအမှတ်ပြုခဲ့သည်။


“အင်း၊ အဲ့တာ ကောင်းပေမယ့် ကြက်ဥ‌တွေ တစ်ကျင်းလောက် ပြန်ယူသွားခဲ့တယ်လို့ အမေကြားခဲ့တယ်။” အမေကျိုးက ဆက်ပြောသည်။ “မင်း အရင်က လတိုင်း လစာငွေ ယွမ်ဆယ်ဂဏန်းလောက် ပြန်ပို့ပေးနိုင်တဲ့ အရင်ကလို မဟုတ်တော့ဘူးလေ။ တစ်မိသားစုလုံးက မင်းကို မှီခိုနေရတာ၊ ဒီဝန်ထုပ်ဝန်ပိုးက မသေးငယ်ဘူး။”


လင်းချင်းဟယ်က သူမကို ရည်ရည်မွန်မွန် ပြောဆိုဆက်ဆံသည့်အတွက်ကြောင့် ဒီစကားလုံးတွေကို လင်းချင်းဟယ်ရှေ့မှာ သူမ မပြောဝံ့ဘူး။ သူမသည် ကျိုးချင်းပိုင်ရဲ့ မိခင် ဖြစ်သည့်အတွက်ကြောင့်သာ လင်းချင်းဟယ်သည် ပစ္စည်းကောင်းတွေရှိတဲ့အခါကျ ရံဖန်ရံခါ လောင်တကို စေလွှတ်၍ ပေးပို့ပေးတတ်သည်။


ဒါပေမယ့် အမေကျိုးသည် သူမရဲ့ နေထိုင်မှုဘဝကို ဝင်ရောက်စွက်ဖက်ပြီး ဘယ်လိုပြုမူနေထိုင်သင့်ကြောင်းဟု သင်ကြားပြသခြင်းကို လင်းချင်းဟယ်သည် ဘယ်သောအခါမှ ခွင့်မပြုခဲ့ပေ။


သူမသာ ဝင်ရောက်စွက်ဖက်လိုက်မယ်ဆိုရင် ရန်ပွဲကို ရှောင်လွဲနိုင်မှာ မဟုတ်ဘူး။


ဒါက အမေကျိုး လိုချင်တာ မဟုတ်သောကြောင့် သူမအစား ကျိုးချင်းပိုင်ကိုသာ ရှာဖွေခဲ့ပြီး တိုးတိုးတိတ်တိတ် ပြောဆိုရခြင်း ဖြစ်သည်။


“အမေ၊ ကျွန်တော့်ဇနီးက သူမ ဘာလုပ်နေတာလဲ ဆိုတာကို သူမ သိတယ်၊ အမေ ကျွန်တော်တို့ကို စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး။ ကျွန်တော်တို့ အခု အဆင်ပြေနေတာပဲ မဟုတ်လား။” ကျိုးချင်းပိုင်က အခိုင်အမာပြောသည်။


“နင် အခု အဆင်ပြေတယ်လို့ ပြောတယ်၊ အဲ့တာ ပိုက်ဆံ အများကြီး မကုန်ဘူးလား။ ပိုက်ဆံအကုန်ကုန်သွားတဲ့အခါ ဘယ်လိုလုပ်မလဲ၊ လောင်တနဲ့ သူ့ညီတွေ အရွယ်ရောက်တဲ့အခါကျ မိန်းမယူတာမျိုး ဒါမှမဟုတ် အခြားတစ်ခုခုအတွက် ပိုက်ဆံမလိုအပ်တော့ဘူးလား။” အမေကျိုးက ထိုအချက်ကို ထောက်ပြပြောဆိုသည်။


“ကျွန်တော့်ဇနီးက ကလေးတွေကို ထောက်ပံ့ပေးဖို့ မလိုအပ်ဘူးလို့ ပြောတယ်။ ကလေးတွေ ကြီးပြင်းလာတဲ့အခါကျရင် သူတို့သုံးဖို့အတွက် သူတို့ကိုယ်တိုင် ရှာနိုင်လိမ့်မယ်။” ကျိုးချင်းပိုင်သည် ဒီစကားလုံးများကို ပြောဆိုရင်း သူ့မျက်လုံးများတွင် အပြုံးရိပ်ထင်ဟပ်နေခဲ့သည်။


သူ့ဇနီးသည် ပြောဆိုတဲ့ မူရင်းစကားက ဤသို့ပင် - “ကလေးတွေ လက်ထပ်ဖို့က တော်တော်လိုသေးတယ်။ ဒါ့အပြင်၊ ရှင် ကျွန်မကို လက်ထပ်တုန်းက ရှင်ကိုယ်တိုင်ပဲ ရှာဖွေကျွေးမွေးခဲ့တာ မဟုတ်လား။ ကျွန်မတို့အိမ်ကိုလည်း ရှင့်ရှာထားတဲ့ ပိုက်ဆံတွေနဲ့ပဲ ဆောက်ထားတာ၊ ရှင်သာ ဒီလိုလုပ်နိုင်ရင် ရှင့်သားတွေလည်း ဒီလိုလုပ်နိုင်ရမှာပေါ့။ ကျားလိုဖခင်က ခွေးသားပေါက်လေးတွေ မွေးမှာကို စိတ်ပူစရာ မလိုအပ်ဘူး။”


စာကြောင်းတစ်ကြောင်းတည်းနဲ့ သူမက သူနဲ့ သူ့သားတွေက ချီးမွမ်းပြောဆိုခဲ့သည်။


အမေကျိုးသည် သက်ပြင်းချလိုက်မိသည်။ သူမသားဖြစ်သူကို ကြည့်ရတာ စတုတ္ထချွေးမရဲ့ နူးညံ့ သိမ်မွေ့သော အသွင်အပြင်အောက်မှာ ယဥ်ပါးသွားတာ ထင်ရှားတယ်၊ ဒီတော့ သူ့မှာ ဘယ်လိုလုပ်ပြီး တွေးခေါ်နိုင်စွမ်းတွေ ရှိနိုင်တော့မှာလဲ။


တောင်ယာလုပ်သား အိမ်ထောင်စုများတွင် အရေးပေါ် အသုံးပြုဖို့ ငွေမစုသူ ဘယ်သူ ရှိမည်နည်း။ ထိုသို့သော အသုံးအစွဲ လက်ဖွာသော အလေ့အကျင့်ရှိသူတွေက ဘယ်လိုလုပ်ပြီး သူတို့ဘဝကို သင့်တင့်လျောက်ပတ်စွာ နေထိုင်မှာလဲ။


အမေကျိုးပြန်သွားတော့ ကျိုးချင်းပိုင်ဟာ အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။


လင်းချင်းဟယ်သည် သူ အထဲကို ပြန်ဝင်တာတော့ သူ့ကို မျက်ခုံးပင့်ကြည့်ကာ မေးသည်။ 


“ရှင် အမေနဲ့ ဘာအကြောင်းတွေ ပြောနေတာလဲ။ ဘာတွေကို ဆွေးနွေးချင်လို့ အပြင်ဖက်မှာ တိုးတိုးတိတ်တိတ် ပုန်းလျှိုးကွယ်လျှိုး ပြောနေရတာလဲ။”


“ဘာမှ မဟုတ်ပါဘူး” ကျိုးချင်းပိုင်က ခေါင်းခါလိုက်သည်။


“ကျွန်မရဲ့ တတိယမောင်လေး လာလည်တဲ့အကြောင်းကို တစ်ယောက်ယောက်က အမေနားထဲရောက်အောင် ကုန်းချောလိုက်တာလား။ အရင်လို လစဥ်ဝင်ငွေမရှိတော့လို့ အခုအချိန်မှာ အသုံးစရိတ်ကို ချွေတာသုံးစွဲသင့်ကြောင်း ကျွန်မကို သတိပေးဖို့ အမေ ရောက်လာတာမလား။ တစ်မိသားစုလုံးရဲ့ ဝန်ထုပ်ဝန်ပိုးက ရှင့်အပေါ်မှာပဲ မှီခိုနေရတော့ အမေက သူမရဲ့ အငယ်ဆုံးသားလေး ရှင့်အတွက် ပူပင်သောက ဖြစ်နေတာမလား။” လင်းချင်းဟယ် မေးသည်။

 

ကျိုးချင်းပိုင်က သူ့ဇနီးသည်ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့ပြောနေသည့် အကြောင်းအရာကို သူမ မကြားခဲ့ရသော်လည်း သူ့ဇနီးသည် အမေပြောသည့်အတိုင်း ထပ်တူညီစွာ မေးမြန်းပြောဆိုခဲ့သည်။


“ဟုတ်တယ်မလား။” လင်းချင်းဟယ်သည် သူ့ကို အကြည့်တစ်ချက် ပစ်ခွင်းလိုက်သည်။


“ဇနီးလေး၊ မင်းက ငါတို့မိသားစုရဲ့ အကြီးအကဲပါပဲ။” ကျိုးချင်းပိုင်သည် သူမကို လေးလေးနက်နက် ကြည့်နေခဲ့သည်။


“ဒီလိုပဲ ဖြစ်ရမယ်လေ။” လင်းချင်းဟယ်သည် သူ မည်မျှ ခိုင်မာနေသည်ကို သတိပြုမိကာ ရင်ထဲထိမိသွားခဲ့သည်။


သူမရဲ့ တတိယမောင်လေးကို ပေးခဲ့သည့် ပစ္စည်းတွေအတွက်မူ သူမ ရှင်းပြဖို့ ရည်ရွယ်ချက် မရှိပေ။


“အမေက ရှင့်ကို ထပ်မေးလာလို့ရှိရင် ကျွန်မတို့ မိသားစုက ကောင်းကောင်းမွန်မွန်နေရတယ်၊ အမေ အရမ်းစိတ်ပူဖို့ မလိုအပ်ကြောင်း ရှင် သေသေချာချာ ပြောလိုက်ပါ။” လင်းချင်းဟယ်က ပြောသည်။


ကျိုးချင်းပိုင်သည် ဇနီးသည်က သူမတို့မိသားစု အရေးကိစ္စတွင် သူ့မိခင် ဝင်ရောက်စွက်ဖက်တာကို မကြိုက်နှစ်သက်ကြောင်းကို သူ သိလေသည်။


ဒါပေမယ့် သူက ဘယ်လို ရှင်းပြပြောဆိုရမှန်းကို မသိသော လူဖြောင့် ဖြစ်သောကြောင့် သူ့ဇနီးသည်ကို လေးလေးနက်နက် စိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။