အခန်း (၈၆) - ရွာမှာ အကောင်းဆုံးမိခင်
လင်းချင်းဟယ်သည် သူမတင်ပါးကို လှုပ်ခါကာ ထွက်သွားခဲ့သည်။ သူမသည် တရုတ်ဆီးသီးစေ့များကို ဆက်လက် ဖယ်ထုတ်နေခဲ့သည်။ သူမသည် တရုတ်ဆီးသီးတွေကို အညှာကို ကတ်ကြေးတစ်လက်ဖြင့် ဖြတ်ကာ အထဲမှ ဇီးစေ့တွေကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူမသည် ဒီတရုတ်ဆီးသီးတွေကို အသုံးပြု၍ တရုတ်ဆီးသီးမန်ထို ပြုလုပ်မည် ဖြစ်သည်။
အမေကျိုးအတွက်ကတော့...
လင်းချင်းဟယ်သည် သူမ ပြောချင်တာကို နားလည်ကြောင်း ဖော်ပြချင်သော်လည်း ဒါကို လက်သင့်ခံ လိုက်နာမည် မဟုတ်ပါ။
သူတို့က အိမ်ခွဲနေပြီးသားဖြစ်လို့ သူမသည် ဒီအိမ်ထောင်စုအကြောင်းကို ဂရုစိုက်ပေးနေတာ ဖြစ်ပေမယ့် ကန့်သတ်ချက်တစ်ခုတော့ ရှိသင့်သည်။ ပုံမှန်လုပ်ရိုးလုပ်စဥ်အတိုင်း မြည်တွန်တောက်တီးနေရင်တော့ စိတ်အနှောင့်အယှက် ဖြစ်ရတယ် မဟုတ်လား။
သူမမိခင်ဖက်မိသားစုမှ သူမရဲ့မိဘများနှင့်မတူပဲ အမေကျိုးသည် သူမတို့မိသားစုအပေါ် တကယ်စိုးရိမ်ပူပန်ပြီး အလွန်ဂရုစိုက်ပေးသည့်အတွက် ကျေးဇူးတင်မိသည်။
သို့သော်လည်း လင်းချင်းဟယ်သည် ထိုကြင်နာမှုကို လက်မခံခဲ့ပေ။
သူမဟာ သူမတို့အိမ်ထောင်စုရဲ့ အိမ်ရှင်မဖြစ်ပြီး သူမ ဘာလုပ်ရမလဲ ဆိုတာကို သူမ သိသည်။ အကယ်၍ သူမ အမှားလုပ်ရင် ကျိုးချင်းပိုင်က သူမကို ပြင်ဆင်ပေးနိုင်ပေမယ့် အပြင်လူတွေ ဝင်ရောက်စွက်ဖက်တာမျိုးကိုတော့ လက်သင့်မခံနိုင်ဘူး။
ဤသည်မှာ သူမ အိမ်ထောင်စု အကြီးအကဲဖြစ်ရန် အဓိကအချက် ဖြစ်သည်။
ဒါကြောင့် နောက်ရက်တွေမှာ အိမ်မှာ ပြုလုပ်သည့် အရသာရှိသော အစားအသောက်များကို ကျိုးအိမ်တော်ဟောင်းသို့ သွားမပို့ခိုင်းတော့ဘူး။
“ငါ ဒီနေ့ ဟိုအိမ်နားက ဖြတ်လာတော့ လောင်တနဲ့ သူ့ညီတွေ မန်ထိုစားနေတာ တွေ့လိုက်ရတယ်။ သူတို့ပြောတာတော့ အဲ့မန်ထိုကို တရုတ်ဆီးသီးမန်ထိုလို့ခေါ်ပြီး အရမ်းအရသာရှိတယ်တဲ့။” ဒုတိယအစ်ကိုက ပြောသည်။
သူက ဒီစကားကို ရည်ရွယ်ချက်ရှိရှိ ပြောခဲ့တာ မဟုတ်ပဲ ရိုးရိုးသားသား ပြောလိုက်ခြင်းသာ ဖြစ်သည်။
အဖေကျိုးက အဖက်မလုပ်ပဲ အမေကျိုးကလည်း နှုတ်ဆိတ်နေသည်။
“သူတို့ အများကြီး မလုပ်ဖူးထင်တယ်၊ လောင်တနဲ့ သူ့ညီလေးတွေအတွက် စားစရာ အသစ်အဆန်း လုပ်ကျွေးတာလို့ ကျွန်မထင်တယ်။” တတိယမရီးဖြစ်သူ အသံထွက်လာခဲ့သည်။
“သူတို့က စားစရာ အသစ်အဆန်းလုပ်တာ အဖေနဲ့အမေတို့အတွက်ကျ ဘာဖြစ်လို့ မပို့ပေးရတာလဲ။” ဒုတိယမရီးဖြစ်သူက မျက်ခုံးပင့်ရင်း စကားဆိုသည်။
“သူတို့က အိမ်ထောင်စု ခွဲပြီးသွားကြပြီ၊ သူတို့ဘဝနဲ့ သူတို့ နေထိုင်ရမှာပေါ့။” အကြီးဆုံးမရီးဖြစ်သူက အပြုံးလေးဖြင့် စကားဆိုခဲ့သည်။
ထမင်းစားသောက်ပြီးတာနဲ့ သူတို့က ကိုယ့်အခန်းကိုယ်ပြန်ကြသည်။ တတိယအစ်ကိုက ကသိကအောက်ဖြစ်နေသာ အမူအရာဖြင့် “ဘာဖြစ်နေလို့လဲ။” လို့ မေးခွန်းထုတ်မိသည်။
တတိယမရီးဖြစ်သူက နှာခေါင်းရှုံ့သည်။ “အဲ့တာက ဒုတိယမရီးကြောင့်လေ။ စတုတ္ထရဲ့ဇနီးက သူမရဲ့ တတိယမောင်လေးကို တစ်ခုခု ပေးလိုက်တယ်လို့ အမေ့ကို သွားတိုင်တယ်။ အမေက အဲ့တာကြောင့် မပျော်ဘူးဖြစ်နေတာ။ အမေက စတုတ္ထရဲ့ဇနီးကို အဲ့လိုမျိုး သူမရဲ့မိခင်ဖက်မိသားစုကို ပြန်ပေးတာမျိုးတွေ မလုပ်ဖို့ သတိပေးစကားအချို့ သွားပြောခဲ့တယ်။”
“ဟမ့်... သူတို့က အိမ်ခွဲပြီးကြပြီလေ။ ချင်းပိုင်ရဲ့ဇနီးက သူမ ဘာလုပ်လုပ် ငါတို့နဲ့ မဆိုင်တော့ဘူးလေ။ အမေက ဘာဖြစ်လို့ သွားစွက်ဖက်ရတာလဲ။” တတိယအစ်ကိုက ပြောသည်။
“အမေက စတုတ္ထမတ်လေးကို အမြဲတမ်း ဦးစားပေးခဲ့တယ်၊ အခု စတုတ္ထလေးမတ်လေးက တစ်မိသားစုလုံးရဲ့ တာဝန်ကို သူ့ပုခုံးပေါ်မှာ ထမ်းပိုးနေရတာကို စတုတ္ထရဲ့ဇနီးက သူ့မိခင်ဖက်ကမိသားစုကိုပါ ထောက်ပံ့ပေးလိုက်တော့ အမေက သေချာပေါက် ဘယ်သဘောတူချင်ပါ့မလဲ။” တတိယမရီးဖြစ်သူက ထိုအချက်ကို ထောက်ပြသည်။
အကြီးဆုံးအစ်ကိုဖြစ်သူကလည်း သူတို့အခန်းကို ပြန်ရောက်တော့ ဘာဖြစ်တာလဲလို့ အကြီးဆုံးမရီးဖြစ်သူကို စုံစမ်းမေးမြန်းခဲ့သည်။
“ဒုတိယရဲ့ ဇနီးသည်က ပြဿနာ အစဆွဲထုတ်လိုက်တာပဲ။ သူမက ဘာဖြစ်လို့ အမေ့ကို အဲ့အကြောင်း သွားပြောရတာလဲ။” အစ်ကိုအကြီးဆုံးက ပြောသည်။
အစ်ကိုအကြီးဆုံးသည် ထပ်ပြောပြန်သည်။ “အမေလည်း လွန်တာပဲ။ သူမ သိရင် သူမ သိတဲ့အတိုင်းပဲ ထားလိုက်ပေါ့။ အိမ်ထောင်စုခွဲပြီးနေပြီပဲ၊ အဲ့ဒီမှာ ဘာဖြစ်ဖြစ် ဒီအိမ်နဲ့မသက်ဆိုင်တော့တာကို သူမက ဘာဖြစ်လို့ အဲ့ဒီသွားသွားပြီး ဆူဆူပူပူ လုပ်ချင်နေရတာလဲ။”
“ဘယ်သူ သိမှာလဲ။” အကြီးဆုံးမရီးက ခပ်တည်တည် ပြန်ဖြေသည်။
ဒုတိယမရီးကတော့ သူမတို့ကိုယ်ပိုင်အခန်းထဲကို ဝင်ဝင်ချင်း ဒုတိယအစ်ကိုဖြစ်သူကို ပွေ့ဖက်ကာ အနမ်းတစ်ပွင့် ဆုချလိုက်သည်။ ဒုတိယအစ်ကိုက မနှစ်မြို့သည့်အသွင်ဖြင့် “မင်း ဘာလုပ်တာလဲ။”
“ဘာ၊ ရှင် ကျွန်မကို ဘာဖြစ်လို့ ငြင်းပယ်ချင်ရတာလဲ။” ဒုတိယမရီးက ချက်ချင်း စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။
ဒုတိယအစ်ကိုရဲ့ နှုတ်ခမ်းတွေက တွန့်သွားကာ သူ့အတွေးထဲတွင် ‘အကယ်၍ မင်းက စတုတ္ထရဲ့ဇနီးသည်လိုမျိုး ချောမောလှပနေရင် ငါ ဒီအနမ်းတွေကို ဝမ်းမြောက်ဝမ်းသာ လက်ခံမိမှာပဲ။ ဒါပေမယ့် မင်းရဲ့မျက်နှာက စတုတ္ထရဲ့ဇနီးသည်နဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဥ်နိုင်မှာလဲ။’
ဒီလိုစကားမျိုးတွေကို ယောကျာ်းလေးချင်း လျှို့ဝှက်စွာ တီးတိုးပြောဆိုရာတွင် သူတို့က စတုတ္ထရဲ့ဇနီးသည်အကြောင်း ပြောလေ့ရှိသည်။ ဒါပေါ့၊ သူက ဒီအကြောင်းကို တိတ်တဆိတ် နားထောင်ခဲ့သည်။ သူက သူတို့ကို ဒီအကြောင်းပြောဆိုနေတာကို တားမြစ်ရန် သတ္တိမရှိပေ။
သူတို့အားလုံးဟာ စတုတ္ထလေးကို ချီးကျူးပြောဆိုကြသည်။
ဒုတိယအစ်ကိုသည်လည်း သူ့ရဲ့စတုတ္ထညီငယ်က ကံကောင်းတယ်လို့ ခံစားမိသည်။
စတုတ္ထရဲ့ဇနီးသည်က စတုတ္ထ ပင်စင်ယူပြီး ပြန်လာပြီးနောက် သူ့ကို ဘယ်လောက် ကောင်းမွန်စွာ ပြုစုခဲ့လဲ ဆိုတာကို ကြည့်ပါလား။ သူမသည် အစားအသောက် ချက်ပြုတ်ရာတွင် ဖန်တီးကြံဆနိုင်စွမ်း ကောင်းမွန်ကြောင်း ကြားသိခဲ့ရသည်။
ဒီနွေစပါးရိတ်သိမ်းချိန်မှာ ဒါကို သူမျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရသည်။ သူတို့ရဲ့ နေ့လည်စာက အသားမန်ထို ဒါမှမဟုတ် နွေဦးပန်ကိတ် ဒါမှမဟုတ် ဖက်ထုပ်ကြော်တို့ပင် ဖြစ်သည်။ အဆိုးရွားဆုံးကတော့ ပြောင်းဖူးမန်ထိုပင် ဖြစ်သည်။
ဒါပေမယ့် စတုတ္ထစားသောက်ဖို့ အသားအမြောက်အများ ပါဝင်တဲ့ ဟင်းလျာတစ်မျိုးက နေ့လည်စာဗူးထဲတွင် ပါဝင်နေတုန်းပါပဲ။
နွေစပါးရိတ်သိမ်းပြီးနောက်တွင် စတုတ္ထလေးမှလွဲ၍ သူတို့အားလုံး ပင်ပန်းပြီး ပိန်ပါးသွားခဲ့ကြသည်။ ဒါကိုကြည့်ရင် သူက အာဟာရပြည့်ဝစွာ စားသုံးရတာ သိသာထင်ရှားပါသည်။ ဒါက သူ့ကို မနာလိုဖြစ်စေခဲ့သည်။
“ကျွန်မ ရှင့်ကို ပြောနေတယ်လေ၊ ရှင်က ဘာအကြောင်းတွေ တွေးနေရတာလဲ။” ဒုတိယမရီးဖြစ်သူက ပြောသည်။
“ဘာမှ မတွေးပါဘူး၊ ငါက ဘာကို တွေးရမှာလဲ။” ဒုတိယအစ်ကိုက သက်ပြင်းချလိုက်သည်။ “ငါတို့မိသားစု ဘယ်အချိန်မှ အရသာရှိတဲ့ အစားအသောက်တွေ စားနိုင်မှာလဲ ငါမသိဘူး။”
စတုတ္ထရဲ့အိမ်ကို ဖြတ်သွားရင် သူ အထဲကိုဝင်ပြီး ထမင်းတစ်နပ်လောက် သွားစားချင်မိသည်။ ကလေးတွေ တရုတ်ဆီးသီးမန်ထိုကို စားနေတာ မြင်မိပြီး ထိုမန်ထိုမှ ထုတ်လွှင့်နေသော မွှေးရနံ့ကြောင့် ကလေးတွေ အမြောက်အများ ဝိုင်းဖွဲ့ထိုင်နေတာကို ကြည့်ရင်း အဆုံး၌ သူ ကလေးတောထဲဝင်ရင် အလွန်ရှက်ရွံ့သွားခဲ့သည်။
“ကျွန်မတို့အမေက ခြွေတာလွန်းတယ်။ နေ့ထူးနေ့မြတ်တွေကလွဲရင် တစ်ခြားဘယ်နေ့မှာ စားနိုင်မှာလဲ၊ ရှင် အဲ့အကြောင်းတွေးနေတာကို ရပ်လိုက်တော့။” ဒုတိယမရီးဖြစ်သူက သူမလက်ကို ဝှေ့ယမ်းရင်း ဆိုလိုက်သည်။
အဲ့ဒီအချိန်မှာပင် သူတို့ရဲ့ သားဖြစ်သူက အခန်းထဲကိုဝင်လာပြီး အစ်ကိုကြီးလောင်တတို့ ညီအစ်ကိုတွေ အရသာရှိတဲ့ အစားအစာတွေ ထပ်စားရပြန်ပြီ၊ သူလည်း စားချင်တယ်ဟု ဆိုလာသည်။
ဒုတိယ်မရီးရဲ့ သားဖြစ်သူနာမည်က ကျိုးရှားဟုခေါ်ပြီး လောင်အာ့နှင့် အသက်အတူတူပင်။ သူက အကြီးဆုံးမရီးရဲ့ သားဖြစ်သူ ကျိုးယန်ထက် အသက်ပိုကြီးသည်။ အဘယ်ကြောင့်ဆိုသော် အကြီးဆုံးမရီးက ကျိုးယန်အရှေ့တွင် မွေးဖွားထားသည်က မိန်းကလေးတွေပင် ဖြစ်လေသည်။
“ကျွန်တော် စားလို့ ရနိုင်မလားဟင်။” ကျိုးရှားသည် မျက်လုံးလေး တလက်လက်ဖြင့် မေးလိုက်သည်။
ဒုတိယအစ်ကိုက ရယ်မောလိုက်သည်။ “သား၊ မင်းမှာ အဲ့လိုဘဝမျိုး မရှိဘူး။ အိမ်မှာပဲ ပြောင်းဖူးပန်ကိတ် စားကြရအောင်။”
သူ့သားလေးရဲ့ မျက်နှာဟာ ပျက်ယွင်းသွားခဲ့သည်။
သူ တကယ်ပဲ စတုတ္ထဦးလေးနဲ့ အန်တီတို့ရဲ့ သားဖြစ်ချင်မိသည်။
အစ်ကိုကြီးလောင်တသည် နေ့တိုင်း အရသာရှိသည့် အစားအသောက်တွေ စားရသည်။ အသား ဒါမှမဟုတ် ခေါက်ဆွဲတွေ ဒါမှမဟုတ် ဂျုံပေါက်စီတွေကို စားကြရသည်။ ဒါ့အပြင် သူတို့က ယုန်ဖြူသကြားလုံးကြီး၊ နို့မှုန့်နှင့် ဧရာမဖရဲသီးကိုပင် စားရသည်။
သူတို့ရဲ့ဘဝဟာ အရမ်းပျော်စရာကောင်းတယ်။ သူလည်း သူ့ဦးလေးရဲ့သား ဖြစ်ချင်မိသည်။
လောင်တနှင့် သူ့ညီတွေကို မနာလိုဖြစ်နေတာ ကျိုးရှားတင် မကပါဘူး။ အကြီးဆုံးမရီးရဲ့ သားဖြစ်သူ ကျိုးယန်သည်လည်း မနာလိုဖြစ်နေတာပင်။ တတိယမရီးရဲ့ သမီးဖြစ်သူ ကျိုးဝူနီလည်း ထိုနည်း၎င်းကောင်းပင်။
ဒါက ကျိုးအိမ်တော်ဟောင်းက ကလေးတွေပင် ရှိသေးသည်။ ရွာထဲမှ ကလေးများစွာလည်း ကျန်ရှိနေပါသေးသည်။ လောင်တတို့ညီအစ်ကိုတွေကို ကလေးများစွာက မနာလိုဖြစ်မိကြသည်။
လူကြီးတွေက လောင်တရဲ့အမေကို ဘဝကို ဘယ်လိုရှင်သန်နေထိုင်ရမှန်း နားမလည်ဘူးလို့ ပြောတာကို သူတို့ ကြားသိခဲ့ရပေမယ့် သူတို့ရဲ့အမြင်မှာတော့ ကမ္ဘာပေါ်မှာ လောင်တတို့ညီအစ်ကိုတွေရဲ့ မိခင်ထက် ပိုကောင်းတဲ့မိခင် မရှိဘူးလို့ ခံစားရသည်။
အကယ်၍ သူမသာ သူတို့ရဲ့မိခင်ဖြစ်ခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ။
လင်းချင်းဟယ်သည် သူမက ရွာရှိ ကလေးတွေရဲ့ အမြင်မှာ သူမဟာ အလိုချင်ဆုံး စံပြမိခင်တစ်ဦး ဖြစ်လာခဲ့ကြောင်းကို မသိခဲ့ပေ။
ဒီတစ်ကြိမ် တရုတ်ဆီးသီးမန်ထိုကို စမ်းသပ်ချက်ပြုတ်ကြည့်ခဲ့တာ ဖြစ်ပေမယ့် ဒါက အလုပ်ဖြစ်သွားပြီး အရသာရှိလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။ သူမသည်လည်း ဒါကို ကြိုက်နှစ်သက်သည်။
ဒါပေမယ့် တရုတ်ဆီးသီးတွေဟာ စျေးကြီးပေမယ့် သူတို့ ရာသီပေါ် ပေါများချိန်ရောက်ရင်တော့ စျေးသက်သာလိမ့်မည်။ အဲ့ဒီအချိန်ကျမှ သူမ သူတို့ကို များများဝယ်ယူပြီး ထပ်မံ ပြုလုပ်ရမည်။ သူမ အရင်က ဘာဖြစ်လို့ တရုတ်ဆီးသီးမန်ထို ပြုလုပ်ဖို့ ဘာကြောင့် မစဥ်းစားမိရတာလဲ။
ကျိုးချင်းပိုင် အလုပ်မှပြန်လာချိန်တွင် သူက ငါးရှဥ့်၊ လယ်ငါးလေးတွေ၊ ငါးနှင့် ပုစွန်ဆိတ်များ ရှာဖွေရန် အပြင်သို့ ထပ်မံထွက်သွားခဲ့ပြန်သည်။ ခရုတွေကိုတောင် သူက ရှာလာခဲ့သေးသည်။ သူ့ဇနီးသည်ရဲ့ ချက်ပြုတ်မှုစွမ်းရည်က အလွန်ကောင်းမွန်သောကြောင့် ဒီအရာတွေဟာ သူ့ဇနီးရဲ့လက်ဖြင့် ထိကိုင်လိုက်ရုံဖြင့် အရသာရှိသော ဟင်းလျာများ ဖြစ်လာနိုင်သည်။
“နောက်တစ်ခါ ကျွန်မ ခရိုင်မြို့ပေါ်သွားရင် ကျွန်မ ရှင့်အတွက် မောင်ထိုက်ဝိုင် တစ်ပုလင်း ဝယ်လာပေးမယ်။ ရှင် ဒီဟင်းလျာတွေကို ဝိုင်နဲ့ တွဲဖက် စားသုံးရရင် ရှင် အရမ်းသဘောကျမှာပဲ။” လင်းချင်းဟယ်က ခရုကြော်ရင်း ကျိုးချင်းပိုင်ကို ပြောလိုက်သည်။
ကျိုးချင်းပိုင်က ပီတိအပြုံးလေး ပြုံးလိုက်မိသည်။ “နောက်တစ်ခါ မင်း ခရိုင်မြို့ပေါ်ကနေ တစ်ပုလင်းလောက် ဝယ်လာတဲ့အခါကျ ကိုယ်တို့ အတူသောက်ကြရအောင်လေ။”
“ကောင်းပြီ” လင်းချင်းဟယ်က သူမမျက်ခုံးကိုပင့်ကာ ဆိုသည်။
ဒီခေတ်အခါက ငါးရှဥ့်တွေဟာ အလွန်ဆူဖြိုးပြီး အရသာရှိသည်။ ပိုအရေးကြီးဆုံးအရာကတော့ သူတို့တွေက သဘာဝအတိုင်းပင် ဖြစ်ကာ အာဟာရကြွယ်ဝစွာ ပါရှိသည်။ ကျိုးချင်းပိုင်သည် လယ်ယာလုပ်ငန်းခွင် မပင်ပန်းခဲ့ပါက လင်းချင်းဟယ်သည် သူ့ကို နေ့တိုင်း ငါးရှဥ့်အရှာထွက်ခိုင်းလိမ့်မည် ဖြစ်သည်။
“လယ်ငါးတွေကို မနက်ဖြန်စားဖို့ သိမ်းထားကြမယ်။ ပဲပုတ်ဖတ်တွေကို တို့ဟူးနည်းနည်းနဲ့ သွားလဲလာခဲ့။ ကျွန်မတို့ တို့ဟူးကြော် ချက်စားကြမယ်။” လင်းချင်းဟယ် ပြောသည်။
“ကောင်းပြီ” ကျိုးချင်းပိုင်က ခေါင်းညိတ်ပြီး ထောက်ခံသည်။
အိမ်မှာနေရတဲ့ဘဝက သာသာယာယာပင်။ လင်းချင်းဟယ်သည် ခုနစ်ရက် ရှစ်ရက်ခန့်အကြာတွင် ခရိုင်မြို့ပေါ်သို့သွားရာ လောင်အာ့နှင့် လောင်စန်းတို့ကိုပါ ခေါ်သွားခဲ့သည်။
ပြောရမယ်ဆိုရင် လင်းချင်းဟယ်က သူတို့ကို ပထမအကြိမ် ခရိုင်မြို့ပေါ်သို့ ခေါ်သွားပြီး ပြန်လာသည့်နောက်ပိုင်းမှာ တနေ့တခြား ပိုလိမ္မာလာကြသည်။