အခန်း(၈၇)ဆန်ကုန်မြေလေးကောင်ချန်ရှန်း
Viewers 38k

အခန်း (၈၇) - ဆန်ကုန်မြေလေးကောင် ချန်ရှန်း


မကြာခင် စက်တင်ဘာလသို့ ‌ရောက်ရှိလာပြီး ဆောင်ဦးရာသီသို့ ချဥ်းနင်းဝင်ရောက်ခဲ့ပြီ။ ယခုလကုန်တွင် ဆောင်းရာသီရိတ်သိမ်းချိန်စမည် ဖြစ်ပြီး နိုဝင်ဘာအထိ ဖြစ်သည်။


ဒီအချိန်ကာလရိတ်သိမ်းချိန်ဟာ နွေစပါးရိတ်သိမ်းချိန်၏ သုံးဆနှင့် ညီမျှသည့် အလွန်ကြီးမားသော စီမံချက်တစ်ခု ဖြစ်သည်။ ဒါကိုကြည့်လျှင် ဒီဆောင်းဦးရိတ်သိမ်းချိန်မှာ မည်ကဲ့သို့ ပင်ပန်းဆင်းရဲစွာ ခံစားရလိမ့်မည်ဆိုတာကို နားလည်သဘောပေါက်ရန် လုံလောက်ပေသည်။


သို့တိုင် လင်းချင်းဟယ်သည် လယ်ယာလုပ်ငန်းခွင်သို့ မဝင်ရောက်ခဲ့ပေ။


ဒီစီမံချက်က စက်တင်ဘာလကုန်လောက်တွင် စတင်ခဲ့သည်။ လင်ချင်းဟယ်သည် နေ့တိုင်း ကျိုးချင်းပိုင်အတွက် နေ့လည်စာချက်ပြုတ်ပေးပြီး ပို့ပေးခဲ့သည်။ ကျိုးချင်းပိုင် အရမ်းပင်ပန်းနေမှာကို စာနာမိသောကြောင့် အိမ်မှာ ရှိသမျှ အိမ်မှုကိစ္စ ဝေယျာဝစ္စအားလုံးကို သူမပဲ လုပ်ကိုင်ခဲ့သည်။


သူ အိမ်ပြန်မရောက်ခင်မှာ ဝက်ခြံကို သန့်ရှင်းရေးလုပ်ထားခဲ့သဖြင့် ကျိုးချင်းပိုင် အလုပ်ဆင်းပြီး အိမ်ပြန်လာတဲ့အခါကျရင် ဝက်ခြံနဲ့ ကြက်ခြံကို သန့်ရှင်းရေး လုပ်စရာ မလိုအပ်တော့ဘူး။


နေ့လည်စာအတွက်မူ လင်းချင်းဟယ်သည် သူမရဲ့ တီထွင်ဆန်းသစ်နိုင်စွမ်းကို အသုံးပြု ကုန်ဆုံးစေခဲ့သည်။


ဘန်းမုန့်အကြီးကြီးတွေ၊ အသားကြော်နှင့် တွဲဖက်စားသုံးနိုင်သည့် မန်ထို၊ အသားပေါင်းနှင့် ပြောင်းဖူးမန်ထိုတို့ ဖြစ်ကြသည်။


ဒါပေါ့၊ ခရမ်းချဥ်သီးစွပ်ပြုတ်နဲ့ မတ်ပဲစွတ်ပြုတ်လိုမျိုး ဟင်းသီးဟင်းရွက်နှင့် သက်ဆိုင်သည့် ဟင်းလျာတွေကိုလည်း မေ့မထားသင့်ပေ။


လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ထံသို့ ထမင်းသွားပို့ပေးခဲ့သည်။


နေ့လည်စာကို စက်ဘီးနင်းကာ သွားပို့ဆောင်ခဲ့သည်။ သူမသည် ကျိုးအိမ်တော်ဟောင်းကို ဂရုမစိုက်ပေ။ အကြီးဆုံးမရီးဖြစ်သူက သူမ နေ့လည်စာကို ပေးပို့ဖို့ ကူညီပေးမယ်ဆိုတာကိုတောင် လင်းချင်းဟယ်က မဆိုင်းမတွ ငြင်းပယ်ခဲ့သည်။


အိမ်‌ထောင်စုတိုင်း ကိုယ့်အလုပ် ကိုယ်လုပ်ကြပြီး စောဒကတက်စရာ မရှိအောင် ရောထွေးမနေသင့်ပေ။


ဟုတ်တယ်၊ လင်းချင်းဟယ်က အမေကျိုးရဲ့ သူမတို့မိသားစုကြား ဝင်ရောက်စွက်ဖက်ရတာ နှစ်သက်ပြီး သူမကိုယ်သူမ မှားယွင်းတယ်လို့ ခံစားရမယ့်သူ မဟုတ်တဲ့အတွက်ကြောင့် ကျိုးအိမ်တော်ဟောင်းကို ဂရုစိုက်ဖို့ ဆန္ဒမရှိတာ သဘာဝပင်။

 

နွေစပါးရိတ်သိမ်းချိန်တွင် သူမက မတ်ပဲစွပ်ပြုတ်တစ်အိုးကို ကျိုးအိမ်တော်ဟောင်းကို ပို့ပေးခဲ့သော်လည်း ဒီဆောင်းစပါးရိတ်သိမ်းချိန်မှာတော့ ထိုအိမ်ဖက်ကို သူမဆီမှ စားစရာ တစ်ကိုက်လေး‌တောင် ပို့မပေးခဲ့ဘူး။ ဒါပေါ့၊ လင်းချင်းဟယ်လည်း သူတို့ ဒါကို သိပ်မလိုလားဘူး ဆိုတာကို သိသော်လည်း ဒါက သူမနဲ့ ဘာဆိုင်လို့လဲ။


သူမရဲ့ သဘောထားဟာ အလွန်သိသာထင်ရှားသည်။ သူမသည် သူမမိသားစုရဲ့ ကိစ္စအဝဝကို တာဝန်ယူခဲ့ပြီး ထိုတာဝန်ကို ဝင်ရောက်စွက်ဖက်သည့် မည်သူမဆို သူမရဲ့ယောက္ခမဖြစ်သူ အမေကျိုးဆိုလျှင်ပင် ခွင့်မပြုနိုင်ပေ။ သူမရဲ့ ရည်ရွယ်ချက်က ကောင်းပေမယ့် ဒီလိုမျိုး တင်းမာမနေသင့်ဘူး။


ဒါက အနည်းငယ် လွန်ကဲရာရောက်သော်လည်း သူမသည် ဤကဲ့သို့ လူစားမျိုးပင် ဖြစ်သည်။


ကျိုးချင်းပိုင်သည်လည်း ဒါကို ခံစားရတယ်လို့ထင်သည်။ သူက မတ်ပဲစွပ်ပြုတ်သောက်ရင်း သူ့ဇနီးသည်ကို တစ်ချက်ခိုးကြည့်လိုက်သည်။


လင်းချင်းဟယ်က သူမမျက်ဝန်းတွေကို မှေးကျဥ်းရင်း သူ့ကို ကြည့်ကာ မေးလိုက်သည်။ “ရှင် ကျွန်မကို ပြောစရာ တစ်ခုခုရှိလား။”

 

ကျိုးချင်းပိုင်က စကားမစခင်မှာပင် လောင်တက သူ့အဖေကိုယ်စား စကားပြောလိုက်သည်။ “အမေ၊ ကျွန်တော် အဖိုးအဖွားတို့ဆီ တစ်ခုခု သွားပို့ပေးဖို့ လိုလားဟင်။”


“အကယ်၍ ကျိုးအိမ်ဟောင်းက မတ်ပဲစွပ်ပြုတ် သောက်ချင်တယ်ဆိုရင် သူတို့မှာ ချက်စရာ မတ်ပဲတွေ ရှိတယ် မဟုတ်လား။ သူတို့ ဒါကို မချက်ဘူးဆိုတော့ ဒါကို သူတို့ မသောက်ချင်လို့ပေါ့။” လင်းချင်းဟယ်သည် မသိချင်ယောင်ဆောင်ကာ ပြန်ဖြေခဲ့သည်။

 

“ဒါဆို ဒုတိယအဒေါ်က အမေ့ကို ဝေဖန်ပြောဆိုလိမ့်မယ်။” လောင်အာ့က မှတ်ချက်ပြုသည်။


“သူမ ဝေဖန်တော့ရော ဘာဖြစ်လဲ။ အကယ်၍ သူမက ငါနဲ့ မျက်နှာချင်းဆိုင်ပြီး ငါ့ကို မြည်တွန်တောက်တီး ပြောဆိုရဲရင် ငါ သူမကို ကောင်းကောင်း အပြစ်ပေးလိုက်မှာပေါ့။” လင်းချင်းဟယ်က ရယ်ကာမောကာ ဆိုလိုက်သည်။


ကျိုးချင်းပိုင်က ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။


“မြန်မြန်စားပြီး ခဏအနားယူလိုက်” လင်းချင်းဟယ်က အမိန့်ပေးလိုက်သည်။


ကျိုးချင်းပိုင်သည် သူ့ဝေစုကို မြန်မြန်စားလိုက်သည်။ လောင်တနှင့် လောင်အာ့တို့လည်း အတူတူပါပဲ။ စားသောက်ပြီးနောက် နိုင်လွန်အခင်းပေါ်တွင် ခဏတဖြုတ် တရေး မှေးစက်လိုက်သည်။


အနားယူဖို့ အချိန်က သိပ်မရှိပေမယ့် ရတဲ့အချိန်လေး မှေးလိုက်ဦးမည်။


လင်းချင်းဟယ်သည် လောင်စန်းလေးကို စက်ဘီးပေါ်တင်ကာ အိမ်ပြန်ခေါ်သွားသည့်အခါမှာ တတိယမရီးဖြစ်သူကိုလည်း တင်ခေါ်လာခဲ့သည်။


တတိယမရီးက သူမကို အကြံပေးသည်။ “နင် အာဃာတ အရမ်းမထားပါနဲ့။”


လင်းချင်းဟယ်က ရယ်မောလိုက်သည်။ “ငါ့မှာ အာဃာတ ရှိလို့လား။ လူတိုင်းမှာ ကိုယ်ပိုင်ဘဝရှိတယ်၊ အရင်ကဆို ဒီလိုမပြောဘူးလေ။”


တတိယမရီးက ပြောသည်။ “အရင်က အရင်ပဲ၊ အခုက အခုပဲ။ အခုက စတုတ္ထမတ်လေးလည်း အိမ်မှာရှိတယ်၊ နင် ဒီလိုမျိုးပြုမူနေတာ မကောင်းဘူး။” 


လင်းချင်းဟယ်က ဘာမှ ပြန်မပြောပေမယ့် သူမစိတ်ထဲမှာ တီးတိုးပြောဆိုနေခဲ့သည်။ ‘ငါက ကျိုးချင်းပိုင်ကို နေရခက်အောင် ဘယ်လိုလုပ်ပြီး လုပ်တာ ဖြစ်မလဲ။’


ဒါပေမယ့် သူမ သိပ်အများကြီး ရှင်းမပြခဲ့ဘူး။ အဆုံး၌ မျိုးဆက်ကွာဟချက်က ဒီနေရာမှာ စကားပြောဆိုလာခဲ့ပြီး တချို့အရာတွေကို ညှိနှိုင်းလို့ မရနိုင်ဘူး။


အိမ်ပြန်ရောက်တော့ သူမသည် တတိယမရီးဖြစ်သူနဲ့ လမ်းခွဲလိုက်သည်။ လင်းချင်းဟယ်သည် လောင်စန်းနှင့်အတူ အိမ်ဖက်သို့ ကူးလာခဲ့သည်။ ထိုအချိန်မှာပင် ခေတ်ပညာတတ်လူငယ်တစ်ဦး ရောက်ရှိလာခဲ့သည်။ “စတုတ္ထမရီးကျိုး၊ ကျွန်တော့်ကို စက်ဘီး ငှားပေးလို့ ရမလား။ ကျွန်တော် လယ်ကွင်းထဲ သွားစရာရှိလို့ပါ။ ညနေအိမ်ပြန်တဲ့အချိန်ကျ စတုတ္ထကျိုးကောနဲ့ ကလေးတွေ ပြန်စီးလာလို့ ရတယ်လေ။”


လင်းချင်းဟယ် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ 


“မင်းက ဘယ်သူလဲ။”


“ကျွန်တော်က ချန်ရှန်းပါ၊ ကျင်းမြို့တော်မှာ ပညာသင်သွားတဲ့ ပညာတတ်တစ်ယောက်ပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို စတုတ္တမရီးကျိုးက သင်ကြားပြသပေးပါဦး။” မြို့ပညာတတ် ချန်ရှန်းက သိမ်မွေ့စွာပြုံးရင်း စကားဆိုလိုက်သည်။


လင်းချင်းဟယ်ရဲ့ မျက်နှာအမူအရာက မပြောင်းလဲသွားပေမယ့် သူမစိတ်ထဲမှာတော့ အံ့သြသွားခဲ့သည်။ သူမ တုန်လှုပ်သွားပြီးနောက် နှာခေါင်းရှုံ့မိသည်။


ချန်ရှန်းလား။


မူလခန္ဓာကိုယ်ပိုင်ရှင်ကို လှည့်ဖြားခဲ့တဲ့ ဆန်ကုန်မြေလေးကောင်ပဲ မဟုတ်ပါလား။


ဘဝမှာ အံ့သြစရာတွေကို နေရာတိုင်းမှာ ကြုံတွေ့ရတတ်တယ်။ အခုပင် သူမထံသို့ သူက ရောက်ရှိလာခဲ့သည်။


“ပညာတတ်လူငယ်လေးချန်၊ ငါတို့ ဒီနေ့မှ စတွေ့ဖူးတာကို မင်းက ငါ့ဆီကို လာရောက်ပြီး စက်ဘီးငှားရမ်းဖို့ သတ္တိရှိတယ်လား။ မင်းကို ဘယ်သူက မျက်နှာသာပေးရမှာလဲ။ မင်းက ကျင်းမြို့တော်မှာ ပညာသွားသင်တဲ့ ပညာသင်တစ်ယောက်မို့ မင်းကို မျက်နှာသာပေးသင့်တယ်လို့ မင်းထင်နေတာလား၊ မင်းက အရမ်းအံ့သြဖို့ကောင်းတာပဲ။” လင်းချင်းဟယ်က ရယ်ကာမောကာ ပြောလိုက်ပေမယ့် သူမရဲ့စကားတွေကတော့ ရေခဲတုံးလို အေးစက်နေခဲ့သည်။


ဒီဆန်ကုန်မြေလေးကောင်က သူမရှေ့မှာ ကြော့ရှင်းသည့် ဟန်ဆောင်ရဲခဲ့တယ်လား။


သို့ရာတွင် ချန်ရှန်းသည် သူ့ရဲ့ ကျက်သရေရှိသည့် အသွင်အပြင်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။ “စတုတ္ထမရီးကျိုးရဲ့ စကားတွေက မင်းက ကျွန်တော်တို့ကို ခွဲခြားဆက်ဆံနေသလိုပဲ၊ ကျေးလက်ဒေသကို ရောက်ရှိလာတဲ့ မြို့ပြပညာတတ်လူငယ်တွေက လူတိုင်းနဲ့ မတူဘူးလို့ ဆိုချင်တာလား။”

 

“ဒါကို ခွဲခြားဆက်ဆံတယ်လို့ မဆိုနိုင်ပေမယ့် တချို့လူတွေက‌တော့ မြှောက်ပင့်ပြောဆို မျက်နှာသာပေးတာမျိုးကို မျက်နှာပြောင်တိုင် လက်သင့်ခံရဲကြတယ်။ ဒါပေါ့၊ ပြောစရာမလိုတဲ့ လူကောင်းအများစုကတော့ စောစောစီးစီး လုပ်ငန်းခွင်ဝင်ရောက်သွားခဲ့ကြပေမယ့် အချို့ပျင်းရိသူတွေကတော့ အခုမှ အလုပ်ဆင်းဖို့ သွားကြတယ်လေ။” လင်းချင်းဟယ်က ရယ်ကာမောကာဖြင့် လောင်စန်းလေးကို ချီကာ ချာခနဲ လှည့်ထွက်သွားခဲ့သည်။


သူမ ဒီထက်ပိုပြောချင်ပေမယ့် အခု သူမရဲ့ ကလေးသုံးယောက်က ငယ်ရွယ်နေဆဲ ဖြစ်သည့်အတွက် မျက်နှာသာအချို့ပေးသည့်အနေဖြင့် သူမ ချဲ့ကား ပြောဆိုမနေတော့ဘူး။


“ဒီလောက် ကောင်းမွန်တဲ့ အသားအရေမျိုးနဲ့ ဒီလို ကြမ်းတမ်းတဲ့ ကျေးလက်နေအမျိုးသားတစ်ယောက်ကို လက်ထပ်ထိမ်းမြားလိုက်တာက မင်း အချိန်တန်ရင် နောင်တရမိလိမ့်မယ်၊ မင်း နောင်တရတဲ့အခါကျ ငါ့နောက်ကို လိုက်လာမှာကို ငါ စောင့်နေမယ်။” ချန်ရှန်းရဲ့ အကြည့်တွေက လင်းချင်းဟယ်ရဲ့ နောက်ကျောကို စေ့စေ့ကြည့်ရင်း ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောနေသည့်ပုံစံမျိုးဖြင့် လှမ်းပြောလိုက်သည်။


ချန်ရှန်းရဲ့ အဆင့်မြင့် ပညာသင်ကြားမှုပေါ် အခြေခံ၍ အကဲဖြတ်ရာတွင် ကျိုးချင်းပိုင်ရဲ့ ဇနီးသည်ဟာ ရတနာတစ်ပါးပင် ဖြစ်သည်။ သူမတွင် သေးကျဥ်သော ခါးလေးနှင့် စွင့်ကားသော တင်ပါးတို့ ပိုင်ဆိုင်ထားသည်။ မျက်နှာလေးက ချောမွတ်နေပြီး ထိကိုင်လိုက်တာနဲ့ ရေထွက်လုမတတ် စိုအိနေသည်။


ဒီဆယ်လီအတိုင်းအတာနှင့် ရှစ်ရွာအတွင်းမှာ ဒီလို မိန်းမမျိုး တစ်ယောက်မှ ရှာမတွေ့နိုင်ဘူး။ သူမက သားသုံးယောက် မွေးဖွားပြီးတောင်မှ လှပပြီး ဆွဲဆောင်မှုရှိနေတုန်းပါပဲ။


အနှေးနှင့်အမြန်ဆိုသလိုပင်၊ မင်းက ငါ့အောက်မှာ တောင်းပန်တိုးလျှိုးမယ့်အချိန် ရောက်ရှိလာလိမ့်မယ်။


ဒီအမှိုက်ကောင်က ဘာကိုတွေးနေမှန်း မသိပေမယ့် လင်းချင်းဟယ်ကတော့ သူ့ကို ဂရုမထားခဲ့ဘူး။


တကယ်တော့ မူလခန္ဓာပိုင်ရှင်က ဒီလူကို သဘောကျခဲ့တာ မဟုတ်ပေမယ့် သူမသည် ကူကယ်ရာမဲ့ ချောင်ပိတ်မိတဲ့ အခြေအနေမျိုးနှင့်‌ တွေ့ကြုံရပြီးနောက်ပိုင်းမှသာ ချန်ရှန်းရဲ့ သွေးဆောင်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။ ပြင်ပသွေးဆောင်မှု ခံခဲ့ရတာ ဖြစ်သော်ငြား မူလခန္ဓာပိုင်ရှင်သည် နဂိုကပင် ရိုးဖြောင့်မှုမရှိသောကြောင့် ပါသွားခဲ့ခြင်း ဖြစ်သည်။


သူမသည် မူလခန္ဓာပိုင်ရှင်နှင့် မတူပေ။ သူမရဲ့ အမြင်မှာတော့ ကျိုးချင်းပိုင် ကဏ္ဍတိုင်းတွင် ဘက်စုံထူးချွန်တယ်လို့ ထင်မြင်မိသောကြောင့် ထိုကဲ့သို့သော ကိစ္စရပ်များ ဖြစ်လာလိမ့်မည် မဟုတ်ပေ။


ဇာတ်ကွက်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ သူမ ဒီကို ရောက်ရှိလာကတည်းက သူမရဲ့ ဆုံးဖြတ်ချက်အတိုင်းသာ ဆက်လက်လုပ်ကိုင်သွားမည်။


“အမေ၊ သားအိပ်ချင်တယ်။” လောင်စန်းလေးက အိမ်ကို ပြန်ရောက်ရောက်ချင်း ပြောလိုက်သည်။


“အမေလည်း အိပ်ချင်နေပြီ။” လင်းချင်းဟယ်က ပြုံးရယ်ရင်း သူမသားလေးနှင့်အတူ အိပ်ရာဝင်ခဲ့သည်။


သူတို့ဟာ နှစ်နာရီခွဲအချိန်အထိ အိပ်စက်ခဲ့ကြပြီး လင်းချင်းဟယ်သည် အိပ်ရာထလာခဲ့သည်။ လောင်စန်းလေးသည် အိပ်ရေးဝဝ အိပ်စက်ခဲ့ပြီးပြီ ဖြစ်သောကြောင့် သူ့ကို ဖေးယင်နှင့်အတူ ဆော့ကစားခွင့် ပေးလိုက်သည်။ လင်းချင်းဟယ်သည် မန်ထိုကို ရေနွေးငွေ့ဖြင့် ပေါင်းလိုက်သည်။ ထိုသို့ပေါင်းနေချိန်အတွင်း သူမသည် ဝက်ခြံနှင့် ကြက်ခြံတွေကို သန့်ရှင်းရေး စတင်လုပ်ဆောင်ခဲ့သည်။


ကျိုးချင်းပိုင် အရမ်း ခြေကုန်လက်ပန်းကျနေတာ သူမ သိရှိသည့်အတွက် မေးခွန်းထုတ်ခြင်းမရှိပဲ ဒါကို ကူညီလုပ်ကိုင်ပေးခဲ့သည်။ မူလခန္ဓာပိုင်ရှင်သာ ရှိနေခဲ့လျှင် ဝက်မွေးမြူဖို့ လက်သင့်ခံမှာ မဟုတ်ဘူး။ သူမသည် မူလခန္ဓာပိုင်ရှင်ထက် အများကြီး ပိုကောင်းအောင် လုပ်ဆောင်ခဲ့တယ်လို့ ယုံကြည်ထားခဲ့ပေမယ့် အမေကျိုးကတော့ ဝေဖန်ပြောဆိုဆဲပင်။ သူမရဲ့ မူလရည်ရွယ်ချက်က စေတနာထားတာကြောင့် ဖြစ်တယ်ဆိုရင်တောင် သူမ တကယ်ပဲ လက်သင့်မခံနိုင်ပါဘူး။


ဒါ့ကြောင့် သူမကို တစ်ဖက်စွန်းရောက်တယ်လို့ အပြစ်မတင်ပါနဲ့။ သူမ ပြောချင်တာက သူမတို့မိသားစုအရေးမှာ အမှုကိစ္စ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ယောက္ခမဖြစ်သူ ဝင်ရောက်စွက်ဖက်တာမျိုး မလိုချင်ဘူး။


မည်သည့်ညှိနှိုင်းမှုမျိုးမှ သူမ လက်မခံနိုင်ပေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေကျိုးက သူမရဲ့ သဘောထားကို လက်မခံသရွေ့တော့ သူမတို့ကြား ပြေလည်နိုင်မယ့် အလားအလာ မရှိသေးပါဘူး။


ဒါက ကျိုးချင်းပိုင်ကို စိတ်မသက်မသာ ဖြစ်စေတယ် ဆိုရင်တောင် သူမကိုယ်သူမ စိတ်ကသိကအောက်ဖြစ်စေတာမျိုး မလိုချင်ပေ။ သူ့ကို ချစ်မြတ်နိုးတာနဲ့ ပြဿနာကို ဒီအတိုင်းထားလိုက်ဖို့ မလုပ်နိုင်ပေ။