အခန်း (၈၈) - ကျိုးချင်းပိုင်ပေးတဲ့ အပြစ်ဒဏ်
ကျိုးချင်းပိုင်သည် လောင်တနှင့် လောင်အာ့တို့နှင့်အတူ အိမ်ပြန်လာချိန်တွင် ညနေ ခြောက်နာရီခွဲနေပြီ ဖြစ်သည်။
ဒီအချိန်က အရမ်းနောက်ကျတယ်လို့ မဆိုနိုင်ပေမယ့် သားအဖတွေ အိမ်ပြန်ရောက်ချိန်မှာ အရသာရှိသည့် ဟင်းလျာတွေက ချက်ပြုတ်ပြင်ဆင်ပြီး အဆင်သင့် ဖြစ်နေခဲ့ပြီ။
ဘန်းမန့်ဖြူတွေကို ခရမ်းချဥ်သီးကြက်ဥမွှေကြော်နှင့် ဝက်သားနှပ်တို့ဖြင့် တည်ခင်းထားပါသည်။ သခွားသီးတစ်လုံးနှင့် မုန်လာဥတစ်လုံးတို့ကို တွဲဖက်ချက်ပြုတ်ထားသည့် စွပ်ပြုတ်တစ်ခွက်နှင့် အလွန်ပြီးပြည့်စုံသော အရသာကို ခံစားနိုင်သည်။
အစားအသောက်တွေက ရိုးရှင်းပေမယ့် စားလို့ ကောင်းနေတုန်းပါပဲ။
တစ်မိသားစု စားသောက်ပြီးနောက် လင်းချင်းဟယ်သည် ပန်းကန်တွေနှင့် မီးဖိုချောင်ထဲမှာ အသုံးပြု ချက်ပြုတ်ထားသည့် အိုးခွက်ပန်းကန်များကို ထုံးစံအတိုင်း မဆေးကြောခဲ့ပေ။ ဒီတာဝန်က လောင်တရဲ့ တာဝန်ပဲ။
လင်းချင်းဟယ်က သူမ လုပ်စရာရှိတာတွေ လုပ်ကိုင်ပြီးသွားပြီမို့ သူမစိတ်ကြိုက် အချိန်ဖြုန်းနိုင်ပြီ။ ဒါကြောင့် သူမဟာ စာတွေကို စတင်လေ့လာ ဖတ်ရှုခဲ့သည်။
ကောလိပ်ဝင်ခွင့် စာမေးပွဲ မတိုင်မီ ခုနစ်နှစ်သာ ကာလ ကျန်ရှိနေသေးသော်လည်း စာလေ့လာသင်ယူဖို့ သူမရဲ့ စိတ်အားထက်သန်မှုအား ထိခိုက်မှု မရှိခဲ့ပေ။ ဘာမှ လုပ်စရာတဲ့အချိန်ဆို စာလေ့လာရမည်။
ကျိုးချင်းပိုင်က ပြောသည်။ “ကိုယ် ပြန်ရောက်တဲ့အချိန်မှ ကိုယ်ပဲ ဝက်ခြံတွေကို သန့်ရှင်းရေး လုပ်ပါ့မယ်ကွာ။”
“ဆောင်းရာသီ ရိတ်သိမ်းချိန်ပြီးသွားတဲ့အခါကျရင် ထုံးစံအတိုင်း ရှင်ပဲ သန့်ရှင်းရေး လုပ်ရလိမ့်မယ်။ အခုလောလောဆယ်တော့ ကျွန်မပဲ ဝက်ခြံ၊ ကြက်ခြံတွေကို သန့်ရှင်းရေး လုပ်လိုက်ပါ့မယ်။” လင်းချင်းဟယ်သည် သူ့ကို မော့မကြည့်ပဲ စာအုပ်ကိုဖတ်ရှုနေရင်း ပြောလိုက်သည်။
ကျိုးချင်းပိုင်သည် သူ ရေချိုးဖို့ အပြင်မထွက်ခင် သူမကို ခဏလောက် စိုက်ကြည့်နေခဲ့သည်။
ဆောင်းဦးရာသီ ရိတ်သိမ်းချိန်မှာ အမှန်တကယ် ပင်ပန်းရသော်လည်း အစားအစာ လုံလုံလောက်လောက်နှင့် အနားယူချိန် လုံလောက်သဖြင့် သူ အလုပ်တွေကို ဆက်လက်လုပ်ဆောင်နိုင်သေးသည်။
သူ ရေချိုးပြီး အိမ်ထဲသို့ ပြန်ဝင်လာချိန်တွင် အေးမြလန်းဆန်းသော ဆပ်ပြာနံ့ သင်းသင်းလေးကို ရရှိလိုက်သဖြင့် လင်းချင်းဟယ်သည် သူ့ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ “တစ်နေကုန်လုံး ရှင် အလုပ်ဆင်းလာရတာ ရှင် ပင်ပန်းနေမှာပေါ့။ ရှင် စောစော အနားယူချင်လား။”
“မလိုပါဘူးကွာ။” ကျိုးချင်းပိုင်သည် သူမကို စိုက်ကြည့်နေခဲ့သည်။
လင်းချင်းဟယ်က သူ့ကို အရေးမစိုက်တော့ပဲ စာအုပ်ကို ဆက်ဖတ်နေခဲ့ရင်း ပြောလိုက်သည်။ “နောင်အနာဂတ်မှာ ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်ကျင်းပနိုင်မလားတော့ မသိဘူး။ ကျွန်မ ဖြစ်နိုင်ရင် အဲ့မှာ ဝင်ဖြေနိုင်ဖို့ ကြိုးစားရမယ်။ ရှင် ကျွန်မကို တားမြစ်ဖို့ မလုပ်နဲ့။”
“အဲ့ဒီအချိန်ကျရင် မင်း အသက် ဘယ်လောက်ရှိနေပြီလဲ။” ကျိုးချင်းပိုင်သည် သူ့ဇနီးသည်က ဒီလိုတွေးနေလိမ့်မည်ဟု မမျှော်လင့်ထားသည့်အတွက် ဝေခွဲမရဖြစ်စွာ ပြောလိုက်မိသည်။
ထိုအချိန်ကာလတွင် သူမ မည်သည့် အသက်အရွယ်သို့ ရောက်ရှိနေမယ်မှန်းကို ဘယ်သူ သိနိုင်မှာလဲ၊ ကောလိပ်စာမေးပွဲကို ဘာကြောင့် ဝင်ဖြေချင်ရတာလဲ။
လင်းချင်းဟယ်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ “ကျွန်မရဲ့အသက်အရွယ်က အမြဲတမ်း ၁၈နှစ်ပဲ၊ ရှင် နားလည်လား။”
ကျိုးချင်းပိုင်သည် သူ့ခေါင်းကို အလွန်နာခံစွာ ခေါင်းညိတ်လိုက်ပြီး “ကိုယ့်မျက်လုံးထဲမှာ ကိုယ့်ဇနီးသည်က အမြဲတမ်း ၁၈နှစ်အရွယ်လေးလို ချောမောလှပနေဆဲပါပဲ။”
စိတ်ကျေနပ်စွာဖြင့် လင်းချင်းဟယ်က ပြောလိုက်သည်။ “အနည်းဆုံးတော့ ရှင့်မှာ အမှန်အတိုင်း မြင်တတ်တဲ့ မျက်လုံး ရှိနေတာပဲ၊ မဟုတ်ရင် ရှင် တစ်ညလုံး အပြင်ဖက်မှာ ခြင်တွေနဲ့အတူ မိုးလင်းသွားရလိမ့်မယ်။”
ပန်းကန်တွေ ဆေးကြောပြီးစီးသွားသည့် လောင်တသည် လင်းချင်းဟယ် ပြောလိုက်သည့်အတိုင်း ပုံတူကူး လိုက်ပြောခဲ့သည်။ “အနည်းဆုံးတော့ ရှင့်မှာ အမှန်အတိုင်း မြင်တတ်တဲ့ မျက်လုံး ရှိနေတာပဲ၊ မဟုတ်ရင် ရှင် တစ်ညလုံး အပြင်ဖက်မှာ ခြင်တွေနဲ့အတူ မိုးလင်းသွားရလိမ့်မယ်။”
လင်းချင်းဟယ်သည် ဒါကို ထူးဆန်းတယ်လို့ မထင်ပေမယ့် သူမရဲ့ ပြောစကားကို လောင်တရဲ့ ကြက်တူရွေးလို နှုတ်တိုက်ရွက်ဆိုနေတာကို နားထောင်နေရင်း ကြက်သီးမွေးညင်း ထသွားခဲ့မိသည်။ သူမက စာအုပ်ကို ဆက်ခနဲ ပိတ်ချရင်း စကားဆိုလိုက်သည်။ “ကျိုးလောင်တ၊ မင်း အရိုက်ခံချင်နေလို့လား။”
“အမေ၊ မင်း လုပ်ချင်ရာကို လုပ်နိုင်ပေမယ့် သား လုပ်ချင်ရာကို မလုပ်နိုင်ဘူးလား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်က အမေ ပြောခဲ့တဲ့ စကားပဲ မဟုတ်လား၊ ပြည်နယ်အရာရှိတွေကျ မီးသုံးချင်တိုင်း သုံးခွင့်ရှိပြီး သာမန်ပြည်သူလူထုတွေကျ မီးသုံးချင်တိုင်း သုံးလို့မရဘူးပေါ့လေ။” လောင်တက စနောက်ပြောဆိုရင်း ထွက်ပြေးသွားခဲ့သည်။
လင်းချင်းဟယ်သည် ထိုင်လျက် စာဆက်ဖတ်နေရင်း တတွတ်တွတ်ပြောဆိုနေခဲ့သည်။ “ဒီလို မရိုမသေလုပ်တဲ့ ကောင်စုတ်လေးတွေက ချစ်ဖို့ မကောင်းဘူး။ သူတို့အားလုံးက ကျွန်မကို ဒေါသထွက်အောင်ပဲ လုပ်နိုင်ကြတယ်။ သားယောက်ျားတွေ မွေးဖွားရတဲ့ အကြောင်းရင်းက ကြွေးမြီ စုဆောင်းဖို့ပဲ၊ သမီးမိန်းကလေးတွေကမှ ငဲ့ညှာတတ်တာ။”
“ကိုယ်လည်း အဲ့လိုပဲထင်တယ်။” ကျိုးချင်းပိုင် လေးနက်စွာ ခေါင်းညိတ်ရင်း ထောက်ခံသည်။
လင်းချင်းဟယ်က သူ့ကို အကြည့်တစ်ချက် ပေးလိုက်သည်။ “ရှင်က ဒီလို ပြောရဲသေးတယ်လား။ ဒီမျိုးစေ့တွေကို ဘယ်သူ ကြဲခဲ့တာမို့လဲ။”
ကျိုးချင်းပိုင်က သူမကို နူးညံ့ညင်သာစွာ စိုက်ကြည့်နေခဲ့သည်။ “မင်း ဒီလောက် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ကိုယ် မထင်ထားခဲ့ဘူး။”
သူမက အလွန်စွမ်းဆောင်နိုင်ပြီး ကလေးမီးဖွားချိန်တိုင်း တစ်ယောက်စီဖြင့် သားသုံးယောက် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ဒါပေမယ့် အနာဂတ်မှာ သမီးတစ်ယောက် မွေးဖွားဖို့ အချိန်တန်ပြီ မဟုတ်လား။
ပြောရရင် သူ သူမနှင့် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် ဒီရက်ပိုင်းမှာ သူမရဲ့ ဝမ်းဗိုက်က ကိုယ်ဝန်ရှိတဲ့ အရိပ်အယောင် မပြသေးဘူး။
လင်းချင်းဟယ်က သူ့ကို မျက်စောင်းတစ်ချက် ထိုးကာ သူမစိတ်ထဲတွင် ရေရွတ်လိုက်သည်။ ‘ယောကျာ်းလေးမွေးမွေး မိန်းကလေးမွေးမွေး ကျွန်မတို့အမျိုးသမီးတွေက စိတ်ထဲမထားဘူး။ ရှင်တို့ယောက်ျားတွေရဲ့ ဆုံးဖြတ်ချက်သာ အဓိကပဲလေ။’
“ကိုယ့်အမေက ဒီအတိုင်းပဲ ပြောလိုက်တာပါကွာ၊ ကိုယ့်အမေက ကိုယ်တို့မိသားစု စားဝတ်နေရေး အဆင်မပြေမှာကို အမြဲတမ်း စိုးရိမ်ပူပန်နေတော့ သူမက စကားအများကြီး ပြောလိုက်မိတာပါ။” ကျိုးချင်းပိုင်က မဝံ့မရဲ ပြောလိုက်သည်။
“ဒါဆို ရှင်က ကျွန်မအမှားလို့ ပြောချင်တာလား။ သူမရဲ့ ကောင်းမွန်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောတဲ့စကားအတွက် ကျွန်မက စိတ်မဆိုးသင့်ဘူးလို့ ပြောချင်တာလား။” လင်းချင်းဟယ်က သူ့ကို အပြုံးလေးဖြင့် ပြောလိုက်သည်။
ကျိုးချင်းပိုင်က မဆိုင်းမတွ ခေါင်းခါလိုက်ပြီး စကားဆိုသည်။ “ဇနီးလေး၊ ကိုယ် အဲ့လို ဆိုလိုချင်တာ မဟုတ်ပါဘူးကွာ။”
“ကျွန်မက ရှင့်မိဘတွေကို မရိုမသေလုပ်ပြီး ကျင့်ဝတ်မသိတတ်ဘူးလို့ ရှင် ထင်နေတာလား၊ ရှင် ကျွန်မကို ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ်။ ကျွန်မတို့ ဒီမှာပဲ ရပ်လိုက်နိုင်တယ်။” လင်းချင်းဟယ်က လေးလေးနက်နက် ပြောလိုက်သည်။
ကျိုးချင်းပိုင်ရဲ့ မျက်နှာဟာ နစ်မြှုပ်သွားခဲ့သည်။
လင်းချင်းဟယ်က လှောင်ပြောင်လိုဟန် နှာခေါင်းရှုံ့ကာ “ကျိုးချင်ပိုင်၊ အခု ရှင့်ကို ကျွန်မ ပြောမယ်။ ရှင့်အမေ ပြောတဲ့စကားက ကောင်းလား၊ မကောင်းဘူးလား ဆိုတာကို ကျွန်မ ဂရုမစိုက်ဘူး။ ရှင်းရှင်းပြောရရင် ကျွန်မက ဒီအိမ်ထောင်စုရဲ့ အကြီးအကဲ အိမ်ရှင်မပဲ။ ကျွန်မတို့အိမ်ကနေ သူမစိတ်ကြိုက် ဘာမဆို ယူစားနိုင်တယ်၊ ဒါပေမယ့် ကျွန်မတို့မိသားစု အရေးကိစ္စမှာ ဘယ်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက်စွက်ဖက်တာမျိုး ကျွန်မ လက်သင့်မခံနိုင်ဘူး၊ ပြီးတော့ ကျွန်မ ရှင်နဲ့ ရှင့်သားသုံးယောက်ကို ဘယ်လိုကျွေးမွေးပြုစုပေးခဲ့လဲ။ အကယ်၍ ရှင် သက်တောင့်သက်သာမရှိရင် ဒါမှမဟုတ် ရှင် စိတ်မပျော်ရင် ရှင် ကျွန်မကို တိုက်ရိုက် ပြောနိုင်တယ်။ ဒါပေမယ့် အခြားသူတွေက ကျွန်မကို လာပြောရင်တော့ ကျွန်မ ယဥ်ကျေးနေမှာ မဟုတ်ဘူး။”
ထိုသို့ပြောပြီးနောက် လင်းချင်းဟယ်သည် စာအုပ်ကိုကိုင်ရင်း ကလေးတွေရဲ့ အခန်းထဲသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
ကျိုးချင်းပိုင်သည် ကူကယ်ရာမဲ့သည့် မျက်နှာဖြင့် ကျန်ရစ်ခဲ့သည်။
ပြောစရာမလိုလောက်အောင်ပင် ဒီညမှာတော့ လင်းချင်းဟယ်သည် ဒီအနံ့ဆိုးသည့် အမျိုးသား ကျိုးချင်းပိုင်နှင့် သီးခြားခွဲအိပ်ချင်သည်။ ကျိုးချင်းပိုင်ကတော့ သူ့ဖာသာသူ တစ်ယောက်တည်းပဲ အိပ်ပါစေ။
သို့ရာတွင် ကျိုးချင်းပိုင်က ဒါကို သဘောမတူပေ။ သူက အခန်းထဲသို့ ဝင်လာခဲ့ပြီး လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့ရဲ့ ကန့်ကွက်နေတာကို အမှုမထားပဲ သူမကို သူ့ပုခုံးပေါ် ထမ်းတင်၍ ခေါ်ဆောင်သွားခဲ့သည်။
လင်းချင်းဟယ်က ရှက်ရွံ့သွားခဲ့ပြီး လောင်တကလည်း ကြီးကြီးကျယ်ကျယ် မတွေးတောပဲ ထအော်လိုက်သည်။ “အဖေ၊ ဘာလုပ်တာလဲ။”
“ငါ့ဇနီးကို ငါ့အခန်းထဲ ပြန်ခေါ်သွားပြီး အတူအိပ်မလို့လေ။” ကျိုးချင်းပိုင်က ပြောသည်။ “မင်းတို့သုံးယောက်လည်း ကောင်းကောင်းအိပ်၊ မနက်ဖြန် မနက်စောစော ထရမယ်။”
သူပြောခဲ့သည့် နောက်ဆုံးတစ်ဝက်မှာ ညီအစ်ကိုတွေကို ညွှန်ကြားခဲ့တာ ဖြစ်သည်။
နွေရာသီမှစ၍ လောင်စန်းသည် လင်းချင်းဟယ်တို့နှင့် အတူ မအိပ်စက်တော့ဘူး။ သူလေးက သူ့အစ်ကိုနှစ်ယောက်နဲ့ အတူအိပ်ရတာကို ပိုသဘောကျသည်။
ပြောစရာ မလိုလောက်အောင်ပင် ကျိုးချင်းပိုင်သည် ထိုအခြင်းအရာအတွက် ထုံးစံအတိုင်း ပျော်ရွှင်နေခဲ့သည်။
ကလေးတွေက လင်းချင်းဟယ်ကို သူမအခန်းထဲသို့ ပြန်ခေါ်ဆောင်သွားတာကို တခစ်ခစ်ရယ်ရင်း သဘောတူခဲ့ကြသည်။
“ကလေးတွေရှေ့မှာ ရှင် ဒီလို မလုပ်ရဘူး။” လင်းချင်းဟယ်က သူ့ကို သတိပေးလိုက်တာ ဖြစ်ပေမယ့် သူမအသံက တိုးဖျော့နေသောကြောင့် ညုတုတုလုပ်နေသည့်ဟန်ပေါ်သွားသည်။
“အိပ်ချိန်ရောက်ပြီ။ မနက်ဖြန်မှာ လုပ်စရာကိစ္စ အများကြီး ရှိတယ်။” ကျိုးချင်းပိုင် ပြောသည်။
မီးမှိတ်လိုက်သည့်တိုင် လင်းချင်းဟယ်သည် ဒေါသထွက်နေဆဲပင်။ ကျိုးချင်းပိုင်က သူမကို နူးနူးညံ့ညံ့ ချော့သိပ်ခဲ့သည်။
လင်းချင်းဟယ်သည် သူမရဲ့ ဒေါသစိတ်ကို ဖြေဖျောက်ရန် ဆယ်မိနစ်နီးပါး အချိန်ယူခဲ့ရသည်။ ထို့နောက် ကျိုးချင်းပိုင်သည် သူမကို ပက်လက်လှန်လိုက်သည်။
“ရှင် ဘာလုပ်နေတာလဲ။ ရှင် တစ်နေကုန် အလုပ်ဆင်းလာရတာ မပင်ပန်းဘူးလား။” လင်းချင်းဟယ် ပြောသည်။
“မပင်ပန်းပါဘူး။” ကျိုးချင်းပိုင်သည် သူ့ရဲ့ အသားစားသည့် လှုပ်ရှားမှုကို စတင်လုပ်ဆောင်ခဲ့သည်။
သူ့ရဲ့လုပ်ငန်းစဥ်တစ်ဝက်လောက် အရောက်တွင် ကျိုးချင်းပိုင်က သူမကို မေးခွန်းထုတ်သည်။ “နောင်အနာဂတ်မှာ မင်း ကိုယ့်ကို ပြတ်ဆဲရအောင်လို့ မင်း ပြောရဲသေးလား။”
ဒီအမျိုးသမီးရဲ့ စကားတွေက သူ့ကို ဒေါသထွက်စေသည်။ သူတို့မှာ ကလေးသုံးယောက် ရှိနေပြီ ဆိုတာကိုတောင် သူမက ဒီလို မပြောဝံ့တာမျိုး မရှိဘူး။
ဒီလိုအခိုက်အတန့်မျိုးမှာ လင်းချင်းဟယ် ဘာလုပ်နိုင်ပါ့မလဲ။ ဒါပေါ့၊ သူမက အရှုံးပေးပြီး အမှားကို ဝန်ခံရုံပဲ တတ်နိုင်တော့တာပေါ့။
ထိုမှပင် ကျိုးချင်းပိုင်က သူမကို ဆက်လက်ချစ်ပွဲဝင်ခဲ့သည်။
ကိုးနာရီမှ ဆယ်နာရီအထိ တိုက်ပွဲဝင်ခဲ့ပြီးနောက် လင်မယား နှစ်ယောက်စလုံး အိပ်မောကျသွားခဲ့သည်။
အရင်က ရှိနေခဲ့သည် ဒေါသစိတ်တွေဟာ ကုတင်ပေါ်မှာ ခေါင်းဦးအိပ်စက်ပြီးတာနဲ့ အိပ်ယာဝင်ပြီးနောက်မှာ ပြေပျောက်သွားရတာ သဘာဝပါပဲ။ ဒါက လင်မယားနှစ်ယောက် စကားများရန်ဖြစ်တဲ့အခါကျရင် အခြေခံအားဖြင့် ဤကဲ့သို့ ဖြေရှင်းလိုက်ကြတာပင်။
နောက်တစ်နေ့ မနက်ခင်းတွင် ကျိုးချင်းပိုင်သည် တက်ကြွလန်းဆန်းစွာ အိပ်ရာနိုးလာခဲ့ပြီး လင်းချင်းဟယ်ကတော့ မနက်ခြောက်နာရီထိုးအထိ ပျင်းရိစွာ အိပ်စက်နေခဲ့သည်။
ကျိုးချင်းပိုင်က မနက်စာ အဆင်သင့် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
ဆောင်းဦးရာသီ ရိတ်သိမ်းချိန်တွင် ရိတ်သိမ်းဖို့က အလျင်စလို ဖြစ်နေခဲ့ပြီး မနက် လေးနာရီခွဲလောက်မှာပင် တစ်ရွာလုံး လယ်ကွင်းထဲ ဆင်းကြရသည်။ သူတို့ လယ်ကွင်းထဲဆင်းချိန်တွင် မှောင်နေတုန်းပင်။ နေရောင်ခြည် ထွက်ပြူလာသည့်အချိန်တွင် သူတို့ အလုပ်တော်တော်များများ ပြီးစီးနေခဲ့ကြပြီ။
မနေ့ညက သူမ အိပ်ရာမဝင်ခင် ဖရုံသီးမန်ထိုတစ်အိုး ပေါင်းထားခဲ့သည်။ သူမမှာ အချိန်သိပ်မရတော့သည့်အတွက် ဟင်းသီးဟင်းရွက်ဟင်းလျာတွေကို မလုပ်တော့ပေ။ သူမသည် ပုစွန်ဆိတ်စွပ်ပြုတ်ကိုသာ ဖရုံသီးမန်ထိုနှင့် တွဲဖက်စားသုံးဖို့ ချက်ပြုတ်လိုက်သည်။
လောင်တနှင့် လောင်အာ့တို့က လယ်ကွင်းထဲသို့ လိုက်ချင်ပေမယ့် သူတို့ရဲ့အဖွားအေက နည်းနည်းနောက်ကျမှ လိုက်လာခဲ့ဖို့ မှာကြားခဲ့သည်။
လင်းချင်းဟယ်နှင့် အမေကျိုးတို့သည် သဘောထား ကွဲလွဲမှုအချို့ ရှိသော်လည်း လင်းချင်းဟယ်သည် ကလေးတွေအား သူတို့အဖွားနှင့် ပြောဆိုဆက်ဆံခြင်း မပြုရန် မတားမြစ်ခဲ့ပေ။ သူမသည် ထိုမျှလောက် မလျော်ကန်သောသူ မဟုတ်ပေ။