အခန်း(၈၉)အပူလျှပ်ခြင်း
Viewers 43k

အခန်း (၈၉) – အပူလျှပ်ခြင်း


သူမသည် ကလေးတွေအတွက် အရသာရှိသော နံနက်စာကို ပြင်ဆင်ပေးသည်။


မနက်စာ စားသောက်ပြီးမှ လောင်တနှင့်‌ လောင်အာ့တို့ ညီအစ်ကိုနှစ်ယောက်ကို လယ်ယာလုပ်ငန်းခွင်နောက်သို့ လိုက်ပါသွားစေခဲ့သည်။ ဒီညီအစ်ကိုတွေက အရမ်းကို တက်ကြွလွန်းသည်။


ဒီလိုဘဝမျိုးတွေကြောင့် အခြားမိသားစုရဲ့ ကလေးတွေက လယ်ယာလုပ်ငန်းခွင်နောက်သို့ အတင်းအကြပ် လိုက်ပါကူညီစေခဲ့သည်။ ဒါပေမယ့် ဒီညီအစ်ကိုနှစ်ယောက်စလုံးကတော့ လုပ်ငန်းခွင်သို့ ဘယ်သူမှ မခိုင်းစေပဲ သွားချင်ခဲ့ကြသည်။


ဒါကို လင်းချင်းဟယ်က ဘာတတ်နိုင်မှာလဲ။ မျှော်လင့်ထားသည့်အတိုင်း သူမ ဘာမှ မလုပ်နိုင်ပေ။


ဝက်နှင့် ကြက်များကို အစာကျွေးပြီးနောက် သူမသည် မုန့်နယ်ပြီး နှပ်ထားလိုက်သည်။ နေ့လည်စာအတွက် ပန်ကိတ် ပြုလုပ်မယ်။


သူမသည် မှိုလက်တစ်ဆုပ်စာကိုယူ၍ ရေစိမ်ထားလိုက်သည်။


စားစရာတွေက အများကြီး ရှိပါသေးသည်။ မှိုတွေကို ရေစိမ်ပြီးနောက် အမြစ်များကိုဖြတ်ကာ အတုံးသေးသေးလေးများ လှီးဖြတ်လိုက်သည်။ ထို့နောက် သခွားသီး ၃လုံးခူးပြီး အတုံးလေးတွေ တုံးထားလိုက်သည်။ ပြီးတော့ ကြက်ဥတွေကို မွှေကြော်ကြော်လိုက်ပြန်သည်။ ဒီအစာပလာတွေကို နွေကြက်သွန်နီပန်ကိတ်ထဲသို့ ထည့်သွင်းခဲ့ပြီး အရသာအရမ်းရှိပြီး အရမ်းမွှေးသည်။


ထို့နောက် သူမသည် ခရမ်းချဥ်သီးအနည်းငယ်နှင့် မတ်ပဲစွပ်ပြုတ်တစ်ခွက်ကို ပြင်ဆင်လိုက်သည်။


ဒါတွေက လင်းချင်းဟယ် နေ့လည်စာသွားပို့မည့် အရာများပင် ဖြစ်သည်။


အများအားဖြင့် သူမသည် ဒီအရာများကို မဖိတ်မစင်စေရန် နေရာလွတ်ထဲသို့ တိုက်ရိုက်ထည့်သွင်းပြီး ရောက်ခါနီးမှ ထိုအရာများကို ထုတ်ယူလေ့ရှိသည်။ 


ချက်ပြုတ်ပြီးစီးသွားတော့ ကိုးနာရီထိုးပြီး ဆယ်နာရီပင် မထိုးသေးပေ။ အချိန်စောသေးတာမို့ လင်းချင်းဟယ်သည် ဆယ်နာရီခွဲအထိ စောင့်ပြီးမှ လောင်စန်းနှင့်အတူ ထမင်းသွားပို့မည်။


“လောင်စန်းလေး၊ လာဦး၊ အမေ သားကို ပုံဘယ်လိုဆွဲရမလဲဆိုတာ သင်ပေးမယ်။” လင်းချင်းဟယ်သည် အိမ်မှာ ဘာမှလုပ်စရာမရှိပဲ အားလပ်နေသောကြောင့် လောင်စန်းကို ပုံဆွဲသင်ပေးဖို့ လုပ်လိုက်သည်။ လောင်စန်းသည် ပန်းချီဆွဲရန် အမှန်တကယ်ပင် ပါရမီရှိကြောင်း သူမ တွေ့ရှိခဲ့သည်။ ကလေးလေးက ဆော့ကစားချင်သော သဘောသဘာဝ ရှိပေမယ့် ပန်းချီဆွဲတယ် ဆိုတာနဲ့ လေးနက်နေမှန်းကို သူမ သတိပြုမိခဲ့သည်။


လောင်စန်းလေး ပန်းချီကောင်းကောင်းဆွဲနိုင်ရန်အတွက် သူမ နောက်တစ်ခါ မြို့တက်တဲ့အခါကျရင် ရောင်စုံခဲတံအချို့ ဝယ်ယူလာရမည်။


 “ငါ စတုတ္ထရဲ့ ဇနီးသည်ကို တကယ် မနာလိုဖြစ်တယ်။ အိမ်မှာပဲ နေပြီး အပြင်က အလုပ်ကိစ္စတွေကို သူမ အရေးစိုက်စရာ မလိုဘူး။” လယ်ကွင်းထဲမှာ အလုပ်များနေသည့် ဒုတိယမရီးသည် မောပန်းနွမ်းနယ်လွန်းသဖြင့် ခါးနှင့်ကျောတို့မှာ နာကျင်နေပြီး သူမ မညည်းညူပဲ မနေနိုင်‌တော့ပေ။


ဒုတိယအစ်ကိုက မှတ်ချက်ပြုသည်။ “မင်းပဲ အရင်က သူမကို ပျင်းရိတယ်လို့ ပြောခဲ့တာ မဟုတ်လား။ အခုမှ ဘာဖြစ်လို့ မနာလိုဖြစ်နေရတာလဲ။”


“ဘာကြောင့်လဲလို့ ရှင် ပြောရဲသေးတယ်လား။ ရှင့်မှာသာ အရည်အချင်းရှိရင် ကျွန်မ ဒီလိုမျိုး လယ်ကွင်းထဲဆင်းပြီး ဆင်းရဲဒုက္ခခံနေရမှာ မဟုတ်ဘူး။” ဒုတိယမရီးဖြစ်သူက မကျေမနပ်ရသည့် အကြောင်းအား ထုတ်ဖော်မပြောပဲ မနေနိုင်တော့ပေ။


အခု မိသားစုတစ်စုစီက မြေကွက်တစ်ကွက်စီ တာဝန်ခွဲယူကြသည်။ သူတို့က အရင်လို အလုပ်တွဲမလုပ်ကြဘူး။ ဒီအပိုင်းကို ဒီမိသားစုက တာဝန်ယူ၍ ဟိုအပိုင်းကို ဟိုမိသားစုက တာဝန်ယူကြသည်။ စောစောပြီးတဲ့သူက စောစော အနားယူနိုင်သည်။ မပြီးသေးပါက အလုပ်ဆက်လုပ်၍ နေ့လည်စာ စားချိန်ပင် မရှိပေ။


ဒီတော့ အားလုံးက တစ်ယောက် တစ်ပိုင်းစီ တာဝန်ယူထားကြသည်။


ကျိုးချင်းပိုင်သည် အခြားတစ်ပိုင်းကို သူတစ်ယောက်တည်း တာဝန်ယူတာ ဖြစ်သော်လည်း သူတစ်ယောက်တည်းက လူနှစ်ယောက်စာ လုပ်နိုင်စွမ်းရှိသည်။


ဒုတိယအစ်ကိုဖြစ်သူက နှုတ်ခမ်းစူပြီး “မင်း ငါ့ကို အလုပ်သိပ်မလုပ်နိုင်လို့ အထင်အမြင်သေးနေရင် မင်း တခြားသူကို သွားရှာလို့ရတယ်။”


ဒီစကားက ဒုတိယမရီးကို ဒေါသထွက်သွားစေသည်။


“အလုပ်ပဲ လုပ်စမ်းပါ၊ မင်း ရွံ့စရာစကားတွေ ပြောမနေနဲ့။” ဘေးမှာ ရှိနေသာ အဖေကျိုးမှ ဝင်ပြောသည်။


“တစ်နေကုန် စကားပဲ ပြောဆိုနေကြပြီး အလုပ်ကျ သိပ်မလုပ်ချင်ကြဘူး။” တတိယမရီးက မျက်နှာစူပုတ်နေခဲ့သည်။


တတိယအစ်ကိုသည်လည်း ပင်ပန်းနွမ်းနယ်နေတော့ ဤသို့သာ မှတ်ချက်ပြုသည်။ “ငါကတော့ နေ့လည်ကျရင် ဘာစားရမလဲ ဆိုတာကိုပဲ တွေးမိနေတယ်။”


“ဒီတစ်ခါ၊ အမေ အိမ်မှာ ကျန်ခဲ့တာဆိုတော့ နေ့လည်စာအတွက် ဘာအရသာရှိတာတွေ လာပို့နိုင်မှာမို့လဲ။” တတိယမရီးဖြစ်သူက သက်ပြင်းချလိုက်သည်။


အကယ်၍ သူမ သို့မဟုတ် အကြီးဆုံးမရီးသာ အိမ်မှာကျန်ပြီး ချက်ပြုတ်တာဆိုလျှင် ဒီထက် ပိုကောင်းမည်မှာ သေချာသည်။ ဒါပေမယ့် သူမရဲ့ယောက္ခမသာ ပြင်ဆင်ချက်ပြုတ်တယ် ဆိုရင်တော့ ပြောစရာမလိုလောက်အောင်ပင် ပြောင်းဖူးပန်ကိတ်ကို အသီးအရွက်ချဥ်နဲ့ တွဲဖက်စားရတာကပင် အကောင်းဆုံးလို့ ပြောနိုင်ပေသည်။


အကြီးဆုံးသည်လည်း ဒါကို မျှော်လင့်ချက် သိပ်မထားဘူး။


အစ်ကိုကြီးက သူမကို ဆူပူလိုက်သည်။ “အမေချက်ကျွေးတဲ့ဟာကိုပဲ မင်းစားရမှာပဲ။”


အကြီးဆုံးမရီးက တုံ့ပြန်လိုက်သည်။ “အခုဒီရက်ပိုင်းက အရမ်းပင်ပန်းတယ် မဟုတ်လား။ ဒီအချိန်ပြီးရင် ရိက္ခာတွေလည်း ဝေခြမ်းတော့မှာပဲ။ ဒီနှစ် စပါးရိတ်သိမ်းချိန်လည်း ပြီးတော့မှာပဲ။ အိမ်မှာ တစ်ခါတစ်ရံတော့ ကျွန်မတို့ ကောင်းကောင်း စားသင့်တယ်လေ။”


လယ်ကွင်းထဲ အလုပ်လုပ်ရတာ အရမ်းပင်ပန်းတယ်။ ကောင်းကောင်း မစားသောက်ဘူးဆိုရင် ခန္ဓာကိုယ်က ဒီဒဏ်ကို ဘယ်ခံနိုင်ပါ့မလဲ။


“ငါတို့မိသားစုက အိမ်ထောင်စု မခွဲရသေးဘူး။ အမေချက်ကျွေးတာကိုပဲ မင်းစားရမယ်။ မင်း အမေ့ကို မကျေမနပ် မပြောသင့်ဘူး။ အမေက စတုတ္ထရဲ့ ဇနီးအပေါ်မှာတောင် အခုထိ သဘောမကျ ဖြစ်နေသေးတာကို မင်းလည်း တွေ့သားပဲ မဟုတ်လား။” အကြီးဆုံးအစ်ကိုက ပြောလိုက်သည်။


အကြီးဆုံးအစ်ကိုဖြစ်သူက ဥာဏ်သိပ်မကောင်းဘူးဆိုရင်တောင် ဒါကိုတော့ သိပါသေးသည်။


စတုတ္ထလေးတို့ မိသားစုက နေ့တိုင်းလိုလို ကြက်ဥ ဒါမှမဟုတ် ဝက်သားကို စားသောက်လေ့ရှိပြီး သူတို့အမေက စတုတ္ထရဲ့ ဇနီးသည်၏ အသုံးအဖြုန်းကြီးတဲ့ပုံစံကို မကျေနပ်သောကြောင့် သူမကို စကားအနည်းငယ် ပြောခဲ့သည်။


စတုတ္ထရဲ့ ဇနီးသည်က စိတ်ဆိုးသွားပြီး ပဋိပက္ခအချို့ ဖြစ်ပွားခဲ့သည်။


“လောင်တတို့မိသားစုက အိမ်ထောင်စု ခွဲပြီးသွားကြပြီ၊ သူတို့ ဘယ်လို နေတယ်၊ ဘယ်လို စားတယ် ဆိုတာကို လောင်တရဲ့ အမေပဲ ဆုံးဖြတ်ရမှာလေ။ ဘာဖြစ်လို့ သူမကို သွားပြီး ဘယ်လိုနေ၊ ဘယ်လိုထိုင်လို့ အမေသွားပြောလိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး။” အကြီးဆုံးမရီးဖြစ်သူက ပြန်ပြောလိုက်သည်။


ဒီကိစ္စမှာ သူမ လောင်တရဲ့ အမေကို ထောက်ခံသည်။ သူတို့က အိမ်ထောင်စု မခွဲရသေးသဖြင့် ပြောလို့ရပါသေးသည်။ အခု စတုတ္ထလေးတို့က အိမ်ထောင်စု ခွဲပြီးသွားပြီမို့ သူမရဲ့ယောက္ခမက ကျိုးအိမ်တော်ဟောင်းမှာ ပြုမူသည့်အတိုင်း လောင်တရဲ့အမေကို အပြစ်သွားမရှာသင့်ဘူး။


လောင်တရဲ့အမေက သူမတို့ယောက္ခမကို အရင်ကထက် ပိုကောင်းမွန်စွာ ဆက်ဆံခဲ့ပေယ့် သူမတို့ယောက္ခမက လောင်တရဲ့အမေကို အပြစ်ရှာသည့် အကြည့်တွေဖြင့် ကြည့်ရှုခဲ့သည်။


ကြည့်ပါလား၊ ဒီဖက်ကို အရသာရှိတဲ့ အစားအသောက်တွေ မပို့ပေးတော့ဘူး။ နွေစပါး ရိတ်သိမ်းချိန်တုန်းက စားစရာ တစ်ချို့တစ်ဝက် သူတို့ကို ပို့ပေးခဲ့သည်။ အခု ဆောင်းဦးစပါး ရိတ်သိမ်းချိန်မှာတော့ စားစရာ တစ်ကိုက်စာလောက်တောင် မျှဝေပေးလိမ့်မည်ဟု အိမ်မက်မက်လို့ပင် မရပေ။


အဆုံးမှာ ဘယ်သူက ရှုံးနိမ့်သွားတာလဲ။


အကြီးဆုံးအစ်ကိုဖြစ်သူက သက်ပြင်းချလိုက်သည်။ “စတုတ္ထရဲ့ ဇနီးက တော်တော်စိတ်ကြီးတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အမေက လူကြီးပဲလေ။”


အကြီးဆုံးမရီးဖြစ်သူကတော့ ဘာမှ မပြောခဲ့ပါဘူး။


ဟာ့ဟား... ဒီလောက် နှစ်တွေအတော်ကြာခဲ့တာတောင် လောင်တရဲ့အမေရဲ့ စိတ်နေစိတ်ထာကို ဘယ်သူက မသိပဲ နေလို့လဲ။ ဒီလို စစ်အေးကာလမှာ သူမက သူတို့ကို အစာပေးလိမ့်မယ်လို့ ထင်နေတာလား၊ အိမ်မက် မက်နေလိုက်၊ ဟုတ်ပြီလား။


ထို့အပြင် လောင်တရဲ့ အမေက ဒီလိုအကြောင်းကိစ္စနဲ့ ပတ်သက်ပြီး အမှားမခံပါဘူး။ အရင်ကနဲ့ ယှဥ်ရင် အခုကိစ္စမှာ လောင်တရဲ့ အမေက အကျိုးအကြောင်းသင့်သည်။


အနည်းဆုံးတော့ အကြီးဆုံးမရီးနဲ့ တတိယမရီးတို့သည် လင်းချင်းဟယ်နဲ့ အဆင်ပြေဖို့ ဆန္ဒရှိကြသည်။ အခြားသူတွေကတော့ မသိပါဘူး။


အမေကျိုးသည် သူတို့အတွက် နေ့လည်စာ လာပို့ခဲ့သည်။ လင်းချင်းဟယ်သည် သူမ ထမင်းလာပို့ကြောင်း သိပြီးနောက်တွင် သူမသည် တမင်တကာ အချိန်ဆွဲနေခဲ့သည်။

သူမ ရောက်ပြီး သိပ်မကြာခင်မှာပဲ ကျိုးချင်းပိုင်နဲ့ သူမသားတွေစားဖို့ တောင်းထဲမှာ ထည့်လာတဲ့ ပန်ကိတ်တွေကို ထုတ်ယူလိုက်သည်။


“မင်းတို့ မနက်တုန်းက ဒီကို အကြီးဆုံးအဒေါ်နဲ့ လိုက်လာတာလား။” လင်းချင်းဟယ်က လောင်တကို မေးသည်။

 

“တတိယအဒေါ်နဲ့ လိုက်လာခဲ့တာ” လောင်တက ပန်ကိတ်စားရင်း ပြန်ဖြေသည်။


“အမေ၊ ဒီပန်ကိတ်က တကယ့်ကို စားကောင်းတာပဲ။” ‌လောင်အာ့က စိတ်ကျေနပ်စွာ ပြောသည်။


လင်းချင်းဟယ်က ဒီညီအစ်ကိုနှစ်ယောက်ရဲ့ နေလောင်နေတဲ့ ပါးပြင်တွေကိုကြည့်ရင်း မြည်တွန်တောက်တီးနေခဲ့သည်။ “မင်းတို့ နေအရမ်းပူတဲ့အချိန်ဆို တစ်ခါတစ်ရံ အနားယူသင့်တယ်ဆိုတာ နားမလည်ကြဘူးလား။”


“ဘယ်လိုလုပ်ပြီး အနားယူနိုင်မှာလဲ။ ကျွန်တော်တို့ အနားယူလိုက်ရင် သူတို့က အလုပ်ပိုလုပ်သွားပြီး ကျွန်တော်တို့ရမယ့် အလုပ်ရမှတ်တွေ နည်းသွားမှာပေါ့။” လောင်အာ့က သူ့ခေါင်းကိုခါရင်း ပြောသည်။


လောင်တကလည်း သဘောတူကြောင်း ခေါင်းညိတ်ထောက်ခံသည်။ “ဟုတ်တယ်၊ အမေ၊ ကျွန်တော်တို့ကို စိတ်မပူပါနဲ့၊ ကျွန်တော်တို့ အဆင်ပြေပါတယ်။”


လင်းချင်းဟယ်က သူတို့ကို ဒီလိုကျွေးမွေးတဲ့အတွက် သူတို့နှစ်ယောက်က အဆင်ပြေပေမယ့် အကြီးဆုံးမရီးရဲ့ သမီးကြီး ကျိုးဝူနီကတော့ အပူလျှပ်သွားခဲ့သည်။


အဲ့ဒီညက သူမ အော့အန်ပြီး ဝမ်းလျောသွားခဲ့သည်။


တတိယအစ်ကိုဖြစ်သူက ညနက်သန်းခေါင် တံခါးလာခေါက်ပြီး ကျိုးဝူနီကို ဆေးခန်းသွားပြဖို့ စက်ဘီးလာငှားသည်။


လင်းချင်းဟယ်က ကျိုးဝူနီကို နှစ်သက်သဘောကျသည်။ ထိုကလေးမလေးက အလွန်လိမ္မာရေးခြားရှိပြီး တစ်ခါတစ်ရံ သူမကို ကူညီပေးဖို့ ရောက်လာတတ်သည်။ အိမ်မှာ ကူလုပ်စရာ သိပ်မရှိပေမယ့် လင်းချင်းဟယ်က သူမကို အရသာရှိတဲ့ စားစရာ အနည်းငယ် ပေးခဲ့သေးသည်။

 

“အရမ်းပြင်းထန်လား။ ကျွန်မမှာ အရေးပေါ်လိုအပ်ရင် အသုံးပြုဖို့ ဝယ်ထားတဲ့ ဆေးရှိတယ်။ ဒါကို ယူသွားပြီး သူမကို အရင်တိုက်ထားကြည့်ပါလား။” လင်းချင်းဟယ်သည် သူမအခန်းထဲသို့ ပြန်ဝင်သွားပြီး ဆေးတွေကို ထုတ်ယူလိုက်သည်။


သူမ ပစ္စည်းတွေ စုဆောင်းတဲ့အခါက ဝယ်ဖို့ မမေ့ခဲ့တဲ့ အရာတွေပင်။ သူတို့အားလုံးဟာ အလွန်အကျိုးထိရောက်သည့် ဆေးဝါးများပင် ဖြစ်သည်။


ဒါပေမယ့် သူမက လုံးဝ သက်သာပျောက်ကင်းသွားမယ်လို့ မပြောဝံ့ပဲ၊ အဲ့တာကို စမ်းသုံးကြည့်ပါလားလို့ပဲ ပြောနိုင်သည်။


“ကျေးဇူးပါပဲ၊ စတုတ္ထခယ်မရယ်။ ငါ ဒါကို အရင်စမ်းတိုက်ကြည့်လိုက်မယ်။” တတိယအစ်ကိုက ပြောလိုက်သည်။


သူတို့ ဆေးခန်းကို သွားလျှင်ပင် သူမ ဆေးထိုး၊ ဆေးသောက် လုပ်ရမှာပဲ ဖြစ်သည်။ ဒါပေါ့၊ ဆေးအဆင်သင့်ရှိနေတော့၊ သူတို့ ဒါကို အရင်စမ်းကြည့်သင့်သည်။


သို့သော် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် သူတို့မသွားမီ ရောက်လာခဲ့ကြသည်။


အိမ်က ကလေးသုံးယောက်ကတော့ နေ့ခင်းဖက်မှာ အရမ်းပင်ပန်ထားသဖြင့် ဒီအချိန်မှာဆို ဝက်ကလေးတွေလို အိပ်မောကျနေခဲ့သည်။ မိုးကြိုးပစ်ချရင်တောင် သူတို့ နိုးမှာ မဟုတ်ဘူး။


ဖေးယင်ကို အိမ်မှာ ကြည့်ရှုစောင့်ရှောက်ဖို့ ချန်ထားခဲ့ရုံနဲ့ လုံလောက်သည်။


ဝူနီရဲ့မျက်နှာဟာ အနည်းငယ် ဖျော့တော့နေခဲ့သည်။ အရင်ကပင် သေးငယ်သော မျက်နှာလေးသည် ယခုအခါ ပို၍ပင် ပါးလွှာလာခဲ့သည်။ လင်းချင်းဟယ်ရဲ့ ဆေးသည် အလွန်ထိရောက်မှုရှိသည်။ ဒီဆေးကိုတိုက်ပြီးနောက် ကျိုးဝူနီဟာ ပိုသက်သာလာခဲ့သည်။


အချိန်အတော်ကြာအောင် နာကျင်ကိုက်ခဲပြီးနောက် အခုသက်သာလာသောအခါ တစ်ခါတည်း အိပ်မောကျသွားခဲ့သည်။