အခန်း(၉၀)အိမ်ထောင်စုခွဲခြင်း
Viewers 38k

အခန်း (၉၀) - အိမ်ထောင်စုခွဲခြင်း


ကလေးက သက်‌တောင့်သက်သာ အိပ်စက်နိုင်သွားသော်လည်း လူကြီးတွေကတော့ ထိတ်လန့်နေဆဲ ဖြစ်သည်။


"ဒီတစ်ကြိမ် ငါ သေလုမတတ် ကြောက်လန့်သွားခဲ့တယ်။ အဲ့ဒီကောင်မလေးက နေမကောင်းဖြစ်နေတာကိုတောင် ငါ့ကို မပြောဘူး။ ညနက်သန်းခေါင်ကြီး ကလေးအဖေနဲ့ ငါ ခေါင်းမပါတဲ့ ယင်ကောင်တွေလို စိုးထိတ်နေကြရတယ်။" တတိယမရီးဖြစ်သူသည် လင်းချင်းဟယ်အား သူမအနားသို့ဆွဲခေါ်သွားပြီး ကျေးဇူးတင်ကြောင်း ပြောသည်။


"အခု အဆင်ပြေသွားပြီပဲ။ ငါ့မှာ အဲ့ဆေးနည်းနည်း ကျန်သေးတယ်။ ဒီညတော့ ဝူနီ အဆင်ပြေသွားလောက်ပါပြီ။ မနက်ဖြန်မနက်ကျရင် လောင်တကို အဲ့ဆေး လာပို့ခိုင်းလိုက်မယ်။" လင်းချင်းဟယ်က နှစ်သိမ့်ပေးသည်။


သူမက ဒီမှာ သိပ်ကြာကြာ မနေတော့ပဲ ကျိုးချင်းပိုင်နှင့်အတူ ပြန်သွားခဲ့ကြသည်။


အဖေကျိုး၊ အမေကျိုး၊ အကြီးဆုံးမရီး၊ အကြီးဆုံးအစ်ကိုနှင့် အခြားသူတွေလည်း ဒီစိုးရိမ်စရာ အဖြစ်အပျက်ကြောင့် အိပ်ရာနိုးခဲ့ကြသော်လည်း ယခုအချိန်မှာ သက်သာသွားခဲ့ပြီမှန်း သိလိုက်ရတော့ သူတို့အားလုံး စိတ်သက်သာရာ ရသွားခဲ့ကြသည်။


"လောင်တရဲ့အမေကို တကယ်ကျေးဇူးတင်သင့်တယ်၊ မဟုတ်ရင် ဝူနီ ဒီတစ်ခေါက် ဖျားနာတာ ဘယ်လောက်ကြာကြာ ဝေဒနာ ခံစားရမလဲဆိုတာ မသိနိုင်ဘူး။ သူမက စိတ်အားထက်သန်လွန်းပြီး မသက်မသာ ဖြစ်နေတာကို ကြိတ်ခံစားပြီး တိတ်တိတ်လေး နေခဲ့တယ်။" အကြီးဆုံးမရီးဖြစ်သူက သက်ပြင်းချလိုက်သည်။


"အခု ဝူနီကို ဘာဆေးတိုက်လိုက်တာလဲ။ အကျိုးသက်ရောက်မှုက မြန်ဆန်သားပဲ။" ဒုတိယမရီးက မေးလိုက်သည်။


"ဘာဆေးလဲတော့ ငါ မသိပေမယ့် သေချာပေါက် စျေးပေါမှာတော့ မဟုတ်ဘူး။" တတိယအစ်ကိုက သူ့ခေါင်းကိုခါရင်း ပြောလိုက်သည်။


"ဒါဆိုရင် ငါတို့ လောင်တရဲ့အမေကို ပိုက်ဆံပေးသင့်လား။ အရေးပေါ်အသုံးပြုဖို့အတွက် သူမ အဲ့တာကို ခက်ခက်ခဲခဲ ဝယ်ယူပြီး ဆောင်ထားတာဖြစ်မှာ ငါ စိုးရိမ်တယ်။" အကြီးဆုံးမရီးသည် အမေကျိုးဖက်သို့ လှည့်ကြည့်လိုက်သည်။


"ဘာကို ပိုက်ဆံပေးရမှာလဲ။" အမေကျိုးပင် စကားစမပြောခင် ဒုတိယမရီးက ကြားဖြတ်ပြောသည်။ 


"ငါတို့အားလုံးက တစ်မိသားစုတည်းပဲလေ၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကူညီပေးရမှာပေါ့၊ ဘာဖြစ်လို့ အပြင်လူတွေလိုမျိုး ပိုက်ဆံအကြောင်း မပြောသင့်ဘူးလေ။"


"အမေ၊ ဒီဆေးကို စတုတ္ထခယ်မ ရဖို့ သိပ်မလွယ်လောက်ဘူး။ မနက်ဖြန်ကျရင် ကျွန်မ ဆေး နောက်ထပ် ထပ်ယူရဦးမယ်။ သူမကို ကျသင့်ငွေတော့ ပြန်ပေးသင့်တယ်။ အဆုံး၌ သူတို့တွေက အိမ်ထောင်စု ခွဲပြီးသားတွေပဲလေ။ ဒါ့အပြင်၊ ဒီတစ်ကြိမ် ဝူနီအတွက် ဒီဆေးကို စတုတ္ထခယ်မက ရက်ရက်ရောရော ထုတ်ပေးခဲ့လို့ ကျွန်မ အရမ်း ကျေးဇူးတင်တာပဲ။" တတိယမရီးက ပြောသည်။


ဒုတိယမရီးသည် နှုတ်ခမ်းစူပြီး အမေကျိုးကို ကြည့်လိုက်သည်။ အမေကျိုးသည် သူမလက်ကို ဝှေ့ယမ်းရင်း စကားဆိုလိုက်သည်။ "သူမကို ဘယ်လောက်ကျသင့်လဲ မေးပြီး အဲ့ဒီဆေး ကျသင့်ငွေကို သူမကို ပြန်ပေးလိုက်။"


"အားလုံး ဒီနေ့ ပင်ပန်းနေကြတာဖြစ်လို့ မြန်မြန်ပြန်ပြီး အနားယူကြ။ ငါတို့ မနက်ဖြန်ကျ စောစောထရဦးမှာ။" အဖေကျိုးက ဝင်ပြောသည်။


ဒါ့ကြောင့် သူတို့အားလုံး အခန်းကိုယ်စီ ပြန်သွားခဲ့ကြကာ အိပ်ရာဝင်သွားခဲ့ကြသည်။


တစ်ဖက်တွင်မူ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ရှင်းပြနေခဲ့သည်။ "ကံကောင်းထောက်မပြီး ကျွန်မ မှောင်ခိုစျေးကွက်ကို လှည့်ပတ်ကြည့်ခဲ့မိလို့ပဲ။ အဲ့ဒီလူက ဒါကို လျှို့ဝှက်ထုတ်ကုန်တစ်ခုလို့ပြောပြီး ကျွန်မကို တိုးတိုးတိတ်တိတ်‌ ရောင်းချပေးခဲ့တာ။ ကျွန်မလည်း အဲ့ဆေးက အနံ့လေးလည်း မဆိုးဘူး၊ ကြည့်ရတာ တော်တော်ကောင်းမယ့်ပုံပေါ်တယ်။ ဒါနဲ့ ကျွန်မလည်း ရှင့်ကို စိတ်ထဲမှာ တွေးလိုက်မိတာနဲ့ ဝယ်လာခဲ့လိုက်တာ၊ တကယ် အသုံးဝင်သွားလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး။"


ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်ပြီး သဘာဝကျစွာပင် သူက ဒီကိစ္စကို စစ်စစ်ပေါက်ပေါက် မမေးမြန်းခဲ့ဘူး။


နောက်တစ်နေ့မနက်ခင်းတွင် လင်းချင်းဟယ်သည် လောင်တကို ဆေးပို့ခိုင်းလိုက်သည်။

လောင်တသည် ဆေးပို့ပြီး ပြန်လာတာနဲ့ မေးမြန်းခဲ့သည်။ "အမေ၊ တတိယအဒေါ်က ဒီဆေးက ဘယ်လောက်ကျလဲလို့ အမေ့ကို မေးခိုင်းလိုက်တယ်။"


လင်းချင်းဟယ်သည် သခွားသီးနှင့် ကြက်ဥများကို ကြော်နေဆဲပင် ရှိနေသေးသည်။ တုန့်ပြန်တဲ့အနေနဲ့ သူမက ပြောလိုက်သည်။ "ဒီဆေးက နင့်အစ်မ ဝူနီအတွက်မို့ ပိုက်ဆံမလိုဘူးလို့ နင့် တတိယအဒေါ်ကို ပြန်ပြောလိုက်ချေ။ အကယ်၍ သူမက ကျသင့်ငွေ ပေးချင်နေသေးတယ်လို့ ဆိုရင် ဝူနီ နေကောင်းလာပြီး သူမ အားလပ်ချိန်မှ ငါ့ကို အိမ်မှာ လာကူညီပေးရင် လုံလောက်တယ်လို့ ပြောလိုက်။"


ဒါက သဘာဝအတိုင်း စိတ်သက်သာရာရဖို့ ပြောလိုက်တာပင်၊ သူမအိမ်မှာ လုပ်စရာ အများကြီး မရှိဘူး။


တတိယမရီးသည် သူမ ဆိုလိုချင်သည့် အဓိပ္ပာယ်ကို နားလည်ပြီး ဤသို့ ပြောခဲ့သည်။ "ငါ ဒီမျက်နှာသာပေးမှုကို မှတ်ထားပါ့မယ်၊ စတုတ္ထခယ်မလေး။"


အကြီးဆုံးမရီးက အလုပ်မသွားသေးဘူး။ အမျိုးသားတွေက အရင် အလုပ်သွားကြသည်။ 


အမျိုးသမီးတွေကျ နောက်ကျတာက သိပ်ပြဿနာ မရှိပါဘူး။ ဒီအချိန်က ခြောက်နာရီထိုးနေပြီမို့ စောတယ်လို့ မဆိုသာဘူး။


"ဒီဆေးက တကယ်ကောင်းတယ်။" အကြီးဆုံးမရီးသည် ဒါက စျေးမပေါကြောင်း ခန့်မှန်းမိခဲ့သည်။


တတိယမရီးကလည်း ဒါကို ထောက်ခံသည်။ ဒုတိယမရီးက မှတ်ချက်ပြုသည်။ "သူမက ဒီငွေလောက်လေးကို စိတ်ထဲထားမှာ မဟုတ်ဘူး၊ ဒါကြောင့် ဒါကို အရမ်းပြောနေစရာ မလိုအပ်ဘူး။ နင်တို့ လယ်ထဲဆင်းဖို့ အဆင်သင့်ဖြစ်ရင် သွားကြရအောင်။ ဒီနေ့ လုပ်စရာ အများကြီး ကျန်သေးတယ်။"


"ဒါဆိုရင် ဝူနီကို အိမ်မှာ သေချာဂရုစိုက်လိုက်နော်။" အကြီးဆုံးမရီးသည် တတိယမရီးအား မှာကြားခဲ့သည်။


ဝူနီ အပူလျှပ်သွားတာကြောင့် တတိယမရီးသည် သူမကို ပြုစုစောင့်ရှောက်ပေးဖို့ အိမ်မှာ ကျန်နေခဲ့ကာ ချက်ရေးပြုတ်ရေးကို တာဝန်ယူခဲ့သည်။


အကြီးဆုံးမရီး၊ အမေကျိုးနှင့် ဒုတိယမရီးတို့လူစုသည် လောင်တ၊ လောင်အာ့တို့အပါအဝင် ကလေးအုပ်စုကို ဦး‌ဆောင်ကာ လယ်ယာလုပ်ငန်းခွင်သို့ ဝင်ရောက်ခဲ့သည်။


"ငါပြောရဦးမယ်၊ လောင်တက ဒီနှစ်မှာ တော်တော်လေးကို ထွားကြိုင်းလာတာပဲ။" အကြီးဆုံးမရီးက အပြုံးလေးဖြင့် ပြောလိုက်သည်။


ဒုတိယမရီးက လောင်တကို တစ်ချက်လှမ်းကြည့်ကာ ချဥ်စူးနေသောအသံဖြင့် ပြောလိုက်သည်။ "အကြီးဆုံးမရီးကလည်း၊ ဒီညီအစ်ကိုတွေ နေ့တိုင်း စားသောက်နေတာကိုပဲ ကြည့်စမ်းပါဦး။ ဒီလိုမျိုး စားသောက်နေရမှတော့ သူတို့ အရပ်ရှည်ပြီး ထွားကြိုင်းလာမှာပဲလေ။"


"နင် ဘာဖြစ်လို့ ချဥ်နေရတာလဲ။ နင့်မှာ စွမ်းရည်ရှိရင် နင်လည်း အဲ့လိုလုပ်လေ။" အမေကျိုးသည် သူမပါးစပ်ကိုဖွင့်ပြီး အမြဲတမ်း ပြဿနာကို မီးခွက်ထွန်းရှာတတ်သော ဒုတိယချွေးမအား ပြောလိုက်သည်။


ဒုတိယမရီးက အမေကျိုးကို ဖျတ်ခနဲ ကြည့်ပြီး ပြောလိုက်သည်။ "အမေ၊ အကယ်၍ ကျွန်မ အိမ်ခွဲနေရရင်၊ ကျွန်မလည်း အဲ့လိုနေနိုင်မှာပါ။"


ဒီအဓိပ္ပာယ်က ရှင်းရှင်းလေးပဲ၊ သူမသည်လည်း အိမ်ခွဲနေချင်နေတာ ဖြစ်သည်။


"ကောင်းပြီ" အမေကျိုးက ပြုံးသည်။ သူမကိုကြည့်ပြီး ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။ "ငါ မင်းတို့အဖေနဲ့ ဒါကို ဆွေးနွေးပြီးပြီ၊ ဒီ‌ဆောင်းစပါး ရိတ်သိမ်းပြီးတာနဲ့ နင်တို့ကို အိမ်ထောင်စု ခွဲပေးမယ်။ နင်တို့ ကိုယ့်စိတ်ကြိုက် နေထိုင်လို့ရတယ်၊ ဒါပေမယ့် ဟင်းချက်ဖို့ တခြားအိုးနဲ့ မီးဖိုချောင်တော့ မရဘူး၊ ဒါ့ကြောင့် ချက်တာ ပြုတ်တာကိုတော့ လူတိုင်း ဒီမီးဖိုချောင်မှာပဲ ချက်ပြုတ်ရလိမ့်မယ်။"


"အမေ၊ ကျွန်မတို့မိသားစုက ဒီလိုရည်ရွယ်ချက်မျိုး မရှိပါဘူး။" အကြီးဆုံးမရီးက အလျင်အမြန် ဝင်ပြောသည်။


"ဒါပေါ့၊ အကြီးဆုံးမရီးတို့ မိသားစုကတော့ ဒီလိုရည်ရွယ်ချက်မျိုး ဘယ်ရှိပါ့မလဲ။ အကြီးဆုံးမရီးတို့ မိသားစုမှာ သမီးသုံးယောက်နဲ့ သားနှစ်ယောက်တောင် ရှိပြီး ကျွေးရမယ့် ပါးစပ်ပေါက်တွေက များတာကိုး။" ဒုတိယမရီးက ချက်ချင်း တုံ့ပြန်လိုက်သည်။


ကျိုးတာ့နီ၊ အာ့နီနဲ့ စစ်နီတို့သည် အကြီးဆုံးမရီးမှ မွေးဖွားခဲ့ခြင်း ဖြစ်သည်။


တတိယမရီးရဲ့ စန်းနီဟာ အာ့နီနှင့် အသက်တူသော်လည်း လပိုင်း ငယ်ပါသေးသည်။ 


နောက်တစ်ယောက်ကတော့ တတိယမရီးရဲ့ ဝူနီပင် ဖြစ်သည်။


လျှို့နီကို ဒုတိယမရီးမှ မွေးဖွားခဲ့ပြီး၊ နောက်ဆုံး၌ သားဖြစ်သူ ကျိုးရှားကို မွေးဖွားခဲ့သည်။

အခုလက်ရှိတွင် ဒုတိယမရီးတို့မိသားစုမှာ သမီးနှစ်ယောက်နှင့် သားတစ်ယောက်ရှိသည်။

အကြီးဆုံးမရီးတို့မိသားစုမှာ သမီးသုံးယောက်နှင့် သားနှစ်ယောက်ရှိသည်။


တတိယမရီးတို့မိသားစုမှာတော့ သမီးတစ်ယောက်နှင့် သားတစ်ယောက်ရှိသည်။


စတုတ္ထခယ်မလေးတို့မိသားစုမှာ လင်းချင်းဟယ်က သားသုံးယောက် မွေးဖွားခဲ့ပြီး သမီးမရှိပေ။


"ငါ့မိသားစုက မိသားစုဝင်များပေမယ့် ငါ့မိသားစုက ငါတို့ကို ဆွဲမချဘူး။ များသောအားဖြင့် ငါ့သမီးလေးတွေ တာ့နီနဲ့ အာ့နီတို့က တစ်မိသားစုလုံးရဲ့ အဝတ်တွေကို လျှော်ဖွတ်ပေးတယ်၊ ဝက်စာမြက်တွေနဲ့ နွားစာတွေ စုဆောင်းပြီး အလုပ်ရမှတ်ရဖို့ ကြိုးစားတယ်။" အကြီးဆုံးမရီးက သူမကို တစ်ချက်စူးစိုက်ကြည့်လိုက်သည်။


ထို့အပြင် သူမနှင့် အကြီးဆုံးအစ်ကိုတို့သည် လုံ့လဝီရိယ ရှိသောကြောင့် မိသားစုကို ဘယ်တော့မှ နောက်သို့ ဆွဲမချနိုင်ပါ။


ဆန့်ကျင်ဖက်အနေနှင့်၊ ဒုတိယလေးတို့လင်မယားမှာတော့ ပျင်းရိပြီး အချိန်ဆွဲတတ်သည်။


"တော်ပြီ၊ ရန်ဖြစ်စရာ မလိုဘူး။ ဆောင်းစပါး ရိတ်သိမ်းပြီးချိန်အထိစောင့်၊ ဆောင်းရာသီ ရိတ်သိမ်းချိန် ပြီးတာနဲ့ ငါတို့ အိမ်ထောင်စု ခွဲကြမယ်။ အဲ့ဒီအချိန်ကျရင် မင်းတို့မိသားစုတိုင်း ကိုယ်ရှာဖွေလို့ရတာကို ကိုယ့်မိသားစုပဲ စားကြရလိမ့်မယ်။ မင်းအဖေနဲ့ ငါလည်း အိုပြီ။ မင်းတို့ရဲ့ စီးပွားရေးကိစ္စတွေကို ငါတို့ မကိုင်တွယ်နိုင်တော့ဘူး။ မင်းတို့ကိုယ်တိုင် စဥ်းစားဆုံးဖြတ်ကြတော့၊ နောင်အနာဂတ်မှာ နင့်တို့ရဲ့ကိစ္စရပ်တွေကို ငါ ဝင်မစွက်ဖက်တော့ဘူး။" အမေကျိုးက ပြတ်ပြတ်သားသား ပြောသည်။


အမေကျိုးက သေချာဆုံးဖြတ်ထားမှန်း သိလိုက်ရတော့ အကြီးဆုံးမရီးလည်း ဒါကို လေးလေးနက်နက် စဥ်းစားခဲ့သည်။


ပြီးတော့ သူမ ကြားလိုက်ရတဲ့ ဒီစာကြောင်းရဲ့ အဓိပ္ပာယ်အရ ဒီအကြောင်းကို စတုတ္ထရဲ့ ဇနီးသည်အား သူမကို သွားပြောစေချင်ပုံရသည်။


အကြီးဆုံးမရီးက ဘာမှ မပြောခဲ့ဘူး။ အဆုံး၌၊ လူကြီးနှစ်ယောက်က အိမ်ထောင်စု ခွဲခြားနေထိုင်ဖို့ ဆုံးဖြတ်ထားပြီမို့ သီးခြားခွဲနေထိုင်လိုက်ကြတာပေါ့။ အိမ်ထောင်စုခွဲခြားပြီးရင်တောင် သူမတို့မိသားစုက သိပ်ဆိုးရွားမှာ မဟုတ်ဘူး။


လူကြီးများက ဒီအကြောင်းအရာအား ဆွေးနွေးနေကြပြီး ကလေးတွေကတော့ လမ်းတစ်လျှောက် ခုန်ပေါက် ဆော့ကစားနေကြပြီး သူတို့ပြောနေသည်ကို နားမထောင်ကြပေ။


အခုလောလောဆယ်မှာတော့ ကလေးတွေဟာ နေ့လည်ကျရင် သူတို့အမေက မန်ထိုကြော် ပြုလုပ်ပြီး ယူလာခဲ့လိမ့်မယ် ဆိုသည့်အကြောင်းကို ပြောနေခဲ့သည်။


"မန်ထိုကြော်လား။ အစ်ကိုလောင်တ၊ အဲ့အခါကျရင် ကျွန်တော့်ကို တစ်ပိုင်းလောက် ပေးနိုင်မလားဟင်။" ဒုတိယမရီးရဲ့ သားဖြစ်သူ ကျိုးရှားက မနေနိုင်ပဲ‌ တောင်းဆိုလိုက်မိသည်။


မန်ထိုကြော်ဆိုသည့် အသံကို ကြားလိုက်ရရုံဖြင့်ပင် အရမ်းအရသာရှိမယ်လို့ မှန်းဆမိနိုင်ကာ သူတို့ကို တစ်ခါမှ မစားဖူးခဲ့ပေ။


အရင်က မန်ထိုကြော်ကို မစားဖူးတာ သူတစ်ယောက်တည်း မဟုတ်ရုံသာမက တခြားကလေးတွေလည်း မစားဖူးကြပေ။


အကြီးဆုံးမရီးရဲ့ အငယ်ဆုံးသားနှင့် တတိယမရီးရဲ့သား ကျိုးတုန်တုန်တို့သည် အရမ်းငယ်သေး၍ အိမ်မှာပဲ ကျန်ခဲ့ရသည်။ သူတို့ကို အိမ်မှာ အလှည့်ကျ ချက်ရေးပြုတ်ရေး တာဝန်ယူရသည့်လူက စောင့်ရှောက်ပေးရသည်။


သာမာန်အားဖြင့် ကျေးလက်နေ ကလေးတွေအားလုံး ဒီအတိုင်းပါပဲ။ သူတို့သည် အခြေခံအားဖြင့် ရွှံ့တောထဲမှာ ပြေးလွှားဆော့ကစားရင်း ကြီးပြင်းလာကြရသည်။


သူတို့ကို ဘယ်လိုဂရုစိုက်ပြီး ပျိုးထောင်ရတယ်လို့ ပြောဆိုဖို့ နည်းလမ်းမရှိပေ။

လောင်တက ကြွားလုံးထုတ်ပေမယ့် သူ့ကိုယ်ပိုင်ဝေစုကို မျှဝေလိုသည့် ဆန္ဒမရှိသောကြောင့် ပြောလိုက်သည်။ "ငါ့အမေက သိပ်အများကြီး မလုပ်ဘူး။ မင်းတို့နဲ့ မျှဝေဖို့ မလုံလောက်ဘူး။ ပြီးတော့ တတိယအဒေါ်ကလည်း မင်းတို့အတွက် ဒီနေ့ အိမ်မှာ ချက်ပြုတ်ပေးနေတယ်။ သူမက သေချာပေါက် အရသာရှိတဲ့ ဟင်းလျာအချို့ ပြင်ဆင်ထားမှာပဲ။"


"ဟုတ်တယ်၊ တတိယအဒေါ်က မင်းတို့အတွက် သေချာပေါက် ဟင်းကောင်းကောင်း ချက်လာလိမ့်မယ်၊" လောင်အာ့ကလည်း ခေါင်းညိတ်ထောက်ခံသည်။ သူတို့မိသားစုရဲ့ ပစ္စည်းတွေကို တက်မက်ခွင့်မပြုနိုင်ဘူး။