အခန်း(၁၂၄)ဂွမ်းစောင်ပြုလုပ်ခြင်း
Viewers 38k

အခန်း (၁၂၄) - ဂွမ်းစောင် ပြုလုပ်ခြင်း


ယခုအခေါက်တွင် အဖေကျိုးနှင့် အမေကျိုး၏ ဝေစုကြောင့် ပိုများတာ သဘာ၀ကျသည်။


လှည်းတစ်စီးတည်းက မလုံလောက်ပေ။ လင်းချင်းဟယ်က ကျိုးတုန်ကို ဦးစွာ ပြန်နှင့်ခိုင်းပြီးနောက် နောက်တစ်ခေါက် ပြန်လာတော့သည်။


ကျိုးတုန် မငြင်းဆန်တာ ပြောစရာမရှိပေ။ သူက ရှေးဦးစွာ ပြန်သွားနှင့်ပြီးနောက် လှည်းပြန်ယူလာပြီး သူ့ဦးလေး၊ ဒေါ်လေးတို့ကို ဆန်စပါးများ သယ်လာခိုင်းလိုက်သည်။


ထို့အပြင် အဖေကျိုးနှင့် အမေကျိုးတို့က စတုတ္ထလေး၏ မိသားစုတွင် ဝင်စားသောက်နေသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။


ယခုနှစ် ဆောင်းဦးရိတ်သိမ်းချိန်မှစပြီး ထိုလင်မယားက များများစားစား မချက်တော့ပေ။ သူတို့က စတုတ္ထလေး၏အိမ်တွင်သာ စားသောက်ပြီး အိမ်ဟောင်း၌ ပြန်အိပ်ကြသည်။


ထို့ကြောင့် အမယ်အိုလင်မယားက သူတို့၏ အစားအစာများကို စတုတ္ထလေး၏အိမ်သို့ ပို့တာကိုမြင်သောအခါ ဘာမှပြောစရာ မရှိပေ။


တာ့ကော၊ အာ့ကော၊ စန်းကောတို့လည်း ထိုအတိုင်းသာ ဖြစ်သည်။


အကြီးဆုံးမရီးနှင့် တတိယမရီးတို့က မပြောဘဲ ဒုတိယမရီးသာလျှင် အနည်းငယ် စောဒက တက်သည်။


“စားစရာတွေ အများကြီးပဲ”


“သိပ်မများပါဘူး၊ နောက်နှစ် စားစရာ ခွဲဝေတဲ့အထိ စားရမှာလေ” ဒုတိယအစ်ကို ရိုးရိုးသားသား ပြောလိုက်သည်။


များပုံပေါ်သော်ငြား သူ့မိဘများက အစားကြီးသည်။ ပြီးခဲ့သည့်နှစ်တွင် သူတို့ အတူစားသောက်ခဲ့ခြင်းကြောင့် သူတို့ မည်ကဲ့သို့ မသိဘဲနေမည်နည်း။


အရေအတွက် များတာကို မကြည့်သင့်ပေ။ စားလိုက်သည်နှင့် အကုန်မြန်မှာပဲ ဖြစ်သည်။


“အမေတို့က စတုတ္ထလေးရဲ့ မိသားစုကို မျက်နှာသာပေးတာပဲ၊ ဒါကြောင့် သူတို့တွေ ခြိုးခြံမှာပဲလေ”

ဒုတိယမရီးက ဆက်ပြောနေသည်။


“လောင်စစ်က အဖေနဲ့အမေ့ကို အစားလျှော့စားခိုင်းမယ်လို့ မင်းထင်လား” ဒုတိယအစ်ကို သူမကို တအံ့တဩ ကြည့်လိုက်သည်။


သူ့မိဘများအပေါ် သားသမီး၀တ္တရားကျေပွန်မှုအကြောင်း ပြောလျှင် လောင်စစ်က သူတို့ထက် ပိုဂရုစိုက်သည်။ ထို့အပြင် လောင်စစ်၌ မည်ကဲ့သို့ စိတ်နေစိတ်ထား ရှိသနည်း။ သူက မိဘများကို အဆာခံခိုင်းမည်ထက် သူပဲ လျှော့စားမှာ ဖြစ်သည်။


ဒုတိယမရီးက နောက်တစ်နည်းဖြင့် ကြိမ်းမောင်း ပြောဆိုတော့သည်။


“ရှင် ကျွန်မကို တမင်တကာ ဒေါသပုံချနေတာပဲ”


“ဒီလို အရေးမပါတာတွေကို မင်း အာရုံစိုက်တာ လျှော့လိုက်ရင် ကောင်းမယ်၊ ငါ့အမြင်တော့ ငါ့မိဘတွေက ဒီလိုနေတာ ပိုကောင်းတယ်၊ မင်းသာဆိုရင် အဖေနဲ့ အမေအတွက် ချက်ပေးမှာ မဟုတ်ဘူး၊ ဒီတော့ အဖေနဲ့ အမေက သူတို့ စားစရာတွေကို စတုတ္ထလေးမိသားစုဆီ ပေးပြီး လောင်စစ်နဲ့ တူတူစားတာကို ပြောမနေနဲ့တော့” ဒုတိယအစ်ကိုက ပြောလိုက်သည်။


သူက တကယ်ကောင်းသည်ဟု ခံစားမိတာ ဖြစ်သည်။ သူ့မိန်းမ သေချာပေါက်ငြင်းမှာကြောင့်သာ မဟုတ်လျှင် သူ့မိဘများက သူတို့ဘာသာ ချက်စားနေရသောကြောင့် သူက သူ့မိဘများကို သူတို့နှင့်အတူ စားရန် ပြောချင်သည်။


သို့သော် အဆုံးတွင်မူ သူက လောင်စစ်၏ သတ္တိမျိုး မရှိဘဲ သူ့မိဘများ ချက်ကျွေးတာကိုသာ စားခဲ့သည်။


“ရှင်က တကယ် ကျွန်မလူဟုတ်ရဲ့လား၊ ရှင် ဘယ်သူ့ဘက်ကလဲ” ဒုတိယမရီးက ပြန်ပြောတော့သည်။


“အဲဒါ ငါ့မိဘတွေကွ ငါဘယ်သူဘက်လိုက်မယ်ထင်လဲ” ဒုတိယအစ်ကိုက သာမန်ကာလျှံကာ ပြန်ပြောလိုက်သည်။


သူတို့လင်မယားက ရန်ဖြစ်ခြင်းဖြင့်သာ အဆုံးသတ်သွားသည်။


လင်းချင်းဟယ်က သူမဘက်ကို အရေးမစိုက်ပေ။ သူမက အိမ်ကို စားစရာများလာပို့သော ကျိုးချင်းပိုင်ကို ကူပြီး ကျိုးတုန်ကို တရုတ်ဆီးသီးနီတစ်အိတ် ပေးလိုက်သည်။


“ဒေါ်လေး ပြန်ယူလိုက်ပါ” ကျိုးတုန်က ခေါင်းခါလိုက်သည်။


“ဘာကြောင့်ပြန်ယူရမှာလဲ၊ မင်းအတွက် မဟုတ်ပါဘူး၊ တရုတ်ဆီးသီးနီက ပိုက်ဆံနည်းနည်းပဲတန်တာ၊ အိမ်ကို သယ်သွားပြီး ရှီလေးကို ပေးလိုက်၊ တစ်နေ့ နည်းနည်းစီစားဖို့ ပြောလိုက်၊ သူ့ကျန်းမာရေးအတွက် ကောင်းတယ်၊ မင်းတို့ ယောကျာ်းလေးတွေ နားလည်မှာ မဟုတ်ပါဘူး၊ သူ့ကျန်းမာရေးကို ပိုဂရုစိုက်နိုင်အောင် စားခိုင်း” လင်းချင်းဟယ်က သူ့အားပေးပြီး ပြောလိုက်သည်။


ကျိုးတုန်းက ခေါင်းညိတ်ပြီး လှည်းပြန်ဆွဲသွားသည်။


လင်းချင်းဟန်က ကျိုးချင်းပိုင်ကို စားစရာများ သိမ်းခိုင်းလိုက်သည်။ သူမကမူ သီးနှံစေ့များ ရောင်းချရန် ခွဲပြီး ကျန်သည်များကို နောက်ဖေး ထင်းတဲအတွင်း ထည့်ထားလိုက်သည်။


ယခုအခေါက်တွင် သူမက ပမာဏများစွာ ဝယ်ထားခဲ့သည်။ ယခုနှစ်တွင် အမြောက်အမြား ရိတ်သိမ်းခဲ့ပြီး စားစရာ အများအပြား စုဆောင်းနိုင်ခဲ့ပြိးဖြစ်ရာ စိတ်မထင့်ဘဲ သူမ ဝယ်လာခဲ့သည်။


သူမက အလွန်အကျွံမဝယ်သ၍ မည်သူမျှ ဘာမှပြောတော့မှာ မဟုတ်ပေ။ ဆိုရလျှင် သူမ၏ ဂုဏ်သတင်းက အသုံးအဖြုန်းကြီးသူဟူ၍ လူတိုင်း၏ စိတ်ထဲနက်ရှိုင်းစွာ စွဲထင်ပြီးဖြစ်သည်။


ထို့အပြင် သူမ၏ အမျိုးသားနှင့် သားသုံးယောက်ကို သူမ ပျိုးထောင်ပုံဖြင့် လူတိုင်းက မမြင်ဘဲနေကြမှာ မဟုတ်ပေ။ ထို့ကြောင့် သူမက များများ ဝယ်လာလျှင် မည်သူကမျှ အထူးတဆန်း ဖြစ်နေကြပါမှာ မဟုတ်ချေ။


သူတို့ တစ်စုံတစ်ခု ခံစားမိလျှင်တောင် ကျိုးချင်းပိုင်သည် ယခုနှစ်၌ တစ်ပြားမှာ မစုနိုင်ဟုသာ သူတို့ တွေးမိလောက်သည်။


အမေကျိုးက သူမ စားစရာဝယ်တား များလွန်းသည်ဟု ခံစားရသည့်တိုင် သူမက ယခုအချိန်တွင် ကြားဝင်တော့မှာ မဟုတ်သောကြောင့် မမေးတော့ပေ။ စတုတ္ထလေး၏ဇနီးက သူမ ထပ်တလဲလဲပြောနေလျှင် စိတ်မရှည်ဖြစ်လိမ့်မည်။ နေ့တိုင်းအချိန်မှန် လာစားသောက်နေတာက လုံလောက်နေပြီဖြစ်သည်။


“ကျွန်မ မနက်ဖြန်ကျ မြို့တက်မလို့၊ အမေ အိမ်ကြည့်ပေးပါအုံး” လင်းချင်းဟယ်က ပြောလိုကသ်ည်။


“မြို့သွားမလို့လား” အမေကျိုးက အတန်ငယ် တောင့်ခဲသွားလေ၏။


“ဒီနှစ် ကျွန်မတို့ ရထားတဲ့ဝါဂွမ်းတွေက မလောက်ဘူးလေ၊ ချင်းပိုင်နဲ့ ကျွန်မက အမေတို့အတွက် ဂွမ်းကပ်အသစ် လုပ်ပေးမလို့ စီစဉ်ထားတာ၊ ဒီတော့ ကျွန်မ သွားကြည့်ချင်လို့။” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။


အမေကျိုးက ရင်ထဲ နွေးထွေးမှု ခံစားလိုက်ရကာ “ချင်းပိုင်ကို သမီးနဲ့အတူ သွားခိုင်းမှာလား”


“သူက ဘာလုပ်ဖို့ သွားမှာလဲ၊ ဒီကိစ္စနဲ့ ကျွန်မ ကျွမ်းဝင်ပြီးသား၊ သူ သွားစရာမလိုဘူး၊ ပြီးတော့ သူ့မှာ အလုပ်ရှိသေးတယ်လေ” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။


စားစရာခွဲဝေပြီးနောက် အလုပ်မရှိတော့ဟု ဆိုရမှာပဲ ဖြစ်သည်။ ဆန်စပါးများ ခွဲပြီးနောက် ဆောင်းဂျုံများ စိုက်ပျိုးရန် လိုအပ်သည်။ စိုက်ပြီးသည်နှင့် အမှန်တကယ် လေနေရမှာပဲ ဖြစ်သည်။


“ရိုးရိုးသားသားပြောရရင် ဂွမ်းစောင်က သုံးလို့ရသေးတယ်” အမေကျိုးက သူမကို ကြည့်ပြီး ပြောလိုက်သည်။


“ဘာသုံးလို့ရတာလဲ၊ ကျွန်မ အဝတ်အစားချုပ်ဖို့ လာတုန်းက တွေ့လိုက်သေးတယ်၊ ဒီနှစ် အနွေးဓာတ် မပေးနိုင်မှာ သေချာတယ်” လင်းချင်းဟယ်က ပြောလိုက်သည်။


အမှန်တကယ်တွင် ဝါဂွမ်းဝယ်ရန်က ဒုတိယဖြစ်ပြီး အရေးကြီးဆုံးက သူမ လက်ထဲရှိ ကုန်ကြမ်းများကို ရောင်းချင်တာပဲဖြစ်သည်။


ယခုနှစ်ရရှိသော ရိက္ခာတွေက များပြားလွန်းရာ ရောင်းချရပေမည်။


လင်းချင်းဟယ်က နောက်တစ်နေ့တွင် ပြင်ဆင်ပြီး ရိက္ခာတစ်အိတ် သယ်သွားသည်။ အမှန်တကယ်တွင် သိုလှောင်နေရာ၌ ပမာဏများစွာ ရှိသေးသည်။


သို့သော် ယင်းက ရှင်းပြချက်တစ်ခုအတွက် ဖြစ်သည်။


သူမက လောင်တ၊ လောင်အာ့၊ လောင်စန်းတို့ကို ခေါ်မလာဘဲ သူတို့ကို အိမ်တွင် နေစေသည်။


ရွာပြင်ထွက်သည်နှင့် လင်းချင်းဟယ်သည် အနားတွင် မည်သူမျှ မရှိတာကို မြင်သောအခါ သိုလှောင်နေရာထဲမှ ထုတ်ပြီး စက်ဘီးနောက်သို့ တင်ပြီး မြို့သို့ သွားလိုက်သည်။


မြို့သို့ ရောက်ပြီးနောက် သူမက တစ်နာရီကျော်ခန့်လှည့်ပတ်ပြီး ယခင်က စုထားသည့်ဝက်သားများအပါအဝင် အားလုံးကို ရောင်းချလိုက်သည်။


ကုန်ကျစရိတ် နုတ်ပြီးနောက် သူမက ယွမ်ငါးဆယ် မြတ်သည်။ သူမက မြို့ကို မလာတာ တစ်လကျော် ရှိပြီဖြစ်သောကြောင့် သိပ်မရပေ။


သူမက အစ်မမိန် ကတိပေးထားသော ဝက်သားကို အလွဲမခံပေ။ တစ်ခုပြီးတစ်ခု စုဆောင်းထားပြီး ထိုမျှများစွာ စုထားနိုင်သည်လော။


ဝက်သားရောင်းတာအပြင် လင်းချင်းဟယ်က သူမ သယ်လာသည့် စားစရာများကို နည်းမျိုးစုံဖြင့် ရောင်းချခဲ့သည်။


ပြီးနောက် ဝါဂွမ်းဝယ်ရန်အတွက် မှောင်ခိုစျေးသို့ ထပ်သွားလိုက်သည်။ မှောင်ခိုစျေးသို့ သွားနေကျသူ တစ်ယောက်အနေဖြင့် မှောင်ခိုစျေး၏ လျှို့ဝှက်ကုတ်ကို သိသည်။ သို့သော် မှောင်ခိုစျေး၏ လျှို့ဝှက်ကုတ်က ပြောင်းတာ မြန်လွန်းသည်။ ယခုအခေါက် သူမ လာချိန်တွင် မကိုက်ညီတော့ပေ။


“ဒါက ပြီးခဲ့တဲ့အခေါက်က နံပါတ်ပဲ” ထိုလူက သူမကို ကြည့်ပြီး ပြောလိုက်သည်။


“အစ်ကိုရယ် ကျွန်မကို ကူညီပါ၊ ဒီတစ်ခေါက် ဆောင်းဦးရိတ်သိမ်းတာက သိပ်အလုပ်များလွန်းလို့၊ ဒီလာဖို့ အချိန်မရလိုက်ဘူးလေ၊ အိမ်က လူကြီးတွေက ဂွမ်းစောင်အသစ် လိုနေပြီ” လင်းချင်းဟယ် တစ်ပြားပေးပြီး တိုးတိုး ပြောလိုက်သည်။


ထိုလူက သူမ ထိုမျှ ရက်ရောမည်ဟု မထင်ထားပေ။ ထို့အပြင် သူမက ပိန်ပါးပါးအမျိုးသမီးတစ်ဦး ဖြစ်နေသေးသည်။ သူမကို ယုံကြည်ခြင်းက ဘာမှဖြစ်မလာနိုင်သောကြောင့် သူ့ကို ခေါ်လာလိုက်သည်။


လင်းချင်းဟယ်က ဝါဂွမ်းလေးကျင်း ဝယ်လိုက်သည်။


ဝါဂွမ်းတစ်ကျင်းကို လေးထောင့်ကွက်တစ်ခုအတွင်း သိပ်ထည့်ထားသည်။ လေးကျင်းက လေးထောင့်ကွက် လေးခုအတွက်သာ ဖြစ်သည်။ နေရာ သိပ်မယူပေ။


သူမက ဝါဂွမ်းလေးကျင်း ယူရုံသာမက ယက်ကန်းထည်ပါ မေးလိုက်သည်။


ပိုက်ဆံပေးပြီး ကုန်များ လက်ခံပြီးနောက် လင်းချင်းဟယ်သည် ဝါဂွမ်းအိတ်ကြီးတစ်အိတ်နှင့် အဝတ်အထည်ကိုသယ်လိုက်သည်။ သူမက တောင်ကြားကို ကျွမ်းကျင်စွာ ဖြတ်ကျော်လိုက်သည်။ ကွေ့ဝိုက်သွားပြီးနောက် ဝါဂွမ်းနှင့် အဝတ်အထည်ကို သိုလှောင်နေရာသို့ ပို့ပေးလိုက်သည်။


ပြီးနောက် သူမက မှောင်ခိုစျေးသို့ ပြန်သွားပြီး ထပ်ပတ်လိုက်သည်။ ဝါဂွမ်းသုံးကျင်း ထပ်ဝယ်လိုက်တော့သည်။


ထိုကဲ့သို့ အေးစိမ့်သော ဆောင်းရာသီတွင် ဝါဂွမ်းလေးကျင်းဖြင့် လုပ်ထားသော ဂွမ်းစောင်က လူကြီးနှစ်ယောက်အတွက် မည်ကဲ့သို့ လုံလောက်မည်နည်း။