အခန်း (၁၂၅) - အလုပ်သမားများ၊ လယ်သမားများနှင့် စစ်သားများ တက္ကသိုလ်
ယခု ခုနစ်ကျင်း ရပြီဖြစ်ကာ လုံလောက်ပြီဖြစ်သည်။
တကယ်တော့ ကလေးများဘက်တွင် ခုနစ်ပေါင်ဂွမ်းစောင်တစ်ထည် ရှိသော်ငြား ယခုနှစ်တွင်မူ လောင်တနှင့် လောင်အာ့တို့က ဘေးခန်းတွင် အိပ်ရတော့မှာ ဖြစ်သည်။ လောင်စန်းကမူ သူမတို့နှင့်အတူ လာအိပ်နိုင်သေးသည်။
ထို့ကြောင့် ညီအစ်ကိုများသည် သူတို့စောင် လိုအပ်သည်။ အဖေကျိုးနှင့် အမေကျိုးကမူ နောက်ထပ်တစ်ထည်ပဲ လိုတာ ဖြစ်သည်။
ဝါဂွမ်းနှင့် အထည်များ ဝယ်ပြီးနောက် လင်းချင်းဟယ်သည် သူမ၏ အသိအကျွမ်းဟောင်းကို သွားရှာလိုက်သည်။
ထိုမိတ်ဆွေက လင်းချင်းဟယ် ယခင်က သိခဲ့ဖူးသည့် အနားယူသွားသော အလုပ်သမ ဖြစ်သည်။ သူတို့က အသားရောင်းဝယ်စဉ် ဆုံခဲ့တာပင်။ ကျိုးရှောင်မိန်ကို မင်္ဂလာလက်ဆောင်အဖြစ် ပေးခဲ့သော ဂွမ်းစောင်က သူမ ပြုလုပ်ပေးထားတာ ဖြစ်သည်။
“မိန်းကလေး ဒီဂွမ်းတွေကို ဘယ်ကနေ ဝယ်လာတာလဲ၊ ဒီလောက် အရည်အသွေးကောင်းလိုက်တာအေ။” ဟု အမယ်အိုက တောက်ပသော မျက်ဝန်းများဖြင့် မှတ်ချက်ချသည်။
“မှောင်ခိုစျေးကနေလေ၊ ဒေါ်လေး လိုချင်ရင် လျှို့ဝှက်နံပါတ်ပေးမယ်၊ အဲမှာ ရှိသေးတယ်” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
“အေး ငါ ပြီးမှ သွားစစ်လိုက်မယ်” အဘွားအိုလေးက ခေါင်းညိတ်လိုက်သည်။
“ဒီဝါဂွမ်းခုနစ်ကျင်းနဲ့ ဂွမ်းစောင်တစ်ထည် လုပ်လို့ရတယ်၊ နောက်လဝက်လောက်ကျမှ ပစ္စည်း လာယူမယ်လေ” လင်းချင်းဟယ်က ပြောလိုက်သည်။
“လဝက် မကြာပါဘူး၊ နောက်ခုနစ်ရက်ကြာရင် လာယူလို့ရပြီ” အဘွားအိုလေးက ပြောလိုက်သည်။
လင်းချင်းဟယ်နှင့် သူမက ရင်းနှီးနေသော အသိအကျွမ်းများ ဖြစ်သောကြောင့် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “နောက်တစ်ကြိမ် ကျွန်မလာရင် ဒေါ်လေးအတွက် အသားနည်းနည်း ယူလာပေးနိုင်တယ်၊ ဘယ်လောက်လိုချင်လဲ”
“ရှိရင် များများသာယူခဲ့၊ ဘာအသားဖြစ်ဖြစ် ကိစ္စမရှိဘူး” အဘွားအိုက သွက်သွက်လေး ပြန်ပြောသည်။
“ကောင်းပါပြီ” လင်းချင်းဟယ်က ကတိပေးလိုက်သည်။
ယခုကာလတွင် လူတို့က ရိုးသားသေးသည်။ ထို့အပြင် အဘွားအိုကလည်း ဤအသိုင်းအဝိုင်းထဲမှ ဖြစ်သည်။ ထို့ကြောင့် သူမက ဤလောကထဲတွင် အလုပ်ဆက်မလုပ်ချင်တာ မဟုတ်လျှင် ပစ္စည်းများကို အလွဲသုံးစားလုပ်မှာကို စိုးရိမ်နေရန် မလိုချေ။
သို့သော် ပြီးခဲ့သည့်အခေါက်က ကျိုးရှောင်မိန်၏ ဂွမ်းစောင်ကို ဥပမာ ယူနိုင်သည်။ လင်းချင်းဟယ်က သူမကို ယုံကြည်သေး၏။ သူမက လက်ရာကောင်းသည်။
ထိုအဘွားအိုကို ထားခဲ့ပြီးနောက် လင်းချင်းဟယ်သည် သိုးမွေးချည်ဝယ်ရန် မောလ်သို့ သွားလိုက်၏။
သူမက ကျိုးချင်းပိုင်နှင့် သူမ၏ သားသုံးယောက်အတွက် သိုးမွေးထိုးပေးရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် သူမသည် အဝတ်အစားသစ်များ ချုပ်ပေးရန် မလိုတော့ပေ။ မနှစ်က အဝတ်များသည် သစ်နေသေးသည်။
လေးလေးနက်နက် ဆင်ခြင်ကြည့်ပြီးနောက် အဖေကျိုးနှင့် အမေကျိုးအတွက် အနည်းငယ် ဝယ်လိုက်သည်။
သိုးမွေးချည် ဝယ်ပြီးနောက် သမဝါယမသို့ သွားပြီး ကုန်ကြမ်းတချို့ ဝယ်လိုက်သည်။ သူမက ကြာကြာမနေတော့ဘဲ အိမ်ကို စက်ဘီးစီး ပြန်လိုက်တော့သည်။
“ဝါဂွမ်း မရခဲ့ဘူးလား” အမေကျိုးက သူမ သိုးမွေးချည်အိတ်သာ သယ်လာပြီး ဝါဂွမ်း(ချည်)မပါတာကို မြင်သောအခါ မေးလိုက်သည်။
“ရခဲ့တယ်၊ တစ်ယောက်ယောက်ကို ချုပ်ခိုင်းထားလိုက်တာ၊ သိပ်တော့မမြန်ဘူး၊ နောက်ရက်ကျမှ ကျွန်မ သွားယူမှာ” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
“စိတ်ချရပါ့မလား” အမေကျိုးက မမေးဘဲမနေနိုင်တော့ပေ။
“စိတ်ချရပါတယ်၊ ပြီးခဲ့တဲ့အခေါက်က ရှောင်မိန်ကို ပေးလိုက်တဲ့ဂွမ်းစောင်က အဲဒီလူ ချုပ်ပေးတာပဲ” လင်းချင်းဟယ်က အာမခံလိုက်သည်။
ပြီးနောက် သူမက ထိုအထုပ်ထဲမှ ဆွယ်တာနှစ်ထည် ချုပ်ရန် လုံလောက်သော သိုးမွှေးများ ထုတ်ပြီး အမေကျိုးကို ပြောလိုက်သည်။
“ဒါက အမေနဲ့ အဖေ့အတွက်၊ ချင်းဟိုင်နဲ့ ကလေးတွေအတွက် ကျွန်မ ချည်ထိုးပေးရမှာ၊ ဒါကြောင့် ကျွန်မ အလုပ်များမှာပဲ၊ အမေ ဒါကို အိမ်ယူသွားပြီး အမေ့ဘာသာ ထိုးလိုက်လေ”
“ဂွမ်းစောင်တစ်ထည် ချုပ်ပြီး သိုးမွေးတွေ ဝယ်လာသေးတယ်ပေါ့။” အမေကျိုးက အနေခက်ပုံဖြင့် ပြောလိုက်သည်။
“ယူသွားပါ” လင်းချင်းဟယ်က တသီးတသန့် မပြုမူတော့ပေ။ သူမက ဘေးချထားပြီး နေ့လယ်စာ စချက်ပြုတ်တော့သည်။
နေ့လယ်စာက ရိုးရှင်း၏။ မနက်က သူမသည် မှိုတစ်ဆုပ် နုတ်ခဲ့ပြီး ရေစိမ်ထားခဲ့သည်။ ယခု အဆင်သင့် ရနေပြီဖြစ်သည်။
မှိုတစ်ပန်းကန်၊ ခရမ်းသီးနှင့် အသားတစ်ပန်းကန်၊ နောက်ထပ် ကြက်ဥနှင့် ခရမ်းချဉ်သီးစွပ်ကိုမူ အဆာပိတ်အနေဖြင့် စားမှာ ဖြစ်သည်။
အဓိက ဟင်းလျာက ပေါက်စီအဖြူဖြစ်သည်။
ဟင်းများက ရိုးရှင်းသော်ငြား လင်းချင်းဟယ်က ဆီသုံးလိုစိတ် ရှိသည်။ မှိုထဲတွင် ဖြစ်စေ၊ ခရမ်းသီးနှင့် အသားအရောထဲတွင် ဖြစ်စေ ယင်းက အရသာ ရှိလှပေသည်။
အမှန်တကယ် စားချင်စဖွယ်ကောင်းသည်။
နေ့လယ်စာ စားပြီးနောက် လင်းချင်းဟယ်သည် ကလေးများကို ချည်လုံးတချို့ ရစ်ခိုင်းလိုက်တော့သည်။
ကလေးများက အတွန့်တက်တော့သည်။
“အမေ ဒီတစ်ခါက စားဖို့ ဘာမှဝယ်မလာဘူးပဲ”
“သားတို့ အဘိုးနဲ့အဘွားအတွက် ဂွမ်းစောင်လုပ်ပေးဖို့ ဝါဂွမ်းတွေ ဝယ်လာတာလေ၊ ပြီးတော့ ကိုယ်ကျပ်တစ်ထည် ထိုးပေးရအုံးမှာ၊ ပိုက်ဆံတော်တော် ကုန်တာ” လင်းချင်းဟယ်က ရှင်းပြလိုက်သည်။
တကယ် ငွေကုန်ကြေးကျများသည်။ အထူးသဖြင့် မှောင်ခိုစျေးကွက်က သေလောက်အောင် စျေးကြီးသည်။
“အများကြီး ကုန်တာလား” လောင်အာ့က မေးလိုက်သည်။
“ဒါပေါ့၊ အမေ့အိတ်ထဲက ပိုက်ဆံတွေအားလုံး ကုန်ခါနီးပြီ၊ ဒီနှစ် အဖွဲ့က ဖြန့်ဖြူးပေးတာကို စောင့်ကြည့်ဖို့ လိုတယ်၊ သူတို့ ခွဲပေးရင် နှစ်ကုန်ကျ သကြားလုံးတစ်အိတ် ဝယ်ပေးမယ်” လင်းချင်းဟယ်က ပြောလိုက်သည်။
“သိပ်ဆင်းရဲတာပဲ” လောင်စန်း ကောင်စုတ်လေးက သက်ပြင်းချလိုက်သည်။
လင်းချင်းဟယ်က အံ့ဩဆွံ့အသွားသည်။ “အမေတို့ မိသားစုက မဆင်းရဲပါဘူး”
“မဆင်းရဲရင် သားတို့ ဘာလို့ သကြား မဝယ်နိုင်တာလဲ” လောင်စန်းက ပြောလိုက်သည်။
“သားရဲ့ အဘိုးနဲ့ အဘွားကို အမေတို့က သားသမီး၀တ္တရား ကျေပွန်ရမှာမလား၊ ဒီတော့ အမေတို့ မိသားစုက လျှော့စားပြီး ခြိုးခြံဖို့ပဲ ရှိတာ” လင်းချင်းဟယ်က ပြောလိုက်သည်။
“သားတို့မိသားစုမှာ ပိုက်ဆံရှိသေးလား” လောင်တက မေးလိုက်သည်။
“သိပ်မများပေမဲ့ နည်းနည်းရှိပါသေးတယ်” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။
“အမေ စိတ်မပူပါနဲ့၊ သား အလုပ်သမား၊ လယ်သမားနဲ့ စစ်သားတက္ကသိုလ်ကို ဝင်ခွင့်ရအောင် ကြိုးစားပါ့မယ်” လောင်တာ့ လေးနက်စွာ ပြောလိုက်သည်။
“အလုပ်သမား၊ လယ်သမားနဲ့ စစ်သားတက္ကသိုလ်ဆိုတာ ဘာလဲ” လောင်အာ့က မေးလိုက်သည်။
လောင်စန်းကလည်း သူ့အစ်ကိုကြီးကို စိုက်ကြည့်နေ၏။
“အဲဒါက တက္ကသိုလ်ပဲ၊ တက္ကသိုလ်မှာ စာလေ့လာပြီးရင် အလုပ်သွားနိုင်မယ်၊ ပြီးတော့ ပိုက်ဆံတွေ ရှာနိုင်မှာကွ” လောင်တက ရှင်းပြလိုက်သည်။
“ဒီသတင်းကို ဘယ်ကနေ ကြားတာလဲ” လင်းချင်းဟယ်က မျက်ခုံးပင့်လျက် မေးလိုက်သည်။
သူမက အလုပ်သမား၊ လယ်သမားနှင့် စစ်သားတက္ကသိုလ်အကြောင်း သိသည်။ ယခုနှစ်က ၇၁ ဖြစ်သည်။ ၇၀ ခုနှစ်တွင် အလုပ်သမား၊ လယ်သမားနှင့် စစ်သားတက္ကသိုလ်က ၇၀ ခုနစ်တွင် စတငင်ပြီး ပြီးခဲ့သည့်နှစ် ဇွန်လတွင် အမည်စာရင်း စသွင်းသည်။
အစက လင်းချင်းသယ်သည် စာမေးပွဲ ဖြေချင်ခဲ့သည်။ သို့သော် မိသားစုထဲရှိ ကလေးသုံးယောက်နှင့် သူတို့အဖေက မည်ကဲ့သို့ ဖြစ်မည်နည်း
ထို့အပြင် အလုပ်သမား၊ လယ်သမားနှင့် စစ်သားတက္ကသိုလ်သည် ယခုအချိန်၌ စာမေးပွဲဖြေချင်လျှင် ဖြေခွင့်ရမည်ဟု မဆိုလိုပေ။ ယင်းက ထောက်ခံချက်တစ်ခုနှင့် သုံးသပ်ချက် လိုအပ်သည်။ တိုတိုပြောရလျှင် ယင်းက အလွန်စည်းကမ်းကြပ်သည်။
လက်ကွင်းထဲသို့ ဘယ်တော့မှ မသွားသည့် သူမကဲ့သို့ လူပျင်းတစ်ယောက်အတွက် ပြန်လည်ဆန်းစစ်မှုကို ကျော်ဖြတ်နိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် အလုပ်သမား၊ လယ်သမားနှင့် စစ်သားတက္ကသိုလ်ကို သိခဲ့လျှင်တောင် သူမ၌ အခွင့်အရေး မရှိချေ။
သို့သော် ထိုကောင်စုတ်လေး လောင်တက ယင်းကို ကြားမိလိမ့်မည်ဟု မထင်ထားပေ။
“ဆရာမပြောတာ ကြားတာတော့ အဖေက စစ်သားတစ်ယောက်တဲ့၊ သူ့မှာ ဂုဏ်ပြုမှတ်တမ်းတွေ အများကြီး ရှိတယ်တဲ့၊ သားတို့ မိသားစုက အလယ်အဆင့်အောက် လယ်သမားတွေတဲ့၊ ပေါင်းစပ်မှုက သိပ်ကောင်းတယ်တဲ့၊ သားသာ အဆင့်ကောင်းကောင်းရရင် အလုပ်သမား၊ လယ်သမားနဲ့ စစ်သားတက္ကသိုလ်စာမေးပွဲကို ဖြေဖို့ ထောက်ခံချက်ရနိုင်တယ်တဲ့”
လောင်တက သူ့အမေကို လေးနက်စွာ ကြည့်ပြီး ပြောလိုက်သည်။
“ဖြစ်နိုင်ပါတယ်” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။
သူမက မအောင်မြင်နိုင်သော်ငြား လောင်တက သေချာပေါက် ဖြေဆိုနိုင်သည်။ သူမကဲ့သို့ အမေရှိနေလျှင်တောင် သူ့အဖေက ရှိသေးသည်။
ထိုထက်ပိုသည်က သူမက အသေးအမွှားသာ ဖြစ်သည်။ သူမက မခိုးယူ၊ မလုယူခဲ့ပေ။ မည်ကဲ့သို့ ရှင်သန်ရမည်မှန်း မသိရုံသာ ဖြစ်သည်။ သူမ၏သားက သူမကြောင့် ထိခိုက်မှာ မဟုတ်ပေ။
သို့သော် သူမက လောင်တ့ကို အားပေးသေးသည်။ ထို့အပြင် သူက ယခု အသက်မည်မျှ ရောက်ပြီနည်း။ သူ အရွယ်ရောက်လာသောအခါ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုနိုင်မှာပဲ ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူက သူမနှင့်အတူ ကောလိပ်ဝင်ခွင့်စာမေးပွဲကို တိုက်ရိုက်ဖြေနိုင်ပေမည်။ သူက အလုပ်သမား၊ လယ်သမားနှင့် စစ်သားတက္ကသိုလ် စာမေးပွဲကို ဖြေရန် လိုသေးသည်လော။
သို့သော် သူက သတ္တိမွေးရန် လိုသေးသည်။
“လောင်တ ဒါဆို သားကြိုးစားမှ ရမယ်၊ အမေတို့ မိသားစုက သားအဖေတစ်ယောက်တည်းကိုပဲ မှီခိုရမယ်ဆို ခက်မှာ၊ သား အရွယ်ရောက်လာတဲ့အခါ မိသားစုကို ပံ့ပိုးရမယ်” လင်းချင်းဟယ်က တိုက်တွန်းလိုက်သည်။
လောင်တက ရင်ကော့ထားလိုက်သည်။
“အမေ စိတ်ချထားလိုက်၊ အမေနဲ့ သားတို့ရွာအတွက် ဂုဏ်တက်စေရမယ်”
ဟုတ်ပေသည်။ စာမေးပွဲအောင်မြင်သွားသည်နှင့် တစ်ရွာလုံး၊ တစ်ဖွဲ့လုံး ဂုဏ်တက်မှာ ဖြစ်သည်။
“သား ဒါကို သတိပြုမိတာ အမေ သိပ်ပျော်တယ်” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။
“သား အလုပ်ပြီးတာနဲ့ စာသွားလုပ်လို့ရပြီ”
စာလုပ်ရန် အားစိုက်ထုတ်မှုလိုသော်ငြား အလုပ် လုပ်ရဦးမည်ဖြစ်သည်။ သူမ၏ သားကို စာသာသင်ခိုင်းပြီး ဘာမှမလုပ်ဘဲ နုနယ်နေခွင့် မပေးနိုင်ချေ။