အခန်း ၁၄၆
Viewers 43k

အခန်း (၁၄၆) – အိမ်ပြောင်းဖို့ ကူညီထောက်ပံ့ခြင်း


ဤအချက်က အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသောကြောင့် အဖိုးကြီး အဖွားကြီး ဇနီး‌မောင်နှံနှစ်ဦးသား အိပ်မပျော်မီ တစ်နာရီကျော်ကြာ စကားပြောခဲ့ကြသည်။


ပြီးတော့ အနာဂတ်တွင် လောင်တ ကောလိပ်တက်နိုင်လျှင် သူ့အိမ်ထောင်ရေးအတွက် ကူညီပေးဖို့ သူတို့လူအိုကြီးနှစ်ယောက်ကို လိုအပ်ဦးမှာလား။


ဒါက မလိုအပ်လောက်ဘူး။


တကယ်လို့ သူသာ တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်လာပါက နောင်အနာဂတ်တွင် လောင်တက သူ လိုချင်သည့် မည်သည့် အိမ်ထောင်ဖက်မျိုးမဆို ရွေးချယ်လက်ထပ်နိုင်မှာပဲ ဖြစ်သည်။


ထို့နောက် လူအိုကြီး ဇနီးမောင်နှံဟာ စတုတ္ထရဲ့ ဇနီးသည်ဟာ အရမ်းကံကောင်းကြောင်း တွေးမိကာ သက်ပြင်းချမိပြန်သည်။


သူမက တစ်ပြားတစ်ချပ်မှ မချွေတာပေမယ့် သူမသားဖြစ်သူက အရမ်းတော်တယ်။ နောင်အနာဂတ်မှာ ကလေးတွေက သူတို့ လက်ထပ်ထိမ်းမြားဖို့ ဇနီးသည်တစ်ယောက်ကို ရှာဖွေဖို့ သူတို့လူအိုကြီးတွေရဲ့ အကူအညီကို မလိုအပ်တော့သလို သူတို့ကိုယ်စွမ်းကိုယ်စဖြင့် ဇနီးမယားတစ်ယောက်ကို လက်ထပ်ထိမ်းမြားနိုင်သည်။

 

လင်းချင်းဟယ်က သူတို့လူအိုကြီးစုံတွဲရဲ့ ခံစားချက်တွေကို လုံးဝ မသိလိုက်ပေ။ အဲ့ဒီအခိုက်အတန့်မှာ သူမက ကျိုးချင်းပိုင်ရဲ့ သိမ်းပိုက်စားသုံးနေတာကို ခံခဲ့ရသည်။


သူတို့စုံတွဲဟာ အခုဆို လက်ထပ်ပြီးတာ ကြာမြင့်နေပြီ ဆိုပေမယ့် အမြဲတမ်း ရင်ခုန်စိတ်လှုပ်ရှားနေတုန်းပါပဲ။


ညဖက် လုပ်ငန်းစဥ် ပြီးဆုံးသွားသောအခါတွင် လင်းချင်းဟယ်သည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကောင်းမွန်လာကာ “ဝက်သားမှောင်ခိုရောင်းချတဲ့ အကြောင်းကို ကျွန်မတို့ အမေ့ကို ပြောပြသင့်လား။”


သူမရဲ့ ယောက္ခမက ဒီအကြောင်းကို ဘာမှ မသိဘူး။ အရင် သူမတို့က တစ်အိမ်ထောင်တည်း ထမင်းအတူပေါင်းစားတာ မဟုတ်သည့်အတွက် ဒီအကြောင်းကို မပြောတာ ကောင်းပေမယ့် ‌နောင်အနာဂတ်မှာ လူအိုကြီးတို့ဇနီးမောင်နှံက သူမတို့နှင့်အတူ စားသောက်နေဦးမှာပဲ ဖြစ်သည်။ အချိန်တန်ရင် သူတို့က အနှေးနှင့် အမြန် ဆိုသလို ဒီအကြောင်းကို သိရှိသွားမှာပါပဲ။


“မလိုဘူး၊ တကယ်လို့ အမေ မေးရင်၊ ကိုယ် အငြိမ်းစားရန်ပုံငွေလို့သာ မင်း ပြောလိုက်ချေ။” ကျိုးချင်းပိုင်က သူမကို ပွေ့ဖက်ထားရင်း ပြန်ဖြေသည်။


လင်းချင်းဟယ်က ထိုသို့ ပြောလို့ရတာကိုလည်း သိရှိသွားခဲ့သည်၊ “ကောင်းပြီလေ။”


လူအိုကြီးတို့ ဇနီးမောင်နှံ မသိတာက ပိုကောင်းလိမ့်မည်၊ မဟုတ်ရင် သူတို့က ကျီးလန့် စာစား ဖြစ်နေကြလိမ့်မည်။


ဒါပေမယ့် သူတို့သားလေးရဲ့ အငြိမ်းစားရန်ပုံငွေက ယွမ်သုံးထောင်ရှိကြောင်း သူတို့သိသွားတဲ့အခါကျရင် အံ့သြထိတ်လန့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြလိမ့်မယ်။


ဒါ့ကြောင့် သူတို့ကို အငြိမ်းစားရန်ပုံငွေက ယွမ်သုံးထောင်လို့ ပြောလို့ မဖြစ်သေးဘူး။ အများဆုံး ယွမ် ၁၅၀၀လောက်သာ ပြောလို့ရပေမည်။


လင်းချင်းဟယ်သည် စကားကို တစ်ယောက် တစ်မျိုးစီ မပြောမိအောင် ကျိုးချင်းပိုင်နှင့်အတူ ပြောဆိုရမည့် စကားတွေကို ဇာတ်တိုက်ထားသည်။ ထို့နောက် လင်းချင်းဟယ်ဟာ အိပ်ချင်မူးတူးဖြစ်နေခဲ့သည်။

 

“နောက်တစ်ခေါက်လောက် ပေးပါဦးလား။” ကျိုးချင်းပိုင်က တောင်းဆိုလိုက်သည်။


လင်းချင်းဟယ်က သူ့ကို ကျီစယ်ဟန်ဖြင့် တွန်းဖယ်လိုက်သည်၊ “အရမ်း သောင်းကျန်းမနေနဲ့။ ဆောင်းရာသီးအတွင်း ရှင့်မှာ အလုပ်မဆင်းရတာနဲ့ အားလပ်နေမယ်လို့ မထင်နဲ့၊ ရှင် ရှုပ်ချင်တိုင်း ရှုပ်လို့မရဘူး။”


ဒီလူက အမြဲတမ်း ဒီကိစ္စအတွက်ဆို အားအင်တွေ ပြည့်နှက်နေတော့တာပဲ။


ယေဘုယျအားဖြင့်၊ ဒီလူရဲ့ အသက်အရွယ်လောက်ဆို အမျိုးသားတွေက ဒီနယ်ပယ်မှာ စွမ်းဆောင်ရည်တွေ ကျဆင်းသင့်ပြီ မဟုတ်ပါလား။


ဒါပေမယ့် သူကတော့ လုံးဝ ကျဆင်းမသွားပဲ စွမ်းဆောင်ရည်တွေက ဆက်လက် တိုးပွားလာနေတုန်းပဲ။

 

ကျိုးချင်းပိုင်က ခပ်ဖွဖွရယ်ရင်း သူမကို ပွေ့ဖက်ကာ အိပ်စက်အနားယူခဲ့သည်။


နောက်တစ်နေ့သည် နှစ်သစ်ကူးနေ့ရက် ဖြစ်သည်။


တတိယမောင်လေးလင်းသည် အိမ်သို့ အလည်အပတ် ရောက်ရှိလာသည်။


သူ့ဇနီးသည်ကတော့ ကိုယ်ဝန်ရှိနေတာ ဖြစ်လို့ လိုက်မလာတော့ဘူး။


လင်းချင်းဟယ်သည် နောက်ဆုံး ဖြစ်ပျက်ခဲ့သည့် ရန်ပွဲရဲ့ နောက်ဆက်တွဲ အကြောင်းအရာများအား တတိယမောင်‌လေးလင်းထံ မေးမြန်းစပ်စုခဲ့သည်။ ယခုအချိန်အထိ သူမသည် လင်းအိမ်ဟောင်းက မိသားစုတွေအကြောင်းကို ခေါင်းထဲ မထည့်ထားခဲ့ပေ။


“အကြီးဆုံးမရီးနဲ့ ဒုတိယမရီးရဲ့ ကြားက ဆက်ဆံရေးက အခုဆို ရန်သူတွေလောက်နီးနီး ဖြစ်နေတယ်။” တတိယမောင်လေးလင်းက ကူကယ်ရာမဲ့နေသည့် အသံဖြင့် ပြန်ဖြေသည်။


နောက်ဆုံး သူတို့ တွေ့ခဲ့ချိန်တုန်းက လင်းချင်းဟယ်သည် ဒုတိယယောင်းမလင်းထံမှ စစ်အင်္ကျီကို ပြန်ရဖို့ အတင်းအကြပ် ပြောဆိုခဲ့သည်။ သို့ရာတွင် ထိုစစ်အင်္ကျီကို ဒုတိယအစ်ကိုလင်းက အချိန်အကြာကြီး သုံးစွဲခဲ့သောကြောင့် လင်းချင်းဟယ်က ဒါကို ဘယ်လိုလုပ်ပြီး ပြန်လည်သုံးစွဲချင်ပါတော့မလဲ။ သူမသည် ဆင်းရဲလွန်းလို့ ရူးသွပ်စွာ ပြုမူခဲ့ခြင်းလည်း မဟုတ်ပေ။

 

သူမသည် ဒီစစ်အင်္ကျီအား အကြီးဆုံးယောင်းမထံသို့ ပေးလိုက်ပြီး ပထမအိမ်ထောင်စုနှင့် ဒုတိယအိမ်ထောင်စုအကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်စေခဲ့သည်။


အကြီးဆုံးယောင်းမလင်းသည် လင်းချင်းဟယ် ဖြစ်စေချင်သည့် လုပ်ရပ်ကို လုံးဝ သေချာနားလည်ပေမယ့် သူမ ဒီစစ်အင်္ကျီကို ဒုတိယအိမ်ထောင်စုသို့ ဘယ်လိုလုပ်ပြီး ပြန်ပေးနိုင်မှာလဲ။


ဒီစစ်အင်္ကျီက လင်းချင်းဟယ် သူမကို ပေးခဲ့တာလေ။ တကယ်လို့ ဒုတိယအိမ်ထောင်စုက ဒါကို ပြန်လိုချင်ရင် သူတို့ လင်းချင်းဟယ်ကိုပဲ သွားရှာသင့်တာပေါ့။


ဒါပေမယ့် ဒုတိယအစ်ကိုလင်းနှင့် ဒုတိယယောင်းမလင်းတို့သည် လင်းချင်းဟယ်က အခုအခါတွင် လုံးဝ ပြောင်းလဲသွားပြီဖြစ်မှန်း နာလည်သဘောပေါက်သွားခဲ့ပြီမို့ သူတို့က သူမကို နောက်တစ်ခါ ဘယ်လိုလုပ်ပြီး သွားရှာရဲမှာလဲ။ 


အထူးသဖြင့် ဒုတိယယောင်းမလင်းက ပိုလို့တောင် သွားမရှာရဲပေ။ သူမရဲ့ ဒီယောင်းမအကြောင်းကို အိမ်မှာ ကတုန်းကတိုက် လုပ်ခဲ့မိတာ ဘာဖြစ်လို့ သူမပဲ ဒီဒဏ်ကို ပြန်ခံစားခဲ့ရတာလဲ။ သူမသည် ဒီလို ကတုန်းကတိုက် လုပ်မိခြင်းအတွက် စိတ်နှလုံး အကြွင်းမဲ့ နောင်တရမိသည်။


ဒါပေမယ့် ပြောစရာ မလိုလောက်အောင်ပင်၊ ဒီစစ်အင်္ကျီဟာ အထူးသဖြင့် အကြီးဆုံးယောင်းမလင်း၏ လက်ထဲသို့ ကျရောက်သွားသည့်အတွက် ပြန်ရဖို့ လမ်းမမြင်ပေ။


အကြီးဆုံးယောင်းမလင်းက ကိုင်တွယ်ရ လွယ်တဲ့သူ မဟုတ်ပေ။


ဒါ့ကြောင့် နှစ်မိသားစုလုံး စကားများရန်ဖြစ်ကြသည်။ အကြီးဆုံးအစ်ကိုလင်းနှင့် ဒုတိယအစ်ကိုလင်းတို့ပါ ရန်ဖြစ်ကြကုန်သည်။ အကြီးဆုံးယောင်းမလင်းနှင့် ဒုတိယယောင်းမလင်းတို့သည် အချင်းချင်း မျက်နှာချင်း မဆိုင်ကြတော့ပေ။


အဖေလင်းနှင့် အမေလင်းတို့က သူတို့ကြား ကြားဝင်ဖျန်ဖြေပေးခဲ့ပေမယ့် ထိုအရာက ခဏတာပဲ ကြာရှည်ခံခဲ့သည်။


ဒါပေမယ့် ဒီရန်ပွဲက မိသားစုနှစ်စုကြား အမုန်းတရားတွေကို နက်ရှိုင်းလာစေပြီး လုံးဝ မျက်နှာချင်း မဆိုင်နိုင်အောင် ဖြစ်လာခဲ့ကြသည်။


ဒီလိုမျိုး မကျေလည်မှုတွေ ထွက်ပေါ်ခဲ့ပြီးပြီမို့ အကြီးဆုံးယောင်းမလင်းက ဒီစစ်အင်္ကျီကို ပြန်ပေးဖို့ လိုအပ်တော့ပါ့မလား။ အဲ့ဒီအကြောင်းကို တွေးတောင် မတွေးလိုက်နဲ့။


သို့ပေမယ့် ဒုတိယယောင်းမလင်းက ဒီစစ်အင်္ကျီကို ပြန်ရယူလိုစိတ်အပြည့်ဖြင့် ပြောလိုက်သေးသည်။


ဒါ့ကြောင့် ယခုလက်ရှိတွင် လင်းအိမ်ဟောင်းရဲ့ အိမ်တွင်းရေး အခြေအနေဟာ အ‌တော်လေး တင်းမာနေခဲ့သည်။


လင်းချင်းဟယ်က ဒီအကြောင်းကို ကြားလိုက်ရသောအခါတွင် ဝမ်းသာပီတိဖြစ်ကာ အပြုံးလေးဖြင့် မှတ်ချက်ပြုသည်၊ “နင်တို့နှစ်ယောက် ဘယ်အချိန်လောက် အိမ်ပြောင်းကြမလဲ။ နင် သူတို့နဲ့ ဆက်နေမယ်ဆိုရင် သေလောက်အောင် စိတ်ညစ်နေရလိမ့်မယ်။”


“အိမ်ပြောင်းရမှာလား။ ဘယ်လိုလုပ်ပြီး အိမ်ပြောင်းရမှာလဲ။” တတိယမောင်လေးလင်းသည် တခဏတာမျှ အံ့သြတုန်လှုပ်သွားပြီးနောက် ခါးသီးစွာ ပြုံးလိုက်မိသည်။


ဘယ်လိုလုပ်ပြီး သူက အိမ်မပြောင်းပဲ နေချင်ပါ့မလဲ၊ ဒါပေမယ့် ပြောင်းရရွှေ့ရတာက အရမ်းလွယ်လို့လား။ သူ့မှာ ဘာမှမရှိဘူး။ အိမ်ပြောင်းဖို့ မြေနေရာလွတ်ကို လျှောက်ထားရမည်။ လျှောက်လွှာတင်ထားပေမယ့် အမိန့်စာကတော့ ကျမလာသေးပါဘူး။


အိမ်တစ်လုံးဆောက်ရင်ရော ဘယ်လောက်တောင် ကုန်ကျလိုက်မလဲ။ သူတို့မှာ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု အများကြီးလည်း မရှိပေ။


အထူးသဖြင့် ဟင်းချက်ဖို့ အိုးပင်။ အခုလောလောဆယ် လင်းအိမ်ဟောင်းမှာ အိုးတစ်လုံးတည်းကို အကုန်လုံး ဝိုင်းဝန်းသုံးစွဲနေရတာ ဖြစ်သည်။


လင်းအိမ်ဟောင်းဖက် နေနေသာသာ၊ ကျိုးအိမ်ဟောင်းတောင်မှ အိုးတစ်လုံးကို အကုန်လုံး ဝိုင်းဝန်းသုံးစွဲနေတာပဲ၊ မဟုတ်ပါလား။


ပြီးတော့ လင်းချင်းဟယ်မှာ ရှိနေတာကတော့ သိပ်မဆိုးပါဘူး။ မီးဖိုတစ်လုံးနှင့် လက်ကိုင်နှစ်ဖက်ပါ ဒယ်အိုးတစ်လုံးတို့က ဒီခေတ်ဒီအခါမှာ ဇိမ်ခံပစ္စည်းတွေလို့ ဆိုရပေမည်။


တတိယမောင်လေးလင်း အိမ်ပြန်ဖို့ ပြင်ဆင်တဲ့အခါ လင်းချင်းဟယ်က သူ့ကို ဝက်ဆားနယ်ခြောက်တစ်ပိုင်း ပြန်ထည့်ပေးလိုက်သည်။ သူမမှာ ဝက်ဆားနယ်ခြောက် လေးပိုင်းလောက် ရှိသည်။


သူမသည် တတိယမောင်လေးလင်းကို ဝက်ဆားနယ်ခြောက်အား အကောင်းဆုံး ချက်ပြုတ်စားသောက်နိုင်သည့် နည်းလမ်းကို ညွှန်ကြားခဲ့ပြီးနောက် သူ့ကို အိမ်ပြန်လွှတ်လိုက်သည်။


“အိမ်ပြောင်းရွှေ့ပြီး နောက်တစ်အိမ်လောက် ဆောက်ချင်ရင် လက်ရှိစျေးကွက်ပေါက်စျေးအရ ဘယ်လောက် ကုန်ကျမလဲ။” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို မေးသည်။


ကျိုးချင်းပိုင်က “အိမ်အသေးလေးပဲဆိုရင်၊ ယွမ် ၁၀၀လောက်ပဲ ကုန်ကျလိမ့်မယ်။” ဟု ပြန်ဖြေသည်။


“အိမ်အသေးလေးဆို လုံလောက်တယ်။ အရင်ဆုံး အိမ်ပြောင်းတာက အကောင်းဆုံးပဲ။ အဲ့ဒီမိသားစုနဲ့ ဆက်နေရတာက ပိုဆိုးတယ်။” လင်းချင်းဟယ်က ပြောသည်။


အမေလင်းနှင့် အဖေလင်းတို့အပြင် အကြီးဆုံး သားနှစ်ယောက်ကိုလည်း သူမ မြင်ဖူးသည်။ သူတို့အားလုံးဟာ တူညီသော အကျင့်စရိုက် ရှိကြပြီး တူညီသော မျိုးဆက်သွေးမှ ဆင်းသက်လာကြတာ ဖြစ်သည်။


တကယ်တော့ မူလပိုင်ရှင်ကလည်း အရမ်းကြီး ကောင်းနေတာ မဟုတ်ပါဘူး။ တတိယမောင်လေးလင်းသည် လင်းအိမ်ဟောင်းမှ အကောင်းဆုံး ထုတ်လုပ်ထားသည့် အညွှန့်ကောင်းလေး ဖြစ်သည်။


“ကျွန်မ ရှင့်ရဲ့ အငြိမ်းစားရန်ပုံငွေကို မလိုဘူး။ ကျွန်မမှာ သူ့ကို ချေးပေးနိုင်တဲ့ ကျွန်မရဲ့ ကိုယ်ပိုင်ငွေ ရှိတယ်။” လင်းချင်းဟယ်က ရှင်းပြသည်။


ကျိုးချင်းပိုင်က မျက်မှောင်ကြုတ်ပြီး သူမကို ဘာတစ်ခွန်းမှ မပြောပဲ ကြည့်နေခဲ့သည်။ လင်းချင်းဟယ်သည် ချက်ချင်းပင် သူ စိတ်ဆိုးသွားကြောင်း သိလိုက်ရသည်။


လင်းချင်းဟယ်က လက်ရှိ မျက်မှောက်ရေးရာကို သဘောပေါက်ပြီး သူ့ကို အနမ်းပေးလိုက်သည်။

 

“အိုင်းယား... အဖေ၊ အမေ၊ အခုမှ နေ့ခင်းပဲ ရှိသေးတယ်၊ ဒီလိုမလုပ်ပဲ မနေနိုင်ကြဘူးလား။ သားက ကလေးပဲ ရှိသေးတယ်။” လောင်အာ့က အခန်းထဲသို့ ဝင်လိုက်သည်နှင့် ဒီမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသဖြင့် သူ့မျက်လုံးကို လက်ဖြင့် အုပ်ထားပြီး လက်ကြားထဲမှ ချောင်းကြည့်ကာ ထိုသို့ ပြောလိုက်သည်။


“ကောင်စုတ်လေး၊ အခန်းထဲဝင်လာတဲ့အခါ တံခါးခေါက်ရမယ် ဆိုတာ နင် မသိဘူးလား။” လင်းချင်းဟယ်က ရှက်ကိုးရှက်ကန်းဖြင့် လောင်အာ့ကို ဆူပူလိုက်သည်။


“သားက အမေ့ကို ကန်စွန်းဥ စားချင်မလားလို့ မေးဖို့ လာခဲ့တာပါ။ အမေက အနမ်းပေးတဲ့ဂိမ်း ကစားနေမယ်လို့ သားက ဘယ်သိပါ့မလဲ။” လောင်အာ့က အပြင်သို့ ပြေးထွက်သွားရင်း ရှင်းပြလိုက်သည်။


ထို့နောက် လောင်တနှင့် လောင်စန်းတို့ကပါ သူတို့မိဘတွေက အနမ်းဂိမ်း ဆော့ကစားဖို့ အခန်းထဲမှာ ပုန်းအောင်းနေကြောင်း သိသွားကြသည်။


လင်းချင်းဟယ် “...”


ကျိုးချင်းပိုင်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေကလည်း အနည်းငယ် ကြွတက်လာပြီး ပြုံးယောင်ယောင် ဖြစ်လာခဲ့သည်။


“တကယ်လို့ သူ အိမ်ပြောင်းမယ်ဆိုရင် အိမ်က အဓိကအချက်တစ်ချက် ဆိုပေမယ့် လက်လှမ်းမီဖို့ မလွယ်ကူတဲ့ ဟင်းချက်တဲ့အိုးကလည်း ရှိသေးတယ်။” ကျိုးချင်းပိုင်က ပြောသည်။


“ရှင့်မှာ ဟင်းချက်အိုးရဖို့ နည်းလမ်းများ ရှိမလား။ ကျွန်မတို့သုံးဖို့ အိုး အသစ်တစ်အိုးချန်ထားပြီး အိုးအဟောင်းလေးကို ကျွန်မမောင်လေးကို ပေးလိုက်မယ်လေ။” လင်းချင်းဟယ်က မေးလိုက်သည်။


“နောက်နှစ်ထဲ ကိုယ် တစ်ချက် မေးကြည့်လိုက်မယ်။” ကျိုးချင်းပိုင်က ပြန်ဖြေသည်။


ဒီခေတ်ဒီအခါမှာ အိုးတစ်လုံးသာ ဖြစ်သော်လည်း ရှားပါးသည်၊ ဒါ့ကြောင့် ကျိုးချင်းပိုင်လည်း သူ ဒါကို ရှာလို့ ရနိုင်မလားဆိုတာ မသေချာဘူး။


“ကျွန်မမှာ စက်မှုကူပွန်တွေ အများကြီး ကျန်သေးတယ်။ အဲ့ဒါတွေသုံးဖို့ လိုအပ်ရင် ကျွန်မကို ပြောနော်။” လင်းချင်းဟယ်က ခေါင်းညိတ်သည်။


နှစ်သစ်ကူးပြီး ဒုတိယနေ့တွင် ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့လင်မယားသည် ကလေးသုံးယောက်နှင့်အတူ မြို့တက်သွားကြသည်။


အိမ်တံခါးကို သော့ခတ်ခဲ့ကြသည်။ သူတို့ မြို့တက်ပြီး သွားလာလည်ပတ်မည့်အကြောင်းကို နှစ်သစ်ကူးရဲ့ ပထမဆုံးညမှာပင် အမေကျိုးတို့အား ပြောပြထားသည်။ သူတို့က အစားအစာတွေနှင့် ဟင်းပွဲတွေကို စီစဥ်ပေးထားခဲ့တာကြောင့် အဖေကျိုး၊ အမေကျိုး၊ ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့သည် ကျိုးအိမ်ဟောင်းတွင် ချက်ပြုတ်စားသောက်နိုင်ကြသည်။


အဘယ်ကြောင့်ဆိုသော် နှစ်သစ်ကူး ဒုတိယနေ့မှာ သားမက်တွေနှင့် အိမ်ထောင်ကျပြီး အစ်မနှစ်ယောက်တို့ကပါ အိမ်ပြန်လာသည့်နေ့ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ လူများသောကြောင့် ဝရုန်းသုန်းကား ဖြစ်နိုင်တာမို့ သူတို့ကို ကျိုးအိမ်ဟောင်းမှာပဲ ဧည့်ခံကျွေးမွေးတာက ပိုကောင်းလိမ့်မည်။


သူတို့မိသားစုကတော့ ပျော်ပျော်ပါးပါး မြို့ပေါ်သို့ ချီတက်သွားခဲ့ကြသည်။