အခန်း ၁၆၁
Viewers 43k

အခန်း (၁၆၁) - မိသားစုနှင့် ဂရုစိုက်ခြင်း


လင်းချင်းဟယ်သည် အိမ်၌ ဂျင်းပြုတ်ရည်တစ်အိုးကို ကျိုပြီးနောက် ကျိုးချင်းပိုင်ကို ယူလာခိုင်းလိုက်သည်။ အဖုံးဖွင့်ထားသောကြောင့် အလွန်ပူနေသေးသည်။ 


ထို့နောက် သူမက ကျိုးချင်းပိုင်အား ခြေထောက်လာစိမ်စေသည်။ 


လင်းချင်းဟယ် ပြုလုပ်သည့်အရာသည် တစ်ခြားမိသားစုခွဲသုံးစုအတွက် သိသာထင်ရှားလှသည်။ 


အကြီးဆုံးမရီးနှင့် တတိယမရီးတို့နှစ်ယောက်စလုံးသည် အလွန် စိတ်လှုပ်ရှားသွားရသည်။ သူတို့သည် စတုတ္ထခယ်မ တစ်ချိန်ချိန်မှာ ပြောင်းလဲသွားမည်ကို မမျှော်လင့်ထားသလို အခုဆိုရင် သူမက အမှန်တကယ်ပင် တာဝန်ကျေပွန်လှသည်။ ဘယ်သူနဲ့မှ ယှဉ်လို့မရနိုင်ပေ။ 


ဒုတိယအစ်ကိုက သူ အိမ်ပြန်ရောက်ချိန်တွင် လင်းချင်းဟယ်အား ချီးကျူးသောအခါ ဒုတိယမရီးက တစ်မျိုးတွေးထင်ခဲ့သည်။ သူမက နှာခေါင်းရှုံ့ပြီး “ အမေက သူတို့ကို ပိုက်ဆံ ဘယ်လောက်ပေးထားလဲမှ မသိတာ “ 


ဒုတိယအစ်ကိုက ထိုစကားကို ကြားသောအခါ ဘာမှပြန်မပြောတော့ဘဲ တိတ်တိတ်လေးပဲ နေ,နေလိုက်သည်။ သူက သူမနဲ့ ငြင်းခုံဆွေးနွေးမနေတော့ဘူး။ 


လင်းချင်းဟယ်က ထိုအကြောင်းကို ဂရုမစိုက်ပေ။ 


သူမသည် ကလေးဆိုးလေးသုံးယောက်၏ မျက်နှာနှင့် လက်များကို သန့်ရှင်းဆေးကြောပေးသည်။ ထို့နောက် သူမက သူတို့၏ခြေထောက်များကို စိမ်ခိုင်းသည်။ ရေစိမ်ပြီးနောက် သူတို့သည် အနွေးကုတင်ပေါ်သို့ သွားကြသည်။


ထို့နောက် ကျိုးချင်းပိုင်နှင့် သူမတို့စုံတွဲ တူယှဉ်တွဲနေရမည့် အချိန်အခိုက်အတန့်လေး ရောက်ရှိလာပြီ။ 


ကျိုးချင်းပိုင်၏ ခြေဖဝါးများက ကြီးမားလှသည်။ ကံကောင်းထောက်မစွာဖြင့် ခြေဆေးဇလုံက ကျယ်ဝန်းသည်၊ မဟုတ်ပါက လင်းချင်းဟယ်သည် သူမ၏ခြေထောက်များကို ထားစရာနေရာလွတ်မရှိ ဖြစ်နေပေလိမ့်မည်။ 


လင်မယားနှစ်ယောက်သည် ခြေထောက်စိမ်ရင်း စကားစမြည်ပြောနေကြသည်။ 


“ကျွန်မရဲ့မောင်လေး ဒီနှစ်မှာ ဘယ်လိုနေလဲတော့ မသိဘူး။ သူက သတိကြီးကြီးနဲ့ နှိုင်းနှိုင်းချိန်ချိန် နေတယ်။ အအေးဒဏ်ကို လုံလုံလောက်လောက် ကာကွယ်နိုင်ပါ့မလား မသိဘူး။” လင်းချင်းဟယ်က စကားစမြည်ပြောသည်။ 


“ဒီနှစ် ကိုယ်တို့ရထားတဲ့ ဝါဂွမ်းချည်တွေကို သူတို့ဆီ ပေးလို့ရတယ်။” ကျိုးချင်းပိုင်က ထိုစကားကို ကြားသောအခါ သူ့သဘောထားကို ပြောပြသည်။ 


သူတို့မိသားစုအတွက် ဒီဝါဂွမ်းချည် အနည်းငယ်အား ခွဲဝေပေးခဲ့ပြီး ၎င်းက အသုံးမဝင်ပေ။ 


အိမ်တွင် မည်သို့သိုလှောင်ရမည်ကို သိသော လင်းချင်းဟယ်ကြောင့် သူတို့၏အိမ်၌ အအေးဒဏ်ကိုခုခံနိုင်သော ပစ္စည်းများ ပြတ်လပ်မှု မရှိချေ။ 


ဆွယ်တာအင်္ကျီကိုပဲကြည့်… ကောင်လေးတွေမှာ တစ်ယောက်ကို နှစ်ထည်စီ ရှိကြသည်။ 


အတွင်းဝတ် ကိုယ်ကပ်တစ်ထည်နှင့် လက်ရှည်တစ်ထည်ဖြစ်သည်။ 


အရင် သူမ ချည်ထိုးပေးထားတုန်းက အရွယ်အစားကို အနည်းငယ် ကြီးထားသဖြင့် အခုချိန်တွင် သူတို့တွေ ထိုအင်္ကျီများကို ဆက်ဝတ်လို့ရသေးသည်။ သူတို့တွေသာ အလွန်လျင်မြန်စွာ မကြီးထွားလာလျှင် နောက်နှစ်အထိ ဆက်ဝတ်လို့ရနိုင်သည်။ 


လင်းချင်းဟယ်သည် ဤနေရာသို့ ကူးပြောင်းလာခဲ့ရသည့်တိုင် သူမသည် ဒေသခံများနှင့် ခပ်ဆင်ဆင်သာ နေထိုင်နေသေးသည်။ သူမသည် အဝတ်အစားများကို ပြုလုပ်သောအခါ အရွယ်အစား ကြီးထားခဲ့သည်။ 


သူမတွင် ရွေးချယ်စရာမရှိပေ။ ကလေးတွေ၏ ငယ်ရွယ်စဉ်အချိန်က ဒီလိုပဲ မဟုတ်ဘူးလား။ သူတို့တွေက နှစ်တိုင်း ပြောင်းလဲနေကြသည်။ သူမသာ အရွယ်အစားကို မကြီးထားလျှင် နှစ်တိုင်း အဝတ်အစားအသစ် အစားထိုးရန် လိုအပ်နေလိမ့်မည် ဟုတ်တယ်မလား။ 


ထိုအရာက သူမအတွက် ပြဿနာမရှိပေမယ့် ရွာထဲရှိ ဇနီးမယားများ၏ တံတွေးပင်လယ်ထဲ သူမ နစ်မြုပ်သွားမည်ကို ကြောက်ရသေးသည်။ 


လုံလဝီရိယရှိစွာ ကြိုးစားပြီး ခြိုးခြုံချွေတာသည့် ဤခေတ်တွင် လူတိုင်းကို မဆန့်ကျင်ဘဲ စည်းမျဉ်းအတိုင်း လိုက်နာခြင်းက ပိုကောင်းသည်။


အသစ်က သုံးနှစ်၊ အဟောင်းက သုံးနှစ်၊ ပြီးတော့ ဖာထေးပြုပြင်ပြီးက သုံးနှစ်။ 


ဟုတ်ပါသည်… အဝတ်တစ်ထည်က ကိုးနှစ်နီးပါး ကြာရှည်ခံသည်။ 


မှန်တာပေါ့… ဒါက သူမတို့ဆီမှာတော့ အဲ့လိုအလေ့အကျင့် မရှိခဲ့ဘူး။ ဒါပေမယ့် ကျိုးချင်းပိုင်နှင့် တစ်ခြားသူတွေက ထိုကဲ့သို့ ကြီးပြင်းလာခဲ့ရသည်။ 


“ကိုယ်က ကောင်းကောင်းဝတ်ခဲ့ရတယ်။ ကိုယ့်မိဘတွေက ကိုယ့်ကို ပိုပြီးအလေးပေးတယ်လေ။” ကျိုးချင်းပိုင်က ပြောသည်။ 


သူက အငယ်ဆုံးသားဖြစ်သော်လည်း သူ့ကို ဆိုးဆိုးဝါးဝါး မဆက်ဆံခဲ့ကြဘူး။ ကျိုးရှောင်မိန်က အဆိုးရွားဆုံး ဆက်ဆံမှုကို ခံယူခဲ့ရသည်။ ပုံမှန်အားဖြင့် သူမတွင် အဝတ်အစားအသစ် မရှိခဲ့ပေ။ 


အဝတ်အစားများကို ဝတ်ဆင်ပြီးနောက် ၎င်းတို့အားလုံးကို လက်ဆင့်ကမ်းကာ ဆက်ဝတ်ခဲ့ကြရသည်။ သူမသည် ငယ်စဉ်ကတည်းက သူတောင်းစားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ခဲ့ရသည်။ 


ထို့ကြောင့် သူမသည် အမြဲတမ်း သပ်သပ်ရပ်ရပ် ဝတ်စားတတ်သည့် စတုတ္ထယောင်းမဖြစ်သူ လင်းချင်းဟယ်နှင့် အလွန်ရင်းနှီးခဲ့ခြင်း ဖြစ်သည်။ 


“ဒါနဲ့ ဘာလို့ ရှင့်ခြေထောက်မှာ အမွှေးတွေ အများကြီး ရှိနေရတာလဲ။” လင်းချင်းဟယ်က သူ့ခြေထောက်ပေါ် လှမ်းထိပြီး ပြောလိုက်သည်။ 


ခြေထောက်မွှေးများကို သူ့ဘောင်းဘီအား လိပ်တင်ထားသဖြင့် တွေ့မြင်နိုင်သည်။ ထိန်းမနိုင်သိမ်းမနိုင်လောက်အောင် အလွန်များပြားနေသည်။


“မွေးကတည်းက ဒီတိုင်းပဲ။” သူမက ထိုအမွှေးများကို စက်ဆုပ်ခြင်းမရှိဘဲ ထိုအစား နှစ်သက်သဘောကျနေကြောင်းကို ကျိုးချင်းပိုင် မြင်လိုက်ရသည်။ သူ၏နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားသည်။ 


ပင်ကိုအားဖြင့် လင်းချင်းဟယ်က ဒါကို မကြိုက်နှစ်သက်တာ မဟုတ်ပေ။ ခြေထောက်အမွှေးထူသည့် ယောကျ်ားများကို သူမက ဘာကြောင့် မကြိုက်ရမှာလဲ။ ၎င်းကို အမျိုးသားဟော်မုန်းများ အားကောင်းပြင်းထန်စွာ ထုတ်လွှတ်ခြင်းဟု ခေါ်ဆိုနိုင်သည်။ ယောကျ်ားပီသခြင်း၏ သင်္ကေတပင်ဖြစ်သည်။ 


“ဒါဆို မနက်ဖြန် ကျွန်မ ယူသွားလိုက်ရမလား။” လင်းချင်းဟယ်က မေးသည်။ 


“ကိုယ်ရော လိုက်ခဲ့ရမလား။” ကျိုးချင်းပိုင်က ပြန်မေးသည်။ 


“မလိုဘူး။ မလိုက်ခဲ့နဲ့။” လင်းချင်းဟယ်က ခေါင်းခါလိုက်သည်။ 


သူမက တတိယမောင်လေးလင်းထံ အလည်သွားရန် အစီအစဉ်ဆွဲနေစဉ် တတိယမောင်လေးလင်းက နောက်နေ့ ရှစ်နာရီ၌ အိမ်သို့ ရောက်လာသည်။ သူသည် ရစ်ငှက်တစ်ကောင်ကို ယူဆောင်လာခဲ့သည်။ 


“လာလာ… ဝင်လာပြီး ရေနွေးတစ်ခွက် သောက်လိုက်ဦး။ နင်တို့အိမ်မှာ ဝါဂွမ်းချည် အလုံအလောက်ရှိမရှိ သွားကြည့်ဦးမယ်လို့ မနေ့ကပဲ ငါ နင့်ခဲအိုကို ပြောနေသေးတယ်။ အခုတော့ နင် ရောက်လာပြီ။” လင်းချင်းဟယ်က ခရီးဦးကြိုကာ ဧည့်ခံလိုက်သည်။ 


“အစ်မ… ဒါ နင့်အတွက်။ ငါ ဒီမနက် တောင်ပေါ်သွားတော့ ကံကောင်းပြီး ဖမ်းမိလာခဲ့တာ။” တတိယမောင်လေးလင်းက ရစ်ငှက်ကို လှမ်းပေးရင်း ပြုံးရယ်ပြသည်။ 


လင်းချင်းဟယ်က ဘာမှအားနာမနေဘဲ လက်ခံလိုက်သည်။ 


“ဦးလေး“ 


လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့အားလုံးသည် အခန်းထဲတွင် စာရေး၊ ပုံဆွဲနေကြသည်။ သူ ဝင်လာသည်ကို မြင်သောအခါ အားလုံးက လှမ်းနှုတ်ဆက်လိုက်ကြသည်။ 


“ဟေ့” တတိယမောင်လေးလင်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်နှုတ်ဆက်လိုက်သည်။ 


လင်းချင်းဟယ်က သူ့အတွက် ရေနွေးကြမ်းပူပူလေးတစ်ခွက် လောင်းထည့်ပေးပြီးနောက် ပြောလိုက်သည်။ “ မနက်အစောကြီး တောင်ပေါ်သွားနေတာ။ နင် အအေးမိသွားရင် ရစ်ငှက်နည်းနည်းလေးက ပြန်ကောင်းအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူးနော် “ 


“ဘာမှမဖြစ်ပါဘူး။ ငါ့ကို ခဲအိုပေးထားတဲ့ ဆွယ်တာအင်္ကျီက အရမ်းနွေးတယ်။ ငါ အဲဒါကို ဝတ်ထားလိုက်ရင် မအေးတော့ဘူး။” တတိယမောင်လေးလင်းက အခိုင်အမာ ပြောသည်။ 


ထိုဆွယ်တာအင်္ကျီကို တတိယမောင်လေးလင်းအား ပေးထားမှန်း ကျိုးချင်းပိုင် သိသည်။ 


သို့သော်လည်း လင်းချင်းဟယ်သည် တတိယမောင်လေးလင်း၏ကိုယ်ပေါ်က အပေါ်ဂျာကင်အင်္ကျီကို ကြည့်ပြီး မကျေနပ်သေးပေ။ သူမက ပြောလိုက်သည်။ “ ဒါက ဘာကောင်းလို့လဲ “ 


အထဲမှာ ဆွယ်တာအင်္ကျီတစ်ထည် ရှိနေသော်လည်း အခုချိန်က ဘယ်လိုရာသီဥတုမျိုးလဲ။ 


“အစ်မ… စိတ်မပူပါနဲ့။ ငါ မအေးပါဘူး။” တတိယမောင်လေးလင်းက ပြုံးပြီး ပြန်ပြောသည်။ 


“ဒီနှစ် ငါတို့အိမ်အတွက် ခွဲတမ်းရထားတဲ့ ဝါဂွမ်းချည်က အရည်အသွေးကောင်းတယ်။ အများကြီးမဟုတ်ပေမယ့် အဆုံးသတ်တော့ အနွေးဓာတ် ပေးနိုင်သေးတယ်။ ပြန်ရင် ယူသွားလိုက်ဦး။” လင်းချင်းဟယ်က သူ့အား ဝါဂွမ်းချည်ကို လှမ်းပေးရင်း ရှင်းပြသည်။ 


မိသားစုတစ်စုလုံးသည် ဂျင်းတစ်ဝက်စာ ဝါဂွမ်းချည်ကို လက်ခံရရှိခဲ့ပြီး ၎င်းက လုံလောက်မှု မရှိပေ။ 


တတိယမောင်လေးလင်းသည် သူ့ဘက်၌ ခွဲတမ်းဝေစုတစ်စုကို ရရှိမည်ဖြစ်ပြီး အားလုံးကို ပေါင်းစုလိုက်ပါက ပိုအဆင်ပြေသွားမည် ဖြစ်သည်။ 


“အစ်မ… မလိုပါဘူး။ ကောင်လေးတွေအတွက် သုံးဖို့လိုသေးတယ်လေ။” တတိယမောင်လေးလင်းက ချက်ချင်းပင် ခေါင်းခါလိုက်သည်။ 


“မနေ့ကပဲ ငါ နင့်ခဲအိုကို ပြောပြီးသွားပြီ၊ နင့်ခဲအိုလည်း ဒီအကြောင်းကို သိတယ်။” လင်းချင်းဟယ်က ဝါဂွမ်းချည်ကို စားပွဲပေါ်တင်ပြီး ဂျင်းတစ်ချို့ကို ယူရန် အထဲဝင်သွားပြန်သည်။ “ငါ အိမ်မှာ အများကြီး သိုလှောင်ထားတယ်။ ဒီဂျင်းတွေကိုလည်း ယူသွားလိုက်ဦး။ အအေးမမိအောင် ဂျင်းပြုတ်ရည် လုပ်ပေးဖို့ နင့်မိန်းမကို ပြောလိုက်။ ဒါမှမဟုတ် ခြေထောက်စိမ်ဖို့ ဂျင်းပြုတ်ရည်လုပ်လို့လည်း ရတယ်။ ပြီးတော့ ဒီအသားကောပဲ။ ဒီအသားကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ပေးဝေခဲ့တာ။ နင် ဒါတွေအားလုံးကို ယူပြန်သွားရမယ်။” 


တတိယမောင်လေးလင်းသည် အသည်းအသန် ခေါင်းခါပြီး “ဘာပဲဖြစ်ဖြစ် ငါ မယူနိုင်ဘူး။ အစ်မ… နင့်အတွက် ရစ်ငှက်ပေးရအောင်ပဲ ငါ လာခဲ့တာ။”


“ငါ သိပါတယ်။” လင်းချင်းဟယ်က ပြုံးပြီး “နင်က နင့်အစ်မနဲ့ တူလေးတွေအတွက် စဉ်းစားပေးတယ်။ ငါ့တူမလေးတွေကလည်း စားသောက်ရဦးမယ်လေ။ နင်က နင့်သဘောထားကို ငါ့ကို လက်ခံစေတယ်၊ ဒါဆို ငါ့တူမလေးတွေအတွက် ငါ့သဘောထားကိုကော နင် လက်ခံပေးလို့ မရဘူးလား။”


နောက်ဆုံး၌ တတိယမောင်လေးလင်းသည် ဝါဂွမ်းချည်ထုပ်၊ ဝက်သားတစ်ချို့နှင့် ဂျင်းအနည်းငယ်ကို အိမ်သို့ ယူပြန်သွားခဲ့ရသည်။ 


တတိယယောက်မလင်းသည် သူ ပစ္စည်းအများကြီး ယူပြန်လာသည်ကို မြင်သောအခါ အနည်းငယ် အံ့သြသွားသည်။ “ရှင် တတိယအစ်မအိမ် သွားခဲ့တာလား။”


တတိယအစ်မတစ်ဦးတည်းသာ သူမတို့မိသားစုကို ဤကဲ့သို့ ကြည့်ရှုစောင့်ရှောက်ပေးသည်။ သေချာတာပေါ့… သူမ၏ယောကျ်ားက တတိယအစ်မ၏မောင်လေး ဖြစ်နေသောကြောင့် အခုလို ကြည့်ရှုစောင့်ရှောက်ပေးနေမှန်း တတိယယောက်မလင်းက ကောင်းကောင်း နားလည်ထားသည်။


“ဟုတ်တယ်။ ဒီမနက်မှာ ကိုယ် ကံကောင်းပြီး ရစ်ငှက်တစ်ကောင် ရလိုက်လို့ အစ်မဆီ သွားပို့ပေးတာ။ ကိုယ့်အစ်မက ကိုယ့်ကို တွေ့တော့ ပစ္စည်းတွေ အများကြီး ပြန်ထည့်ပေးလိုက်တယ်။” တတိယမောင်လေးလင်းက ကူကယ်ရာမဲ့စွာ ပြောသည်။ 


သို့တိုင် သူ့စိတ်နှလုံးထဲတွင်တော့ နွေးထွေးမှုများဖြင့် ပြည့်နှက်လျက်ရှိသည်။ 


သူ့အစ်မက ဘဝမှာ ကောင်းကောင်း မနေနိုင်ဘူးလို့ အားလုံးက ပြောကြသည်။ သို့သော် မောင်လေးဖြစ်သည့် သူ့အပေါ်တွင် သူမသည် ငယ်ငယ်ကတည်းက ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သည်။ အခုလည်း ထိုအတိုင်းပင်။ သူမသည် သူ့အတွက် ပစ္စည်းကောင်းများကို ပေးကမ်းချင်သည်။ 


“တတိယအစ်မက ဝါဂွမ်းအသစ်တွေ အများကြီး ပေးခဲ့တာလား။” တတိယယောက်မလင်းသည် ၎င်းကို ကြည့်ပြီး အံ့သြကာ ဖရဏာပီတိ ဂွမ်းဆီထိသွားသည်။ 


“ဒီနှစ် သူတို့တွေ ဒါကို လက်ခံရရှိပြီး အားလုံးကို ပေးခဲ့တာ။” တတိယမောင်လေးလင်းက ပြန်ဖြေသည်။ 


“တတိယခဲအိုရော သဘောတူရဲ့လား။” တတိယယောက်မလင်းက စိတ်ပူသွားသည်။ 


“ခဲအိုလည်း ဒီအကြောင်းကို သိတယ်။” တတိယမောင်လေးလင်းက အခိုင်အမာ ပြောသည်။ 


တတိယယောက်မလင်းသည် ထိုစကားကို ကြားသောအခါမှ သက်ပြင်းချမိသည်။ ထို့နောက် ဂွမ်းစများကို ဖျစ်ညှစ်ကြည့်သည်။ 


ဤဝါဂွမ်းချည်များနှင့်ဆိုလျှင် ဒီဆောင်းရာသီသည် အနည်းငယ် နွေးထွေးလိမ့်မည်။ အအေးဒဏ်ကြောင့် ညသန်းခေါင်မှာ နိုးထလာရန် မလိုအပ်တော့ပေ။ ထို့အပြင် အိမ်ကိုလည်း အသစ်ဆောက်လုပ်ထားခြင်း ဖြစ်သည်။