အခန်း (၁၆၀) – နှင်းကျသောနေ့ရက်များအတွင်း ပြုစုစောင့်ရှောက်မှု
လင်းချင်းဟယ်သည် နောက်ပြောင်နေတာ မဟုတ်ပဲ ကျိုးချင်းပိုင်တစ်ယောက် အလုပ်မသွားရဘူး ဆိုတာကို သူမ ကြောက်နေခဲ့သည်။ သူမ အမှန်တကယ်ကို ကြောက်နေခဲ့တာပါ။
ဒီအမျိုးသားက စစ်တပ်ထဲတွင် တင်းကြပ်စွာ လေ့ကျင့်သင်ကြားခဲ့ရသည်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေက သာမာန်ထက် လွန်ကဲသည်။
သူ ပြန်လာပြီးနောက်တွင် သူက အလုပ်ကြမ်းကို မရပ်မနား လုပ်ကိုင်ခဲ့သည်။
ထို့အပြင် လင်းချင်းဟယ်က သူ့ရဲ့ တက်ကြွဖြတ်လတ်မှုကို ဆုံးရှုံးပြီး ဒဏ်ရာဟောင်းတွေမှ အမြဲတမ်း နာကျင်ကိုက်ခဲနေမည်ကို စိုးရိမ်သောကြောင့် သူမသည် သူ့ကို အာဟာရဖြစ်စေရန် အစွမ်းကုန်ကျွေးမွေးပြုစုခဲ့သည်။
ဒါကြောင့် သူက တစ်နေ့လုံး အလုပ်လုပ်ပြီးတာတောင် သွက်လက်ဖြတ်လတ်နေဆဲဖြစ်ကာ အလွန်သန်မာနေသေးသည်။
ဆောင်းခိုသည့် အချိန်ကာလအတွင်း သူ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေအကုန်လုံးကို ဖွင့်ထုတ်ပစ်ရန် နေရာမရှိပေ။ ဒါဆိုရင် ဘယ်သူ့ဆီကို ဦးတည်ပြီး ဖွင့်ထုတ်လိမ့်မလဲ။
လင်းချင်းဟယ်တစ်ယောက် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေလေသည်။
လင်းချင်းဟယ်တစ်ယောက် သူမရဲ့ ခြေထောက်တွေနှင့် ခါးတွေ နာကျင်ကိုက်ခဲနေသည့် မနက်အိပ်ရာထချိန်တိုင်း သူမသည် သူ့ကို မုန့်ပြားတစ်ချပ်နှင့် ရေအေးကိုသာ တိုက်ဖို့ စိတ်ကူးမိသည်။
အစားအသောက်တွေကို စားပွဲပေါ်မှာ ခင်းကျင်းပြီးသည်နှင့် အဆုံးတွင် သူမသည် နှလုံးသားကင်းမဲ့ကြောင်းကို ပြသနိုင်ခြင်း မရှိပေ။ သူမသည် စားပွဲပေါ်သို့ ကောင်းမွန်သော ဟင်းလျာများကိုသာ တည်ခင်းသည်။ ဒီလူက တစ်လက်မလောက် ရရင် ခြေတစ်ဖက်စာလောက် လိုချင်သည်။
ဆောင်းစပါးစိုက်ပျိုးပြီးနောက် အသားခွဲဝေဖြန့်ဖြူးပေးကြသည်။
အသားဖြန့်ဖြူးပေးပြီးနောက် ကျိုးချင်းပိုင်သည် အခါတိုင်းနှစ်များလိုပင် ထင်းအရှာထွက်သည်။
ဒီဆောင်းတွင်းကတော့ လင်းချင်းဟယ်အတွက် မလွယ်ကူပေ။ သူမသည် အရမ်းအေးသလို တကယ် ခံစားနေရတာ ဖြစ်သည်။ ဒီလထဲမှာပင် သူမသည် ဂွမ်းအနွေးထည်ကြီးကို ဝတ်ဆင်ထားရသည်။
လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့သည်လည်း ဆွယ်တာအင်္ကျီတွေကို ဝတ်ဆင်ထားရပြီ။
လင်းချင်းဟယ်က အဖေကျိုးနှင့်အမေကျိုးတို့ အဆင်ပြေ မပြေကို စစ်ဆေးခဲ့သည်၊ “အဖေ၊ အမေ၊ ဒီဆောင်းတွင်းအတွက် အနွေးထည် လုံလောက်ရဲ့လား။ တကယ်လို့ မလုံလောက်ဘူးဆိုရင် သမီးကို ပြောနော်။”
“လုံလောက်တယ်၊ နင် ပြီးခဲ့တဲ့နှစ်တုန်းက ဝါဂွမ်း သုံးကျင်း ဝယ်လာပေးတယ်လေ။ နင့်အဖေနဲ့ ငါတို့က တစ်စောင်တည်း အတူခြုံကြတာပဲ။ အဲ့တာက အရမ်းနွေးတယ်။” အမေကျိုးက အပြုံးလေးဖြင့် ပြန်ဖြေသည်။
ပြောရရင် စတုတ္ထရဲ့ ဇနီးသည်က အသုံးအဖြုန်းကြီးတာမှတစ်ပါး သူမက သူတို့ကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ပေးသည်။
ဝါဂွမ်း တစ်ကျင်းဆိုရင် ဘယ်လောက်တောင်လဲ။ တစ်ကျင်းကို ယွမ်နှစ်ဆယ်ထက် ပိုကုန်ကျသည်။
ဝါဂွမ်းစျေးကြီးလွန်းလို့ အံ့သြထိတ်လန့်သွားရသည်။ လူအများစုက ဒါကို ဝယ်ယူဖို့ ဝန်လေးကြသည်။ သို့ရာတွင် မနှစ်တုန်းက စတုတ္ထရဲ့ ဇနီးသည်က သူတို့အတွက် သုံးကျင်း ဝယ်လာပေးပြီး သူတို့အတွက် ခြုံစောင် ပြုလုပ်ပေးခဲ့သည်။
ဒါက စျေးကြီးတာ မှန်သော်လည်း အဲ့ဒီခြုံစောင်က ခြုံလိုက်လျှင် တကယ်နွေးထွေးလွန်းသည်။
“အမေတို့မှာ သိုးမွှေးဘောင်းဘီတို နှစ်ထည်ပဲ ရှိမယ်လို့ သမီးထင်တယ်။” လင်းချင်းဟယ်က ပြောသည်။
ဒီဆောင်းတွင်းမှာ တကယ့်ကို အေးခဲပြီး နှင်းတွေကျနေတော့ အနွေးကုတင်ကို တစ်နေ့လုံး မီးအပူပေးထားရသည်၊ မဟုတ်ရင် အဆင်မပြေဘူး။
“မလိုဘူး၊ တကယ် မလိုပါဘူး။” အမေကျိုးက အလျင်အမြန် ငြင်းပယ်ခဲ့သည်။
“နှစ်ထည်လောက် ထပ်လုပ်လိုက်လေ၊ အမေ။ စိတ်မပူပါနဲ့၊ အိမ်မှာ သုံးစွဲဖို့ ပိုက်ဆံ ကျန်ပါသေးတယ်။” လင်းချင်းဟယ်က တီးတိုးပြောသည်။
အမေကျိုးက ပြုံးသည်၊ “နင်က ဝတ္တရားကျေပွန်တယ် ဆိုတာ အမေ သိပါတယ်၊ ဒါပေမယ့် နင့်ကလေးတွေအတွက် ပိုက်ဆံ နည်းနည်းလောက် ချန်ထားသင့်တယ်။”
“အမေ၊ အမေက လောင်တတို့ နောင်အနာဂတ်မှာ ဇနီးမယားတစ်ယောက်တောင် မရှာဖွေနိုင်မှာကို စိုးရိမ်နေသေးတာလား။” လင်းချင်းဟယ်သည် သူမ ဤသို့ ကြားလိုက်ရသည့်အခါ အမေကျိုးကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
အမေကျိုးက ပြန်ဖြေသည်၊ “အဲ့အတွက် ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းတာပေါ့ဟယ်။”
“အမေ၊ အမေနဲ့ အဖေတို့ ဒီကလေးတွေအတွက် သတို့သမီး တင်တောင်းငွေ စုဆောင်းထားတယ်လို့ ကျွန်မကို မပြောနဲ့နော်။” လင်းချင်းဟယ်က ပြောသည်။
အမေကျိုးက ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ပြန်မပြောပေ။
လင်းချင်းဟယ်သည် စိတ်ထဲခံစားသွားရပြီး ဘာပြောရမှန်း မသိတော့ပေ။
ကျိုးလင်မယားဟာ သူမတို့မိသားစုအပေါ် ဘက်လိုက်တယ်လို့ ဒုတိယမရီးပြောတဲ့ စကားကိုတောင် အမှတ်ရသွားသည်။ ရိုးရိုးသားသား ပြောရရင်၊ လင်းချင်းဟယ်ဟာ အရင်က ဘာမှ မခံစားရဘူး။
ယခုမူကား စိတ်လှုပ်ရှားမှု သိပ်မရှိသည့် လင်းချင်းဟယ်သည် တကယ့်ကို စိတ်လှုပ်ရှားသွားသည်။
“အမေ၊ ကျွန်မ အမေနဲ့ အဖေတို့ရဲ့ လောင်တတို့အပေါ် ဂရုတစိုက်ရှိမှုအတွက် တကယ်ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မ အမေ့ကို အမှန်အတိုင်း ပြောပြမယ်။ ကျွန်မမှာ ကျွန်မကလေးတွေ တက္ကသိုလ်တက်ဖို့ ငွေအလုံအလောက် ရှိတယ်။ နောင်အနာဂတ် သူတို့ရဲ့ အိမ်ထောင်ရေးအတွက် ကျွန်မတို့ စိတ်ပူစရာ မလိုတော့ဘူး။” လင်းချင်းဟယ်က ပြောသည်။
“ငါ မင်းအဖေပြောတာကို ကြားဖူးပါတယ်။ နင်တို့ ကလေးတွေကို တက္ကသိုလ်ပို့တာ အရမ်းပင်ပန်းမှာကိုပဲ ငါ စိုးရိမ်နေတာ။” အမေကျိုးက တိတ်တိတ်လေး ပြန်ပြောသည်။
အပြင်မှာ မမြင်ဖူးတဲ့ အရာတွေကို လူတွေက တီးတိုးပြောရရင်တောင် ဟာသ ဖြစ်လာတာမို့ ကျယ်ကျယ် မပြောရဲပေ။ ကလေးတွေသာ စာမေးပွဲမအောင်ရင် သူတို့ ခေါင်းထောင်ရဲမှာ မဟုတ်ဘူး။
“ဒီမှာ ကျွန်မလည်း ရှိနေတာပဲ၊ ဘာဖြစ်လို့ စိုးရိမ်ပူပန်နေတာလဲ။ အမေ၊ ကျွန်မ ကြွားဝါပြောတာ မဟုတ်ဘူး။ တကယ်တော့ ရွာမှာ ကျွန်မရဲ့ နာမည်ဂုဏ်သတင်းက အပျင်းထူတယ်ဆိုပြီး နာမည်ကြီးပေမယ့် ကျွန်မ အလုပ်သမား၊ တောင်ယာလုပ်သမားနဲ့ စစ်သား တက္ကသိုလ်ကို တိုက်ရိုက် ဝင်နိုင်တယ်။” လင်းချင်းဟယ်က ပြောသည်။
အမေကျိုးက သူမကို နှိမ့်ချ မပြောဘူး။ သူမမျက်နှာပေါ်မှာ အပြုံးလေးဖြင့် တုံ့ပြန်သည်၊ “နင်က နင့်မိသားစုကို ပြုစုစောင့်ရှောက်တဲ့နေရာမှာ ဝီရိယရှိပါတယ်။”
“အမေ၊ ကျွန်မကို နှစ်သိမ့်ပြောပေးစရာ မလိုဘူး။ ကျွန်မကိုယ်ကျွန်မ သိပါတယ်။” လင်းချင်းဟယ်က ပြောသည်။
သူမသည် ဒီအတိုင်း စကားအဖြစ်သာ ပြောလိုက်တာ ဖြစ်သည်။ လင်းချင်းဟယ်သည် သူမကိုယ်သူမ ပျင်းရိတယ်လို့ မထင်ပေ။ ဒီခေတ်ဒီအခါရဲ့ ကိုယ်ပိုင်အမြင်မှာတော့ သူမက ပျင်းရိနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ဒါပေမယ့် ဒါက စကားအတိုင်း ရှိနေတုန်းပါပဲ။ သူမရဲ့ အိမ်တွင် လုပ်စရာရှိတာ အကုန်လုပ်ပြီး ပျင်းရိနေတာမျိုး မရှိဘူး။ အိမ်ကို သန့်သန့်ရှင်းရှင်းထားပြီး တစ်နေ့ကို ထမင်းသုံးနပ် အချိန်မှန် စားပွဲပေါ် ရောက်ပြီးသားပင် ဖြစ်သည်။ သူမကို ပျင်းရိတယ်လို့ ပြောတာ ယုတ္တိရှိပါသလား။
“အမေ၊ ကလေးသုံးယောက်ရဲ့ အိမ်ထောင်ရေးကို အမေတို့ စိတ်ပူစရာ မလိုတော့ဘူးလို့ အဖေ့ကို ပြောလိုက်ပါ။ ဒါ့အပြင် သူတို့ တက္ကသိုလ်ဝင်ခွင့် မအောင်မြင်ရင်တောင် ချင်းပိုင် ပင်စင်ယူပြီး ပြန်ပါလာတဲ့ ငွေ ယွမ် ၁၅၀၀ ရှိနေပါသေးတယ်။” လင်းချင်းဟယ်က အဆုံးသတ်စကားကို အသံတိုးပြီး ပြောလိုက်သည်။
“ယွမ် ၁၅၀၀လား။” အမေကျိုးရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။
အမေကျိုးသည် သူမသားဖြစ်သူရဲ့ ပင်စင်ငွေက မနည်းလှမှန်း မှန်းဆမိသော်လည်း သူမ ထင်ထားတာ ယွမ် ၅၀၀ ဝန်းကျင်လောက်သာ ဖြစ်သည်။ သူမသည် ယွမ် ၁၅၀၀ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“အမေ၊ ကျွန်မ ဘယ်လောက် အသုံးအစွဲကြီးနေလဲ ဆိုတာကို မကြည့်နဲ့ဦး။ ကျွန်မတို့မှာ ယွမ် ၁၃၀၀လောက် ကျန်သေးတယ်။ ကလေးတွေရဲ့ အိမ်ထောင်ရေးအတွက် တင်တောင်းငွေပေးဖို့ လုံလောက်ပါတယ်။ အမေနဲ့ အဖေတို့ရဲ့ ပိုက်ဆံတွေကို အမေတို့ လိုအပ်တဲ့နေရာတွေမှာ သုံးသင့်တယ်။” လင်းချင်းဟယ်က ပြောသည်။
“နင့်မှာ ပိုက်ဆံတွေ အများကြီး ကျန်သေးတာ ငါ မသိဘူးပဲ။” အမေကျိုးက တုန်လှုပ်စွာ တုံ့ပြန်သည်။
“အမေ၊ ကျွန်မရဲ့ ရိက္ခာအကြောင်းကို သိတယ်မလား။” လင်းချင်းဟယ်က မျက်ခုံးပင့်ပြသည်။
အမေကျိုးက ခြောက်ကပ်စွာ ချောင်းဟန့်ပြီး “ဒီအကြောင်းကို ဘယ်သူမှ မကြားစေနဲ့။” လို့ တိုးတိုးလေး ပြောသည်။
“ကျွန်မ အမေ့ကိုပဲ ပြောတာပါ။” လင်းချင်းဟယ်က ထိုသို့ပြောပြီးနောက် ဆက်ပြောသည်။ “ကျွန်မ အမေတို့နှစ်ယောက်အတွက် သိုးမွှေးချည်အချို့ ဝယ်လာတယ်၊ ဒါ့ကြောင့် အမေတို့ သိုးမွှေးဘောင်းဘီတစ်ထည်စီ ထိုးလို့ရတယ်။ ကျွန်မကို အသုံးအဖြုန်းကြီးတယ်လို့ မပြောနဲ့။ ဒါက အမေတို့နှစ်ယောက်အတွက်ပဲ။ လင်းအိမ်ဟောင်းက လူအိုကြီး နှစ်ယောက်တောင် ဒါကို မျက်စိကျနေတာ ကျွန်မ လုံးဝ မပေးခဲ့ဘူး။”
နောက်ဆုံးစကားကို ကြားတော့ အမေကျိုး ရယ်ချင်သွားသည်။
အရင်တုန်းကတော့ စတုတ္ထရဲ့ ဇနီးသည်ဟာ သူမရဲ့ မိခင်ဖက် မိသားစုအပေါ် သူမစိတ်နှလုံးသား တစ်ခုလုံး ပုံအပ်ထားသည်။ သို့ရာတွင် လင်းအိမ်ဟောင်းရဲ့ မျက်လုံးဖြူဝံပုလွေအုပ်သည် အလွန်ကြောက်ဖို့ကောင်းသည်။ သူတို့က သူမရဲ့ နှလုံးသားကို လုံးဝစိတ်ကုန်သွားစေပြီး သူမရဲ့ ခင်ပွန်းသည်၏ မိသားစုကသာ သူမအား မျက်နှာသာပေးကြောင်း ရှင်းရှင်းလင်းလင်း သိမြင်သွားစေခဲ့သည်။
အခု ကောင်းမွန်သော ပြုစုစောင့်ရှောက်မှု အဖြာဖြာကို လင်းအိမ်ဟောင်းမှ ယောက္ခမနှစ်ဦးထံ လွှဲပြောင်းပေးခဲ့သည်။
ဒီစတုတ္ထရဲ့ ဇနီးသည်က အမှန်တကယ်ပင် အကြိုက်နှင့် မကြိုက်ကို လုံးဝကွဲပြားခြားနားစွာ ပြုမူတတ်လေသည်။
ဒါပေမယ့် ဘောင်းဘီအတွက် သိုးမွှေးချည်ဖိုးကို အမေကျိုးက ရအောင် ပေးခဲ့သည်။
သူမတို့ လူအိုကြီးစုံတွဲအတွက် စတုတ္ထရဲ့ ဇနီးသည်ကို သူမ ဘယ်လိုလုပ်ပြီး ပေးဆောင်စေနိုင်မည်နည်း။
လင်းချင်းဟယ်သည် သူမက အတင်းပေးနေသဖြင့် မငြင်းပယ်လိုက်ပေ။ သူမသည် ဒီခေတ်ဒီအခါက လူတွေနှင့် အပေးအယူကိစ္စတွေကို ကိုင်တွယ်နိုင်စွမ်း လုံးဝ မရှိပေ။
ယခုနှစ်တွင် သူမသည် အဖေကျိုးနှင့် အမေကျိုးတို့အတွက် သိုးမွှေးဘောင်းဘီလုပ်ရန် သိုးမွှေးချည် ဝယ်ယူခဲ့သည်။ အိမ်က လူတိုင်းမှာ သိုးမွှေးချည်ဖြင့် ထိုးထားသော အသုံးအဆောင်ပစ္စည်း ကိုယ်စီ ရှိကြသည်။
သူမနှင့် ကလေးတွေမှာ တစ်စုံစီ ရှိကြသည်။ သူမသည် အရင်က ကျိုးချင်းပိုင်အတွက် တစ်စုံလောက် လုပ်ပေးချင်ပေမယ့် သူက ဒါကို မလိုသည့်အတွက် သူမ မလုပ်ပေးတော့ဘူး။
သူမက သူ့အတွက် ဆွယ်တာအင်္ကျီ နှစ်ထည်သာ ထိုးပေးခဲ့သည်။ ဝါဂွမ်းအင်္ကျီကြီး တစ်ထည်လည်း ပါသောကြောင့် ဒီယန်ဓာတ်လွန်ကဲနေသော အမျိုးသားကို အေးခဲသွားစေမည် မဟုတ်ပေ။
ကျိုးချင်းပိုင်ရဲ့ ယန်စွမ်းအင်က အထူးသဖြင့် ညဖက်တွင် အထူးအားကောင်းသည်။
သူနှင့်အတူ အိပ်စက်ခြင်းသည် မီးဖိုတစ်လုံးနှင့် အိပ်စက်ရသလိုပါပင်။
ဒီနှစ်မှာတော့ လင်းချင်းဟယ် ပြောတာ မှန်လေသည်။ နှင်းတွေ အရမ်းကျသည်။ ကျိုးချင်းပိုင်သည် ခုနစ်ရက်လေးသာ ထင်းခွေရသေးသည်။ နောက်ပြီး သူ့မှာ သဘာဝအတိုင်း လုံလောက်တဲ့ ကောက်ရိုးပြတ်တွေလည်း ရှိသည်။
ဒါပေမယ့် ဒီနှစ် နှင်းတွေ အရမ်းကျသည်။
ဒါပေမယ့် လူကြီးတွေကတော့ ပျော်နေကြသည်။
ဒီအတိုင်း ဆက်သွားရင် ဆောင်းတွင်းကောက်နှံ အထွက်ကောင်းလိမ့်မည်။
လင်းချင်းဟယ်သည် ဒီဆောင်းရာသီအတွင်း သူမတို့မိသားစုအတွက် ဂျင်းအများကြီး စုဆောင်းထားသည်။
သူတို့ကို ဂျင်းစွပ်ပြုတ်ကို တိုက်ကျွေးသည့်အပြင် ဂျင်းပြုတ်ရည်ကို ရေဖြင့်ရောစပ်ပြီး သူတို့ခြေထောက်တွေကို စိမ်ကြ ဆေးကြောဖို့ စေခိုင်းသည်။
လင်းချင်းဟယ်သည် သူမရဲ့ မိသားစုကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပြီး ထုံးစံအတိုင်း အဖေကျိုးနှင့် အမေကျိုးတို့အတွက်ပါ ပါဝင်လာခဲ့သည်။