အခန်း ၁၅၉
Viewers 38k

အခန်း (၁၅၉) – သူ အလုပ်မသွားရမှာကို အကြောက်ဆုံးပဲ


“ဒါက ပြဿနာကြီး မဟုတ်ပါဘူး။”


သူမ ပြောတာကို ကြားလိုက်ရတဲ့အခါ လင်းချင်းဟယ်က ပြောသည်။

 

သူမသည် ကျိုးရှောင်မိန်ရဲ့ ကိစ္စရပ်အား သူမကို ပြောပြခဲ့သည်။


“နင်တို့နှစ်ယောက် အိမ်ခွဲနေတာကို နင့်ယောက္ခမ သ‌ဘောမကျဘူး ဆိုရင်တောင် နင်က ကလေးကို ကြည့်ရှုပေးဖို့ ပိုက်ဆံပေးရင် သူမ ဝမ်းသာအားရ ကြည့်ရှုပေးလိမ့်မယ်။ ပြီးတာ့ ဒါကလည်း သူမရဲ့ မြေးပဲလေ။” လင်းချင်းဟယ် ပြောသည်။


ရှန်းယွီက သူမ ပြောတာကို ကြားလိုက်သည့်အခါ အံ့အားသင့်သွားသည်၊ “သူမရဲ့ မြေးရင်း ကြည့်ရှုစောင့်ရှောက်ပေးရတာကိုတောင် ပိုက်ဆံ ယူသေးတယ်လား။”


“ငွေကြေးက သရဲတစ္ဆေတွေရဲ့ နှောင့်ယှက်မှုကိုတောင် ရပ်တန့်စေနိုင်တယ်။” လင်းချင်းဟယ် ပြန်ဖြေသည်။


ရှန်းယွီသည် ဒီအဓိပ္ပါယ်ကို နားလည်လုနီးပါး ဖြစ်သော်လည်း သူမသည် ပိုက်ဆံပေးရန်အတွက်မူ ဝန်လေးနေမိသည်။


လင်းချင်းဟယ်က အများကြီး မပြောဘူး။ ဒီလောက် ပြောလိုက်တာက လုံလောက်နေပြီ။


ဝယ်ခြမ်းစရာရှိတာတွေ ဝယ်ခြမ်းပြီးတော့ ရှန်းယွီကို နှုတ်ဆက်ပြီးနောက် လင်းချင်းဟယ်တစ်ယောက် အိမ်ပြန်လာခဲ့သည်။


“အမေ၊ အမေက သားကို မချစ်တော့ဘူး။” သူ့မိခင် ပြန်လာတာကို မြင်တော့ လောင်စန်းက သူမကို စတင်စွပ်စွဲသည်။


“ဘာဖြစ်လို့ အမေက သားကို မချစ်ဘူးလို့ ပြောရတာလဲ။” လင်းချင်းဟယ်က ရယ်ကာမောကာ ဆိုသည်။ သူမသည် သကြားလုံးတစ်လုံးကို အခွံခွာပြီး သူ့ပါးစပ်ထဲ ခွံကျွေးလိုက်သည်။


သို့သော် လောင်စန်းလေးသည် သူ့ခေါင်းကို လှည့်လိုက်သည်။ သူလေးက သကြားလုံး၏ သွေးဆောင်မှုကို အမှန်တကယ် တွန်းလှန်နိုင်ခဲ့သည်။


“အမေ၊ ဒီလို သကြားလုံးလေးနဲ့ သားကို ချော့လို့ ရမယ် မထင်နဲ့။” လောင်စန်းက ပြောသည်။


“အမေတော့ နင် သကြားတွေ အစားများပြီး တော်လှန်ချင်နေတာလို့ ထင်တယ်။” လင်းချင်းဟယ်က သကြားလုံးကို သူမဖာသာသူမ စားလိုက်ရင်း ပြောသည်။


လောင်စန်းက တိတ်တဆိတ်သာ ရှိသည်။


လင်းချင်းဟယ်က ချော့မြူသည်၊ “အမေ့ကို ပြောကြည့်၊ သား ဘာဖြစ်လို့ ရုတ်တရတ်ကြီး ဒီလောက် စိတ်ထိခိုက်လွယ်နေတာလဲ။”


“အမေ သားကို မြို့ပေါ် ဘာဖြစ်လို့ မခေါ်သွားရတာလဲ။” လောင်စန်းက ကွန်ပလိန်းတက်သည်။


“ဒါဆို အမေ နောက်တစ်ခါ မြို့ပေါ်သွားရင် သားကို ခေါ်သွားမယ်။ ဒါပေမယ့် သား မြို့ထဲမှာ ဟိုပြေးဒီပြေး လုပ်မယ်ဆိုရင် အမေ သဘောမတူဘူး။” လင်းချင်းဟယ်က ပြောသည်။


လောင်စန်းရဲ့ မျက်လုံးတွေက တောက်ပသွားသည်။ “အမေ၊ သားကို ချော့မော့ပြောနေရုံပဲ မဟုတ်ပါဘူးနော်။”


လင်းချင်းဟယ်က သူ့ကို တရုတ်ဆီးသီးနီအထုပ်ကို ပေးလိုက်သည်၊ “ဒါက နင့်အစ်မ ရှောင်ရှီး မှာလိုက်တဲ့ဟာပဲ။ သူမကို သွားပေးလိုက်ချေ။”


“အမေ၊ သားအတွက် သကြားလုံးရော...” လောင်စန်းက သူ့လက်လေးကို ဖြန့်ပေးရင်း ပြောသည်။


“ဒါကို အရင်သွားပေးလိုက်ပါဦး။” လင်းချင်းဟယ်က သူ့ကို ငြင်းပယ်ပြီး ခြံဝန်းထဲ ဝင်သွားသည်။


လောင်စန်းလေးက တရုတ်ဆီးသီးနီတွေကို အရင်ဆုံး သွားပို့ပေးပြီးမှ သူ့မိခင်ထံ ပြန်လာရသည်။


“နင် ဒီနေ့ ဘာလုပ်နေလဲ။” လင်းချင်းဟယ်က သူ့ကို မေးသည်။


သူမမှာ ဒီနေ့ ဘာမှ လုပ်စရာ မရှိသဖြင့် သူမက ခရိုင်မြို့ပေါ်သို့ မကြာခဏ ရောက်ဖြစ်သည်။

 

“သား ငှက်သိုက်တွေ သွားနှိုက်နေတာ။” လောင်စန်းက ပြောသည်။


“ခရမ်းချဥ်သီးတစ်လုံး သွားယူပြီး စားချေ။” လင်းချင်းဟယ်က ပြောသည်။


“အမေ၊ သားရဲ့ သကြားလုံးတွေက ဘယ်မှာလဲဟင်။” လောင်စန်းလေးက သူမကို စူးစိုက်ကြည့်နေသည်။


လင်းချင်းဟယ်က ခပ်ဖွဖွ ရယ်သည်။ “အချိန်ကုန်သွားပြီ။ အမေ သားကို ပေးလိုက်တဲ့ အချိန်တုန်းက သား မယူခဲ့ဘူးလေ။ အခုမှ သားလိုချင်တော့ အဲ့တာကို မရတော့ဘူး။”


“အမေ၊ အမေက အစားကြူးသူပဲ။” လောင်စန်းက စောဒကတက်သည်။


“အမေက အစားကြူးသူ မဟုတ်ရင် အမေက မင်းကို ဘယ်လို မွေးခဲ့မှာလဲ၊ အစားကြူးလေးရဲ့။” လင်းချင်းဟယ်က ရယ်သည်။


လောင်စန်းလေးသည်လည်း လိုက်ရယ်သည်။ သူက ခရမ်းချဥ်သီးတစ်လုံးကို သွားယူပြီးတော့ ဆေးကြောပြီး စားလိုက်သည်။ ထို့နောက် သူက ပြောသည်၊ “အမေ၊ သားလည်း ကျောင်းတက်ချင်တယ်။”


“နင်က နှစ်နှစ်လောက် စောင့်ဖို့ လိုသေးတယ်။ ဒါနဲ့ စကားမစပ်၊ ဘာဖြစ်လို့ နင် အိမ်ပြန်လာတာ စောနေတာလဲ။” လင်းချင်းဟယ်က မေးသည်။


ညနေ ငါးနာရီထိုး ခြောက်နာရီ‌ မတိုင်မချင်း ဒီကောင်စုတ်လေးက အိမ်ပြန်လာလေ့ မရှိဘူး။ ဒီနေ့ ညနေ လေးနာရီပဲ ရှိသေးတယ်၊ သူလေးက အိမ်ပြန်ရောက်နေခဲ့ပြီ။


“‌ကျောက်ဒိုးတွေ ကွဲသွားလို့။ သား သူတို့နဲ့ ထပ်မကစားချင်‌တော့ဘူး။” လောင်စန်းလေး ပြန်ဖြေသည်။


လင်းချင်းဟယ် တခစ်ခစ်ရယ်သည်။


ထိုကလေးတွေ ကြားထဲတွင်လည်း အခြေခံမူဝါဒများ ရှိသည်။


ရန်ဖြစ်ပြီးနောက် ပြန်လည်သင့်မြတ်ပြီး အတူပြန်ကစားနိုင်သော်လည်း ရှိသည့် ကျောက်ဒိုး အရေအတွက် မမျှတပါက ဘယ်လောက်ပဲ စည်းကမ်းလိုက်နာတဲ့သူ ဖြစ်ပါစေ သူတို့ အတူမကစားနိုင်ပေ။


“သား ကုန်းဇီကို တစ်လုံး ပေးခဲ့တယ်၊ ဒါပေမယ့် သူ တစ်လုံး ရှုံးသွားပြီးတော့ ထပ်လိုချင်နေသေးတယ်။ သားမှာလည်း အများကြီး မရှိဘူး။” လောင်စန်းက ဆက်ပြောသည်။


လင်းချင်းဟယ်က အကြံပြုသည်၊ “ဒါဆိုရင် သား ပုန်းပြီး ရှာလို့ရတာပဲ။”


ယခုအချိန်တွင် ကောက်ရိုးလှိုင်းများကို အပြင်ဖက်တွင် စုပုံထားသောကြောင့် ထိုကလေးများ ပုန်းလျှိုးကွယ်လျှိုး ဆော့ကစားရန် နေရာကောင်းများ ဖြစ်လေသည်။


“မဖြစ်ဘူး၊ အဲ့တာတွေက ယားလွယ်တယ်။” လောင်စန်းလေးက ပြောသည်။


မကြာခင်ကပဲ လင်းချင်းဟယ်သည် သူမရဲ့ အသီးအရွက်ဥယျာဥ် သေချာပြင်ဆင်ခဲ့သည်။ ဝက်ခြံနှင့် ကြက်တင်းတွေအတွက်မူ ကျိုးချင်းပိုင်ရဲ့ တာဝန်ပါပဲ။ သူမသည် စည်းကမ်းဟောင်းတွေကို လိုက်နာကျင့်သုံးနေဆဲ ဖြစ်သည်။ သူမသည် နွေစပါးရိတ်သိမ်းချိန်နှင့် ဆောင်းဦးရာသီရိတ်သိမ်းချိန်တွင် ဝက်ခြံနှင့် ကြက်တင်းတွေကို ကြည့်ရှုပေးပြီး ကျန်သည့်အချိန်များတွင် ကျိုးချင်းပိုင်က ဒါတွေကို ကိုင်တွယ်ရမည်။

 

လင်းချင်းဟယ်သည် လက်တစ်ဆုပ်စာ ပဲသီးတွေ ခူးဆွတ်လာခဲ့သည်။ ညနေကျရင် ဝက်သားကို ပဲသီးနှင့် ရောကြော်မည်။ ပြီးတော့ ကြက်သွန်နီနဲ့ ကြက်ဥကို မွှေကြော်ထားတဲ့ ဟင်းတစ်ခွက်ရယ် ခရမ်းချဥ်သီးစွပ်ပြုတ်နဲ့ဆို ညနေစာအတွက် လုံလောက်သွားပြီ။


အိမ်နောက်ဖေးက ခရမ်းချဥ်သီးတွေက မျိုးသုဥ်းလုနီးပါးဖြစ်နေပြီဖြစ်ကာ နွယ်ပင်တွေကို စုဆောင်းထားရသည်။


“အမေ၊ သားတို့ ညနေစာ ပဲနီလေးမန်ထို စားရမှာလား။” လောင်စန်းလေးက မေးသည်။


“ပဲနီလေးမန်ထိုကို မနက်ဖြန်ကျမှ လုပ်မယ်။ ဒီနေ့လုပ်ဖို့ကျ အရမ်းနောက်ကျနေပြီ။” လင်းချင်းဟယ်က ဖြေသည်။


လောင်စန်းလေးက ဘာမှ မပြောဘူး။ ခရမ်းချဥ်သီးကို စားပြီးနောက် အိမ်ခြံဝန်းထဲမှာ သူ့ဖာသာသူ တစ်ယောက်တည်း ကျောက်ဒိုးတွေဖြင့် ကစားဖို့ အိမ်ထဲက ထွက်သွားသည်။


အမေကျိုးက စုချန်လေးကိုချီပြီး ရောက်လာသည်။ မကြာသေးမီကပင် စုချန်လေးပင် သူ့ဖာသာသူ ကိုယ်တိုင် မတ်တပ်ရပ်နိုင်နေပြီ။ ဒါပေမယ့် ရပ်နိုင်သေးရုံသာရှိပြီး လမ်းတော့ မလျှောက်နိုင်သေးပေ။


ပြီးခဲ့သည့်လ စုတာ့လင်း ပြန်လာတုန်းက သတင်းကောင်း ကြားခဲ့ရသည်။ ကျိုးရှောင်မိန်မှာ ကိုယ်ဝန်ရှိနေခဲ့ပြီ။


ဒီခေတ်ဒီအခါက လူတွေရဲ့ ကျန်းမာရေးက ကောင်းမွန်ကြပြီး ကလေးရဖို့ လွယ်ကူကြသည်။ 


လင်းချင်းဟယ်သည် ထိုအချိန်တိုင်း ကျိုးချင်းပိုင်ရဲ့ မျက်နှာကို ရဲရဲ မကြည့်ဝံ့ပေ။ သူမခင်ပွန်းသည်က နောက်ထပ် ကလေးတစ်ယောက် လိုချင်ပေမယ့် သူမ မမွေးပေးနိုင်ဘူး။


အမေကျိုးက အိမ်ကိုရောက်လာတိုင်း ကူညီလုပ်ကိုင်ပေးချင်သည်။ လင်းချင်းဟယ်က ကြိုဆိုနေရာချထားပေးသည်၊ “အမေ၊ စုချန်လေးကို စောင့်ကြည့်ထားပေး။ လောင်စန်းရဲ့ ကျောက်ဒိုးတွေကို ဆွဲယူတာမျိုး ခွင့်မပြုပေးနဲ့။”

 

ဒီအရွယ်ကလေးတွေက သူတို့ မြင်သမျှ အရာတိုင်းကို သူတို့ပါးစပ်ထဲ ထည့်ချင်စိတ် ရှိကြသည်။ သူတို့က ပါးစပ်ဖြင့် ကမ္ဘာလောကကြီးကို လေ့လာစူးစမ်းတတ်သည့် အရွယ်ပင် ရှိကြသေးသည်။ ဒါပေမယ့် တွေ့သမျှ မြင်သမျှ အရာတိုင်းကို စားလို့ မရပါဘူး။


အမေကျိုးက သူမရဲ့ လျင်မြန်သော လှုပ်ရှားမှုများကို မြင်သောအခါ ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ အမေကျိုးက အပြုံးလေးဖြင့် “နင့်တတိယမရီးတော့ ကိုယ်ဝန် ထပ်ရှိပြန်ပြီ။ ဒါလည်း တိုက်ဆိုင်မှုတစ်ခုပဲ။”


“ကိုယ်ဝန် ထပ်ရှိတာလား။” လင်းချင်းဟယ်ရဲ့ နှုတ်ခမ်းလေးတွေ ကွေးညွှတ်သွားသည်။


တတိယမရီးတစ်ယောက် ဝူနီကို မွေးတုန်းက သူမရဲ့ ခန္ဓာကိုယ် ထိခိုက်သွားခဲ့သည်။ ထို့နောက် သူမသည် နောက်နှစ်ယောက် ထပ်မံ မွေးဖွားခဲ့သည်။ ဒီတစ်ယောက်ကိုပါ ထည့်တွက်လျှင် ကလေး လေးယောက်ရှိနေပြီ ဖြစ်သည်။

 

“သူမက နောက်ထပ် သားတစ်ယောက် လိုချင်နေတာ။ တကယ်လို့ သူမသာ နင့်လို မွေးနိုင်ရင် နောက်တစ်ခါ ထပ်မွေးတော့မှာ မဟုတ်ဘူး။” အမေကျိုးက ချက်ချင်း ရှင်းပြသည်။


အခုအချိန်ထိ အမေကျိုးသည် သူမသားငယ်လေးကြောင့် ကလေးမရနိုင်တာလို့ ထင်နေသောကြောင့် သူမရဲ့ ဒီချွေးမ စိတ်ခုသွားမှာကို ကြောက်တာကြောင့် ချက်ချင်း အမြန်ပြင်ပေးခဲ့သည်။


လင်းချင်းဟယ်က ဒီအကြောင်းကို သိပ်မတွေးခဲ့မိသော်လည်း သူမသည် ဒီလူမှုအဖွဲ့အစည်း၏ လူဦးရေး တိုးပွားနှုန်းနှင့် ပတ်သက်၍ အနည်းငယ် စိတ်လှုပ်ရှားသလို ခံစားရသည်။


ယခုအချိန်မှစ ၁၉၈၀ခုနှစ်ပြည့်လွန်နှစ်များအထိ သားဆက်ခြားခြင်း အစီအစဥ်ကို စတင်အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ထင်ရသည်။ လောလောဆယ် အချိန်မှာတော့ ဆွေးနွေးမှုတွေ ရှိပေမယ့် ဘယ်သူမှ ဒီအကြောင်းကို ဂရုမစိုက်ဘူး။ ကလေးတွေကို သူတို့ အလိုရှိသလောက် မွေးဖွားကြသည်။


ကျိုးချင်းပိုင်နှင့် အဖေကျိုးတို့ အိမ်ပြန်လာတော့ ညစာ စားကြသည်။


ညအိပ်ချိန် ကျိုးချင်းပိုင်က မေးသည်၊ “တတိယမရီးမှာ ကိုယ်ဝန်ထပ်ရှိပြန်ပြီလို့ တတိယအစ်ကိုပြောတာ ကိုယ်ကြားတယ်။”


“အင်း ဟုတ်တယ်။” လင်းချင်းဟယ်က အနည်းငယ် အပြစ်ရှိဟန် ပြန်ဖြေသည်။


“ကိုယ်တို့က ထပ်မမွေးနိုင်ဘူး။” ကျိုးချင်းပိုင်က ပြောသည်။


“အင်း...” လင်းချင်းဟယ်က ဆက်ဖြေသည်။


ကျိုးချင်းပိုင်က ကျောခိုင်းလိုက်သည်။ လင်းချင်းဟယ်က ဘာလုပ်ရမှာလဲ။ ထုံးစံအတိုင်း သူမက ချော့ရတော့မှာပေါ့။


အနည်းငယ် ချော့မြူပြီးနောက် ဘာမှန်း မသိရသည့် အခြေအနေသို့ ပြောင်းလဲသွားသည်။ လင်းချင်းဟယ်သည် အတွင်းရော အပြင်ပါမကျန် အစားခံလိုက်ရသည်။


“ကျိုးချင်းပိုင်၊ ရှင် မနက်ဖြန်ကျရင် အလုပ်သွားရမယ်မလား။” လင်းချင်းဟယ်က နောက်ဆုံး၌ အားနည်းစွာ ပြောလိုက်မိသည်။


“ကိုယ် ဒီနေ့ အလုပ်တွေ အကုန်ပြီးသွားပြီ၊ မနက်ဖြန်ကျရင် ကိုယ် အလုပ်သွားဖို့ မလိုတော့ဘူး။” ကျိုးချင်းပိုင်က သူမကို သူ့လက်မောင်းကြား ပွေ့ဖက်ထားရင်း အားရကျေနပ်စွာ ပြန်ဖြေသည်။


လင်းချင်းဟယ်တစ်ယောက် အနည်းငယ် ကြောက်လန့်သွားသည်၊ “ရှင် မနက်ဖြန်ကနေ စပြီး အလုပ်သွားဖို့ မလိုတော့ဘူးလား။”


သူမသည် သူမရဲ့ခင်ပွန်းသည်အကြောင်း ကောင်းကောင်းသိသည်။ သူသာ အလုပ်သွားဖို့ မလိုလျှင် သူမအတွက် ဒီလိုမျိုး နေ့ရက်တွေက နေ့တိုင်း စောင့်မျှော်နေလိမ့်မည်။ ရပ်တန့်မယ့်အကြောင်းကို လုံးဝ တွေးမှာ မဟုတ်ဘူး။


“မင်းလည်း ကြိုက်နေတာပဲ။” ယောကျာ်းပီသသော အသံဖြင့် သူမနားထဲ တီးတိုးဆိုသည်။


လင်းချင်းဟယ်ရဲ့ စိတ်ထဲမှာတော့ ‘ကျွန်မလည်း ဒါကို သဘောကျပါတယ်၊ ရှင့်ရဲ့ ကျောက်ကပ်အားနည်းလာမှာကို ရှင် မကြောက်ပေမယ့် ကျွန်မကတော့ ကျွန်မရဲ့ ကျောက်ကပ်အားနည်းလာမှာကိုတော့ ကြောက်ရတယ်။”


“ဒီနှစ် နည်းနည်း အအေးပိုမယ်လို့ ခံစားရတယ်။ မနက်ဖြန်ကျရင် ကလေးတွေကို ကျွန်မတို့နဲ့အတူ လာအိပ်ခိုင်းကြရ‌အောင်။” လင်းချင်းဟယ်က ချောင်းခြောက်ဆိုးရင်း ပြောသည်။


“သူတို့ဖာသာသူတို့ အိပ်ခိုင်းချေ။” ကျိုးချင်းပိုင်က ပေါ့ပေါ့ပါးပါး ပြောသည်။


ကလေးတွေက အရွယ်ရောက်ပြီ၊ သူတို့က လွတ်လွတ်လပ်လပ် နေထိုင်ဖို့ သင်ယူသင့်တယ်။ အဲ့ဒီတော့ ဒီအကြောင်းကို ဆက်ပြီး ဆွေးနွေးစရာ မရှိဘူး။


ထို့အပြင်၊ နှစ်ကုန် ဆောင်းခိုသည့်အချိန်ကာလတွင် သူက သူ့ဇနီးသည်နှင့်သာ ရင်းနှီးနွေးထွေးစွာ နေထိုင်ချင်သည်။ သာမန်အားဖြင့်တောင် သူ ဘယ်လောက် အလုပ်ကြိုးစားလဲ ဆိုတာကို သူမ သိနေတော့ သူကြိုက်သလိုလုပ်ခွင့် သူမ မပေးနိုင်ဘူး။