အခန်း ၁၅၈
Viewers 43k

အခန်း (၁၅၈) – ဟိုဟိုဒီဒီ စကားစမြည်ပြောခြင်း


ဆောင်းဦးရာသီရိတ်သိမ်းချိန်၏ လေးဆယ့်ငါးရက်တာသည် ပင်ပန်းနွမ်းနယ်လှသော်လည်း ကောက်ရိတ်သိမ်းခြင်း၏ ပျော်ရွှင်မှုသည် လူတိုင်းရဲ့ နှလုံးသားထဲမှပင် ကြီးကျယ်ခမ်းနားလှသည်။ 


နွေရာသီရိတ်သိမ်းချိန်အတိုင်းပင်။


ဒီဆောင်းတွင်းက လူတွေကို ဒီနှစ်ကို ဖြတ်ကျော်ဖို့ တကယ့်ကို ကူညီပေးနိုင်တဲ့ ဆောင်းဦးရာသီရိတ်သိမ်းချိန်ပင် ဖြစ်သည်။


ဆောင်းဦးရာသီတွင် ရိတ်သိမ်းခြင်းသည် နှစ်သစ်ကို ကောင်းချီးပြည့်စုံစေသည်ဟု ဆိုကြသည်။ ဆောင်းဦးရာသီတွင် စပါးအထွက်နှုန်း မကောင်းပါက သူတို့ အစာငတ်ခံရမည်။


သက်ကြီးရွယ်အိုတွေအတွက်တော့ သူတို့ ဗိုက်ပြည့်တာထက် ပိုပျော်ရွှင်စရာ မရှိပါဘူး။


ဆောင်းဦးရာသီရိတ်သိမ်းပြီးနောက် အများပြည်သူရိက္ခာဖြန့်ဖြူးရေးအဖွဲ့ထံ ပေးအပ်ပြီးနောက် ရိက္ခာတွေကို ဖြန့်ဝေပေးသည်။


လင်းချင်းဟယ်သည် ရိက္ခာဖြန့်ဖြူးမှုကို အခွင့်ကောင်းယူခဲ့သည်။


ဘယ်လို ဆန်စပါးမျိုးကိုပဲ ဖြစ်ဖြစ်၊ သူမဟာ လောဘကြီးစွာ ဝယ်ခဲ့သည်။ ဆန်စပါး အမျိုးမျိုးကို ကျင်း ၁၀၀ကျော်ခန့် သူမ စုဆောင်းနိုင်ခဲ့သည်။


တစ်စုံတစ်ယောက်က မေးလျှင် လင်းချင်းဟယ်က သူမတို့မိသားစုမှာ လူတော်တော်များများ ရှိနေကာ သူတို့ကို ဗိုက်ပြည့်အောင် ကျွေးမွေးရမှာ ဖြစ်သည့်အတွက် သူမ ဘယ်လိုလုပ်ပြီး များများ ထပ်မဝယ်ပဲ နေနိုင်မှာလဲ။


စကားတစ်ခွန်းဖြင့်ပင် သူမသည် လူတိုင်းရဲ့ ပါးစပ်ကို ပိတ်ဆို့လိုက်သည်။


ကျိုးချင်းပိုင်ရဲ့ ဇနီးသည်၏ ဘဝနေထိုင်မှုပုံစံအပေါ် လူတိုင်းဟာ အလေ့အကျင့် ဖြစ်နေခဲ့ပြီး ယေဘုယျအားဖြင့် လေးလေးနက်နက် မေးခွန်းထုတ်လေ့ မရှိကြပေ။


အမှန်တော့ လူတိုင်းဟာ တော်သင့်ရုံလောက်သာ စားသောက်ကြသည့် ဒီခေတ်ဒီအခါမှာ သူမတို့မိသားစု ဗိုက်ပြည့်အောင် ကျွေးမွေးချင်ရင် များများဝယ်တာက ပုံမှန်ပါပဲ။


ကျိုးချင်းပိုင်နှင့် အမေကျိုးတို့သည်မူ ဒါတွေကို ရောင်းချမှာ ဖြစ်ပြီး အိမ်မှာ စားသုံးဖို့ မဟုတ်မှန်းကို သိကြသည်။


လင်းချင်းဟယ်သည် အသုံးအစွဲကြီးသော်လည်း သူမသည် ဘယ်သောအခါမှ ဖြုန်းတီးခြင်း မရှိပေ။


ဟင်းလျာတစ်ခုစီကို များများ ချက်ပြုတ်ထားသော်လည်း အခြေခံအားဖြင့် ဗိုက်ပြည့်ရုံသာ စားသောက်ခွင့်ပြုထားသည်။ နွေရာသီရိတ်သိမ်းချိန်နှင့် ဆောင်းဦးရာသီရိတ်သိမ်းချိန်မှာတော့ သူမသည် လူတိုင်းကို ဗိုက်ပြည့်အင့်အောင် ကျွေးမွေးသည်။


တခြားအချိန်တွေဆို ဗိုက်ပြည့်လျှင် လုံလောက်ကာ သူတို့ကို လွန်ကဲလောက်သည့်အထိ မကျွေးပါဘူး။


ပြီးတော့ အဓိကဟင်းလျာတွေအပြင် အရံဟင်းလျာတွေလည်း ရှိပါသေးသည်။


လင်းချင်းဟယ်သည် နှမ်းစွပ်ပြုတ်၊ မတ်ပဲစွပ်ပြုတ်၊ မုယောစပါးဆန်ပြုတ်၊ ပဲနီလေးစွပ်ပြုတ်နှင့် တရုတ်ဆီးသီးဆန်ပြုတ်တို့ကို ရံဖန်ရံခါဆိုသလို ပြုလုပ်ပေးလေ့ရှိသည်။


အခြေခံအားဖြင့် သူမတို့မိသားစုဟာ ဗိုက်ဆာတာ ဘာမှန်း မသိကြရပါဘူး။


လင်းချင်းဟယ်သည် တတိယမောင်လေးလင်းကို သွားရှာခဲ့သည်။ တတိယမောင်လေးလင်းက သူမအတွက် ရိက္ခာတွေကို စုဆောင်းပေးခဲ့သည်။


ဒီတစ်ခါမှာတော့ သိပ်အများကြီး မရဘူး၊ ကျင်း ၂၀၀ပတ်ဝန်းကျင်လောက်ပဲ ရသည်။


“အစ်မ၊ ဒီနှစ် ကျွန်တော်တို့ ယွမ် ၃၀လောက် ရနိုင်လိမ့်မယ်။ ကျွန်တော် စုဆောင်းပြီးရင် အစ်မကို လာပေးမယ်။” တတိယမောင်လေးလင်းက သူမကို ပြောသည်။


လင်းချင်းဟယ်က ဂရုပင်မစိုက်ပဲ “သိမ်းထားလိုက်ဦး။ နင် ယွမ် ၁၀၀ပြည့်အောင် စုပြီးမှ ဒီအကြောင်း ပြောကြတာပေါ့။”

 

ထိုသို့ပြောပြီးနောက် သူမသည် ရိက္ခာတွေကိုယူပြီး ထွက်ခွာလာခဲ့သည်။


လင်းချင်းဟယ်သည် ဤအချိန်ကာလအတွင်း သေချာပေါက် အလုပ်များနေခဲ့သည်။


ရိက္ခာဖြန့်ဖြူးခြင်းသည် တစ်ကြိမ်တည်း ဖြန့်ဖြူးပေးတာ မဟုတ်ပေ။


ကောက်နှံရိတ်သိမ်းခြင်း ဆိုသည်မှာ ကောက်နှံတစ်ခုစီတိုင်းကို ရိတ်သိမ်ပြီး အခြောက်ခံ ခြွေလှေ့ပြီးနောက် အများပြည်သူရိက္ခာဖြန့်ဖြူးရေးအဖွဲ့ထံ လွှဲပြောင်းပေးအပ်ပြီးနောက် ဆန်စပါးတွေကို အရင်ဆုံး ဖြန့်ဝေပေးတာ ဖြစ်သည်။


ကျန်တဲ့အရာများကို စု‌ဆောင်းပြီးနောက်မှ ခွဲဝေပေးသေးသည်။


ထို့ကြောင့် ပထမအသုတ် ဆန်စပါးတွေကို ဖြန့်ဝေပေးပြီးနောက် လင်းချင်းဟယ်သည် ဆန်စပါးတွေကို စတင်ရောင်းချနေပြီ ဖြစ်သည်။


ဆောင်းဦးရာသီ ရိတ်သိမ်းချိန် ပြီးဆုံးသည့်တိုင်အောင် သူမရဲ့ ရိက္ခာတွေကို အများအားဖြင့် ရောင်းချနေရသည်။ သူမသည် ပင်ပန်းနွမ်းနယ်နေသော်လည်း ယွမ် ၁၀၀နီးပါး ရရှိခဲ့သည်။ ဒ့ါကြောင့် သူမသည် အနည်းငယ် ပင်ပန်းနေရင်တောင် ဒါကို စိတ်ထဲမထားဘူး။


ဒီခေတ်ဒီအခါမှာ တတိယမောင်လေးလင်းလို လူမျိုးပင် တစ်နှစ်လုံးနေမှ ယွမ် ဒါဇင်နည်းနည်းလေးလောက်သာ ရရှိနိုင်သည်။ ပြီးတော့ အခြားသော ဖြတ်တောက်မှုများနှင့် အသုံးစရိတ်များကြောင့် ငွေအများကြီး မကျန်ပေ။


ထို့ကြောင့် ညအခါ မြက်ကိုပင် မစားရသော မြင်းတို့သည် မဝလင်၊ လုပ်ရဲကိုင်ရဲ မရှိသောသူတို့သည် မချမ်းသာနိုင်ဟု ဆိုစမှတ် ပြုကြသည်။


သို့ရာတွင် လင်းချင်းဟယ်သည် နေရာလွတ် ပိုင်ဆိုင်ထားသောကြောင့် သူမသည် လှည့်စားနိုင်သည်။ ဒီလိုမှမဟုတ်ရင် အရမ်းအန္တရာယ်များနေသေးသည်။


ဤကဲ့သို့သော အန္တရာယ်ထဲသို့ ပြေးဝင်သော သူတွေ လူအနည်းငယ်သာ ရှိသည်။


အထူးသဖြင့် အခုနှစ်အနည်းငယ်အတွင်း စပါးအထွက်ကောင်းလာသောအခါမှာ ယေဘုယျအားဖြင့် သူတို့ ဗိုက်မဆာရတော့ဘူး။ ထို့ကြောင့် လူနည်းစုသည် ထိုသို့သော အန္တရာယ်မျိုးကို ခံကြရသည်။


လင်းချင်းဟယ်သည် သူမ စုဆောင်းထားသည့် ဆန်စပါးတွေကို အစ်မမိန်ထံ မရောင်းချဘူး။ ဘယ်တော့မှ ထိုသို့ မလုပ်ဘူး။


ဝက်သားမှောင်ခိုရောင်းချခြင်းလုပ်ငန်းကပင် လုံလောက်နေပြီ ဖြစ်ကာ ထိုအရာက သူမတို့ အချင်းချင်းကြား လျှို့ဝှက်ချက်အဖြစ် ယူဆနိုင်သည်။ ဒါပေမယ့် ရိက္ခာလဲလှယ်ခြင်းပါ ထည့်ပေါင်းလိုက်မယ် ဆိုရင်တော့ ဒါက တကယ်ပဲ စည်းကျော်သွားလိမ့်မည်။


ဒါ့ကြောင့် အစ်မမိန်ကို လင်းချင်းဟယ်က ရိက္ခာကူပွန်တွေ အလျဥ်းသင့်သလို ပေးသည်။ ကူပွန်တွေနှင့် အစ်မမိန်သည် သူမကိုယ်တိုင်း ရိက္ခာတွေကို ဝယ်ယူနိုင်သည်။


လင်းချင်းဟယ်တစ်ယောက် အစ်မမိန်ထံသို့ အသားသွားယူသည့်နေ့တွင် အစ်မမိန်က တီးတိုးဆိုသည်၊ “ဒီရက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေ အရမ်းကြပ်နေတယ်၊ ဒါကြောင့် အခုလောလောဆယ် မယူနဲ့ဦး။ နည်းနည်းလေး အေးသွားမှ ထပ်လုပ်ကြရအောင်။”


“ကောင်းပြီ” လင်းချင်းဟယ်က ဒါကို သ‌ဘောတူပြီး ခန့်မှန်းခြေ အချိန်တစ်ခုလောက် တောင်းလိုက်သည်။ နောက်တော့ လင်းချင်းဟယ်က သိပ်ကြာကြာ မနေတော့ဘူး။


ယခုအချိန်တွင် ဆောင်းဦးရာသီ ရိတ်သိမ်းချိန် ကုန်ဆုံးသွားသော်လည်း ကျိုးချင်းပိုင်သည် ဆက်လက် အလုပ်များနေဆဲ ဖြစ်သည်။ သူက ဆောင်းစပါး စိုက်ပျိုးရန် လယ်ယာတွေကို ထွန်ယက်ရသည်။


လောင်တနှင့် လောင်အာ့တို့သည်လည်း ကျောင်းပြန်တက်ရသည်။ လောင်စန်းလေးတစ်ယောက်သာ အိမ်မှာ တစ်နေကုန် ရှိနေခဲ့သည်။ အမေကျိုးသည် စုချန်လေးကို မကြာခဏ ဆိုသလို အိမ်အလည်ခေါ်လာသော်လည်း သူလေးက ပျင်းရိငြီးငွေ့နေဆဲပါပင်။


ဒ့ါကြောင့် လင်းချင်းဟယ်သည် သူလေးကို ခရိုင်မြို့ပေါ်သို့ ရံဖန်ရံခါ ခေါ်ဆောင်သွားခဲ့သည်။


ရှန်းယွီနှင့် ချန်ကျဲတို့သည် အမှန်တကယ် အရည်အချင်း ရှိကြသည်။ သူမ မိတ်ဆက်ပေးခဲ့သော အိမ်ကို အမှန်တကယ် ဝယ်ယူရန် သူတို့ဟာ ပိုက်ဆံစုခဲ့ကြသည်။


နှစ်ယောက်သား အမြန်လက်ထပ်လိုက်ကြသည်။ လင်းချင်းဟယ် ရောက်လာတော့ ဒီအကြောင်း ကြားပြီး အံ့အားသင့်သွားသည်။


ရှန်းယွီက သူမ အံ့အားသင့်သွားတာကို မြင်တော့ အနည်းငယ် ရှက်သွားသည်၊ “ဒါက တကယ်ကို အလျင်စလို ဖြစ်သွားတာ၊ ဒါပေမယ့် ညီမတို့နှစ်ယောက်သား အလုပ်များပြီး အချိန်သိပ်မရှိကြဘူး။ မြန်မြန်လက်ထပ်လေ ပိုကောင်းလေးမို့ မြန်သွားတာ။”


“ဒါ အမှန်ပဲ။” လင်းချင်းဟယ် ခေါင်းညိတ်သည်။


“အစ်မရဲ့ အစစ အရာရာ ကူညီပေးမှုကြောင့် ကျေးဇူးတင်ပါတယ်။ အစ်မကြောင့်သာ မဟုတ်ရင်၊ ကျွန်မတို့နှစ်ယောက် ဒီလောက် မြန်မြန်လက်ထပ်နိုင်မှာ မဟုတ်ဘူး။” ရှန်းယွီက အပြုံးလေးဖြင့် စကားဆိုသည်။


“ငါ့အကူအညီနဲ့တောင် နင်တို့မှာ ပိုက်ဆံရှိဖို့ လိုအပ်သေးတယ်လေ၊ မဟုတ်ရင် ငါ လုပ်ပေးတာ အရာရောက်မှာ မဟုတ်ဘူး။” လင်းချင်းဟယ်က အမှန်အတိုင်း ပြောလိုက်သည်။


သို့ရာတွင် ရှန်းယွီနှင့် ချန်ကျဲတို့ နှစ်ဦးစလုံး ရဲရင့်ကြသည်။


ဒီခေတ်ဒီအခါတွင် လူအနည်းစုသာ အိမ်ဝယ်ဖို့ စိတ်ကူးရှိကြပြီး ဤအချိန်မှစ၍ ၁၉၈၀ခုနှစ်များမှ ၁၉၉၀ခုနှစ် အစောပိုင်းတွေအထိ အိမ်ဝယ်ဖို့အတွေး သိပ်မရှိကြပေ။


ဘာကြောင့်လဲ။


အိမ်ခြံမြေနေရာများကို ခွဲဝေပေးမယ့်အချိန်ကို အားလုံး စောင့်ဆိုင်းနေကြသောကြောင့် ကိုယ်တိုင်ကိုယ်ကျ ဘာဖြစ်လို့ အိမ်ဝယ်ရမှာလဲ။


လူအနည်းငယ်ကသာ သူတို့ကိုယ်တိုင်ကိုယ်ကျ အိမ်ဝယ်လိုစိတ် ရှိကြသည်။


သို့ရာတွင် ဒီခေတ်ဒီအခါတွင် အိမ်တစ်လုံးလောက် ဝယ်ယူထားတာက နောင်တရစေမှာ မဟုတ်ဘူး။


ရှန်းယွီသည် လင်းချင်းဟယ်အပေါ် အမြင်ကောင်း ရှိသည်။ လင်းချင်းဟယ်သည် မည်သည့် အကျိုးအမြတ်ကိုမှ မယူပဲ ကူညီပေးတတ်သူ ဖြစ်သည်။ သူမကို တစ်စုံတစ်ယောက်နှင့် မိတ်ဆက်ပေးတာကိုဖြစ်ဖြစ်၊ သူမကို အိမ်တစ်လုံးရှာဖို့ ကူညီပေးတာပဲဖြစ်ဖြစ် သူမသည် မည်သည့် အကျိုးအမြတ်ကိုမျှ လက်မခံခဲ့ပါ။


“ပြီးခဲ့တဲ့အချိန်တုန်းက ညီမကို အိမ်လိပ်စာ ရေးပေးတဲ့ အစ်မရဲ့ လက်ရေးလက်သားက တော်တော်လေး လှတာပဲ။ အစ်မရဲ့ ပညာရေးဒီဂရီက ဘယ်အဆင့်လဲ။” ရှန်းယွီက မေးသည်။


“ဘာကို ပညာရေးဒီဂရီလဲ။ ငါ အခြေခံအဆင့်အတန်းကို ခဏလောက် တတ်ရရုံပါပဲ။ ဒါပေမယ့် ငါ့မှာ စာပေလေ့လာတဲ့နေရာမှာ ပါရမီအချို့ ရှိပုံပဲ။ ငါ့မိသားစုက မိန်းကလေးတွေထက် ယောကျာ်းလေးတွေကို ပိုဦးစားပေးတဲ့အတွက် ငါက ကျောင်းကို ဆက်ပြီး မတက်ရဘူးလေ။” လင်းချင်းဟယ်က သက်ပြင်းအသာချသည်။


အချို့တွေက ကြွားဝါတတ်ပေမယ့် တစ်ကြိမ်တစ်ခါသာ ပြောတာ ကောင်းသည်။ နှိမ့်ချပြောဆိုလွန်းလျှင် သိမ်ငယ်မှုကို ပြသရာ ‌ရောက်သည်။

 

ရှန်းယွီက သနားကြည့်လေးတစ်ချက် ပေးလိုက်သည်။


“ငါ အခု ကိုယ်တိုင် လေ့လာသင်ယူနေတယ်။ ငါ့သားနှစ်ယောက်က ကျောင်းတက်နေပြီ၊ ဒါ့ကြောင့် ငါ သူတို့နဲ့အတူ လေ့လာနေတယ်။” လင်းချင်းဟယ်က ပြောသည်။


ရှန်းယွီက ချက်ချင်းပင် ချီးကျူးသည့် အသွင် ဖြစ်သွားသည်၊ “အစ်မ အစ်မက အရမ်းအကောင်းမြင်တတ်တာပဲ။”


“အဲ့လိုမျိုးလည်း သိပ်မဟုတ်ပါဘူး၊ ဒီအတိုင်း ရှင်သန်နေရတာထက် လေ့လာသင်ယူရင်း ရှင်သန်ရတာကို ပိုသဘောကျလို့ပါ။” လင်းချင်းဟယ်က တခစ်ခစ်ရယ်ရင်း စကားဆိုသည်။


“ဒီနှစ် ဆောင်းဦးရာသီရိတ်သိမ်းချိန်က ဘယ်လိုလဲ။” ရှန်းယွီက မေးသည်။


“အထွက်နှုန်းကောင်းမယ်။ အနီးအနားက ရွာတွေလည်း အထွက်နှုန်းကောင်းကြတယ်။ အခုတလော မြို့ပေါ်မှာ ရိက္ခာအသစ်တွေ ရသင့်နေပြီမလား။” လင်းချင်းဟယ် မေးသည်။


“ငါတို့ဆီ ရောက်တယ်၊ ဒါပေမယ့် ထောက်ပံ့မှုက အရမ်းအကန့်အသစ်များနေတုန်းပဲ။” ရှန်းယွီမှ ပြောသည်။


မြို့တော်ရှိ လူတိုင်းမှာ ခွဲတမ်းရှိသည်။ ဒီခွဲတမ်းကို ကျော်လွန်ပြီး ရရန်မှာ မဖြစ်နိုင်ပေ၊ မဟုတ်ရင် မှောင်ခိုစျေးလို နေရာမျိုးတွေ ဘာဖြစ်လို့ ပေါ်ပေါက်လာရမှာလဲ။


အဓိအားဖြင့် ဝယ်လိုအားကြောင့် မှောင်ခိုစျေးကွက် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။


လင်းချင်းဟယ်က ပြောသည်၊ “နင်တို့နှစ်ယောက်စလုံး ကန်တင်းမှာပဲ စားရတာ ဆိုတော့ အဆင်ပြေနေတုန်းပါပဲ။”


ရှန်းယွီက ပြုံးသည်။ ဒီခေတ်ဒီအခါမှာ နှစ်ယောက်စလုံးက အလုပ်သမားတွေ ဖြစ်နေတာက အားသာချက်လို့ ပြောလို့ရသည်။ အခြေအနေတွေက အရမ်းကောင်းသည်။


“နည်းနည်းတော့ စိတ်ပူမိတယ်၊ ငါတို့ အနာဂတ်မှာ ကလေး ရလာရင် ဘယ်လို လုပ်သင့်လဲ။” ရှန်းယွီက ဆက်ပြောသည်။


အိမ်ထောင်ခွဲခြင်း၏ အကျိုးကျေးဇူးတွေက ကြီးမားသော်လည်း အားနည်းချက်အချို့လည်း ရှိသည်။ ကလေးမွေးဖွားပြီးရင် ကူညီထိန်းကျောင်းပေးမယ့်သူ မရှိလို့ပါပဲ။