အခန်း ၁၅၇
Viewers 43k

အခန်း (၁၅၇) – နောက်ထပ် ယုန်ဝတုတ်ကြီး


သြဂုတ်လအတွင်း ဆောင်းလလယ်ပွဲတော်ပြီးနောက် ရာသီဥတုက အနည်းငယ် အေးလာခဲ့သည်။


လင်းချင်းဟယ်သည် မနှစ်တုန်းက စောင်တွေနဲ့ စောင်စွပ်တွေကို သေချာခွဲထုတ်ကာ စတင်လျှော်ဖွပ်ခဲ့သည်။ ဒီအချိန်ဟာ နေ့လည်ခင်းမှာတော့ နေပူပြီး လေလည်း အရမ်းပြင်းတာကြောင့် ဒီအချိန်ဟာ လျှော်လို့ဖွပ်လို့ အကောင်းဆုံး အချိန်ပင် ဖြစ်သည်။


လုပ်ရတာ သိပ်မများပေမယ့် ကျိုးရှီက သူမကို လာရောက်ကူညီပေးတော့ ပိုသက်သာသည်။


“ဒီနှစ်တော့ နင် တော်တော်လေး အရွယ်ရောက်လာပြီပဲ။” လင်းချင်းဟယ်က ကျိုးရှီကိုပြောသည်။


ကျိုးရှီးသည် ဒီနှစ်တွင် အရမ်ပိုမြင့်လာသည်။ သူမသည် ယခင် အာဟာရ ချို့တဲ့နေခဲ့သော်လည်း လွန်ခဲ့သည့် သုံးနှစ်အတွင်း မောင်နှမနှစ်ဦး အရွယ်ရောက်လာတော့ အလုပ်မှတ် ပိုမိုစုဆောင်းလာနိုင်သောကြောင့် သူတို့ ဗိုက်ပြည့်အောင် စားလာနိုင်ပြီ။ အာဟာရ လုံလောက်သည့်အထိ မစားနိုင်သေးသော်လည်း ယခင်ကလို ပဲပင်ပေါက်လေးတွေနဲ့ မတူတော့ပေ။


ကျိုးရှီက တခစ်ခစ်ရယ်ရင်း ပြောသည်၊ “အန်တီလေး၊ ဒီနှစ် ဘယ်တော့လောက် မြို့ပေါ်ကို သွားဖို့ စီစဥ်ထားလဲ။”


“နင် တစ်ခုခု ဝယ်ချင်လို့လား။” လင်းချင်းဟယ်က မေးသည်။


“သမီး တရုတ်ဆီးသီးနီ နည်းနည်းလောက် ဝယ်ချင်လို့။” ကျိုးရှီက နူးညံ့စွာပြုံးရင်း ပြောသည်။


“ဒါဆိုရင် နောက်တစ်ခါ အန်တီလေး မြို့တက်ရင် ဝယ်လာခဲ့မယ်။ တရုတ်ဆီးသီးနီ များများစားတာက မိန်းကလေးတွေအတွက် သိပ်မဆိုးဘူး။ နေ့တိုင်း အများကြီးစားဖို့ မလိုဘူး။ တစ်နေ့ကို သုံးလုံး ငါးလုံးလောက် စားရင် ရပြီ။” လင်းချင်းဟယ်က ပြောသည်။


ကျိုးရှီးက အပြုံးလေးဖြင့် “သမီး အန်တီလေး ပြောတာ နားထောင်ပါ့မယ်။” လို့ ပြန်ဖြေသည်။


“နင် တခြား ဘာလိုအပ်သေးလဲ။” လင်းချင်းဟယ်က မေးသည်။


“သမီးအစ်ကိုရဲ့ အဝတ်အစားတွေက အရမ်းတိုနေပြီ။ သမီး သူ့အတွက် အဝတ်သစ်တစ်စုံ ချုပ်ပေးချင်တယ်။ အန်တီလေး မြို့ပေါ်သွားတဲ့အခါကျရင် သမီးအတွက် အထည်တစ်စလောက် ဝယ်ခဲ့ပေးပါလား။” ကျိုးရှီက ပြောသည်။


ကူပွန်တွေကို နှစ်စဥ် ထုတ်ဝေပေးသည်။ လင်းချင်းဟယ်က မနှစ်တုန်းက ကျိုးရှီးကို အထည်စ ပေးခဲ့သည်၊ အဲ့ဒီအချိန်တုန်းက ကျိုးတုန်းက ကူပွန်အားလုံးကို လင်းချင်းဟယ်ကို ပြန်ပေးခဲ့သည်။


ကူပွန်တွေကို ဒီနှစ်မှာလည်း ဖြန့်ဝေပေးသည့်အတွက် မောင်နှမနှစ်ယောက်ပေါင်းလိုက်လျှင် ကျိုးတုန်းအတွက် ဘောင်းဘီတစ်ထည်စာ အထည်စ ရလောက်မှာပါ။


“ကောင်းပြီ” လင်းချင်းဟယ်က သဘောတူသည်။


အမေကျိုးသည်လည်း စောင်တွေကို အပြင်ထုတ်ပြီး လျှော်ဖွပ်ရန် ကူညီပေးဖို့ ရောက်လာခဲ့သည်။ သူတို့သုံးယောက်သား လုပ်အားဖြင့်ဆိုတော့ အလုပ်ပြီးစီးနှုန်း မြင့်လာခဲ့သည်။


အပေါ်စွပ်တွေချွတ် လျှော်ဖွပ်ပြီး ခြောက်သွေ့သွားတဲ့အခါမှာ သူတို့ပြန်ချုပ်ခဲ့ကြသည်။ ဒီနှစ် ဆောင်းခိုရာသီ ရောက်တဲ့အခါမှာ သူတို့ ဒါတွေကို ဝတ်ဆင်ဖို့ ဒါမှမဟုတ် ဖုံးအုပ်ဖို့ အသုံးပြုနိုင်သည်။


လူနာပြက္ခဒိန်အရ သြဂုတ်လ ၁၅ရက်နေ့သာ ဖြစ်သော်လည်း ဆိုလာပြက္ခဒိန်တွင်မူ စက်တင်ဘာလလယ်သို့ ရောက်နေပြီ ဖြစ်သည်။ ယခုလကုန်တွင် ဆောင်းရာသီရိတ်သိမ်းဖို့ ခရာမှုတ်သံတွေ ထွက်ပေါ်လာမည် ဖြစ်သည်။


ထို့ကြောင့် စောင်စွပ်တွေ ဖယ်ရှား လျှော်ဖွပ်ပြီးနောက် လင်းချင်းဟယ်သည် အိမ်ရှိ ထမင်းစားပွဲဝိုင်းတွင် ဟင်းလျာများစွာ စတင်တည်ခင်းလာနိုင်ခဲ့သည်။


လယ်ငါးတွေနှင့် ငါးရှဥ့်တွေဟာ မိသားစု စားပွဲဝိုင်းတွင် အမြဲလိုလို ပါဝင်သော ဟင်းလျာနှစ်ပွဲ ဖြစ်လာခဲ့သည်။ လင်းချင်းဟယ်သည် ရွာရှိ ဆယ်ကျော်သက် လူငယ်အချို့ ရှာဖွေထားသော လယ်ငါးတွေနှင့် ငါးရှဥ့်တွေကို လဲလှယ်ပေးခဲ့သည်။


လယ်ငါး သို့မဟုတ် ငါးရှဥ့်တွေကို မဖမ်းမိနိုင်ရင်လည်း သူတို့က လင်းချင်းဟယ် လိုချင်သည့် အရာတွေကို ‌မေးပြီး ပြန်သယ်လာနိုင်သည်။


လူကြီးတွေရဲ့ အမြင်မှာတော့ လင်းချင်းဟယ်ဟာ အကျင့်သီလ သိပ်မကောင်းပဲ ဘယ်လို ရှင်သန်နေထိုင်ရမှန်းကို မသိသူ ဖြစ်သည်။ ကလေးတွေနှင့် ဆယ်ကျော်သက်လေးတွေ အမြင်မှာတော့ လောင်တတို့ ညီအစ်ကိုတွေမှာ လင်းချင်းဟယ်လို မိခင်တစ်ယောက်ရှိလို့ မနာလို ဖြစ်ကြသည်။


ထို့ကြောင့် ကလေးတွေရဲ့ အမြင်မှာတော့ လင်းချင်းဟယ်ရဲ့ နာမည်ဂုတ်သတင်းမှာ အလွန်ကောင်းမွန်သည်။


သူတို့က လင်းချင်းဟယ် ပြောတာကို သဘာဝအတိုင်း နားထောင်တတ်ကြသည်။


သူတို့ ငါးရှဥ့်တွေ ဖမ်းမိတာနဲ့ ပြန်သယ်လာကြသည်။ ထို့နောက် လင်းချင်းဟယ်က ငါးရှဥ့်တွေအတွက် ပိုက်ဆံပြန်ပေးသည်။ သူမ ပေးတာက ဆယ်ပြား ပြားနှစ်ဆယ်သာ ပေးသော်လည်း ဒါက ဆယ်‌ကျော်သက်လေးတွေရဲ့ ပျော်ရွှင်မှုကို အဟန့်အတား မဖြစ်ပေ။

 

သူတို့သည် လောင်တရဲ့ အမေက သူမပြောစကား တကယ်တည်ကြောင်း ခံစားရသည်။ ငါးရှဥ့်တွေကို ပိုက်ဆံဖြင့် လဲလှယ်ပေးသောအခါတွင် သူမ ပြောထားသည့်နှုန်းထားအတိုင်း လဲလှယ်ပေးသည်။


လဝက်ဆက်တိုက် လင်းချင်းဟယ်သည် နေ့တိုင်း ဟင်းကောင်းကောင်း ချက်ကျွေးခဲ့သည်။ သူမသည် စွပ်ပြုတ်တစ်သွယ် ချက်၍တစ်ဖုံ ဟင်းရွက်ချဥ်ဖြင့်ရော၍ ချက်ပြုတ်တာက တစ်မျိုး အမျိုးမျိုး ချက်ပြုတ်ကျွေးမွေးခဲ့သဖြင့် ကျိုးချင်းပိုင်ရဲ့ မျက်နှာသည် အာဟာပြည့်ပြီး နှင်းဆီရောင်သန်းနေခဲ့သည်။


သူတင် မကပါဘူး။ အဖေကျိုးသည်လည်း ထိုနည်း၎င်းကောင်းပါပဲ။ သူ ဘယ်လောက် စိတ်ဓာတ် မာကြောလဲ ဆိုတာ ငြင်းလို့ မရပါဘူး။


သို့သော်ငြားလည်း လင်းချင်းဟယ်သည် မိသားစုတွေကို ပြုစုပျိုးထောင်ဖို့ လယ်ငါးတွေနှင့် ငါးရှဥ့် အမြောက်အမြားကို စုဆောင်းနေဆဲ ဖြစ်သည်။


စက်တင်ဘာလကုန်တွင် ဆောင်းရာသီရိတ်သိမ်းချိန် ဦးချိုမှုတ်သံ ထွက်ပေါ်လာသည်။


လင်းချင်းဟယ်သည် အလွန်အတွေ့အကြုံ ကြွယ်နေပြီ ဖြစ်သည်။ ဒီအချိန်မှစ၍ နိုဝင်ဘာလထိတိုင် ဆောင်းရာသီရိတ်သိမ်းချိန် ဖြစ်သည်။ ဆောင်းရာသီရိတ်သိမ်းချိန်ဟာ သေချာပေါက်ကို အလွန်ရှည်ကြာခဲ့သည်။


ထို့ကြောင့် လင်းချင်းဟယ်သည် သူမ မှာယူသည့် နို့ပမာဏကို တိုးမြှင့်ခဲ့သည်။


နောက်ထပ် နို့တစ်ပုလင်း အပို မှာယူခဲ့သည်။


အမေကျိုးသည်လည်း မလိုအပ်သော စကားအချို့ကို မပြောပဲ မနေနိုင်ခဲ့ပေ။


လင်းချင်းဟယ်က ပြောသည်၊ “အချိန်တန်ရင် ကောက်နှံနှစ်အိတ်လောက် အိမ်ပြန်ပို့လိုက်မယ်။ ကျွန်မ သူတို့ကို အန်တီကြီးဆီ ပို့လိုက်ရင် ပိုက်ဆံနည်းနည်းတော့ ပြန်ရမှာပါ။” 


ရှင်းရှင်းလင်းလင်း မပြောသော်လည်း အမေကျိုးတစ်ယောက် ဒီစကားရဲ့ အဓိပ္ပါယ်ကို နားလည်နိုင်သည်။


ရိက္ခာ ရောင်းချသည်။


အမှန်တော့ အမေကျိုးသည် ပြဿနာဖြစ်မှာ ကြောက်သဖြင့် ကျိုးချင်းပိုင်အား ဒီအကြောင်းကို သီးသန့် ပြောခဲ့ဖူးသည်။ ကျိုးချင်းပိုင်က အမေကျိုးကို စိတ်အေးသွားအောင် နှစ်သိမ့်ပေးခဲ့တာမို့ အမေကျိုးက ဒီအကြောင်းနဲ့ ပတ်သက်ပြီး လင်းချင်းဟယ်ကို ဘာမှ မပြောတော့ဘူး။


နေ့စဥ် နွားနို့ သုံးပုလင်း ဝယ်ယူရာကနေ လေးပုလင်း ဖြစ်လာခဲ့ပေမယ့် ဝေစုကတော့ ယခင်အတိုင်းပင် ဖြစ်သည်။ ပြောင်းလဲသွားတာက နွားနို့အပိုပုလင်းကို လင်းချင်းဟယ်က နွားနို့မန်ထိုအဖြစ် ပြင်ဆင်ခဲ့တာပါပဲ။


ဒါတွေအားလုံးက အဖေကျိုးနှင့် ကျိုးချင်းပိုင်တို့အတွက်ပင် ဖြစ်သည်။


နွားနို့မန်ထိုတွေကို ဝက်သားကြော်နှင့် ဂေါ်ဖီထုတ် သို့မဟုတ် သခွားသီး ရောမွေထားသည့် ကြက်ဥကြော်တို့ဖြင့် တွဲဖက်ထားသည်။ အလွန်အာဟာရ ပြည့်ဝပြီး အရသာရှိသည်။


အရသာရှိသော အခြားအစားအသောက်တွေကိုလည်း နေ့လည်ခင်း ပို့ဆောင်ပေးခဲ့သေးသည်။ အလုပ်များတဲ့နေ့ရက်တွေ အပြီးမှာ သူတို့ နည်းနည်းလောက် ပင်ပန်းတာ လျော့ပါးနိုင်မယ် မဟုတ်ပါလား။


လင်းချင်းဟယ်ရဲ့ ဟင်းလျာတွေက လူအများရဲ့ အာရုံစိုက်မှုကို ခံရသော်လည်း လင်းချင်းဟယ်က လုံးဝ အရေးမစိုက်ခဲ့ပေ။


တစ်စုံတစ်‌ယောက်က သူမရဲ့ အခြားမရီးသုံးယောက်လို ဟင်းရွက်ချဥ်နှင့် ပန်ကိတ်ကို တွဲဖက်စားသုံးစေခိုင်းရင် လင်းချင်းဟယ်ကတော့ သူမခင်ပွန်းကို ထိုကဲ့သို့ အစားအစာမျိုး လုံးဝ မကျွေးနိုင်ဘူး။


ဒီအလုပ်က တကယ်ပင်ပန်းသည်။ တကယ်လို့ သူမ ဟင်းကောင်းကောင်း မချက်တတ်ရင် ထားပေါ့၊ သူမက ကောင်းကောင်းချက်ပြုတ်တတ်ပြီး ပိုက်ဆံနည်းနည်းလေးအတွက် သူမခင်ပွန်းသည်ရဲ့ သွေးကို ညှစ်ထုတ်ဖို့ မလိုလားပေ။


လင်းချင်းဟယ်သည် အခြားသူများရဲ့ အပြုအမူကို မထိန်းချုပ်နိုင်သော်လည်း သူမကတော့ ဘယ်တော့မှ ထိုကဲ့သို့ မလုပ်နိုင်ပေ။


ပုံမှန်နေ့ရက်တွေလိုပင် သူမသည် ကျိုးချင်းပိုင်အား တစ်ခါတစ်လေလောက် အနားယူဖို့ ပြောပြီး အလုပ်ချည်းပဲ လုပ်မနေရန် ပြောသည်။ သို့ရာတွင် သူမ ခင်ပွန်းသည်သည် ပျင်းရိသူတစ်ယောက် မဟုတ်ပေ။


လင်းချင်းဟယ်သည် သူ့ကို ပြုပြင်ပြောင်းလဲခြင်း မရှိသည့်အတွက် ဆူပူလေ့ရှိသော်လည်း သူမနှလုံးသားထဲမှာတော့ သူ့ကို ချီးကျူးနေမိသည်။


သူမသည် သူ့ကို အကူအညီ မပေးနိုင်သောကြောင့် လင်းချင်းဟယ်သည် သူ့အတွက် တစ်နေ့ကို ထမင်းသုံးနပ် ကောင်းကောင်းမွန်မွန် ချက်ကျွေးမည်ဟု ကတိပြုခဲ့သည်။


ပြီးတော့ အခြားသူများ၏ အမြင်တွင် ကောင်းမွန်သော ဟင်းလျာတွေပင်လျှင် လင်းချင်းဟယ်ရဲ့ အမြင်မှာတော့ သာမန်မျှသာ ဖြစ်သည်။


ဘုရားသခင်ကပင် သနားလို့လား မသိပေမယ့် အဲ့ဒီညနေ ကျိုးချင်းပိုင်နှင့် အဖေကျိုးတို့ ကလေးတွေနှင့်အတူ အိမ်ပြန်လာချိန်မှာ ယုန်တစ်ကောင် ပြန်ပါလာခဲ့သည်။


မနှစ်က ယုန်လိုပင် ဝဖြိုးပြီး ငါးကျင်း ခြောက်ကျင်းခန့် ရှိသည်။


လင်းချင်းဟယ်ရဲ့ မျက်ဝန်းတွေက တောက်ပသွားသည်။


“အမေ၊ သားက ဒီယုန်ကို မြင်ပြီး အဖေကို ဒီယုန်ကို ဖမ်းမိခဲ့တာ။” လောင်စန်းက အကြွေးတောင်းတော့သည်။


“မဆိုးဘူး။ အမေက သားအတွက် အရမ်းအရသာရှိတဲ့ဟာ လုပ်ပေးမယ်၊ အဲ့လိုဆိုရင်ရော ဘယ်လိုလဲ။” လင်းချင်းဟယ်က မေးသည်။


“ကောင်းပါပြီ။” လောင်စန်းလေး ဝမ်းသာရွှင်မြူးသွားသည်။


အမေကျိုးသည်လည်း ဝမ်းသာသွားသည်။ အရမ်းဝဖြိုးနေတဲ့ ယုန်ကြီးပါလား။


လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို ထိုယုန်အား ကိုင်တွယ်ခိုင်းခဲ့ပြီးတော့ သူမသည် ယုန်သားနှင့် အာလူး ရောချက်ခဲ့သည်။


မနက်ဖြန်မနက်အတွက် အသားနည်းနည်း ခပ်ပြီး ချန်ထားခဲ့သည်။ တစ်မိသားစုလုံး ဗိုက်ပြည့်အောင် စားသောက်ကြသည်။


ရွာသူရွာသားတွေက မနာလိုဖြစ်ခဲ့ကြသည်။


ဒါပေမယ့် မနာလိုဖြစ်တာ အသုံးမဝင်ဘူး။ ကျိုးချင်းပိုင်ရဲ့ စွမ်းရည်ကို မချီးကျူးပဲ မနေနိုင်လောက်အောင်ပါပဲ။ ယုန်က ခုန်ပေါက်ပြေးလွှားသွားပြီး အခြားသူတွေ မတုံ့ပြန်နိုင်ခင်မှာပင် သူက လှုပ်ရှားပြီးသွားပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်လည်း သူပဲ ယုန်ကို ဖမ်းမိခဲ့သည်။


ဒီလောက် ဝဖြိုးတဲ့ ယုန်ကြီးဆိုရင် အသား ဘယ်လောက်များများ ရှိမလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။


လူများစွာက သူတို့ရဲ့ ထမင်းပန်းကန်လုံးလေးတွေကို ကိုင်ဆောင်လာပြီး ဘေးနားတွင် ထိုင်ကာ ကျိုးချင်းပိုင်တို့ရဲ့ အိမ်မှာ ယုန်သားနံ့လေးကို ရှုရှိုက်ရရုံဖြင့်ပင် သူတို့ စားချင်လာကြသည်။


ရွာသားတွေမှာ အသားမရှိဘူး။ အသားစားချင်ရင် ဆောင်းရာသီရိတ်သိမ်းချိန်ပြီးဖို့ စောင့်ဆိုင်းရပြီး ထိုအချိန်မှသာ အသားကို ပထမဆုံးအကြိမ် ဖြန့်ဝေပေးနိုင်မည် ဖြစ်သည်။


ပြီးမှ အသားကိုတော့ နှစ်ကုန်မှာ ထပ်မံ ခွဲဝေသည်။


နှစ်စဥ်နှစ်တိုင်း ဒီလိုမျိုး ရှိပြီး တစ်နှစ်မှာ နှစ်ခါ ဖြန့်ချိပေးသည်။


တခြားအချိန်တွေမှာလည်း အသားကူပွန်နှင့် ဝယ်လို့ ရသည်။ သို့ရာတွင် အသားကူပွန်တွေက အလွန်ရှားသည်။ ကျေးလက်ဒေသတွင် အသားကူပွန် မရှိသောကြောင့် မြို့နေလူထုနှင့် လဲလှယ်ရသည်။


မြို့နေလူထုသည်လည်း ချွေတာလေ့ ရှိကြပြီး ယေဘုယျအားဖြင့် အသားကူပွန်နဲ့ လဲလှယ်လေ့ မရှိပါဘူး။