အခန်း (၁၅၆) – အိမ်ထောင်စုစာရင်း ဆက်လက်ဆောင်ရွက်ခြင်း
“ထမင်းမစားခင် ခြေလက် အရင်ဆေးကြ။”
လင်းချင်းဟယ်သည် ကလေးသုံးယောက်ကို ဆေးကြောသန့်စင်ရန် စေလွှတ်လိုက်သည်။
ကလေးတွေက ပျော်ရွှင်မြူးထူးစွာ ဆေးကြောသန့်စင်ဖို့ သွားကြသည်။
ဒါပေါ့၊ ကျိုးချင်းပိုင်နှင့် အဖေကျိုးတို့သည်လည်း ဆေးကြောသန့်ရှင်းရမှာ သေချာပေါက်ပါပင်။ သူတို့ စားပွဲဝိုင်းမှာ ထိုင်စားချင်ရင် စားပွဲဝိုင်းမှာ မထိုင်ခင်မှာ ဆေးကြောသန့်စင်ရမှာ ဖြစ်မြဲဓမ္မတာပင်။
ဆေးကြောင်သန့်စင်ပြီးနောက် တစ်မိသားစုလုံး ဝိုင်းဖွဲ့စားသောက်ကြသည်။
စုချန်လေးသည် တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ကာ အစားများများ စားနိုင်လေပြီ။ စွပ်ပြုတ်အရည်ထဲတွင် မန်ထိုကို ထည့်စိမ်ကာ နူးညံ့ပျော့ပြောင်းသွားချိန်မှာ သူ့ကို ကျွေးလိုက်သည်။ သူက အလွန်ပျော်ရွှင်စွာ တမြုံ့မြုံ့ စားသုံးခဲ့သည်။
သူသည်လည်း သခွားသီး၊ ကြက်ဥနှင့် ငါးရှဥ့်တွေကို စားနိုင်လေပြီ။
ငါးရှဥ့်တွေက အရိုးများသောကြောင့် ချန်ထားပြီး မကျွေးပေ။ သူ့ကို စွပ်ပြုတ် အနည်းငယ် တိုက်ကျွေးလိုက်ရုံနဲ့ ကလေးလေးဟာ ဗိုက်ပြည့်သွားခဲ့ပြီ။
အနည်းဆုံးတော့ အခုခေတ် ကလေးတွေနဲ့ နှိုင်းစာလျှင် စုချန်လေးက ကျန်းမာဝဖြိုးတယ်လို့ ဆိုရပေမည်။
သူက တစ်နေ့ကို နွားနို့နှင့် ထမင်း သုံးနပ် စားရသည်။ အဆာပြေတွေလည်း စားရသေးသည်။ လင်းချင်းဟယ်သည် ရံဖန်ရံခါဆိုသလို မုန့်ပေါင်း လုပ်လေ့ရှိသောကြောင့် ထုံးစံအတိုင်း ဒီကလေးလေးရဲ့ ဝေစုကိုလည်း မေ့လျော့မထားခဲ့ပေ။
စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့သည် အပတ်တိုင်းလိုလို အိမ်ပြန်လာကြသည်။ သူ့သားကို အိမ်မှာ ဘယ်လောက်တောင် ကောင်းကောင်း ကျွေးမွေးထားလဲ ဆိုတာကို မြင်တွေ့ရတော့ ဝမ်းသာပီတိဖြစ်ပြီး သဘာဝအတိုင်း အရမ်းကျေးဇူးတင်နေကြသည်။
ကလေးကို သူ့ရဲ့ စတုတ္ထဒေါ်လေး လင်းချင်းဟယ်က ကောင်းကောင်း ကျွေးမွေးပြုစုပေးထားလား ဆိုတာကို စုချန်လေးရဲ့ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်တာနဲ့ ပြောနိုင်သည်။
ပြီးတော့ လူအများစုက သူမလို ကလေးတွေကို ပြုစုပျိုးထောင်နိုင်စွမ်း မရှိပေ။
အစတုန်းက အမေကျိုးကတောင် စတုတ္ထရဲ့ ဇနီးသည်က သူမရဲ့ တူလေးကို တကယ် ကြင်နာနွေးထွေးပေးလိမ့်မည်ဟု သိပ်မထင်ခဲ့ပေ။
အမေကျိုးရဲ့ အမြင်အရတော့ သူမဟာ ကလေးလေးရဲ့ မိခင်ရင်းလိုပါပဲ။ သူမသည် မုန့်ပေါင်း၊ ကိတ်မုန့်ပွတွေ လုပ်စားတိုင်း လောင်တတို့ ညီအစ်ကိုတွေ ရရှိသလို စုချန်လေးအတွက်ပါ ဝေစုအမြဲပါသည်။ သူက ဘယ်လိုလုပ်ပြီး မဝဖြိုးပဲ နေပါတော့မလဲ။
စုတာ့လင်းသည် ဒါကို ရှင်းရှင်းလင်းလင်း နားလည်သည်။ သူ အိမ်ပြန်လာချိန်တိုင်း ကြက်ဥ တစ်ခြင်းနှင့် လောင်တတို့ညီအစ်ကိုတွေအတွက် သကြားလုံးတွေ အမြဲဝယ်ယူလာလေ့ရှိသည်။ သူက ဝယ်လာပေးတော့ လင်းချင်းဟယ်က ထိုပစ္စည်းတွေအတွက် ဝယ်စရာ မလိုတော့ပေ။
စုတာ့လင်းက အရမ်းစိတ်ပျော်ရွှင်နေသည်။
ဒီလူက အရမ်းပျော်ရွှင်နေပြီး အဲ့ဒီအပြင် စုချန်လေးကလည်း သူ့ကို အရမ်းကပ်သည်။ တစ်ပတ်မှ တစ်ရက်ပဲ တွေ့ရတာတောင်မှ စုချန်လေးက သူ့အဖေမှန်း သိနေပုံရသည်။
နည်းနည်းတောင် မရင်းနှီးသည့် အရိပ်အယောင် မရှိဘူး။
တနင်္ဂနွေနေ့ ပိတ်ရက် ဖြစ်သောကြောင့် စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့ ဇနီးမောင်နှံသည် ပစ္စည်းများနှင့်အတူ အိမ်ပြန်လာခဲ့ကြသည်။ ဒါတွေကို သူမရဲ့ စတုတ္ထ ယောင်းမလက်ထဲ လွှဲပြောင်းပေးတာ ဖြစ်ပေမယ့် ရံဖန်ရံခါမှာတော့ ကျိုးအိမ်ဟောင်းက တခြား တူလေးတွေ တူမလေးတွေအတွက် သကြားလုံးဝေစု ခွဲပေးခဲ့သည်။
အမေကျိုးနှင့် ကျိုးရှောင်မိန်က သီးသန့်စကား ပြောခဲ့သည်၊ “အခုဆို ချန်ချန်လေး နည်းနည်းကြီးနေပြီ၊ နင်နဲ့ တာ့လင်း နောက်တစ်ယောက် ဘယ်တော့လောက် ထပ်ယူကြမှာလဲ။”
ကျိုးရှောင်မိန်က အံ့အားသင့်သွားသည်၊ “အမေ၊ တာ့လင်းနဲ့ သမီး ဒီကလေး တစ်ယောက်ကို မွေးဖွားပြီး ပြုစုပျိုးထောင်ဖို့တောင် မတတ်နိုင်တာ အမေ မတွေ့လို့လား။ အမေက သမီးကို နောက်တစ်ယောက် ထပ်မွေးစေချင်သေးတာလား။”
“နင်တို့ နောက်ထပ် ထပ်မယူဘူးလား။” အမေကျိုးက သူမထက် ပိုပြီးအံ့အားသင့်သွားသည်။
ဒီခေတ်ဒီအခါမှာ ကလေး တစ်ယောက်ပဲ မွေးတဲ့သူ ရှိလို့လား။ တစ်ဦးတည်းသား တစ်ယောက်တည်းကိုသာ မွေးဖွားခဲ့ပါက အနိုင်ကျင့်ခံရလျှင့် သူ့ဖက်မှ ဘယ်သူက ရန်ကူဖြစ်ပေးမှာလဲ။
“သမီး ထပ်မမွေးချင်ဘူး။ ချန်ချန်ကလည်း သားပဲ မဟုတ်လား။ တစ်ယောက်ဆို လုံလောက်ပြီ။” ကျိုးရှောင်မိန်က ပြောသည်။
သူမနှင့် စုတာ့လင်းတို့က အလုပ်သွားရသည်။ သူမမိခင်ဖက် မိသားစုမှ ကလေးကို ကူညီစောင့်ရှောက်ပေး၍သာ တော်သေးသည်။ တကယ်လို့ သူမသာ ကလေး ထပ်မွေးခဲ့ရင်၊ သူမမိခင်ဖက် မိသားစုက ဘယ်လို စီမံခန့်ခွဲပေးနိုင်မှာလဲ။”
“ကောင်မလေး၊ နင် ဒီအကြံကို ဘယ်က ရခဲ့တာလဲ။ နောက်ထပ် ကလေးနည်းနည်းလောက် ထပ်ရှိတာက ပိုကောင်းတယ်။ စဥ်းစားကြည့်ပါဦး။ နင့်အဖေနဲ့ ငါ့လို နင့်ဒုတိယအစ်ကိုကို မွေးဖွားပြီး အရွယ်ရောက်တော့ နင့်ရဲ့ ဒုတိယယောင်းမလို မိန်းမမျိုးနဲ့ လက်ထပ်ခဲ့တယ်၊ အဲ့လိုချွေးမမျိုးနဲ့သာ ငါတို့ အတူနေရမယ်ဆိုရင် ငါတို့ အိုမင်းမစွမ်းလာတဲ့အခါကျ မြေကြီးပဲ စားနေရလိမ့်မယ်။” အမေကျိုးက အေးစက်စွာ ပြောသည်။
သူမတို့စုံတွဲက များသောအားဖြင့် ဘာမှ သိပ်မပြောတာကြောင့် ဘာမှ မသိဘူးလို့ မယူနဲ့။ ဘယ်သား ဘယ်ချွေးမတွေက သူတို့ကို စိတ်ပါလက်ပါဖြင့် ကျင့်ဝတ်သိတတ်လဲ ဆိုတာ သူတို့ ရှင်းရှင်းလင်းလင်း သိနားလည်သည်။
အကြီးဆုံးချွေးမနှင့် တတိယချွေးမတို့အပေါ် အမေကျိုးရဲ့ အထင်အမြင်က ကောင်းမွန်နေဆဲ ဖြစ်သည်။ လင်းချင်းဟယ်ကတော့ ပြောစရာပင် မလိုဘူး။ စတုတ္ထရဲ့ ဇနီးသည်က ဒေါသ နည်းနည်းကြီးတတ်တာကလွဲလို့ ကျန်တာ အကုန် အဆင်ပြေသည်။
ဒုတိယချွေးမအတွက်မူ အမေကျိုးသည် ကောင်းသော အထင်အမြင် လုံးဝ မရှိပေ။
ကံကောင်းထောက်မစွာဖြင့် သူမမှာ အခြားချွေးမသုံးယောက် ရှိနေသေးလို့ပေါ့၊ မဟုတ်ရင် သူတို့ အသက်ကြီးလာလို့ အိုမင်းမစွမ်းလာတဲ့အခါ သူတို့ အလုပ်မလုပ်နိုင်တော့ရင် စားဖို့ ရှိမှာ မဟုတ်ဘူး။
ကျိုးရှောင်မိန်က ပြောသည်၊ “ဒါဆိုရင် အမေ ဘာဖြစ်လို့ စတုတ္ထယောင်းမကိုကျ နောက်တစ်ယောက် မမွေးခိုင်းရတာလဲ။”
ဘေးနားကနေ ထိုင်နားထောင်နေသည့် လင်းချင်းဟယ် “...”
သူမမှာ ကလေးတစ်ယောက်တည်းသာ ရှိနေတာ မဟုတ်သဖြင့် ပြန်ပြောလိုက်သည်၊ “ညီမလေး၊ နင် ငါ့လို သားသုံးယောက်လောက် အရင်ဆုံး မွေးပြီးမှာ ဒီစကားကို ပြောပါလား။”
ကျိုးရှောင်မိန်တစ်ယောက် ဆို့နင့်သွားသည်။
လင်းချင်းဟယ်က တခစ်ခစ် ရယ်ရင်း ချော့မြူလိုက်သည်၊ “အမေ၊ ရှောင်မိန်ကို အေးအေးဆေးဆေး နေပါစေဦး။ ရှောင်မိန်နဲ့ တာ့လင့်တို့က ငယ်သေးတယ်။ အခုအချိန်မှာ သူတို့ အလုပ်အရမ်းများနေသေးတော့ သူတို့ ဒါကို ကိုင်တွယ်နိုင်ဦးမှာ မဟုတ်ဘူး။”
“ဟုတ်တယ်၊ အမေ။ သမီး အခုတော့ ကလေး ထပ်မမွေးချင်သေးဘူး။ သမီးကို တွန်းအားမပေးပါနဲ့။” ကျိုးရှောင်မိန်က နောက်ကနေ ထောက်ခံပြောဆိုသည်။
“ငါက နင့်ကို ဖိအားပေးနေလို့လား။ နင်လည်း ငါ ပြောသလို အနှေးနဲ့ အမြန်ဆိုသလို ကလေးယူဦးမယ်ဆိုရင် မြန်မြန်မွေးထားတာ ပိုကောင်းတယ်။” အမေကျိုးက ဒေါသတကြီး ပြောလိုက်သည်။
“ဒါက ကျိုးကြောင်းဆီလျော်တဲ့ စကားပဲ။ စောစောစီးစီး မွေးတာက ပိုကောင်းတယ်။” လင်းချင်းဟယ်က ခေါင်းညိတ်သည်။
မူလပိုင်ရှင်ကဲ့သို့ပင် သူမသည် သားသုံးယောက်ကို စောစောစီးစီး မွေးဖွားပြီး ဘဝပေးတာဝန် ပြီးမြောက်ကာ အနာဂတ်တွင် သူမ အလိုရှိသမျှကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။
“မင်းရဲ့ စတုတ္ထယောင်းမ ပြောတာကို ကြားတယ်မလား။” အမေကျိုးက ပြောသည်။
ကျိုးရှောင်မိန်က “သမီး ထပ်မွေးရင် အမေက သမီးအတွက် ကလေးကို ထပ်ကြည့်ပေးဦးမှာလား။”
“ငါ နင့်အတွက် ကလေးတစ်ယောက်ကိုတောင် ပြုစုပျိုးထောင်ပေးနေသေးတာ နောက်ထပ် တစ်ယောက် ထပ်ကြည့်ပေးရမယ်ဆိုရင်လည်း ဘာမှ သိပ်မထူးဘူး။” အမေကျိုးက ပြန်ဖြေသည်။
“ဒါက ကိစ္စကောင်းပဲ။ ကလေးတွေကို ပြုစုပျိုးထောင်ရတာ လွယ်ပေမယ့် အချိန်ကို တွက်ချက်ရမယ်။ နွေရာသီ နွားနို့ဖြန့်ဖြူးချိန်နဲ့အမီ ကလေးမွေးနိုင်ရင် အဲ့အချိန် ကလေးနို့တိုက်ပေးဖို့ လူမရှိရင်တောင် ကလေးကို နွားနို့ဝယ်တိုက်လို့ရတယ်။” လင်းချင်းဟယ်က ကျိုးရှောင်မိန်က အကြံပေးသည်။
တကယ်တော့ လင်းချင်းဟယ်သည်လည်း ကလေး တစ်ယောက်ရှိလျှင် လုံလောက်ပြီဟု ခံစားရသော်လည်း သူမရဲ့ အမြင်သည် ဒီခေတ်ဒီအခါက လူအများနှင့် ပြောဆိုရန်တွင် အသုံးပြုနိုင်စွမ်း မရှိပေ။
ဒီခေတ်ဒီအခါမှာ သူတို့ ဘယ်လို သဘောထားတွေ ရှိကြလဲ။
ညီအစ်ကို မောင်နှမတွေ အများကြီး ရှိတော့ မင်းတစ်ယောက်တည်း မဟုတ်ဘူး။ မင်း အထီးမကျန်တော့ဘူး မဟုတ်ပါလား။
လူပြောများဆုံး စကားတစ်ခွန်းမှာ ညီအစ်ကို မောင်နှမ မရှိတဲ့ တစ်ယောက်တည်းသာဆို လူအများနှင့် ရန်ဖြစ်တဲ့အခါ သေအောင် အရိုက်ခံရမှာ ဖြစ်သလို ကူညီပေးမယ့်သူလည်း မရှိဘူး။
ဒါ့ကြောင့် တခြား ဘာပြောစရာ ရှိဦးမှာတဲ့လဲ။
သို့ရာတွင် အမေကျိုးတစ်ယောက် ကလေးတွေကို ပြုစုပျိုးထောင်ပေးဖို့ ဆန္ဒရှိနေသည့်အချက်မှာ လင်းချင်းဟယ်ရဲ့ ကူညီပေးမှုကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်က ကလေးတွေကို ကူညီပျိုးထောင်ပေးပါက သဘာဝအတိုင်း ကလေးပိုမွေးနိုင်လိမ့်မည်။
ကျိုးရှောင်မိန်က ပြောသည်၊ “ဒါဆိုရင် အခု အရမ်းနောက်ကျနေပြီ။”
“အခုက အချိန်ကောင်းပဲ၊ ဘာဖြစ်လို့ နောက်ကျရမှာလဲ။” အမေကျိုးက စိတ်တိုသွားသည်။
လင်းချင်းဟယ်က ခေါင်းညိတ်သည်၊ “အခုမှ သြဂုတ်လ ၁၅ရက်ပဲ ရှိသေးတယ်၊ နင့်နဲ့ မတ်လေးတို့ ပိုကြိုးစားလိုက်ရင် ရလာလိမ့်မယ်။”
ကိုယ်ဝန်ဆောင်ချိန်က ၁၀လ ကြာမြင့်တယ်လို့ ပြောကြပေမယ့် တကယ်တမ်းတော့ ၁၀လတောင် မကြာဘူးလို့ ပြောကြသည်။
တကယ်လို့ သူမ အခုအချိန်မှာ ကိုယ်ဝန်ဆောင်နိုင်မယ်ဆိုရင် လာမယ့်နှစ် မေလ သို့မဟုတ် ဇွန်လပိုင်းတွင် မွေးဖွားလိမ့်မည်။ အဲ့ဒီအချိန်လောက်ဆို နို့အစား နွားနို့ကို တိုက်ကျွေးနိုင်သည်။
လေး ငါးလ လောက်အထိ နွားနို့ တိုက်လို့ ရသည်။ ငါးလ ခြောက်လ ဝန်းကျင်တွင် ထမင်းကို ဇကာတိုက်ပြီး စကျွေးနိုင်ပြီ ဖြစ်သည်။
ကျိုးရှောင်မိန်က သက်ပြင်းချကာ လက်နက်ချလိုက်သည်။
ဒီနှစ် သြဂုတ်လ ၁၅ရက်နေ့ ဆောင်းလလယ်ပွဲတော်က အတော်လေး ကောင်းသည်။ စုတာ့လင်းက လမုန့် ၂ကျင်း ပြန်ပါလားသည်။ လင်းချင်းဟယ်တစ်ယောက် သူမဖာသာသူမ ရရှိလာသည့် လမုန့် ၁ကျင်းလည်း ရှိသေးသည်။
ဒါ့ကြောင့် သူမသည် စုတာ့လင်းအား အခြားအိမ်ထောင်ခွဲ သုံးအိမ်သို့ လမုန့် ၁ကျင်း ပို့ပေးလို့ ဖြစ် မဖြစ် မေးလိုက်သည်။
လင်းချင်းဟယ်က ဒီခေတ်အခါက လမုန့်ကို စားရတာ မကြိုက်ဘူး၊ သကြားပါတဲ့ လမုန့်ဖြစ်နေရင်တောင် အရသာက သာမန်လို့ ထင်နေတုန်းပဲ။ လောင်တတို့ ညီအစ်ကိုတွေသာ အရသာရှိတယ်လို့ တွေးကြလိမ့်မည်။
ကျိုးချင်းပိုင်၊ အဖေကျိုးနှင့် အမေကျိုးတို့သည်ပင် ဒါကို အတော်လေး နှစ်ခြိုက်ကြသည်။
ဆောင်းလလယ်ပွဲတော်ပြီးနောက် စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့ ပြန်သွားကြသည်။ သူတို့စုံတွဲရဲ့ အရှိန်အဟုန်အရ လာမည့်လ သူတို့စုံတွဲ ပြန်လာမည့်အချိန်တွင် သတင်းကောင်း ကြားရလောက်သည်။
လင်းချင်းဟယ်သည် သူမ ယောက္ခမတစ်ယောက် ဖြစ်လာသောအခါ သူမရဲ့ ချွေးမတွေကို ကလေးမွေးဖို့ ဘယ်သောအခါမှ အတင်းအကြပ် မပြုကြောင်း စိတ်ထဲကနေ ကတိပြုခဲ့သည်။ ကလေး မွေးချင်လား မမွေးချင်ဘူးလား ဆိုတာ သူတို့အပေါ် မူတည်သည်။ ဘာပဲဖြစ်ဖြစ် သူမရဲ့ ကိုယ်ပိုင် တာဝန်က ပြီးသွားတဲ့အတွက် တတိယမျိုးဆက်ရဲ့ ကလေးမွေးဖွားတဲ့ ကိစ္စက သူမရဲ့ အလုပ် မဟုတ်ဘူး။
နှလုံးသားကင်းမဲ့သော လင်းချင်းဟယ်သည် ကျိုးအိမ်ဟောင်းရဲ့ အိမ်ထောင်စုစာရင်းကို လျစ်လျူရှုထားခဲ့သည်။