အခန်း ၁၅၅
Viewers 43k

အခန်း (၁၅၅) – လူမှုဆက်ဆံ‌ရေး


လင်းချင်းဟယ်သည် ဝယ်လိုအားနှင့် ရောင်းလိုအား သမဝါယမအသင်းမှ အလျင်စလို မပြန်လာသေးပဲ ရှန်းယွီနှင့် စကားစမြည် ပြောဆိုနေခဲ့သည်။


သူမသည်လည်း ရှန်းယွီရဲ့ ချိန်းတွေ့ခြင်း ကိစ္စရပ်ကို အလေးထားနေခဲ့သည်။ 


ရှန်းယွီသည် အနည်းငယ် ရှက်ရွံ့နေသေးသော်လည်း လင်းချင်းဟယ်က မေးမြန်းရန်ပင် မလိုအပ်ပဲ သူမသာ ဆက်တိုက် ပြောသွားခဲ့သည်။


သူမနှင့် ချိန်းတွေ့ခဲ့သော ကောင်လေးနာမည်ကို ချန်ကျဲလို့ ခေါ်ပြီး အလွန်ရိုးသားဖြောင့်မတ်သော အမျိုးသားလေး ဖြစ်သည်။ သူက သူမကို သူ့လစာနှင့် သူ့ရဲ့အကြောင်းတွေအကုန် ပြောပြခဲ့သည်။


“သူ့အိမ်မှာတော့ လူနည်းနည်းများတယ်။” ရှန်းယွီက သက်ပြင်းချသည်။


ကျန်တာအားလုံး အဆင်ပြေပေမယ့် ချန်ကျဲရဲ့အိမ်မှာ အိမ်သား အရမ်းများသည်။ တစ်အိမ်ထဲမှာ လူအများကြီး‌ နေထိုင်ကြသည်။


“သူ့မိသားစုက လူများရုံတင် မကဘူး။ အခု သူ့အိမ်အခြေအနေက အရမ်းကြပ်တည်းနေတယ်။ နေစရာ နေရာကတော့ သိပ်မဆိုးပါဘူး။” လင်းချင်းဟယ်က အမှန်အတိုင်း ပြောခဲ့သည်။


မြို့ပြကလူတွေတိုင်း စားဝတ်နေရေး အဆင်ပြေတယ်လို့ မထင်ကြနဲ့။ မြို့ပြကလူတွေမှာ အလုပ်အကိုင်တွေ ရှိကြပေမယ့် တကယ့် အိမ်ယာအနေအထားက ကျေးလက်က လူတွေထက် နည်းနည်းပင် ပိုဆိုးကြကာ အပေါ်ယံအမြင်တွင်သာ အထင်ကြီးစရာ ကောင်းသည်။

 

စတုရန်းမီတာ ဒါဇင်ချီတဲ့ တိုက်ခန်းတစ်ခုထဲမှာ မိသားစုတွေ အကုန် ပေါင်းနေရသည်။ တစ်ခါတလေမှာ မျိုးဆက်သုံးဆက်အတွင်း လူတစ်ဒါဇင်ကျော် အတူတကွ နေထိုင်ကြရသည်။


ဒီခေတ်ဒီအခါက ညီအစ်ကို မောင်နှမအကြား ဆက်ဆံရေး ရင်းနှီးမှု နည်းပါးသည်မှာ အံ့သြစရာ သိပ်မရှိပါဘူး။ သဟဇာတဖြစ်အောင် နေတဲ့သူတွေကို ရှာချင်ရင် နည်းနည်းလေးတောင် ရှာတွေ့ဖို့ မလွယ်ကူဘူး။


ဤသည်မှာ အကြောင်းအရင်း ဖြစ်သည်။


လူပေါင်းများစွာ ပေါင်းနေကြသောကြောင့် ကောင်းမွန်သော ခံစားချက်တွေအကုန် ပျက်ယွင်းကုန်ရသည်။


“အဓိကကတော့ နင်နဲ့ သူ နှစ်ယောက်စလုံး အလုပ်များနေကြတာပဲ။ နင်တို့ လက်ထပ်ပြီးရင်တောင် ညဖက်မှပဲ အိမ်ပြန်သွားရလိမ့်မယ်။ နင့် အဲ့မှာ တစ်နေ့လုံး နေစရာ မလိုဘူး။ တကယ်တော့ ဒါက သိပ်အရေးမကြီးဘူး။” လင်းချင်းဟယ်က ရှင်းပြသည်။


“တကယ်တော့ ငါ အိမ်တစ်လုံးလောက် ဝယ်ဖို့ ပိုက်ဆံစုဖို့ စိတ်ကူးထားတယ်။” ရှန်းယွီက ပြောသည်။


“အဲ့တာဆို ပိုက်ဆံအများကြီး လိုလိမ့်မယ်။” လင်းချင်းဟယ်က သူမကို ကြည့်ပြီး ပြောလိုက်သည်။


ဒီကောင်မလေးက သူမဖာသာသူမ အိမ်ဝယ်ချင်နေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားဘူး။


ယခုခေတ်အချိန်အခါတွင် အိမ်တစ်လုံး ဝယ်ယူရန် အမှန်တကယ် ဖြစ်နိုင်သော်လည်း ယခုအချိန်တွင် ဝယ်ယူနိုင်သည့် အိမ်များ အလွန်နည်းပါးသည်။ ပြီးတော့ သူတို့မှာ အိမ်ရာ ဝယ်ယူနိုင်ရမည့် အရည်အချင်းလည်း ရှိရပေမည်။ လူတိုင်းမှာ သတ်မှတ်ထားသော အိမ်ရာစံနှုန်းများ ရှိကြပြီး ကြီးမားကျယ်ဝန်းသော နေရာမျိုးတွင် နေထိုင်ရန်မှာ မဖြစ်နိုင်ပေ။


ထိုကဲ့သို့ ‌‌‌ရွေးချယ်မိလျှင် လူတွေက ပဒေသရာဇ်စနစ်ကို နှစ်သက်သူတွေလို့ ပြောဆိုချင်ကြပါသည်။

 

ဒါပေါ့၊ စုတာ့လင်းတို့လို မိဘတွေမှ အမွေထားခဲ့တာမျိုး ဆိုလျှင်တော့ ပြဿနာ ရှိမည် မဟုတ်ပေ။


စုတာ့လင်းရဲ့ မိဘတွေ ရှိစဥ်က သူ့အဖိုးအဖွားတွေလည်း ထိုအိမ်မှာပင် နေထိုင်ကြသောကြောင့် တစ်မိသားစုလုံး နေထိုင်ကြတာ ဖြစ်သည့်အတွက် အလွန်အကျွံ ဖြစ်တယ်လို့ ပြောလို့ မရဘူး။


ဒါပေမယ့် အခုအချိန်မှာတော့ စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့ နှစ်ဦးအတွက်မူ သံသယရှိစရာ မလိုလောက်အောင်ပင် ကျယ်ဝန်းတယ်လို့ ဆိုရပေမည်။


“ပိုက်ဆံ အများကြီး အကုန်ခံရရင်တောင် အိမ်ဝယ်ဖို့က မဖြစ်နိုင်လောက်ဘူး။” ရှန်းယွီက ဝမ်းနည်းပူဆွေးစွာ သက်ပြင်းချမိသည်။


လင်းချင်းဟယ်က ပြောသည်၊ “ငါ လူတချို့နဲ့ သိတယ်။ ငါ နင့်အတွက် မေးပေးရမလား။”

 

ရှန်းယွီရဲ့ မျက်ဝန်းတွေက တောက်ပသွားကာ သူမကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်၊ “နင် တစ်ယောက်ယောက်ကို တကယ်သိတာလား။”

 

“အိမ်ကျတော့ ရနိုင်မလား ငါလည်း သေချာမသိဘူး။ နင် အရမ်း မမျှော်လင့်ထားနဲ့ဦး။ ငါ နင့်အတွက် သွားပြီး မေးမြန်းစုံစမ်းကြည့်ပေးမယ်။” လင်းချင်းဟယ်က ပြောသည်။


“ဒါဆို ငါ နင့်ကို ဒုက္ခပေးရာ ရောက်မိပြီ၊ အစ်မရေ။ တကယ်လို့ နင် ရှာနိုင်တယ်ဆိုရင် အိမ်က အိုဟောင်းပြီး သေးငယ်ရင်တောင် ငါ့အတွက် အဆင်ပြေတယ်။” ရှန်းယွီက အလျင်စလို ပြောသည်။


လင်းချင်းဟယ်က သဘောတူပြီး သူမ စောင်တစ်ထည် အပ်ထားခဲ့သည့် အငြိမ်းစား အမျိုးသမီး အလုပ်သမားကို မေးမြန်းဖို့ လာခဲ့သည်။


“နင် အိမ်လိုချင်တာလား။” မဒမ်က မေးသည်။


“ကျွန်မ လိုအပ်တာတော့ မဟုတ်ဘူး။ ကျွန်မရဲ့ ညီမတစ်ယောက် အိမ်ထောင်ပြုချင်နေပြီး အမျိုးသားရဲ့အိမ်မှာ အခန်းမလုံလောက်ဘူး။ အဲ့တာကြောင့် သူတို့ အပြင်မှာ အိမ်ခွဲနေချင်ကြတယ်လေ။” လင်းချင်းဟယ်က ရှင်းပြသည်။


သူမ ဤသို့ ပြောလိုက်သည့်အခါမှာ ဒီအမျိုးသမီးက အခြေအနေကို သဘောပေါက်သွားခဲ့သည်။ အခုခေတ်အခါက အိမ်ထောင်စုတိုင်းက ဒီလိုချည်းပါပဲ။


“ငါ အိမ်တစ်လုံးတော့ သိတယ်၊ ဒါပေမယ့် နည်းနည်းဟောင်းပြီး အတော်လေး သေးတယ်။” မဒမ်က ပြောခဲ့သည်။


လင်းချင်းဟယ်က သူမကို မကြာခဏဆိုသလို ဝက်သားရောင်းချပေးသောကြောင့် မဒမ်အိုကြီးက လင်းချင်းဟယ် အကူအညီ လိုအပ်လာတဲ့အခါမျိုးမှာ ပြန်ပြီး အကူအညီပေးချင်ခဲ့သည်။


တစ်ခါတစ်ရံ သူမသည် မှောင်ခိုစျေးကွက်ကို သွားချင်သည့်အခါမျိုးမှာ လင်းချင်းဟယ်ထံမှ လျှို့ဝှက်ကုဒ်ကို တောင်းယူလေ့ရှိသည်။


လင်းချင်းဟယ်က သူမကို ပွင့်ပွင့်လင်းလင်း မေးသည်။ သူမသည် အလုပ်ဖြစ်မယ် ထင်သောကြောင့် ထိုအိမ်ကို ကြည့်ဖို့ ခေါ်သွားပေးသည်။


အိမ်က တကယ့်ကို သေးသေးလေးပင်။ အလွန်ဆုံးမှ စတုရန်းမီတာ ဆယ်မီတာခန့်သာရှိပြီး ဒီအိမ်နေရာမှာ အချိန်အတော်ကြာမြင့်ကတည်းက ရှိနေခဲ့တာ ဖြစ်ပြီး အတော်လေးကို ဟောင်းနွမ်းနေသည်။ ပြောရမယ်ဆိုရင် ဒီလိုအိမ်မျိုးရရှိဖို့ကပင် အလွန်ရှားသည်။


အိမ်ပိုင်ရှင်မှာ အဖွားအိုတစ်ဦးဖြစ်ပြီး သူမမှာ မြေးတစ်ယောက် ရှိသည်။ မြေးအဖွားနှစ်ယောက်တည်းသာ ရှိလေသည်။


သူတို့နှစ်ယောက်သားဟာ အခြားအိမ်တစ်လုံးမှာ နေထိုင်နေကြသည်။ သူတို့က ဒီအိမ်ကို တကယ် ရောင်းချချင်ပေမယ့် အိမ်တစ်လုံးရဲ့ တန်ဖိုးက အတော်လေး မြင့်မားတာကြောင့် ဘယ်သူမှ လာရောက်မေးမြန်းခြင်း မရှိကြပေ။


ထိုအိမ်ကို ဝယ်ယူလိုလျှင် ငွေသား ယွမ် ၈၀အပြင် ကျင်း ၅၀ တန်ကြေးရှိ အစားအသောက်ကူပွန်ပါ ထပ်ဆောင်းပေးရမည် ဖြစ်သည်။


ဒီခေတ်ဒီအခါက ဒီအိမ်စျေးနှုန်းအရ ဒါဟာ အရမ်းကြီး စျေးမပေါသလို စျေးကြီးတယ်လို့တောင် ပြောလို့ပင် ရသည်။

 

သို့တိုင် လင်းချင်းဟယ်ကတော့ ရှန်းယွီကို ဒီအကြောင်းအား အသိပေး ပြောကြားခဲ့သည်။


ရှန်းယွီသည် သိပ်မကြာခင်မှာပင် ဒီသတင်းကို ရရှိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။


“အိမ်က စတုရန်းမီတာ ဆယ်မီတာ ဝန်းကျင်ပဲ ရှိတယ်၊ ဒါ့အပြင် အတော်လေး အိုဟောင်းနေပြီ။ တစ်ဖက်လူက အိမ်ကို ငွေသား ယွမ် ၈၀နဲ့ ကျင်း ၅၀ တန်ကြေးရှိ အစားအသောက်ကူပွန်တွေ တောင်းဆိုခဲ့တယ်။ ဒါက အတော်လေး စျေးမြင့်တယ်။ ငါ နင့်ကို အိမ်လိပ်စာ ပေးလိုက်မယ်။ နင် အလုပ်ဆင်းရင်၊ နင့်ကောင်လေးကို ခေါ်ပြီး တစ်ချက်သွားကြည့်လိုက်လေ။ စျေးနှုန်း အလျော့အတင်း နည်းနည်း ဆွေးနွေးကြည့်ပေါ့။ အချိန်လည်း မစောတော့ဘူး၊ ငါလည်း အိမ်ပြန်တော့မယ်။” လင်းချင်းဟယ်က သူမကို အိမ်လိပ်စာ ရေးပေးခဲ့ပြီး ပြောသည်။


“ကျေးဇူးပါ၊ အစ်မ” ရှန်းယွီက ကမန်းကတန်း ပြန်ဖြေသည်။


ဒါက ကြီးမားသော ကူညီပေးမှုလို့ ဆိုရပေမည်။ သူမနှင့် ချန်ကျဲတို့ နှစ်ယောက်စလုံး အလုပ်ဆင်းနေရတာ ဆိုတော့ အိမ်ရှာဖို့ အချိန်မရှိဘူး။ လင်းချင်းဟယ်က ဒီလောက် အဆက်အသွယ်ကောင်း ရှိလိမ့်မည်ဟု မထင်မိပေ၊ ဒီနေ့လည်ခင်းမှာပင် အိမ်တစ်လုံး ရှာတွေ့ခဲ့သည်။


လင်းချင်းဟယ်က သူမလက်ကို ဝှေ့ယမ်းကာ အိမ်လိပ်စာကို ချရေးပြီးတာနဲ့ အိမ်ကို တန်းပြန်သွားခဲ့သည်။


သူမ ဒီနေ့ အပြင်ထွက်တာ အရမ်းကြာနေတော့ အမေကျိုးသည် တစ်ခုခု ဖြစ်နေတာလားလို့ စိတ်မပူပဲ မနေနိုင်တော့ဘူး။


သူမ အိမ်ပြန်ရောက်တော့ ညနေ ငါးနာရီခွဲလုပြီ။ လင်းချင်းဟယ်က ဘာမှ မပြောပဲ ညစာအတွက် ပြင်ဆင်နေခဲ့သည်။


“နင် ဒီနေ့ ဘာဖြစ်လို့ ဒီလောက် နောက်ကျနေရတာလဲ။” အမေကျိုးသည် သူမ အထိအခိုက် မရှိပဲ ပြန်လာတာကို မြင်လိုက်ရသဖြင့် သက်ပြင်းမောချကာ မေးမိသည်။


“ကျွန်မမှာ အကူအညီ လိုနေတဲ့ သူငယ်ချင်းတစ်ယောက် ရှိနေလို့၊ အဲ့တာနဲ့ သူမကို ကူညီပေးနေလို့လေ။ သူမက ကျွန်မကို ဒီလမုန့်တွေ ရောင်းပေးလိုက်တယ်။” လင်းချင်းဟယ်က ပြောသည်။


သူမသည် အခြားသူတစ်ဦးနှင့် အလွန်လိုက်ဖက်ညီသော အမျိုးသားတစ်ဦးဖြင့် အောင်သွယ်ပေးခဲ့သော်လည်း လူတွေအကြားရှိ ဆက်ဆံရေးသည် တစ်လမ်းတည်းသွား မဟုတ်သောကြောင့် လူမှုဆက်ဆံရေးကို ဤကဲ့သို့ အသုံးမပြုသင့်ပေ။ 


ဒါ့ကြောင့် ရှန်းယွီ အကူအညီ လိုအပ်လာသောအခါတွင် သူမ လက်ကမ်း ကူညီပေးသင့်သည်။ အနာဂတ်တွင် သူမ တစ်ခုခု ဝယ်ယူချင်သည့်အခါတိုင်း ရှန်းယွီက ပိုမိုလွယ်ကူစွာ ဝယ်ယူလို့ရအောင် လုပ်ဆောင်ပေးလိမ့်မည် ဖြစ်သည်။


ဒါက လူအများကြား ရေရှည်ဆက်ဆံရေး ဖြစ်သည်။


“ဒီလမုန့်က စျေးမပေါလောက်ဘူး၊ ဟုတ်တယ်မလား။” အမေကျိုးက မေးသည်။


“အစားအသောက်ကူပွန်အချို့ သုံးလိုက်တယ်။ တခြားသူတွေလောက် စျေးမကြီးဘူး။” လင်းချင်းဟယ်သည် လုပ်စရာရှိတဲ့ အလုပ်တွေကို လုပ်ကိုင်နေရင်း ပြန်ဖြေသည်။


အမေကျိုးသည် ပြောင်းဖူးမှုန့်မုန့်ညက်ကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။ လင်းချင်းဟယ်က အသင့်ပြင်ပြီးသား ပြောင်းဖူးမန်ထိုတွေကို အိုးထဲထည့်၍ ပေါင်းဖို့သာ လိုအပ်သည်။ သူမသည် မနေ့က ကျိုးတုန်း ယူလာပေးသည့် ငါးရှဥ့်တွေကို ကိုင်တွယ်လိုက်ပြီး ဟင်းရွက်ချဥ်တွေနဲ့ ရောကြော်ဖို့ ပြင်ဆင်သည်။


ငါးရှဥ့်နှင့် ဟင်းရွက်ချဥ်ဟင်းလျာထဲ ဂျင်းလေး နည်းနည်းလောက် ထပ်ထည့်သည်။ ဟင်းရည်က ပိုပြစ်လာပြီး အဖြူရောင်သမ်းလာသည်။ အချိုအရသာကတော့ ကဲလှပေမည်။ အထူးသဖြင့် ကလေးတွေက ဒီဟင်းလျာကို ပိုကြိုက်ကြသည်။


ထို့နောက် ကြက်ဥနှင့် သခွားသီးကို ရောကြော်လိုက်သည်။ ညစာကတော့ ဤသို့ပင် ပြင်ဆင်ပြီးသွားပြီ။


ယေဘုယျအားဖြင့် အဓိကဟင်းလျာကတော့ ကြက်ဥနှင့် သခွားသီးမွှေကြော်ပင် ဖြစ်သည်။ ကြက်ဥတွေကတော့ လေး ငါးလုံးလောက် ထည့်လိုက်ရင် လုံလောက်ပြီ ဖြစ်ကာ ကြော်လိုက်တာနဲ့ ရနံ့မွှေးကြိုင်လှသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ကို ဝက်ဆီဖြင့် ကြော်ထားခြင်းကြောင့် ဖြစ်သည်။


ဝက်ဆီကို အသုံးပြုခြင်းနှင့် ပတ်သက်၍ လင်းချင်းဟယ်နှင့် အမေကျိုးတို့ဟာ အမြင်မတူကြပေ။


လင်းချင်းဟယ်သည် ဟင်းလျာချက်ပြုတ်တိုင်း တစ်ဇွန်းအပြည့် အသုံးပြုကာ အမေကျိုးသည် ထိုသို့ အသုံးပြုတာကို မြင်ချိန်တိုင်း သူမ နှလုံးသားလေး နာကျင်သွားသလို ခံစားရသည်။ သူမရဲ့ အပြောအရ၊ လင်းချင်းဟယ် တစ်ခါသုံးဖြင့် ဆီဇွန်းအပြည့်သည် ဟင်းလျာ လေး ငါးပွဲလောက် ချက်ပြုတ်နိုင်သည်ဟု ဆိုသည်။


ဒါပေမယ့် အချိန်တွေ ကြာလာတော့ အမေကျိုးသည်လည်း ဒါကို မြင်ရတာ ရိုးသွားခဲ့ပြီ။


သူမသာ ဝင်ရောက်စွက်ဖက်မယ်ဆိုရင် သူမရဲ့ ချွေးမဖြစ်သူက သူတို့လူအိုကြီးလင်မယားကို ကိုယ်တိုင် ချက်ပြုတ်စားဖို့ ပြောလိမ့်မည်။


ဒါပေမယ့် ရှေးလူကြီးတွေ အဆိုအရ ချွေတာသုံးစွဲခြင်းမှ ဇိမ်ကျကျသုံးစွဲခြင်းကို ပြောင်းလဲရ လွယ်ကူသော်လည်း ဇိမ်ကျကျသုံးစွဲရာမှနေ ချွေတာသုံးစွဲခြင်းသို့ ပြောင်းလဲရတာ မလွယ်ကူလှပေ။


အခု သူမသည် စတုတ္ထရဲ့ ဇနီးသည် ချက်ပြုတ်ကျွေးမွေးသော အစားအသောက်များကို စားသောက်ပြီးတော့ အခု သူတို့ကို သူတို့ကိုယ်တိုင် ချက်ပြုတ်စားဖို့ ပြောရင် သူမ အသားကျနိုင်တော့မည် မဟုတ်ပေ။


လင်းချင်းဟယ်သည် ဟင်းလျာနှစ်ပွဲကို ပြင်ဆင်ချက်ပြုတ်ပြီးတော့ စားပွဲပေါ်တွင် ခင်းကျင်းလိုက်ချိန်တွင် အဖေကျိုးနှင့် ကျိုးချင်းပိုင်တို့ ပြန်ရောက်လာကြသည်။ ကလေးသုံးယောက်သားလည်း အတူတကွ အိမ်ပြန်‌ရောက်လာကြသည်။ ကောင်စုတ်လေး သုံးကောင်ကတော့ ထုံးစံအတိုင်း ညစ်ပတ်ပေရေနေခဲ့ကြသည်။


အခြေခံအားဖြင့် နွေရာသီတွင် ဤသို့ ဖြစ်လေ့ရှိသော်လည်း သန့်သန့်ရှင်းရှင်း နေနိုင်သော အခိုက်အတန့် မဟုတ်ပေ။