အခန်း ၁၅၄
Viewers 38k

အခန်း (၁၅၄) - လမုန့်


“အမေ၊ အမေ သားကို တောင်းပန်နေတာလား။” လောင်စန်းက သူ့မိခင်ကို ဗလာအကြည့်ဖြင့် ကြည့်လိုက်သည်။


“အမေ အမှား လုပ်မိရင်၊ အမေလည်း သေချာပေါက် တောင်းပန်ဖို့ လိုအပ်တယ်။ အရွယ်ရောက်ပြီး လူကြီးဖြစ်ဖြစ် ကလေးဖြစ်ဖြစ် အမှား လုပ်ထားရင် တောင်းပန်ရမှာပဲ။ အမှားလုပ်ထားမိသရွေ့ ကိုယ့်အမှားကို ကိုယ် ဝန်ခံရဲတဲ့ သတ္တိရှိရမယ်၊ တောင်းပန်တတ်ရမယ်။” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်ပါသည်။

 

“ဒါဆိုရင်လည်း သား အမေ့ကို ခွင့်လွှတ်ပါတယ်။” လောင်စန်းလေးက သူ့မိခင်ကို တောက်ပတဲ့ မျက်ဝန်းလေးတွေဖြင့် ကြည့်ကာ စကားဆိုလိုက်သည်။


“ဒါဆို ကျေးဇူးပါ၊ လောင်စန်းလေး။” လင်းချင်းဟယ်က သူ့ကိုကြည့်ကာ “သား နွားနို့ သောက်ရတာ မကြိုက်ဘူးဆိုရင် မသောက်နဲ့တော့။” လို့ ပြောလိုက်သည်။


“တကယ်လား။” လောင်စန်းလေးရဲ့ မျက်လုံးတွေက တောက်ပသွားသည်။


“တကယ်ပေါ့။” လင်းချင်းဟယ်က အတည်ပြုပေးသည်။


“သား နွားနို့ မသောက်ချင်ပေမယ့် သား နွားနို့မန်ထိုကိုတော့ စားချင်တယ်။” လောင်စန်းက သူ့မိခင်ကို ကြည့်ရင်း ပြောလာသည်။


“ရတယ်” လင်းချင်းဟယ်က နွားနို့မန်ထိုကို သူ့ကို ပညာပေးဖို့ တမင်တကာ ပြုလုပ်ခဲ့တာဖြစ်ပြီး သူက တကယ်ပဲ နွားနို့မန်ထိုကို လိုချင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

 

လောင်စန်းတစ်ယောက် ဝမ်းသာရွှင်မြူးသွားသည်။


သူက သူ့မိခင်နား တစ်နေကုန် ကပ်နေခဲ့ပြီး အပြင်ကိုတောင် ထွက်မကစားဘူး။


နောက်နေ့မနက်မှာတော့ လင်းချင်းဟယ်က နွားနို့ကျိုပြီးနောက် တစ်စုံတစ်ယောက်ရဲ့ ဝေစုထဲ သကြားနည်းနည်း ထည့်ပေးလိုက်သည်။


“အမေ၊ အမေပြောတော့ သားကို အတင်းမတိုက်ဘူးဆို။” လောင်စန်းလေးက သူ့ရှေ့မှ နွားနို့ကို ခါးသီးစွာ စိုက်ကြည့်ပြီး သူ့မိခင်ကိုပါ စူးစူးဝါးဝါး ကြည့်လိုက်သည်။


“မြည်းကြည့်ပါဦး။” လင်းချင်းဟယ်က သူ့ကို ဇွန်းဖြင့် ခွံလိုက်သည်။


လောင်စန်းက သူ့မိခင်ကို ကြည့်ပြီး သောက်ကြည့်လိုက်သည်။ နောက်တော့ သူက အံ့အားတကြီး မျက်တောင်ခတ်ကာ “ချိုနေတာလား။”


“အမေ သားအတွက် သကြားနည်းနည်း ထည့်ပေးထားတယ်။ သား အခုလိုဆို သောက်ချင်လား။ သား မသောက်ဘူးဆိုရင် အမေ သားအဖေကို ပေးလိုက်မယ်။” လင်းချင်းဟယ်က ပြောသည်။

 

“သား သောက်ပါ့မယ်၊ သား တခြားသူကို မပေးတော့ဘူး။” လောင်စန်းက အလျင်စလို ပြောလိုက်သည်။


လင်းချင်းဟယ်က သူ့လက်ထဲ ဇွန်းပေးလိုက်ပြီး လောင်စန်းက သူ့ဖာသာသူ နွားနို့ကို သောက်ခဲ့သည်။


ချိုတယ်လို့သာ ပြောလို့ရပြီး အရမ်းကြီး ချိုနေတာမျိုးတော့ မဟုတ်ဘူး။ သကြားခဲ အနည်းငယ်ကိုသာ ထည့်ပေးထားသည့်တိုင် အချိုအရသာလေး ရရှိနေသေးသည်။ ထိုကဲ့သို့ ချိုမြမြ အရသာလေးကပင် အရမ်း အရသာရှိနေခဲ့ပြီ။


လောင်စန်းက ချက်ချင်းဆိုသလိုပင် နွားနို့ သောက်ရတာ သဘောကျသွားသည်။ မန်ထိုကို နွားနို့နှင့် တွဲဖက်စားသုံးရတာ အရမ်းစိတ်ကျေနပ်ဖို့ ကောင်းတယ်။ အရင်က မလိုလားခဲ့တဲ့ ခါးသီးမှုတွေ အခု ဘယ်ရောက်သွားမှန်းကိုပါ မသိတော့ဘူး။

 

သူ့ကို ဒီလို မြင်တော့၊ လင်းချင်းဟယ်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ သူမအတွေးထဲဝယ် နင် ငါ့ထက် ငယ်ပါသေးတယ်၊ ကောင်စုတ်လေးရယ်၊ နားလိုက်စမ်းပါ၊ ဟင်းဟင်း...


“အမေ၊ သားလည်း သကြားနည်းနည်းလောက် လိုချင်တယ်” လောင်အာ့က မနာလိုစွာ ပြောသည်။


“လောင်စန်းက သွားပိုးစားမှာ မကြောက်ဘူး။ သူ့လို သွားပိုးစားချင်ရင် ငါ နင့်နွားနို့ထဲ သကြား ထည့်ပေးလို့ရတယ်။” လင်းချင်းဟယ်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။


လောင်အာ့သည် သွားပိုးစားတာကို တကယ် မကြောက်ဘူးလို့ သူ့စိတ်ထဲမှာ အော်ဟစ်နေခဲ့သော်လည်း သူ့မိခင်ရဲ့ အကြည့်စူးစူးကြောင့် သူ ဆက်ပြောနေမယ်ဆိုလျှင် နွားနို့ပင် သောက်ရ‌တော့မှာ မဟုတ်ကြောင်းကို သူ နားလည်လိုက်သည်။


ဒါ့ကြောင့် သူက သူ့ဝေစုနွားနို့ကို လိမ်လိမ်မာမာ ထိုင်သောက်ခဲ့သည်။


နွားနို့စစ်စစ်သည် နွားနို့ချို အဖြစ်သို့ ပြောင်းလဲသွားသဖြင့် လောင်စန်းက ဒါကို သောက်ရတာ သဘောကျသည်။ နွားနို့ ပန်းကန်တစ်ဝက်ခန့် သောက်သုံးပြီးနောက် အနည်းငယ် မကျေနပ်သေးပေ။


လင်းချင်းဟယ်က သူ့ကို အာရုံမစိုက်တာကြောင့် နောက်ဆုံးတွင် သူ နွားနို့အကုန်လုံး သောက်ခဲ့သည်။


အဖေကျိုးနှင့် အမေကျိုးသည် နောက်ဆုံး၌ စတုတ္ထရဲ့ ဇနီးသည်၏ တစ်ဖက်ခြမ်းကို မြင်တွေ့ခဲ့ရသည်။


သူမသည် တင်းကြပ်လွန်းပုံပေါ်ပေမယ့် သူမက ကလေးတွေကို အမှန်တကယ် အလိုလိုက်တာပဲ။ သူတို့က နွားနို့စစ်စစ်ကို ဒီအတိုင်း သောက်ရတာ မကြိုက်တော့ သူမက နွားနို့ထဲ သကြားထပ်ပေးခဲ့သည်။ ရွာထဲမှ တခြားကလေးတွေဆို နွားနို့အရသာကိုတောင် မမြည်းစမ်းဖူးကြဘူး။


ဒီနေ့ အိမ်မှာ စားရတာကတော့ ပြောင်းမှုန့်မန်ထိုပင်။ အစကတည်းက နွားနို့က သိပ်အများကြီး ရှိတာ မဟုတ်ဘူး။ သူတို့မှာ နွားနို့ရှိပေမယ့် လူအကုန် စားလို့ရတဲ့ ပမာဏမျိုး မဟုတ်ဘူး။ လင်းချင်းဟယ်က သူမ ကလေးတွေအတွက် နွားနို့ဝယ်ပေးတာ ဖြစ်သောကြောင့် ဒါကို အသုံးပြုချင်စိတ် မရှိဘူး။


အဖေကျိုးနှင့် အမေကျိုးတို့အပေါ် သူမက မသိတတ်ဘူးလို့ မပြောပါနဲ့။ သူမနှင့် ကျိုးချင်းပိုင်တို့အတွက်တောင် ဝေစုတစ်ခု မရှိဘူး။


ပြီးခဲ့သည့် နွေစပါးရိတ်သိမ်းချိန် ပြီးနောက် သိပ်မကြာခင်မှာပင် ဆောင်းလလယ်ပွဲတော်သို့ ရောက်ရှိခဲ့ပြီ။


နောက်ဆုံးအကြိမ် နွေစပါးရိတ်သိမ်းချိန်ပြီးနောက် လင်းချင်းဟယ်သည် ကောက်နှံအများအပြား ရောင်းချနိုင်ခဲ့သည်။ အမေကျိုးသည်လည်း သူမကို ဒီအကြောင်း နည်းနည်း မေးမြန်းခဲ့သည်။ လင်းချင်းဟယ်က အမေကျိုးကို အသားကူပွန်တွေအတွက် တစ်စုံတစ်ယောက်နှင့် လဲလှယ်လိုက်ကြောင်း ပြောပြခဲ့သည်။


အမေကျိုးသည် သူမ ကောက်နှံတွေဖြင့် တရားမဝင် လဲလှယ်တာကို သဘောပေါက်သည်။ သူမသည် သတိထား လုပ်ကိုင်ဖို့ သတိပေးရုံမှတပး အခြား ဘာမှ မပြောခဲ့ပေ။


အမေကျိုးက နားမလည် သဘောမပေါက်တာမျိုး မဟုတ်ဘူး။ အဆုံး၌ အိမ်မှာ အသား အမြဲတစေ ရှိနေခဲ့သည်။ ပြီးတော့ ဒီခေတ်ဒီအခါမှာ အသားဝယ်ယူရတာ လွယ်လို့လား။


ဒါ့ကြောင့် သူမသည် ထိုအကြောင်းပြချက်ကို လွယ်လင့်တကူ ထုတ်ဖော် ပြောခဲ့တာ ဖြစ်သည်။


တခြား ဘာမှ မမေးမြန်းတော့သည့်အတွက် လင်းချင်းဟယ်ဟာ ကောက်နှံ ကျင်း ၅၀၀ကျော် ရောင်းချပြီး အတော်လေး ဝင်ငွေကောင်းခဲ့သည်။


ဒီခေတ်ဒီအခါမှာ အစားအသောက်တွေက ရောင်းချရ အရမ်းလွယ်ကူတာမို့ ဘယ်သူမှ မလိုချင်မှာကို စိတ်ပူစရာ မလိုဘူး။


လင်းချင်းဟယ်သည် သူမဖာသာသူမ ကောက်နှံ ကျင်း ၃၀၀ကျော် စုဆောင်းရရှိခဲ့ပြီး နောက်ထပ် ကျင်း ၂၀၀ကိုမူ တတိယမောင်လေးလင်းကို သူမအတွက် စုဆောင်းခိုင်းစေခဲ့တာ ဖြစ်ပြီး သီးသန့်ခွဲထုတ်ပြီး အပြင်သို့ သယ်ဆောင်သွားခဲ့သည်။


တတိယမောင်လေးလင်းသည် သူ့အစ်မမှာ စားနပ်ရိက္ခာ မလုံလောက်တော့ဘူးလို့ ထင်တဲ့အတွက် သူ့ကို သူမက ရွာမှာ ကောက်နှံအချို့ ဝယ်ယူခိုင်းခဲ့တာကို သိပ်အများကြီး မတွေးခဲ့ဘူး။


သူ့ကို ကောက်နှံဝယ်ခိုင်းဖို့ အကူအညီတောင်းတာနဲ့ သူက ဝယ်ပေးလိုက်တာပင်။ ဘာအတွက်ကြောင့် ဘာအကြောင်းကြောင့်လဲလို့ သူက မေးခွန်း ထုတ်မနေဘူး။


တတိယယောင်းမလင်းသည်လည်း သိချင်စိတ် ဖြစ်ပေမယ့် သူမက ဘာမှ မပြောပေ။


သူမတို့မိသားစုအတွက် တတိယအစ်မရဲ့ ကူညီစောင်မမှုကို သူမ တစ်သက်လုံး အမှတ်ရနေမှာ ဖြစ်သည်။

 

တတိယအစ်မကြောင့်သာ မဟုတ်လျှင် သူမနှင့် သူမ သမီးသုံးယောက်ဟာ လင်းအိမ်ဟောင်းမှာ အခုထိ ခိုကပ်နေရမှာဖြစ်ပြီး ငြူစူခံနေရမှာ ဖြစ်သည်။ သူမတို့ ယခုလို ရိုးရှင်းစွာ ရုန်းထွက်ဖို့က ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။


အပြင်ကို ထွက်သွားပြီးနောက် သူမခေါင်းထက်မှ ကောင်းကင်ယံဟာ တကယ့်ကို ကြည်လင်တောက်ပနေတယ်လို့ သူမ ခံစားလိုက်ရသည်။


တတိယမောင်လေးလင်းရဲ့ အကူအညီဖြင့် လင်းချင်းဟယ်သည် သဘာဝအတိုင်း ပိုက်ဆံ ပိုရှာနိုင်ခဲ့သည်။


မှောင်ခိုစျေးကွက်တွင် ကောက်နှံ တစ်ကျင်းလျှင် ၁၅ပြား ပေါက်စျေး ရှိသည်။ ကောက်နှံတွေကို အစားအသောက်ကူပွန်တွေ မရှိရင် ငွေကြေးဖြင့် ဝယ်ယူနိုင်သည်။


တစ်ကျင်းလျှင် ၁၅ပြား၊ ၁၀ကျင်းလျှင် ၁ယွမ် ပြား၅၀၊ ဆိုလိုသည်က ကျင်း ၁၀၀လျှင် ၁၅ယွမ် ရရှိသည်။ ကျင်း ၅၀၀ ရောင်းချခဲ့တာကြောင့် လင်းချင်းဟယ်သည် ဒီတစ်ကြိမ် နွေစပါး ရိတ်သိမ်းချိန်တွင် ယွမ် ၈၀နီးပါး ရရှိခဲ့သည်။


ပြီးတော့ ဒါက နွေစပါးရိတ်သိမ်းချိန် တစ်ခုတည်း အတွက်သာ ဖြစ်သည်။ ဆောင်းစပါးရိတ်သိမ်းချိန် ရောက်ပြီး ကောက်နှံတွေ ရိတ်သိမ်းပြီးလျှင် ကောက်နှံတွေကို ထပ်မံ စုဆောင်နိုင်ပေဦးမည်။


သို့ရာတွင် ဒီနှစ် နွေစပါးရိတ်သိမ်းအတွင်း လင်းချင်းဟယ်သည် စွန့်စွန်းစားစား လုပ်ကိုင်ခဲ့သည်။ ယခင်နှစ်တွေက သူမသည် ကျင်း ၂၀၀ခန့်အထိ စုဆောင်းပြီးတာနဲ့ ရပ်တန့်ခဲ့သည်။


ဆောင်းလလယ်ပွဲတော်သည် သြဂုတ်လအတွင်း ဖြစ်ကာ လင်းချင်းဟယ်သည် လမုန့်တွေ ဝယ်လို့ ရ မရ ကြည့်ရန် မြို့ပေါ် တက်လာခဲ့သည်။


သို့ရာတွင် ဒီခေတ်ဒီအခါမှာ လမုန့်တွေဟာ ဝယ်လိုအားနှင့် ရောင်းလိုအား သမဝါယမအသင်းမှာပင် အတော်လေး ရှားပါးပြီး အရသာကလည်း အကောင်းကြီး မဟုတ်သည့်အတွက် လင်းချင်းဟယ်က ဒီအရသာမျိုးကို လက်မခံနိုင်သည့်အတွက် မဝယ်ယူတော့ပေ။


ဒီခေတ်ဒီအခါက လမုန့်အရသာက နောက်ပိုင်း မျိုးဆက်သစ် လမုန့် လက်ရာတွေနှင့် မယှဥ်နိုင်ဘူး။


ဒါပေမယ့် ဒီခေတ်ဒီအခါက လူတွေရဲ့ ဒီလမုန့်တွေကို လိုချင်မက်မောတဲ့ စိတ်ဆန္ဒကို တားဆီးလို့မရဘူး။ အိမ်က ကောင်လေးတွေကလည်း ဒီလမုန့်တွေ စားရတာ ကြိုက်ကြသည်။


လင်းချင်းဟယ်သည် သွားကြည့်ပြီးနောက် မဝယ်ယူလာခဲ့ပေ။


အရောင်းဝန်ထမ်းရဲ့ နာမည်မှာ ရှန်းယွီဖြစ်ပြီး သူမ နောက်ဆုံးအကြိမ် သမဝါယမအသင်းမှာ စျေးဝယ်ယူခဲ့တုန်းက တွေ့ရှိခဲ့သည့် မိန်းကလေး ဖြစ်သည့်အပြင် သူမခင်ပွန်းသည်ရဲ့ လုပ်ဖောင်ကိုင်ဖက်တစ်ဦးနှင့် ရှန်းယွီကို မိတ်ဆက်ပေးဖို့ ကူညီပေးမယ်လို့ သူမ ပြောခဲ့သည့် မိန်းကလေးပင် ဖြစ်သည်။ သူမသည် လင်းချင်းဟယ်ကို အထဲသို့ လှမ်းခေါ်ပြီး စကားပြောသည်။

 

ထို့နောက် သူမသည် လင်းချင်းဟယ်ကို လမုန့် ၁ကျင်း ပေးခဲ့သည်၊ “ငါ ဒါကို ငါ့အတွက် သိမ်းထားတာ။ တကယ်လို့ နင် လိုချင်တယ်ဆိုရင်၊ ငါ နင့်ကို ပေးလိုက်မယ်။”


“နင့်အတွက်ပဲ သိမ်းထားလိုက်ပါဟယ်၊ ငါ နင့်လမုန့်တွေကို တကယ် မယူနိုင်ဘူး။ ပြန်သိမ်းထားပြီး နင်ပဲ စားပါဟယ်။” လင်းချင်းဟယ်က အပြုံးလေးဖြင့် ‌ပြောလိုက်သည်။


“ငါ့မှာ ၁ကျင်း ကျန်ပါသေးတယ်။” ရှန်းယွီက ပြုံးရွှင်ကာ ပြန်ဖြေသည်။


လင်းချင်းဟယ်သည် ဒါက ဌာနအတွင်းပိုင်း လုပ်ပိုင်ခွင့်မှန်း နားလည်သဘောပေါက်သည်။


သူမတို့ နောက်ဆုံးအကြိမ် တွေ့ခဲ့တုန်းက ရှန်းယွီကို တစ်ယောက်ယောက် မိတ်ဆက်ပေးဖို့ ကူညီပေးမယ်ဟု ပြောခဲ့ပြီး သူမသည် ကျိုးချင်းပိုင်ကို သူ့အသိထဲမှ ရှာဖွေခိုင်းခဲ့သည်။ ကျိုးချင်းပိုင်သည် တစ်ယောက်ယောက်ကို မိတ်ဆက်ပေးဖို့ရန် စိတ်မဝင်စားပေမယ့် သူ့ဇနီးသည်က တောင်းဆိုလာသောကြောင့် သူ့ရဲဘော်ဟောင်းကို လက်ထပ်ထိမ်းမြားလိုသည့် တစ်ယောက်ယောက် ရှိ မရှိ မေးမြန်းခဲ့သည်။


သူ့ရဲဘော်ဟောင်းက လက်ထပ်ထိမ်းမြားပြီးသား ဖြစ်‌သော်လည်း သူ့လက်အောက်တွင် လက်မထပ်ရသေးသူ အများကြီး ရှိသည်။


ဒီလိုနဲ့ လင်းချင်းဟယ်သည် ရက်တစ်ရက်လောက် စီစဥ်ခဲ့ပြီး သူ့ကို ရှန်းယွီနှင့် မိတ်ဆက်ပေးခဲ့သည်။ လူငယ်လေးက ရဲဌာနတွင် အလုပ်လုပ်ကိုင်သည်။ သူက အရမ်းငယ်ပြီး ကြည့်ကောင်းသည်။ လက်ရှိမှာ သူတို့နှစ်ယောက်စလုံး အတော်လေး အဆင်ပြေနေခဲ့ကြသည်။ ရှန်းယွီက သူမကို တွဲဖက်ကောင်းတစ်ယောက်ဖြင့် အောင်သွယ်ပေးခဲ့သည့် လင်းချင်းဟယ်ကို သဘာဝကျကျပင် ကျေးဇူးအထူးတင်နေခဲ့သည်။


သူမသည် လင်းချင်းဟယ်ကို နောက်ဆုံးအကြိမ် တွေ့ဆုံတုန်းက စာအိတ်အနီရောင်ကို လက်ဆောင်ပေးခဲ့ပေမယ့် လင်းချင်းဟယ်က ဒါကို လက်မခံပဲ သူတို့ဖာသာသူတို့ သုံးစွဲဖို့ ပြန်ပေးခဲ့သည်။


သို့ရာတွင် ရှန်းယွီက လင်းချင်းဟယ်ကို ကျေးဇူးဆပ်ရန် လိုအပ်တယ်လို့ အမြဲတမ်း ခံစားခဲ့ရသည်။ လင်းချင်းဟယ်တစ်ယောက် သမဝါယမအသင်းဆီသို့ လာသည့်အချိန်တိုင်း သူမတို့ထံမှာ မရှိလျှင်ပင် သူမရဲ့အဆက်အသွယ်တွေကို သုံးပြီး လင်းချင်းဟယ် လိုချင်တာကို ရှာပေးခဲ့သည်။


ဒီလမုန့်တွေက အဲ့ဒီထဲက တစ်ခုပါပဲ။


လင်းချင်းဟယ်သည် သူမ ပြောတာကို ကြားပြီးနောက် ရှက်သလို ရွံ့သလို လုပ်မနေပဲ လက်ခံလိုက်သည်။


လင်းချင်းဟယ်က ဒါကို ယူလိုက်တာကို မြင်တော့ တခြားသူတွေက မကျေမနပ် ဖြစ်ကြသည်၊ “သူမက နောက်ကျမှ လာပြီး ငါတို့တောင် မရတဲ့ဟာကို သူမက ဘာဖြစ်လို့ ရတာလဲ။”

 

“အိုး... အစ်ကိုကြီးရေ၊ ကျွန်မကို အပြစ်မပြောပါနဲ့ဦး။ ကျွန်မ ဒါကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်ကတည်းက ကြိုတင်မှာယူထားခဲ့တာ။ ကျွန်မ အိမ်ပြန်ရောက်တဲ့အခါ ကလေးတွေကို ချော့မြူဖို့ ဒီလမုန့်လေးတွေကို မျှော်နေရတာ ကြာလှပေါ့။” လင်းချင်းဟယ်က ရှင်းပြသည်။