အခန်း ၁၆၃
Viewers 43k

အခန်း (၁၆၃) - တူညီသော တွေးခေါ်မှုမျိုး မရှိခြင်း


တတိယမောင်လေးလင်းက ပြုံးပြီး ခေါင်းညိတ်သည်။ လင်းချင်းဟယ်သည် သူ့အား မကြာခဏ ကလေးမမွေးရန်အတွက် ဖျောင်းဖျရန် စိတ်ထဲ တွေးမိလိုက်သော်လည်း ထိုအတွေးကို မေ့ပစ်ရန် ဆုံးဖြတ်လိုက်သည်။ 


သူမက အစ်မကြီးဖြစ်ရင်တောင်မှ တစ်ချို့အရာများကိုမူ ပြောရန် မသင့်တော်ပေ။ 


ထို့အပြင် သူမသည် သမီးသုံးယောက်အား အစဉ်လိုက်မွေးဖွားထားသည့် တတိယယောက်မလင်း၏ အတွေ့အကြုံကို သူမကိုယ်တိုင် အမှန်တကယ် မခံစားဖူးပေ။ ထို့ကြောင့် စကားနည်းနည်းသာ ပြောပြီး လင်မယားနှစ်ယောက်ကို သူတို့ဘာသာ ဆုံးဖြတ်ခွင့်ပေးလိုက်တာက ပိုကောင်းသည်။ 


မျှော်လင့်ထားသည့်အတိုင်း လင်းချင်းဟယ်သည် သူမ၏မောင်လေးနှင့် တူမနှစ်ယောက်ကို ဧည့်ခံကျွေးမွေးခဲ့သည်။ သူမသည် သူတို့အားလုံးကို အပြုံးပန်းများစွာဖြင့် အိမ်ပြန်စေခဲ့သည်။ 


နှစ်သစ်၏ ဒုတိယမြောက်နေ့တွင် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ကောင်လေးများကို မြို့ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။ 


ယခင်နှစ်များကဲ့သို့ပင် ကောင်လေးများကို စားကြသောက်ကြရန်နှင့် ဆော့ကစားပျော်ပါးရန် အပြင်သို့ ခေါ်သွားကြသည်။ 


သူတို့သည် ကျိုးရှောင်မိန်ထံသို့ သွားရောက်လည်ပတ်ကြမည်မှာလည်း အသေအချာပင် ဖြစ်သည်။ 


ကျိုးရှောင်မိန်သည် ကိုယ်ဝန်ရှိနေပြီး သူမ၏အသားအရည်က သိသာထင်ရှားစွာ ကြည့်ကောင်းနေသည်။ သူမသည် ကောက်ညှင်းထုပ်ကဲ့သို့ ပြည့်ဖောင်းဖောင်းလေး ဖြစ်နေသည်။ 


သူမကို မြင်သောအခါ လင်းချင်းဟယ်သည် အလွန် စိတ်လှုပ်ရှား ထိခိုက်ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သူမ(လင်းချင်းဟယ်)သည် သူမကဲ့သို့ ကလေးမမွေးရတော့ပေ။ သူမ သိရသမျှတော့ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးသည့် အမျိုးသမီးတိုင်းသည် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတတ်ကြသည်။ 


ဤခေတ်မှာဆိုလျှင် ပို၍ ပြင်းထန်ဆိုးရွားစွာ ယိုယွင်းပျက်စီးလိမ့်မည်။ 


လင်းချင်းဟယ်၏ ခန္ဓာကိုယ်သည် မူလက သာမန်မျှသာ ဖြစ်သည်။ သူမ ရောက်လာပြီးနောက်ပိုင်း၌ သူမသည် ကြားဝင်စေ့စပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ကောင်းစွာ အာရုံစိုက်ထားသဖြင့် သူမ၏ ခန္ဓာကိုယ်သည် အများကြီး ပြောင်းလဲသွားခြင်း မရှိပေ။ 


“သူက သူ့မိဘတွေကို အရင်းအနှီးဆုံးပဲ။” လင်းချင်းဟယ်သည် စုချန်လေးကို ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။ 


သူ့ကို သူ့အဖွားက ဆုံးမသွန်သင်ကာ ကျွေးမွေးစောင့်ရှောက်ပေးထားသော်လည်း သူ၏ မွေးမိဘများလောက်တော့ အဆင်မပြေပေ။ ရက်အနည်းငယ်သာ ရှိသေးပေမယ့် အကျွမ်းတဝင် မရှိခြင်းကို အနည်းငယ်မျှပင် မမြင်ရပေ။ သူသည် လင်းချင်းဟယ်နှင့် သူမ၏သားများကို မှတ်မိနေသေးသော်လည်း သူတို့နှင့် အနည်းငယ် ခပ်တန်းတန်း ဖြစ်နေခဲ့သည်။ 


ဒါပေမယ့် နောက်ဆုံးမှာတော့ ကလေးက ကလေးပါပဲ။ အချိန်အတန်ကြာ ကစားပြီးနောက်တွင် သူတို့သည် ရှေ့ကနှင့်မတူစွာ အဆင်ပြေသွားကြသည်။ 


တခြားဘာမှ စိတ်ပူစရာ မရှိတော့ပါဘူး။ စုတာ့လင်းသည် ကျိုးရှောင်မိန်ကို အံသြစရာ ကောင်းလောက်သည့်အထိ ဂရုစိုက်ပေးသည်မှာ သိသာထင်ရှားသောကြောင့် မည်သူမျှ အသေးစိတ် ပြောနေစရာ မလိုတော့ပေ။ 


“ဒီလို နှင်းတွေကျတဲ့ ရာသီဥတုမှာ နင် သတိထားဂရုစိုက်ရမယ်။” လင်းချင်းဟယ်က သတိပေးသည်။ 


“အင်း… သိတယ်။” ကျိုးရှောင်မိန်က အနည်းငယ် စိတ်တိုဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ 


သူမသည် လင်းချင်းဟယ်နှင့် သီးသန့်စကားပြောရန် ဝင်လာခဲ့သည်။ သူမက ပြောလိုက်သည်။ “စတုတ္ထမရီး… ခုတစ်ယောက်က ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဒီကလေးကို မွေးပြီးရင် နောက်ထပ်မွေးဖို့ အစီအစဉ်မရှိတော့ဘူး။”


“နှစ်ယောက်ဆို ပြည့်စုံပြီ။” လင်းချင်းဟယ်က ထိုကိစ္စနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှု မရှိဘဲ ပြောလိုက်သည်။ “နင့်အမေရဲ့သဘောထားကိုလည်း ထည့်သွင်းစဉ်းစားကြည့်လေ။ သူမစကားကို အချိန်တိုင်း နင် နားထောင်နေစရာမလိုဘူး။ နင့်ဘဝနင် ရှင်သန်နေထိုင်ဖို့အတွက် နင်တို့နှစ်ယောက်ရဲ့ ဆန္ဒတွေကိုပဲ အဓိကထားပြီး အာရုံစိုက်စဉ်းစားပေါ့။”


“တာ့လင်းက နောက်တစ်ယောက် လိုချင်နေတာ သိတယ်။ ဒါကြောင့် ဒီကလေးကို မွေးဖို့ဆန္ဒရှိခဲ့တာ။ ဒါပေမယ့် ဒါပြီးရင် နောက်ထပ်တစ်ယောက် ထပ်ယူဖို့ မစဉ်းစားထားဘူး။” ကျိုးရှောင်မိန်က ပြောသည်။ 


စုတာ့လင်းသည် စုမိသားစု၏ တစ်ဦးတည်းသောသား ဖြစ်သည်။ ထိုအချိန်မှစ၍ သူသည် အမြဲတမ်း အထီးကျန်နေခဲ့သည်။ သားတစ်ယောက်တည်းက အမှန်ပင် အဖော်ကင်းမဲ့နေသဖြင့် သားတစ်ယောက် ထပ်ရခြင်းက အဆင်ပြေသည်။ 


တကယ်တော့ ဒီခေတ်၌ ကလေးနှစ်ယောက်တည်းသာ ရှိသော မိသားစုက အများကြီး မရှိပေ။ ၎င်းက အလွန်နည်းလွန်းပုံပေါ်သည်။ ဘယ်မိသားစုမှာများ သားသမီး လေးငါးယောက် မရှိသနည်း။ 


သို့သော်လည်း ကျိုးရှောင်မိန်အတွက်မူ နှစ်ယောက်က များနေပြီဖြစ်သည်။ ထို့အပြင် ကလေးမွေးခြင်းသည် အမှန်တကယ်ပင် အချိန်ကုန်လှသည်။ 


ထို့ကြောင့် ကျိုးရှောင်မိန်က ဒီထက်ထပ်မွေးရန် အစီအစဉ် မရှိပေ။ သူမက သူတို့ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ပေးလျှင် သူမသားက အနာဂါတ်မှာ တခြားသူတွေထက် ပိုဆိုးလိမ့်မည်ဟု မထင်ပေ။ 


တစ်ယောက်တည်းက အခြားမိသားစု၏ လက်တစ်ဆုပ်စာနှင့်လည်း ယှဉ်ပြိုင်နိုင်သည်။ 


“ဒီလိုကိစ္စမျိုးကို နင် မတ်လေးနဲ့ ဆွေးနွေးသင့်တယ်။” လင်းချင်းဟယ်က နောက်ထပ် ဘာမှ ထပ်မပြောတော့ဘူး။ ဒီကိစ္စကို သူတို့လင်မယားသာ တိုင်ပင်ဆွေးနွေးသင့်သည်။ 


မဟုတ်လျှင် အခု သူမ ဝင်စွက်ဖက်လိုက်ပါက စုတာ့လင်းက သူမကို အပြစ်မတင်နိုင်ဘူးလား။ 


ဒီလိုကိစ္စမျိုးတွင် ပါဝင်ပတ်သက်မှု မရှိခြင်းက ဉာဏ်အရှိဆုံးဖြစ်သည်။ 


ထိုနေရာတွင် တစ်နာရီကျော်ကြာအောင် နေပြီးနောက် ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့သည် ကောင်လေးများကို ပြန်ခေါ်သွားခဲ့သည်။ 


စုချန်လေးသည် လောင်စန်းနှင့် ခွဲခွာရန် အထူးတွန့်ဆုတ်နေခဲ့သည်။ အဖွားအိမ်၌ နေထိုင်စဉ်အတွင်း သူသည် လောင်စန်းနှင့်အတူ ကစားရသည်ကို သဘောအကျဆုံးဖြစ်သည်။ လောင်စန်း ထွက်သွားသောအခါ သူသည် ‘ ခိုခို ‘ ဟုခေါ်ကာ အော်ငိုနေသည်။ ( T/N ကလေးက စကားပြောသင်စ ဖြစ်သဖြင့် ကောင်းကောင်းအသံမထွက်နိုင်သေးပေ။ အခြေခံအားဖြင့် ‘ ကိုကို ‘ ဟု ခေါ်ရန် ကြိုးစားနေခြင်း ဖြစ်သည် ) 


အိမ်ပြန်ရောက်ချိန်တွင် လောင်စန်းက သက်ပြင်းတစ်ချက်ချပြီး “သားမှာ ညီလေး ညီမလေးသာ ရှိရင်…“ 


သူသည် အစ်ကိုကြီး ဖြစ်ရသည်ကို အလွန်ကြိုက်ပေမယ့် အစ်ကိုတစ်ယောက်ဖြစ်ရန်အတွက်မူ ကံကြမ္မာအခွင့်အလမ်း မရှိခဲ့ပေ။ သူသည် မိသားစုတွင် အငယ်ဆုံးဖြစ်သည်။ သူ့မှာ ဝမ်းကွဲတွေ ရှိသော်လည်း သူတို့ကို သူ့မိဘတွေက မွေးဖွားထားခြင်း မဟုတ်သည့်အတွက် မတူဘူးဟု အမြဲတမ်း ခံစားရသည်။ 


လင်းချင်းဟယ် : “ … “ 


ကျိုးချင်းပိုင်သည် နောက်ဆုံးတွင် ထိုအကြောင်းအရာကို မပြောတော့ဘဲ ရပ်လိုက်သော်လည်း ဒီကလေးက ရံဖန်ရံခါ ထိုအကြောင်းကို အစပြန်ဖော်တတ်သည်။ 


သေချာတာပေါ့ လင်းချင်းဟယ်သည် သူမခေါင်းကို မော့လိုက်သည်နှင့်တပြိုင်နက် ကျိုးချင်းပိုင်၏ နက်ရှိုင်းသော မျက်လုံးများကို ရင်ဆိုင်တွေ့လိုက်ရသည်။ 


ကောင်းပြီ… သူမ လက်မြှောက်အရှုံးပေးလိုက်ပြီ။ 


“ဒီနေ့ အရမ်းပင်ပန်းတယ်။ ညစာကို ရိုးရိုးရှင်းရှင်းပဲ ချက်စားရအောင်။ ပြီးရင် ကိုယ်လက်ဆေးကြောပြီး အိပ်ရာဝင်ကြတာပေါ့။” လင်းချင်းဟယ်က ခပ်မြန်မြန် ပြောလိုက်သည်။ 


ဒါက ရှောင်လွှဲရန် တကယ် မဖြစ်နိုင်ဘူး။ 


သူတို့အားလုံးသည် အပြင်ထွက်လည်ထားသဖြင့် အမှန်တကယ်ပင် ပင်ပန်းနေခဲ့ကြသည်။ ထို့ကြောင့် ကိုယ်လက်ဆေးကြောပြီးတာနဲ့ မိသားစုသည် အိပ်ရာဝင်သွားကြသည်။ 


ကျိုးချင်းပိုင်သည် သူမနှင့် ဆက်ပြီး မလူးလှိမ့်တော့ပေ။ 


နှစ်စဉ်နှစ်တိုင်း နှစ်သစ်၏ ဒုတိယနေ့တွင် သူမတို့မိသားစုက မြို့သို့သွားကာ ဆော့ကစား လည်ပတ်ကြခြင်းသည် ဓလေ့တစ်ခုပင် ဖြစ်နေပြီ။ 


ရွာသူရွာသားများ၏ အမြင်တွင် ထိုအရာက အလွန်ဖြုန်းတီးရာကျပြီး အလဟဿ ဖြစ်လွန်းနေသည်။ သူတို့သည် ကျိုးချင်းပိုင်ကို မယုံနိုင်ဖြစ်နေကြသည်။ သူသည် တစ်ခြားသော ကိစ္စများတွင် အိမ်ထောင်ဦးစီးတစ်ယောက်၏ စိတ်ဓာတ်မျိုး ရှိသော်လည်း သူသည် သူ့ဇနီး၏ကိစ္စများ သို့မဟုတ် သူမကြောင့် သူတို့၏ ဘဝနေထိုင်မှုပုံစံ ဘယ်လိုမျိုး အဆုံးသတ်မည် စသည့်ကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ 


မျက်စိတစ်မှိတ်အတွင်း၌ပင် လောင်တသည် အသက်ကိုးနှစ် ပြည့်သွားခဲ့သည်။ ပြည်သူပြည်သားများသည် အသက်ဆယ့်ငါးနှစ်တွင် အိမ်ထောင်ပြုရန် စတင်စဉ်းစားကြသည်။ အများစုသည် အသက်ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်တွင် လက်ထပ်ကြသည်။ အခု ရေတွက်ကြည့်လျှင် ဘယ်နှစ်နှစ်သာ ကျန်ရှိတော့မည်နည်း။ 


မျက်စိတစ်မှိတ်အတွင်းမှာ အချိန်တွေ ကုန်လွန်သွားပြီး အခုချိန်၌ သားသမီးများကို လက်ထပ်ပေးရန်အတွက် လိုအပ်သော ပိုက်ဆံများကို မစုဆောင်းထားလျှင် နောင်အနာဂါတ်မှာ လောင်တ လက်ထပ်ပြီးသွားရင် နောက်ကျ လောင်အာ့နှင့် လောင်စန်းတို့နှစ်ယောက်၏ အလှည့်လည်း ရောက်လာလိမ့်မည်။ 


ကြည့်ရတာတော့ ချင်းပိုင်နှင့် သူ့ဇနီးက သိပ်စိတ်မပူပုံပါပဲ။ 


တကယ်တော့ ရွာရှိ လူတချို့က လောင်တကို ရည်မှန်းထားပြီးကြပြီ ဖြစ်သည်။ 


အားကိုးမရသော မိခင်ဖြစ်သူ လင်းချင်းဟယ်ကို မသိကျိုးကျွန်ပြုလိုက်လျှင် ကျိုးချင်းပိုင်နှင့် သူ့သားများနှင့် ပတ်သက်၍ မကျေမနပ် ညည်းညူစရာ ဘာမှမရှိချေ။ 


အထူးသဖြင့် လောင်တဖြစ်သည်။ သူသည် သူ့အဖေဖြစ်သူ ကျိုးချင်းပိုင်နှင့် အလွန်တူသည်။ တရုတ်နှစ်သစ်ကူးပြီးလျှင် အသက်ကိုးနှစ်သာ ရှိသေးပေမယ့် အရပ်က အရမ်းရှည်နေပြီ။ အနာဂါတ်မှာ သူက သူ့အဖေလို ထောင်ထောင်မောင်းမောင်း အရပ်ရှည်ရှည် ဖြစ်လာမှာ သေချာသည်။ 


သမီးရှိတဲ့သူတွေက ဘယ်လိုလုပ် သတိမထားမိဘဲ နေလိမ့်မည်နည်း။ 


ဆယ်မိုင်နှင့် ရွာရှစ်ရွာအတွင်း ဤအချိန်၌ မည့်သည့်မိသားစုတွင် သမီးကောင်း တစ်ယောက် သို့မဟုတ် သန်မာသော လူငယ်တစ်ဦး ရှိနေသည်ကို လူတိုင်းသိကြသည်။ 


လောင်တ၏ ရုပ်သွင်ပြင်လက္ခဏာကို ကြည့်ရုံဖြင့် သူသည် ဆိုးဆိုးရွားရွား တွေ့ကြုံရမည်မဟုတ်မှန်း သိကြသည်။ 


သို့သော် လင်းချင်းဟယ်လို အမေမျိုးရှိနေသည်။ ဤလူကို ကိုင်တွယ်ရန် လွယ်ကူမည့်ပုံမပေါ်ပေ။ 


လင်းချင်းဟယ်သည် ထိုအကြောင်းနှင့် ပတ်သက်၍ ဘာမျှမသိသော်လည်း သူမသည် သူမသားများ၏ ဘဝသက်တမ်းတစ်လျှောက် အဖြစ်အပျက်များအတွက် တစ်ခါမှ စိုးရိမ်ကြောင့်ကြမှု မရှိခဲ့ပေ။ 


ကောင်လေးသုံးယောက်သည် တစ်ခြားကလေးတွေထက် ပိုဆိုးသွမ်းသော်လည်း ရုပ်ရည်အရတော့ သူတို့ရွာရှိ ကလေးများအားလုံးထဲတွင် ကြည့်အကောင်းဆုံးဖြစ်သည်။ သူတို့အားလုံးသည် သူမနှင့် ကျိုးချင်းပိုင်တို့၏ အကောင်းဆုံး အင်္ဂါရပ်များကို ရွေးချယ်လက်ခံထားကြသည်။ 


ဒါ့အပြင် အခု သူတို့က အသက်ဘယ်လောက်ရှိပြီလဲ။ နောက်ဆယ်နှစ်မှ ဖြစ်လာမည့်ကိစ္စများကို စိတ်ပူနေတာက အရမ်းစိုးရိမ်ကြောင့်ကြပြီး ဆန္ဒစောလွန်းနေသလို ဖြစ်မနေဘူးလား။ 


ဤသည်မှာ သူမနှင့် ဤခေတ်ကလူများကြား မျိုးဆက်ကွာဟချက်ပင် ဖြစ်သည်။ 


လင်းချင်းဟယ်၏ ထင်မြင်ချက်အရ အသက်သုံးဆယ်အရွယ်မှ အိမ်ထောင်ပြုလျှင်ပင် အချိန်မနှောင်းသေးပေ။ သို့သော် ဤခေတ်လူ့အဖွဲ့အစည်း၏ အယူအဆအရ ကလေးသူငယ် မရှိသေးသော အသက်သုံးဆယ်အရွယ်သည် ထူးဆန်းသည်ဟု ယူဆကြသည်။ 


ဥပမာအားဖြင့် တတိယမောင်လေးလင်းသည် ယခု အသက် ၂၈ နှစ် ရှိပြီ။ သူ့ဇနီးက စတုတ္ထမြောက်ကလေးကို ကိုယ်ဝန်ရှိနေပြီ ဖြစ်သည်။ 


သူမ မှန်မှန်ကန်ကန် လက်ခံယူဆပါက နောင်တွင် သူသည် နောက်ထပ် ကလေးများ ဆက်၍ ရှိနေဦးမည်မှာ သေချာသည်။ 


အတွေးအခေါ်များက မတူညီကြချေ။ ထို့ကြောင့် လင်းချင်းဟယ်သည် ဤနေရာသို့ ရောက်နေသည်မှာ နှစ်ကြာပြီဖြစ်သော်လည်း ရွာထဲသို့ ပေါင်းစည်းရန် ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ တူညီသော အကြောင်းအရာခေါင်းစဉ်ကို ရနိုင်ရန်မှာ တကယ်တော့ မဖြစ်နိုင်ချေ။ သူတို့၏ အသိုင်းအဝိုင်းထဲသို့ အတင်းအကျပ် တိုးဝင်ပေါင်းစည်းရန် မလိုအပ်ပေ။