အခန်း (၁၆၄) - အင်္ဂလိပ်ဖတ်စာအုပ်အကြောင်း စုံစမ်းမေးမြန်းခြင်း
ပထမလသည် ပျင်းရိစရာကောင်းစွာ အလုပ်မရှိသေးသော အချိန်ကာလ ဖြစ်နေသေးသည်။ အသင်းအဖွဲ့သည် ပထမလ၏ ဆယ့်ငါးရက်မြောက်နေ့ မတိုင်မီအထိ ဤနွေဦးပေါက်ရာသီ၌ ဘာကို စိုက်ပျိုးရမယ်ဆိုသည့် အကြောင်းအား စဉ်းစားကြဦးမည် မဟုတ်ပေ။
ဒါ့အပြင် ဇန်နဝါရီလ၌ လုပ်စရာတွေ အများကြီး မရှိပါဘူး။
ဤအချိန်၌ သူတို့တွင် ကြည့်ရန် တီဗီတောင် မရှိသေးဘူး။
ပြောရလျှင် ယနေ့ခေတ် တီဗီများကို မြို့တွင်းရှိ ခေါင်းဆောင်အချို့၏ နေအိမ်များတွင်သာ တွေ့နိုင်သည်။ ပြီးတော့ ၎င်းက အဖြူ အမည်းသာ ရှိသေးသည်။
အိမ်မှာ ရေဒီယို ရှိနေလျှင်ပင် အဲဒါက တော်တော် အထင်ကြီးစရာ ဖြစ်နေပြီ။
လင်းချင်းဟယ်သည် ထိုအရာများကို လုံးဝ စိတ်မဝင်စားချေ။ ထို့အပြင် သူမ၏နေရာလွတ်ထဲတွင် နည်းပညာတိုးတက်သော မိုဘိုင်းလ်ဖုန်းလည်း ရှိနေသေးသည်။
နှင်းမကျချိန်၌ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် တောင်ပေါ်သို့ သွားခဲ့ကြသည်။
အဆော့သန်သော ကောင်လေးသုံးယောက်ကလည်း အနောက်မှ လိုက်ချင်ကြသည်။ သူတို့ လိုက်ချင်လျှင် အတူတူ သွားကြသည်။ ကလေးများနှင့်အတူ သွားကြသဖြင့် ပုံမှန်အားဖြင့် သူတို့လင်မယားနှစ်ယောက်အတွက် ကြည်နူးချိန် မရလိုက်ပေ။
မိသားစုသည် ရစ်ငှက်များဖမ်းရန်အတွက် တောင်ပေါ်တွင် ထောင်ချောက်များ ဆင်ထားသည်။ နေ့ခင်းတစ်လျှောက်လုံး ဘာမှမဖမ်းမိသော်လည်း အိမ်အပြန်လမ်းမှာ မိသားစုအားလုံးသည် ပျော်ရွှင်ရယ်မောနေကြဆဲ ဖြစ်သည်။
ရွာရှိလူများသည် ဒီမိသားစု၏ဘဝကို အားကျကြသည်။
ဒုက္ခရောက်နေသည့် အချိန်အခိုက်အတန့်မျိုးကို လုံးဝ မခံစားရချေ။
အထူးသဖြင့် လင်းချင်းဟယ်ပင်။ ရိုးရိုးသားသားပြောရလျှင် ဒီအမျိုးသမီးသည် ဘယ်လို ရှင်သန်နေထိုင်ရမည်ကို မသိသော်လည်း သူမကလေးအား ရိုက်နှက်ဆုံးမနေသည်ကို ဘယ်သူမှ မမြင်ဖူးကြပေ။ ရွာရှိ အမျိုးသမီးတချို့နဲ့ မတူချေ။ ၎င်းအကြောင်းမူကား သူတို့သည် ယောကျ်ားများထက်ပင် ပို၍ အကြင်နာမဲ့ ရက်စက်တတ်ကြသည်။
ရွာရှိ အမျိုးသားများက ကျိုးချင်းပိုင်ကို တော်တော် မနာလိုဖြစ်နေကြသည်။
လင်းချင်းဟယ်က ချောမောလှပပြီး ဘယ်လိုချက်ပြုတ်ရမည်ကို သိသည်။ သူမက အသုံးအဖြုန်းကြီး၊ လက်ဖွာသူဖြစ်သည်၊ ဒါပေမယ့် ပိုက်ဆံကို သုံးစွဲရန် ရှာဖွေနေကြသည် မဟုတ်ပါလား။
ပြီးတော့ ပိုက်ဆံကို ဘယ်လိုသုံးစွဲရမယ်မှန်း သိနေတာကလည်း ကျွမ်းကျင်မှုတစ်ခုပင်။ တစ်ချို့လူတွေကို ပိုက်ဆံပေးလိုက်လျှင် ဘယ်လိုသုံးရမှန်း မသိကြဘူး။ နောက်ဆုံးတော့ အားလုံးကို သိမ်းထားလိုက်ကြသည်။
နောက်တော့ အိမ်မှာနေရတဲ့ဘဝက တကယ့်ကို အဓိပ္ပါယ်မဲ့လာကြသည်။
သူတို့တွေ နေ့တိုင်း ဘာတွေများ စားနေကြလဲ။
လူအများစုသည် အငတ်ဘေးဒဏ်ကို နှစ်ပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရပြီး ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိကြသည်။ သို့သော်လည်း နှိုင်းယှဉ်မှုများကြောင့် ထိခိုက်ပျက်စီးမှု မရှိခဲ့ပေ။
ကျိုးချင်းပိုင်အား ဘယ်လိုကျွေးမွေးပြီး ပိန်လှီသွားခြင်း မရှိမှန်း သူတို့ တွေ့မြင်ကြသည်။
တပ်မှ အငြိမ်းစားယူလိုက်သည်နှင့် တပြိုင်နက် သူသည် သူတို့ကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။
ပြောင်းလဲမှု မရှိမယ်မှန်း ဘယ်သူကများ သိခဲ့မည်နည်း။
ဒါက လင်းချင်းဟယ်၏ ဟင်းချက်ကျွမ်းကျင်မှု ဘယ်လောက်ကောင်းကြောင်း ပြသလိုက်ခြင်းပင်။
လင်းချင်းဟယ်သည် ထိုနေ့တွင် ဘာမှ လုပ်စရာမရှိသောကြောင့် စာကို ကျက်မှတ်နေစဉ် စားစရာကောင်းကောင်း ပြုလုပ်ခဲ့သည်။
သူမသည် ပဲနီကို စိမ်ထားခဲ့သည်။ တစ်မိသားစုလုံး စားရတာ ကြိုက်သည့် ပဲနီလိပ်များ ပြုလုပ်ရန် စိတ်ကူးထားသည်။
ပဲနီလိပ်များ ပြုလုပ်ပြီးနောက်တွင် သူမသည် ရတနာရှစ်မျိုး ယာဂုကို ထပ်မံချက်ပြုတ်လိုက်သည်။ ဒါက သူမ၏မိသားစုကို အမျှင်ဓာတ်နှင့် အစေ့အဆန်များအား ပိုမိုစားသုံးစေရန်အတွက် ဖြစ်သည်။
လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့ အပြင်ထွက်ကစားတိုင်း သူငယ်ချင်းများက သူတို့ ဘာတွေ စားကြလဲ မေးကြသည်။
၎င်းက အလေ့အထပင် ဖြစ်လာပြီ။
လောင်တသည် ယခုတွင် ထုတ်ဖော်ကြွားဝါခြင်းကို အားရအောင် ပြုလုပ်ပြီးပြီ ဖြစ်သည်။ လောင်အာလည်း အတူတူပင်။ သူတို့စားသည့်အကြောင်းကို ပြောစရာ သိပ်မရှိတော့ပေ။ ညီအစ်ကိုနှစ်ယောက်လုံးသည် ဘောလုံးကစားရန် ပိုပြီးဆန္ဒရှိကြသည်။
လောင်စန်းကတော့ ပြောပြရန် အရမ်း စိတ်အားထက်သန်နေပါသေးသည်။
တခြားသူငယ်ချင်းတွေ မေးသောအခါ သူက လက်ချောင်းများနှင့် ရေတွက်ရင်း “ငါ့အမေက ပဲနီလိပ်၊ ရတနာရှစ်မျိုးယာဂု၊ နှမ်းကိတ် နဲ့ မြေပဲမုန့်ကြွပ် လုပ်တယ်။ ဒါပေမယ့် ငါအကြိုက်ဆုံးက ရတနာရှစ်မျိုးယာဂုပဲ။ အရမ်းအရသာရှိလွန်းလို့ ငါးပန်းကန်တောင် စားလိုက်တယ်။”
ဘယ်လို လေလုံးထွားဝင့်ကြွားရမယ်ဆိုတာကို ဘယ်အချိန်ကတည်းက ဒီကလေး သိနေမှန်း ဘယ်သူမှမသိကြဘူး။
လောင်တနှင့် လောင်အာ့က သူ့ကို အရေးမစိုက်ပါဘူး။ ဒါက ညီလေး၏ လုပ်ကွက်တစ်ခုပင်။
လောင်စန်း၏ စားချင်စိတ်အာသီသအရ ငါးပန်းကန်မပြောနှင့် နှစ်ပန်းကန် စားနိုင်ရင်ကို အံသြစရာ ဖြစ်နေပြီ။
ဒါပေမယ့် ၎င်းက သူငယ်ချင်းလေးတွေ၏ အားကျမနာလိုမှုအပေါ် သက်ရောက်နိုင်စွမ်း မရှိပေ။
ထို့အပြင် သူတို့၏စိတ်ထဲ၌ လောင်စန်းက ငါးပန်းကန် စားနိုင်တာ ဟုတ်မဟုတ်ကို မစဉ်းစားမိကြပါဘူး။ ငါးပန်းကန်က စားချင်စိတ်အာသီသကို ကိုယ်စားမပြုနိုင်ပေမယ့် ရတနာရှစ်မျိုးဟု ခေါ်သောယာဂုကတော့ ပို၍ အရသာရှိမည့်ပုံပေါ်နေသည်။
သူတို့ ဘာကြောင့် ဒီလောက် စားကြသနည်း။
“လောင်အာ့… ငါ မင်းဆီလာပြီး အိမ်စာလာလုပ်လို့ ရမလား။” ကျိုးရှက လောင်အာ့ကို သီးသန့်လာမေးခဲ့သည်။
လောင်အာ့က သူ ဘာကို ရည်ရွယ်တယ်ဆိုတာ မသိဘဲနေမည်နည်း။ “မင်း လာပြီး အိမ်စာလာလုပ်လို့ရတယ်။ ဒါပေမယ့် ဒီနေ့ ယာဂုမကျန်တော့ဘူး။ အားလုံးကုန်သွားပြီ။”
“အားလုံးကုန်သွားပြီလား။” ကျိုးရှက ထိုစကားကို ကြားသောအခါ မျက်နှာပေါ်၌ ‘ဝမ်းနည်းစရာပဲ’ ဟူသော အမူအယာပေါ်လာသည်။
သူ၏ စတုတ္ထအဒေါ်က အရမ်းသဘောကောင်းသည်။ သူ အိမ်စာလုပ်ရန် ရောက်လာသောအခါ စတုတ္ထအဒေါ်က သူ့အတွက် တစ်ပန်းကန် ခပ်ထည့်ပေးသည်။
“ကုန်သွားပြီ။ အဘိုးက မနက်ကကျန်တဲ့ ရတနာရှစ်မျိုးယာဂုကို စားလိုက်တယ်။” လောင်အာ့က ခေါင်းညိတ်လိုက်သည်။
“အဘိုးနဲ့ အဘွားရော အဲဒါသောက်ရတာ ကြိုက်တာလား။” ကျိုးရှက မေးသည်။
“ကြိုက်ကြတယ်။ အဲဒါကို အဘိုး ဘယ်လောက်ကြိုက်မှန်း မင်း သိတောင်သိမှာမဟုတ်ဘူး။ အဘိုးက အများကြီးစားတာ။ အဘွားလည်း အရမ်းကြိုက်တယ်။ အရသာရှိတယ်လို့ အဘွားက ပြောတယ်။” လောင်အာ့က ခေါင်းညိတ်ကာ ပြောသည်။
ထိုစကားများကြောင့် ကျိုးရှ၏သွားရည်များ စီးကျလာပြီး ပြောလိုက်သည်။ “နောက်တစ်ခါဆို ငါ့အတွက် နည်းနည်းလောက် ချန်ထားပေးလို့ ရမလား။”
“ဒုတိယအဒေါ်ကို ချက်ခိုင်းလိုက်လေ။ တမူထူးခြားတာတွေမှ မဟုတ်တာ။ အိမ်မှာရှိတဲ့ ကောက်ပဲသီးနှံတွေနဲ့ပဲ လုပ်ထားတာ။” လောင်အာ့က ပြောသည်။
အိမ်မှာ စားသုံးရန် အစားအသောက် လုံလုံလောက်လောက် မရှိဘူး။ သူတို့မိသားစုက အဘိုးနှင့်အဘွားကို ထောက်ပံ့ရမည်။ ဖခင်ဖြစ်သူ၏ အစာစားချင်စိတ်ကလည်း ကြီးမားသည်။ အနာဂါတ်မှာ သူတို့ကို ဘယ်လိုကျွေးရမယ်မှန်း မသိတော့ဘူးလို့ သူ့အမေက ပြောဖူးသည်။
ထို့အပြင် သူ့အစ်ကိုကြီးက ထမင်းတစ်နပ်ကို သုံးပန်းကန်စားသည်၊ အဲဒီတော့ တခြားသူတွေအတွက် ဘယ်လိုလုပ် လောက်ငနိုင်ဦးမည်နည်း။
ကျိုးရှက တိုးတိုးလေး ရေရွတ်လိုက်သည်။ “ငါ့အမေက သေချာပေါက် လုပ်ပေးမှာ မဟုတ်ဘူး။“
ထို့ကြောင့် သူက လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့ကို မနာလိုအားကျနေခြင်း ဖြစ်သည်။ အရသာရှိသော စားစရာများ မြောက်များစွာ ရှိနေခဲ့သည်။
လင်းချင်းဟယ်သည် သူမ၏အခန်းထဲမှ ထိုစကားများကို ကြားနေခဲ့သည်။ သူမသည် အနည်းငယ် အားနာရှက်ရွံ့သွားသည်။ တကယ်တော့ ကျိုးရှကို တစ်ပန်းကန် ပေးလိုက်လျှင်လည်း အဆင်ပြေသည်။ လောင်အာ့က သူမအစား ငြင်းဆိုလိုက်ပြီ ဆိုတော့ကား ဒီတိုင်းပဲ ထားလိုက်တော့မည်။
အဆုံးသတ်တော့ သူမသည် ဒုတိယမရီးနှင့် ဆက်ဆံရေးကောင်း မရှိခဲ့ဘူး။ သူမသည် ကျိုးရှနှင့် ပတ်သက်၍ မလိုလားခြင်း ဘာမှမရှိသော်လည်း သူ့ကို စုချန်းလေးလိုတော့ တန်းတူ မဆက်ဆံနိုင်သေးပါဘူး။
စုချန်းလေးအကြောင်း ပြောရလျှင် ခုနစ်ရက်မြောက်နေ့၌ သူ့အဖေက ကလေးကို လာပို့သွားခဲ့သည်။
သူသည် နှစ်ရက်လောက် ဝမ်းနည်းညှိုးငယ်နေခဲ့သည်။
သို့သော်ငြား လင်းချင်းဟယ်က အရသာရှိသော အစားအစာများကို ပြုလုပ်ပေးသလို အစ်ကိုလောင်စန်းကလည်း သူနှင့်အတူ ဆော့ကစားပေးသဖြင့် ကလေးလေးသည် သူ့မိဘများကို မြန်မြန်ဆန်ဆန်ပင် စိတ်ထဲ သိပ်မထည့်ထားတော့ပေ။
ယခုတစ်ကြိမ်တွင် စုတာလင်းသည် ငါးအနည်းငယ်ကို ယူဆောင်လာခဲ့သည်။ ထိုအထဲမှ တစ်ကောင်ကို တတိယမရီးအား ပေးလိုက်သည်။
ကျိုးရှောင်မိန်၏ နောက်ကလေးသည်လည်း တတိယမရီးကို မလွဲဧကန် အကူအညီတောင်းခံရဦးမည် ဖြစ်သည်။
တတိယမရီးကတော့ ဒီကိစ္စကို ကူညီရန်အတွက် ကန့်ကွက်စရာအကြောင်း မရှိပါဘူး။ မီးဖွားပြီးနောက်ဆက်တွဲ အာဟာရဖြည့်တင်းရန်အတွက် များစွာသောပစ္စည်းများကို ရယူရန် မည်သူက ဆန့်ကျင်မည်နည်း။
သူမ၏ မီးဖွားပြီးနောက် မီးတွင်းကာလကို ကောင်းမွန်စွာ ပြီးဆုံးသွားသောကြောင့် သူမ၏ကျန်းမာရေးသည် များစွာ ကောင်းမွန်လာသည်ဟု ခံစားခဲ့ရသည်။
သေချာပါသည်၊ မီးတွင်းကာလသည် အလွန် ဂရုစိုက်ရသည်။
ထို့ကြောင့် စုတာလင်းက ငါးကို ယူလာသောအခါ တတိယမရီး၏ သဘောထားသည် အလွန် သဘောကောင်းဖော်ရွေနေသည်။
ကျိုးချင်းပိုင်သည် သူ၏သွေးသောက်ရဲဘော်ဆီ အလည်အပတ်သွားရန် ကြံရွယ်ခဲ့သည်။ လင်းချင်းဟယ်က သူ့ကို ဝိုင်ကောင်းကောင်း တစ်ပုလင်း ပေးလိုက်သည်။
ကျိုးချင်းပိုင်၏အကြည့်က နူးညံ့ပျော့ပြောင်းသွားသည်။ သူ ပြန်လာသောအခါ ကျပ်တင်ထားသော ယုန်တစ်ကောင်နှင့် ရစ်ငှက်နှစ်ကောင်အား ယူလာသည်ကို လင်းချင်းဟယ် တွေ့လိုက်ရသည်။
“ရှင့်ရဲဘော်က ပေးလိုက်တာလား။” လင်းချင်းဟယ်က တောက်ပသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
“အင်း...” ကျိုးချင်းပိုင်က သူမ သဘောကျနှစ်သက်မည်ကို သိနေသဖြင့် သူ့ရဲဘော်က ထိုအရာများကို ပေးလာသောအခါ သူ မငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဌာနမှာ အလုပ်လုပ်သောသူတွေက ထိုအရာများကို ရရှိရန် ပိုလွယ်ကူကြသည်။
“ချန်ကန်းက မင်းကို ရံဖန်ရံခါ ခေါ်လာခဲ့ဖို့ ကိုယ့်ကို ပြောနေတယ်။” ကျိုးချင်းပိုင်က ဆက်ပြောသည်။
“ကောင်းပြီ၊ ကျွန်မတို့ အချိန်ရရင် သွားလည်ကြတာပေါ့။” လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။
ထို့နောက် သူမသည် ကျပ်တင်ထားသော အကောင်များကို စတင်ကိုင်တွယ်တော့သည်။
ကျပ်တင်ထားသော တောရိုင်းတိရစ္ဆာန်များသည် တာရှည်ခံသည်။
ပထမဆုံးစားရမှာက ကျပ်တင်ထားသည့်ယုန် ဖြစ်သည်။ အိုးထဲ ထည့်ပြုတ်ပြီး ဟင်းခတ်အမွှေးအကြိုင်များ ထည့်လိုက်ရုံပင်။ အရသာက တော်တော်ကောင်းသည်။
ယုန်တစ်ကောင်ကို နှစ်နပ် ခွဲစားနိုင်သည်။ မိသားစုသည် အားရကျေနပ်စွာ စားသောက်ကြသည်။
အဖေကျိုးနှင့် အမေကျိုးက ယခုဆိုလျှင် ဘာမှ သိပ်ဂရုမစိုက်ကြတော့ချေ။ သူတို့မှာ စားစရာ တစ်ခုခု ရှိနေသရွေ့ အဆင်ပြေနေပြီ ဖြစ်သည်။
စားသောက်နေစဉ် အရေးမကြီးတာကို ရမယ်ရှာနေစရာမလိုဘူးမလား။
မကြာခင်မှာပင် နေ့ရက်များ ကုန်လွန်သွားပြီး နွေဦးလှုပ်ရှားမှုအတွက် အချိန်ကျရောက်လာပြီ။ ကျိုးချင်းပိုင်နှင့် အဖေကျိုးတို့သည် နေထွက်ချိန်မှ နေဝင်ချိန်အထိ နေ့စဉ်ဘဝကို စတင်လိုက်ကြသည်။ လင်းချင်းဟယ်က အင်္ဂလိပ်ဖတ်စာအုပ်များအကြောင်း တိတ်တဆိတ် စုံစမ်းမေးမြန်းရန် မှောင်ခိုဈေးသို့ သွားခဲ့သည်။ သူမသည် အင်္ဂလိပ်စာကို တစ်ယောက်တည်း သိုသိုသိပ်သိပ် သီးသန့်လေ့လာရန် ရည်ရွယ်ခဲ့သည်။