အခန်း (၂၃၅) - နင့်ကို မနစ်နာစေဘူး
လင်းချင်းဟယ်နှင့် လောင်တက ယခုတွင် ပေကျင်းတက္ကသိုလ်၏ ကျောင်းသားများ ဖြစ်ပေသည်။ ယင်းအထောက်အထားကို ဒုတိယမရီးသည်ပင် အားကျရုံသာ တတ်နိုင်၏။ မနာလို မဖြစ်နိုင်တော့ချေ။
ထိုညတွင် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်၏ အပြင်းအထန် စားသုံးခြင်းကို ခံလိုက်ရသည်။
“ရှင်က နွားထီးလား” လင်းချင်းဟယ်က နွမ်းနယ်စွာ ထုတ်ပြောလိုက်သည်။
ကျိုးချင်းပိုင်က အနည်းငယ် ချောင်းဟန့်လိုက်ပြီးနောက် သူမကို ဖက်အိပ်လိုက်တော့သည်။
သူမသည် ကောလိပ်ကျောင်းသူ သို့မဟုတ် အမျိုးသမီးပညာသင် ဖြစ်သည့်တိုင် သူမက သူ့ဇနီးဖြစ်နေသေးသည်။
လင်းချင်းဟယ်က ထိပ်တန်းရူပသိပ္ပံပညာသင်နေရာကို ရခဲ့သည်ကို ထားလျှင်တောင် လောင်တက ထိပ်တန်းသိပ္ပံပညာသင်၏ ဒုတိယနေရာကို ရခဲ့သည်ကပင် အံ့ဩဖို့ ကောင်းနေပြီဖြစ်သည်။
အဆုံးတွင်တော့ သူက သူ့အမေ လင်းချင်းဟယ်၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။ မဟုတ်ပါက လောင်တသည် ဤနှစ်အတွက် ထိပ်ဆုံးပညာသင် ဖြစ်ပေမည်။
ခရိုင်မှ ဆုချီးမြှင့်သည့် ဆုလာဘ်က ယွမ် ၂၀၀ ဖြစ်သည်။ မြူနီစီပယ်မြို့၏ ဆုလာဘ်က ယွမ် ၁၀၀ ဖြစ်ပြီး ခရိုင်မြို့က ယွမ် ၅၀ ဖြစ်သည်။ ကျန်သော အုပ်စုများ၏ ဆုလာဘ်က ယွမ် ၃၀ ဖြစ်သည်။
၎င်းက လင်းချင်းဟယ်အတွက်သာ ဖြစ်သည်။ လောင်တ၏ ဒုတိယနေရာက လင်းချင်းဟယ်နှင့် ယှဉ်လျှင် တစ်ဝက်မျှ လျော့သွားသည်။
သို့တိုင် သူက ထောက်ပံ့ကြေး ရရှိသေးသည်။
အမေနှင့်သား၏ ထူးချွန်သော ရလဒ်များကြောင့် ၃၀ရက်နေ့အထိ ဝင်ခွင့်ကြေညာစာ မရသေးသည့် သူများက စိတ်ဓာတ်ကျလာကြသည်။
ထို့နောက် သူတို့က လမ်းညွှန်မှုတောင်းခံရန် ဆရာမလင်းဆီ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတော့သည်။ ကောလိပ်ဝင်ခွင့်တွင် ဘာသာရပ်များစွာ ခွဲထား၏။
ရူပသိပ္ပံဘာသာရပ်တွင် နိုင်ငံရေး၊ စာပေ၊ သင်္ချာနှင့် သိပ္ပံဘာသာရပ်တို့ ပါဝင်ပေသည်။
သိပ္ပံဘာသာရပ်တွင် ဇီဝဗေဒ၊ ဓာတုဗေဒတို့ ဖြစ်ပြီး လင်းချင်းဟယ် ယူထားသည်။
အထွေထွေအနုပညာဘာသာရပ်တွင် နိုင်ငံရေး၊ စာပေ၊ သင်္ချာ၊ သမိုင်းနှင့် ပထဝီတို့ ပါဝင်သည်။ သမိုင်းနှင့် ပထဝီက ဘာသာရပ်တစ်ခုတည်းအဖြစ် ရောထားသည်။
လင်းချင်းဟယ်နှင့် လောင်တက ရူပသိပ္ပံဘာသာရပ်ကို လျှောက်ထားခဲ့သည်။
ပညာတတ်လူငယ်များက အတူတကွ စုပေါင်းလိုက်ပြီး လင်းချင်းဟယ်နှင့် လောင်တမှ သူတို့ကို သင်ပေးစေချင်နေသည်။
လင်းချင်းဟယ်က ပြောလိုက်သည်။ “ငါတို့က မကြာခင် တက္ကသိုလ်သွားတော့မှာ။ ငါတို့ အဲဒါအတွက် အခု ပြင်ဆင်ဖို့ လိုတယ်။ ငါတို့ အချိန်မလောက်မှာ စိုးမိတယ်။”
“ဆရာမလင်း၊ နင် စာမေးပွဲ အောင်သွားတာနဲ့ ငါတို့ကို အထင်မသေးပါနဲ့” မိန်းကလေး ပညာတတ်လူငယ်က ချက်ချင်း တုံ့ပြန်လိုက်သည်။
“ငါ နင်တို့ကို အထင်သေးတဲ့စကား ဘာပြောသေးလို့လဲ။ ဒါကို အတိတ်လို့ တွေးနေတာလား။ နင် ပါးစပ်ဖွင့်လိုက်တာနဲ့ ရေညစ်တွေနဲ့ပဲ ပက်တတ်တာလား။ တကယ်လို့ နင်က ငါ့ကို အကျင့်စာရိတ္တနဲ့ ပတ်သတ်ပြီးတော့ စွပ်စွဲချင်ရင်တော့ ငါ ပြန်ရိုင်းမိရင် အပြစ်မတင်နဲ့။ နင့်ကို ကူညီလိုက်မယ် ဆိုရင် ငါက ဖော်ရွေလိုက်တာပဲ။ ဒီအတွက် ငါ့မှာ တာဝန်မရှိဘူး။ နင့်ကို ကူညီပေးဖို့ ငါ့ကို ခြိမ်းခြောက်ချင်နေတာလား”
လင်းချင်းဟယ်က အေးစက်စက် စိုက်ကြည့်လိုက်သည်။
“ဆရာမလင်း ကျားကျားက အဲဒီလို ဆိုလိုချင်တာ မဟုတ်ပါဘူး” တခြားသော အမျိုးသားပညာတတ်လူငယ်က ပြန်ရှင်းပြသည်။
“သူမ ဘာကို ဆိုလိုချင်တာပဲ ဖြစ်ဖြစ် သူ့ရင်ထဲမှာပဲ သိလိမ့်မယ်။ ငါ့သားနဲ့ ငါက စာမေးပွဲကို ငါတို့ကိုယ်ပိုင် အရည်အချင်းနဲ့ အောင်ခဲ့တာ။ ငါတို့ ဘယ်သူ့ကိုမှ အကြွေးမတင်နေဘူး။ ဒါပေမဲ့ သူမဖာသာ အရည်အချင်းမရှိလို့ စာမေးပွဲကျပြီးတော့ သူမနေရာကို ငါတို့ ယူသွားတယ်လို့ ခံစားနေရတယ်။ ခရိုင်က ကောလိပ်ကျောင်းသားတွေ လိုအပ်နေတာ။ တစ်ယောက်ယောက်သာ စာမေးပွဲ အောင်နိုင်ရင် သူတို့က အဲဒီအတွက် လိုအပ်လိမ့်မယ်။ နင်တို့ စာမေးပွဲ မအောင်တာနဲ့ တခြားသူကို မနာလိုလို့ မရဘူး” လင်းချင်းဟယ်က အေးတိအေးစက် ထုတ်ပြောလိုက်သည်။
အကယ်၍ သူမသာ ကူညီနိုင်ပါက သေချာပေါက် ကူညီမှာပင်။ သို့သော် နောက်နှစ်၏ ကောလိပ်ဝင်ခွင့် စာမေးပွဲ အခြေအနေကို သတိရလိုက်မိသည်။ ကြေညာချက် ထွက်လာသည်နှင့် ပညာတတ်လူငယ် ဘယ်လောက်များများက ကွာရှင်းပြီးတော့ ဘယ်လောက်များများက ထွက်သွားကြမည်နည်း။
သူမက သူတို့ကိုသာ သင်ပေးပါက မည်သူက ရွာသူရွာသားတွေနဲ့ စာရင်းရှင်းရမည်နည်း။
ထို့ကြောင့် သူမက မကူညီချင်သလို သူမကိုယ်သူမ ပြဿနာအဖြစ်ခံမည် မဟုတ်ပေ။ သူမက တစ်ကိုယ်ကောင်းဆန်သူ ဖြစ်သည်။
သူမက လူတွေကို ကူညီနိုင်သည်။ သို့သော် လူတွေကို ကူညီခြင်းက သူမအတွက် အန္တရာယ်ရှိနိုင်မည်ဟု ခံစားရပါက သူမက လက်လွှတ်ဖို့ ဝန်လေးမည် မဟုတ်ဘဲ သူမမိသားစုနှင့် သူမကိုယ်သူမ ကာကွယ်ရပေမည်။
ထို့ကြောင့် သူတို့ကို သင်ပေးမည့်အကြောင်းကို မေ့ထားလိုက်သည်။ သူတို့ကို မှတ်စုပင် ထုတ်မပေးခဲ့ချေ။ လောင်အာ့က ယင်းကို လိုအပ်သေး၏။
“ငါတို့က တက္ကသိုလ်ကို မကြာခင် သွားရလိမ့်မယ်။ ပြင်ဆင်ဖို့ ကိစ္စတွေ အများကြီး ရှိသေးတယ်။ ငါနဲ့ ချန်ရှန်း ထွက်သွားပြီးရင် အလယ်တန်းကျောင်းရဲ့ နေရာနှစ်ခု လွတ်နေမှာ။ နင်တို့ အဲဒါအတွက် တိုက်ခိုက်နိုင်တယ်လို့ ငါယုံတယ်” လင်းချင်းဟယ်က သူတို့ကို ပြေပြစ်စွာ ပြောလိုက်သည်။
သူမက ပညာတတ်လူငယ်များကို တစ်ခါတည်း နှင်လိုက်၏။
မကြာမီမှာပဲ လင်းချင်းဟယ်က မကြင်နာတတ်ဘူးဟု ရွာထဲတွင် ပျံ့နှံ့သွားတော့သည်။ သားအမိနှစ်ယောက်သားဝင်ခွင့် ရပြီးတဲ့နောက် တခြားသူများကို အချက်အလက်ပေးဖို့တောင် မကူညီကြပေ။
လင်းချင်းဟယ်က ကောလာဟလသတင်းတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ချေ။ သူတို့ ပြောချင်သလို ပြောကြပါစေ။ နောက်နှစ်အတွက် ကောလိပ်ဝင်ခွင့်စာမေးပွဲ အခြေအနေ ထွက်လာပြီးနောက် သူတို့က သူမ ဘာလို့ မကူညီလဲဆိုတာ သိသွားလိမ့်မည်။
အမေကျိုးက သူမကို လာမေးသည်။ လင်းချင်းဟယ်က ယင်းကို မှားယွင်းသည်ဟု မတွေးဘဲ အမေကျိုးကို ပြောပြလိုက်၏။ သူမက ပြောလိုက်သည်။ “မြို့ကနေ သတင်းတချို့ ကြားထားတယ်။ နောက်နှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲက အိမ်ထောင်သည်တွေ ဝင်ဖြေလို့ မရဘူး ကြားတယ်”
အမေကျိုးက အံ့အားသင့်သွားသည်။ “အိမ်ထောင်ကျပြီးရင် ဝင်ဖြေလို့ မရတော့ဘူးလား”
“ဟုတ်တယ်” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။
ယနေ့ သူမကို လာရှာသော ပညာတတ်လူငယ် ဆယ်ယောက်မှာ ကိုးယောက်က လက်ထပ်ထားပြီး ဖြစ်သည်။ တစ်ယောက် နှစ်ယောက်သာ လက်မထပ်ရသေးတာ ဖြစ်သည်။ မကြာမီတွင် သူတို့မြို့ကို ပြန်မည်ဖြစ်ပြီး လင်းချင်းဟယ်က သူတို့နှင့် မပါဝင်မပတ်သတ်လိုပေ။ သူမက သူတို့တွေကို မသိပေ။ သူတို့ကို ဘာဖြစ်လို့ လေ့ကျင့်ခန်း အချက်အလက်တွေ ပေးလိုက်ရမှာလဲ။
အမေကျိုးက မြန်မြန် ပြောလာသည်။ “ဘယ်လိုလုပ်မလဲ။ ငါ့စိတ်ထင် သူတို့က ကောလိပ်ဝင်ခွင့် စာမေးပွဲကို မဖြစ်မနေ ဖြေချင်တယ်လို့ ထင်တယ်”
“အဲ့တာဆို ကွာရှင်းလိုက်ပေါ့” လင်းချင်းဟယ်က ပြန်ဖြေသည်။
အမေကျိုးက ၎င်းကို ကြားပြီးနောက် မျက်လုံးများ ပြူးကျယ်သွား၏။ သူမက လျင်မြန်စွာ ပြန်ပြောသည်။
“သူတို့သာ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေချင်ရင် သူတို့က ကွာရှင်းရမှာလား”
“မဟုတ်ဘူး။ သူတို့က ကောလိပ်ဝင်ခွင့်အတွက် ကွာရှင်းဖို့ကို ရွေးချယ်ကြမှာ။ ဒီတော့ အမေ ကျွန်မသာ သူတို့ကို သင်ပေးလိုက်ရင် သူတို့ စာမေးပွဲဖြေပြီး ထွက်သွားတဲ့အခါ ရွာသားတွေက ဘယ်သူ့ကို အပြစ်တင်မှာလဲ” လင်းချင်းဟယ်က ရှင်းလင်းစွာ ဆွဲထုတ်ပြလိုက်သည်။
ထိုပညာတတ်လူငယ်များသည် ဒီနေရာမှ မဟုတ်ပေ။ ထိုအချိန် ရောက်လာပါက သူတို့က ထွက်သွားပေမည်။ သူမမိသားစုက ဒေသခံဖြစ်သည်။ သူမ၏ဇစ်မြစ်က ဒီနေရာတွင်ဖြစ်သည်။ ထို့ကြောင့် ထိုပညာတတ်လူငယ်များနှင့် ယှဉ်၍ မရပေ။
သူတို့က ရှင်းရှင်းလင်းလင်း ထွက်သွားမည်။ တကယ်လို့ သူမသာ သူတို့ကို သင်ပေးထားပါက ကျိုးမိသားစုသည် ရွာထဲမှ လူတိုင်း၏ လူသိထင်ရှား ရန်သူ ဖြစ်သွားပေမည်။
သူမက ယင်းအတွက် ဆွေးနွေးရန် မရှိပေ။
လင်းချင်းဟယ်က စိတ်မပြတ်မသား မလုပ်နိုင်ပေ။
အမေကျိုးက ဒေါသတကြီး မှတ်ချက်ချသည်။ “မင်း ဒါကို ဘယ်လိုလုပ်မလဲ”
လင်းချင်းဟယ်က သူမကို ဘယ်လိုပဲ ယူဆဆ ဂရုမစိုက်ပေ။ သူမနှင့် လောင်တ နှစ်ယောက်လုံးက ပေကျင်းတက္ကသိုလ်၏ ကျောင်းသားတွေ ဖြစ်သည်။ သူတို့က နောက်နှစ်တွင် ထွက်သွားတော့မည်။ သူတို့က ထိုနေရာရှိ အခြေအနေနှင့် လိုက်လျောညီထွေအောင် နေရမည်။
အကြီးဆုံးအစ်မ၊ အကြီးဆုံးခဲအို၊ ဒုတိယအစ်မ၊ ဒုတိယခဲအို၊ စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့ စုံတွဲနှင့် သူတို့ကလေးများက ပြန်လာသည်။
နှစ်သစ်ကူးရက်တွင် နှစ်သစ်ကူးတစ်နပ်စာကို တစ်မိသားစုလုံး အတူတူ စားလိုက်ကြသည်။
အစ်မကြီးနှင့် ဒုတိယအစ်မတို့က သူတို့စိတ်ထဲတွင် ခံစားချက်များ မြင့်တက်နေသည်။ သူတို့မိခင်ဘက်မှ မိသားစုက မမျှော်လင့်ထားဘဲ ကောလိပ်ကျောင်းသားတစ်ယောက်ကို မွေးထုတ်ပေးနိုင်ပြီဖြစ်သည်။ ထို့အပြင် နှစ်ယောက်တောင်ဖြစ်ပြီး တိုင်းပြည်၏ အကောင်းဆုံးတက္ကသိုလ်ကိုလည်း တက်ရအုံးမည်။
ကျိုးရှောင်မိန်က သီးသန့်လာရှာပြီး လင်းချင်းဟယ်၏လက်ကို ကိုင်လိုက်ပြီးနောက် သွားခွင့်မပြုဘဲ ပြောလိုက်သည်။
“စတုတ္ထမရီး၊ နင် မြို့တော်ကို သွားပြီးရင် ငါ့ကို မမေ့သွားနဲ့နော်။ နောင်မှာ အဲဒီဘက်က တိုးတက်လာရင် ငါ့ကို ဆွဲထုတ်ပေးရမယ်”
“နင်နဲ့ တာ့လင်းက အရင်ဆုံး ငွေနည်းနည်း စုထား။ လျှောက်မသုံးနဲ့။ ဝယ်သင့်တာပဲဝယ်၊ မလိုတာ မဝယ်နဲ့။ အချိန်ရောက်ရင် အဲ့မှာ အိမ်တစ်လုံး ဝယ်နိုင်ရင် ဝယ်ထား” လင်းချင်းဟယ်နှင့် ကျိုးရှောင်မိန်က ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။ သမီးယောက်မနှစ်ယောက်က နှစ်များစွာ ပေါင်းဖက်လာခြင်း ဖြစ်၏။
“စတုတ္ထမရီး ပြောတာ ငါနားထောင်မယ်” ကျိုးရှောင်မိန်က ချက်ချင်း တုံ့ပြန်လိုက်ပြီးနောက် တီးတိုးပြောသည်။ “တာ့လင်းမှာ အရင်နှစ်တွေတည်းက စုထားတာ နည်းနည်းရှိတယ်။ နှစ်ထောင်ပြည့်တော့မယ်”
“ဒါက မများသေးဘူး။ ဆက်စုထားဦး။ စတုတ္ထမရီးပြောတာ နားထောင်။ စတုတ္ထမရီးက နင့်ကို မနစ်နာစေရပါဘူး” လင်းချင်းဟယ်က သူမကို တီးတိုး ပြန်ပြောလိုက်သည်။