အခန်း ၂၅၈
Viewers 38k

အခန်း (၂၅၈) - ကြိုတင်အစီအစဥ်ဆွဲခြင်း


ကျိုးရှောင်မိန်က အသာအယာ ပြုံးလိုက်မိသည်။


ဒါက အမှန်တရားဖြစ်သည်။ အခုဆို သူမရဲ့ စတုတ္ထအစ်ကို သူမရဲ့ စတုတ္ထယောင်းမကို လက်ထပ်ထိမ်းမြားနိုင်ခဲ့သည့်အတွက် ဒီနယ်တစ်ဝိုက် ဘယ်သူက မနာလို မဖြစ်ပဲ နေကြလို့လဲ။ မိသားစုအတွက် ပြီးပြည့်စုံသော ဇနီးမယားတစ်ဦးဖြစ်ကာ သက်မွေးမှုအလုပ်အကိုင်ပါ ကောင်းမွန်သည်။


မျိုးဆက်သုံးဆက် ကောင်းချီပေးခံရသလိုပါပဲ။


“ဘန်းမုန့်ရောင်းချတာက တကယ်ပဲ ပိုက်ဆံရနိုင်လား။” ကျိုးရှောင်မိန်က အလွယ်တကူ မယုံကြည်နိုင်ပေ။


“နင် ရူးနေလို့လား။ တကယ်လို့ ဒါက ပိုက်ဆံမရှာနိုင်ဘူးဆိုရင် ငါက နင်တို့လင်မယားကို ဒီအကြံ ဘယ်ပေးပါ့မလဲ။ ပြီးတော့၊ ဘယ်လုပ်ငန်းက ပိုက်ဆံမရှာနိုင်တာ ရှိလို့လဲ။” လင်းချင်းဟယ်က ပြန်ဖြေသည်။


ထို့နောက် သူမသည် ကျိုးရှောင်မိန်ကို တွက်ချပြခဲ့သည်။ ဘန်းမုန့်တစ်ခုကို ငါးဆင့်ရလျှင် ဘန်းမုန့်တစ်ရာဆို ငါးပြားရလိမ့်မည်။ တစ်နေ့ကို အနည်းဆုံး ဘန်းမုန့်အလုံးငါးဆယ်လောက်တော့ ရောင်းချနိုင်လိမ့်မည်၊ မဟုတ်ပါလား။


ဘန်းမုန်းငါးဆယ်က သိပ်မများတာမို့ အချိန်တိုအတွင်း ရောင်းကုန်မှာ ကျိန်းသေသည်။ 


ဘန်းမုန့်ငါးဆယ်၏ အမြတ်က နှစ်ယွမ် ပြားငါးဆယ် ဖြစ်သည်။ တစ်လကို ငွေဘယ်လောက်ရှာနိုင်မလဲ။ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်တာထက်တော့ ပိုဆိုးမှာမဟုတ်ဘူး။


ထို့အပြင်၊ အရသာကောင်းပြီး စီးပွားရှာနည်းသိရင် ပိုရောင်းရလိမ့်မည်။


ကျိုးရှောင်မိန်တစ်ယောက် ကြက်သေ သေသွားသည်။ သူမ ဒါကို တကယ်ပဲ မတွက်ကြည့်မိခဲ့ဖူးပေ။


“ဒီအကြောင်းကို မတ်လေးကို ပြောပြထားချေ။ အစုလိုက် အပုံလိုက် အလုပ်ဖြုတ်ခံရမယ့် အခြေအနေတွေ ရှိလာလိမ့်မယ်လို့ ငါ မြို့တော်ကနေ ကြားခဲ့တယ်။ အနာဂတ်မှာ လူတော်တော်များများ အလုပ်ဖြုတ်ခံရလိမ့်မယ်။ မတ်လေးတို့ဖက်က အခြေအနေကို ငါ မသိပေမယ့် ကြိုတင်စီစဥ်ထားတာက အဆင်ပြေတယ်။ ငါ့ဖက်ကတော့ နင့်ကို အာမခံချက် နှစ်ခု ပေးနိုင်တယ်၊ ဒါကြောင့် စိတ်မပူနဲ့။ အနည်းဆုံးတော့ နင်တို့ အဲဒီကို ပြောင်းခဲ့လို့ရတယ်။ ငါက တက္ကသိုလ်မှာ ငါ့နေရာရာထူးနဲ့ နင့်ကို အကာအကွယ် ပေးနိုင်ပါသေးတယ်။” လင်းချင်းဟယ်က ပြောသည်။


အတော်ဆုံးကျောင်းသားများအတွက်၊ တက္ကသိုလ်သည် အခွင့်အလမ်းများစွာ ပေးနိုင်သည်။


သူမ ကြိုတင်အကြောင်းကြားမယ်ဆိုရင် ကျောင်းတံခါးဝ သို့မဟုတ် တခြားဘယ်နေရာပဲဖြစ်ဖြစ် အဆင်ပြေပါသည်။ 


“အင်း၊ ဒါဆို ငါ တာ့လင်းကို ပြောထားလိုက်မယ်။” ကျိုး‌ရှောင်မိန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။


“ဒါကြောင့် နင်က ကလေးကို ဂရုစိုက်ဖို့ပဲ တွေး။ ကျန်တာ နင် အများကြီး တွေးနေစရာ မလိုဘူး။ နင်တို့လင်မယား အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်ချင်နေသရွေ့ နင်တို့ရဲ့ ကလေးတွေ ဘယ်တော့မှ ဆာလောင်မွတ်သိပ်မှာ မဟုတ်ဘူး။” ဟု လင်းချင်းဟယ်က ပြောသည်။


“ငါတို့ မငတ်သေးသ‌ရွေ့ အဆင်ပြေတယ်။ ငါ မြို့တော်မှာ အခြေချနေချင်သေးတယ်။” ကျိုးရှောင်မိန်က အမြန်ပြောလိုက်သည်။


“ငါ၊ နင့်ရဲ့ စတုတ္ထယောင်းမက ဒီစကားကို မှတ်ထားပါ့မယ်။” လင်းချင်းဟယ်က စိတ်တိုတိုနဲ့ ရယ်လိုက်မိသည်။ သမီးယောင်းမနှစ်ယောက်သား စကားပြောတာ လုံလောက်သွားပြီ။ ထို့နောက် လင်းချင်းဟယ်တို့ သူတို့အိမ်မှ ပြန်သွားခဲ့ကြသည်။


စုတာ့လင်းက သူတို့ကို နေ့လည်စာ စားသွားဖို့ တိုက်တွန်းခဲ့သည်။ လင်းချင်းဟယ်က မစားတော့ကြောင့် ငြင်းဆိုခဲ့ပြီး သူတို့တစ်မိသားစုလုံး စားသောက်ဆိုင်သို့ သွားစားကြမည်။


လက်ပြနှုတ်ဆက်ပြီးနောက် တစ်မိသားစုလုံး ဓာတ်ပုံသွားရိုက်ကြသည်။


ဓာတ်ပုံဆရာက သူတို့မိသားစုနဲ့ ရင်းနှီးသည်။ သူတို့က နှစ်တိုင်း လာကြသည်။ နှစ်သစ်မှာ နှင်းတွေ ထူထပ်စွာ ကျဆင်းနေရင်တောင် နှစ်သစ်ပြီးရင် သူတို့ဟာ ပြင်ပြင်ဆင်ဆင် လာရောက်ခဲ့ကြသည်။ ဘယ်လိုလုပ်ပြီး မရင်းနှီးပဲ နေပါ့မလဲ။


“အချိန်တွေကုန်ကာ အရမ်းမြန်တာပဲ။ မင်းတို့ ဒီကို ပထမဆုံး စရောက်တုန်းက ဒီကလေးသုံးယောက်က အရမ်းငယ်သေးတယ်။” ဓာတ်ပုံဆရာက လမ်းလျှောက်တတ်ခါစ အရွယ်ရဲ့ အရပ်အမြင့်ကို နှိုင်းယှဥ်ပြပြီးနောက် ဆက်ပြောသည်၊ “အခုတော့၊ သူတို့က အဖေထက်တောင် အရပ်ပိုမြင့်လာပြီ။”


အထူးသဖြင့် ကျိုးခိုင်၊ ကျိုးခိုင်က သူ့အဖေနဲ့ အရပ်သိပ်မကွာဘူး။


မိသားစုလိုက်ဓာတ်ပုံတစ်ပုံရိုက်ကြသည်။ ထို့နောက် သီးခြားစီ ဓာတ်ပုံရိုက်ကြသည်။ ဓာတ်ပုံရိုက်ပြီးသွားတော့ ခုနစ်ပုံ ရှစ်ပုံလောက် ရှိမည်။


“ဒါနဲ့ ဒီကလေးက အသက် ဘယ်လောက်ရှိပြီလဲ မသိဘူး။ သူ့မှာ စေ့စပ်ထားသူ ရှိလား။ ငါ့မှာ အသက် ဆယ့်ရှစ်နှစ်အရွယ် တူမလေးတစ်ယောက်ရှိတယ်...”


ဓာတ်ပုံဆရာပြောတာကို ကြားပြီးနောက် လောင်အာ့က ရယ်ကာမောကာ ပြောလိုက်သည်၊ “ဆယ့်ရှစ်နှစ်က အရမ်းကြီးတာပေါ့။ ကျွန်တော့်အစ်ကိုကြီးက ဒီနှစ်မှ ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်။”


“ဆယ့်ငါးနှစ်နဲ့ ဒီလောက် အရပ်ရှည်တယ်လား။” ဓာတ်ပုံဆရာရဲ့ မျက်လုံးတွေက တောက်ပလာသည်၊ “ငါ့မှာ မင်းနဲ့ အသက်တူတဲ့ သမီးလေးတစ်ယောက်ရှိတယ်။”


“ဒါက စောလွန်းတယ်။ ကျွန်‌တော့်အစ်ကိုကြီးက တက္ကသိုလ်တက်နေတုန်းပဲ ရှိသေးတယ်” လောင်စန်းက ရွှင်မြူးစွာ မှတ်ချက်ချသည်။


“တက္ကသိုလ်ကျောင်းသားလား” ဓာတ်ပုံဆရာက သူ့မိသားစုထဲသို့ ဝင်ရောက်လာသည့် လူငယ်တစ်ယောက်ကို ကြည့်နေသလိုမျိုး လောင်တကို ငေးကြည့်နေမိသည်။


“နောက်မှ ပြန်တွေ့ကြမယ်၊ ဆရာကြီး” လောင်တက ဆက်မနေနိုင်တော့ပဲ လက်ပြနှုတ်ဆက်ကာ အမြန်ထွက်လာခဲ့သည်။


လင်းချင်းဟယ်တစ်ယောက် ဟက်ဟက်ပက်ပက် ရယ်မိသွားသည်။ သူ သွားလေရာ နေရာတိုင်းတွင် သူ့သားကို ပစ်မှတ်ထားနေသူများကို တွေ့ရသည်။


“ဒီဓာတ်ပုံဆရာကြီးက ငါတို့ကြီးပြင်းလာတာကို ကြည့်ပြီး ငါတို့ရဲ့ အရာရာကိုသိတယ်လို့ ထင်နေတာ၊ ဒါကြောင့် မင်းကို သူ့သမီးနဲ့ လက်ထပ်ပေးချင်နေတာပဲ၊ အစ်ကိုကြီးရေ” လောင်အာ့က ထောက်ပြသည်။


“အသက်ဆယ့်ငါးနှစ်အရွယ် လူတစ်ယောက် အသက်နှစ်ဆယ်အရွယ်တစ်ယောက်လို ဆက်ဆံခံလိုက်ရတယ်။ အစ်ကိုကြီး၊ ငါ မင်းကို စာနာမိပါတယ်။ အစ်ကိုကြီး အရွယ်ရောက်တာ အရမ်းမြန်တယ်။” ဟု လောင်စန်းက ပြောသည်။


“မင်းတို့ ငါ့အကြောင်း ပြောစရာ မလိုဘူး၊ အချိန်တန်ရင်၊ မင်းတို့လည်း ငါနဲ့ တူလာလိမ့်မယ်။” လောင်တာက ပြန်ပြောသည်။


ညီအစ်ကို သုံးယောက်ထဲတွင် လောင်အာ့က သူတို့အမေနဲ့တူပြီး ကျန်တဲ့နှစ်ယောက်က အဖေနဲ့တူသည်။


သူတို့အဖေလိုဖြစ်ရတာ မဆိုးပါဘူး။


အခု သူတို့အရွယ်ရောက်တာ အရမ်းမြန်ပုံပေါ်ပေမယ့် သူတို့အဖေရဲ့ လက်ရှိအသက်ကို ကြည့်လိုက်ရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကနဲ့ သိပ်မပြောင်းလဲသွားခဲ့ပါဘူး။


ဒါကြောင့် လောင်တက လုံးဝ ယုံကြည်မှု မပျက်ယွင်းခဲ့ပါဘူး။


လောင်စန်းသည် အနာဂတ်တွင် သူက လျင်မြန်စွာ ကြီးထွားလာလိမ့်မည်ဟု မယုံကြည်ခဲ့ပါ။


တစ်မိသားစုလုံး စားသောက်ဆိုင်မှာ နေ့လည်စာ စားသောက်ပြီးနောက် ရုပ်ရှင်သွားကြည့်ကြသည်။


ရုပ်ရှင်ရုံမှ ထွက်လာပြီးနောက် စားသောက်ဆိုင်သို့ ပြန်သွားခဲ့ကြသည်။ ပြီးတော့၊ သူတို့ အိမ်ပြန်လာခဲ့ကြသည်။


လင်းချင်းဟယ်သည် ကျိုးချင်းပိုင်နောက်မှ ထိုင်လိုက်ခဲ့သည်။ လောင်အာ့နှင့် လောင်စန်းတို့ကတော့ သူတို့အစ်ကိုကြီးရဲ့နောက်မှာ ထိုင်စီးခဲ့သည်။


“မျက်စိတစ်မှိတ်အတွင်း အရွယ်ရောက်လာကြပြီ။ ကျွန်မတို့ အရင်က မြို့ကိုလိုက်ပို့တုန်းက ကလေးတွေက အရမ်းငယ်သေးတယ်။” သူတို့ရှေ့မှာ စက်ဘီးစီးနေတဲ့ ညီအစ်ကိုသုံးယောက်ကို ကြည့်ပြီး လင်းချင်းဟယ်က အတိတ်ကို ပြန်ပြောင်းသတိရမိသည်။


သူမ ဝက်သားရောင်းဖို့ မြို့ကို လောင်အာ့နှင့် လောင်စန်းတို့ကို ‌ခေါ်လာစဥ်အခါက ညီအစ်ကိုနှစ်ယောက်သား စက်ဘီးနားမှာ ရေခဲချောင်းထိုင်စားပြီး သူမ ပြန်အလာကို ထိုင်စောင့်ခဲ့ကြသည်။


အခု၊ ဒီမုန်လာဥလေးနှစ်လုံးက မျက်စိတစ်မှိတ်အတွင်း အရွယ်ရောက်လာပြီး အရပ်ရှည်လာကြသည်။


ပြောရရင်၊ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ ခက်ခဲတဲ့အလုပ်လို့ ပြောရမယ် ဆိုပေမယ့် တစ်နေ့ပြီးတစ်နေ့ ကလေးတွေ ကြီးပြင်းလာတာကို ကြည့်ပြီး စိတ်ထဲမှာ ထူးထူးခြားခြား ဖြစ်နေတုန်းပါပဲ။


ကျိုးချင်းပိုင်က မေးသည်၊ “မင်းနဲ့ ရှောင်မိန်တို့ အခန်းထဲမှာ ဘာအကြောင်းတွေ ပြောနေကြတာလဲ။”


“ဘာဖြစ်လို့ ဒီလိုမေးတာလဲ။” လင်းချင်းဟယ်က အံ့အားသင့်သွားသည်။ သူက ဘယ်တော့မှ ဒီလိုအကြောင်းအရာတွေကို မေးမြန်းလေ့ မရှိပေ။


“အမေက ရှောင်မိန့်ကို ကိုယ်ဝန်ဖျက်ချခွင့်မပြုဘူးလို့ ‌ကိုယ့်ကို ပြောခိုင်းခဲ့တယ်။ သူမက အခုကလေးကို မွေးစေချင်တယ်” ဟု ကျိုးချင်းပိုင်က ရှင်းပြသည်။


သူက ဒီအကြောင်းအား စုတာ့လင်းကို ပြောပြခဲ့ပေမယ့် သူ့ညီမကိုတော့ မပြောခဲ့ရပေ။

 

“စိတ်မပူပါနဲ့။ ရှောင်မိန်လည်း ကလေးမွေးချင်ပါတယ်” လင်းချင်းဟယ်က ခေါင်းညိတ်ပြီး ပြောသည်၊ “ဒီကလေးမွေးပြီးရင် သူ့အလုပ်အတွက် နည်းနည်း စိတ်ပူနေတော့ သူက ကျွန်မကို ဆွဲခေါ်ပြီး စကားစမြည် ပြောချင်နေတာပါ” 


“မင်း သူမကို ဘာအကြံဥာဏ်ပေးခဲ့လဲ။” ကျိူးချင်းပိုင်က မေးသည်။


“တကယ်လို့ ဒီမှာ မတ်လေး အလုပ်မဆင်းရတော့ဘူးဆိုရင်၊ သူတို့လင်မယား ကလေးတွေကိုခေါ်ပြီး မြို့တော်မှာ ဘန်းမုန့်လာရောင်းဖို့ ကျွန်မ အကြံပေးခဲ့တယ်။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။


“ဘန်းမုန့်ရောင်းတာလား။ မင်း ပိုက်ဆံရှာနိုင်မယ်လို့ထင်လား။” ကျိုးချင်းပိုင်က မမေးပဲ မနေနိုင်တော့ပေ။


“ရှင် အဲ့လိုကိုယ်ပိုင်လုပ်ငန်းလေးတွေကို လျော့တွက်ထားတာလား။ အခု ဘန်းမုန့်တစ်ခု ရောင်းရရင် ဘယ်လောက် မြတ်မယ်လို့ ရှင်ထင်လဲ။” လင်းချင်းဟယ်က သူ့ကို မေးသည်။

 

ကျိုးချင်းပိုင်က သူ့စိတ်ထဲမှာ ထင်တဲ့အတိုင်း “အနည်းဆုံး ခုနစ်ဆင့် ရှစ်ဆင့်လောက်ပေါ့။”


“ခုနစ်ဆင့်- ရှစ်ဆင့်။ ဒါပေမယ့် ဒါကို နည်းတယ်လို့ မထင်နဲ့၊ သူက ဖောက်သည်တွေနဲ့ ဆက်ဆံရေးကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မယ်၊ အစာများများသွပ်ပေးမယ်၊ ပြီးတော့ ဘန်းမုန့်ကို နည်းနည်းပိုကြီးပြီး ရောင်းမယ် ထားဦး။ တစ်ခုကို အများကြီး မရဘူး။ ငါးဆင့်ပဲ ရတယ် ထားလိုက်။ သူ တစ်နေ့ကို ဘန်းမုန့်ငါးဆယ်လောက်တော့ ရောင်းနိုင်မယ်လို့ ရှင်ထင်လား။” လင်းချင်းဟယ်က မေးသည်။


“တာ့လင်းရဲ့ ဘန်းမုန့်တွေက စားကောင်းတယ်။ အင်း အဲ့လောက်တော့ ရောင်းနိုင်လောက်တယ်။” ကျိုးချင်းပိုင်သည် စုတာ့လင်း လုပ်ထားတဲ့ ဘန်းမုန့်တွေကို စားဖူးသည့်အတွက် ခေါင်းညိတ်ထောက်ခံသည်။


“ဒါဆို အခြေခံအားဖြင့် ဘာမှ စိတ်ပူစရာ မရှိဘူး။ သူ ဒီမှာ အလုပ်ဆက်မလုပ်နိုင်တော့ဘူးဆိုရင် ဒီအကြောင်းကို ပြောလို့ရပြီ။ ရှောင်မိန်က မြို့တော်မှာ အခြေချဖို့ ရည်မှန်းထားတယ်လို့ ကျွန်မထင်တယ်။ ကျွန်မ မရှိရင်တော့ ဒါကို ထားလိုက်လို့ရတယ်။ ကျွန်မ အဲ့မှာရှိရင် သူမ အဲဒီကို အနှေးနဲ့ အမြန်ဆိုသလို ရွှေ့ပြောင်းလာမှာပဲ။” လင်းချင်းဟယ်က ပြုံးသည်။


ဒီယောင်းမလေး ကျိုးရှောင်မိန်က သူမ၏ စတုတ္ထယောင်းမ ခြေရာကို လိုက်နင်းနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရသည်။


“ပြီးတော့ ကိုယ်တို့ကရော” ကျိုးချင်းပိုင်က အနည်းငယ် တုံ့ဆိုင်းသွားသည်။


မြို့တော်ကို ရောက်သွားရင် ဘာလုပ်ရလဲလို့ သူ အများကြီး တွေးထားပေမယ့် အခုချိန်ထိ အဖြေရှာမရသေးပေ။ 


“ဒါက လွယ်ပါတယ်။ အချိန်တန်ရင် ကျွန်မတို့ စာရေးကိရိယာဆိုင် အရင်ဖွင့်မယ်။ အဲ့အချိန်ကျရင် ပစ္စည်းတွေဝယ်ဖို့ တောင်ဖက်ကို သွားကြမယ်။” လင်းချင်းဟယ်က ကြိုတင်စီစဥ်ပြီးသားဟု အဖြေပေးခဲ့သည်။