အခန်း (၂၈၁) – ဘာမှ မယူသွားဘူး
ယခုခေတ်အချိန်အခါတွင် ကျေးလက်အိမ်ထောင်စုစာရင်းကို မြို့တော်သို့ ပြောင်းရွှေ့ကာ အရည်အသွေးမြင့် အစားအသောက်များကို စားသုံးနိုင်သည့် မြို့သူမြို့သားတစ်ယောက် ဖြစ်လာသည်မှာ အလွန်ဂုဏ်ယူစရာကောင်းလှသည်။
သူတို့၏ စတုတ္ထညီသည် သူတို့၏ အိမ်ထောင်စုစာရင်းကို မြို့တော်သို့ ချက်ချင်း ပြောင်းရွှေ့နိုင်တော့မည် ဖြစ်သည်။
ဒါကို သူတို့ ဘယ်လိုလုပ်ပြီး မနာလိုမဖြစ်မိမှာ နေနိုင်မှာတဲ့လဲ။
ဒါပေမယ့် မနာလိုခြင်းမှာ အဓိပ္ပာယ်မရှိပါဘူး။ သူ့ဇနီးသည်က တကယ်ကို ချစ်ခင်ဖွယ်ကောင်းပြီး ဖြောင့်မတ်သည်။ သူမ အိမ်မှာ ရှိနေစဥ် စတုတ္ထလေးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးသည်။ အခု သူမ မြို့တော်ကို သွားရသည့်အခါမှာလည်း သူမသည် စတုတ္ထလေးကို မမေ့လျော့ထားခဲ့ပါဘူး။
အဆုံး၌ သူတို့သည် စတုတ္ထလေးက အိမ်ထောင်ကျ ကံကောင်းတယ်လို့ပဲ ပြောနိုင်ပါတော့သည်။
“ဒါပေမယ့် မင်း ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့ လူတစ်ယောက် ဖြစ်လာမှာလား၊ မင်း ပညာဆက်သင်မှာလား။” တတိယအစ်ကိုက မေးသည်။
“မသင်ဘူး။” ကျိုးချင်းပိုင်က ခေါင်းခါသည်။
ဒါက အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုရဲ့ လမ်းကြောင်းပါ။ သူ့အစ်ကိုသုံးယောက်ကိုကြည့်ပြီး “အစ်ကိုတို့ အိမ်မှာ ပိုလျှံတဲ့ အစားအသောက်တွေရှိရင် မြို့ထဲ ယူသွားပြီး ရောင်းချလို့ရတယ်။ အိမ်မှာ စက်ဘီးတွေလည်း ရှိနေတာပဲ။” ဟု ပြောလိုက်သည်။
သူတို့အိမ်မှာ စက်ဘီးတစ်စီးရှိသလို ကျိုးရှောင်မိန် လက်ထပ်တုန်းက ကျိုးအိမ်ဟောင်းတွင် စက်ဘီးတစ်စီး လက်ခံရရှိခဲ့သည်။
သူ့ဇနီးသည်က သူတို့အိမ်က စက်ဘီးကို တတိယမောင်လေးလင်းကို ပေးမယ်လို့ ပြောသည်။ သူက မကန့်ကွက်ခဲ့ပါဘူး။
ကျိုးချင်းပိုင်သည် ဖက်ထုပ်ပြုလုပ်ရာတွင် ဂျုံ၊ အစာသွပ် စသည်ဖြင့် လိုအပ်သော ပါဝင်ပစ္စည်းများ၏ ကုန်ကျစရိတ်ကို တွက်ချက်ခဲ့သည်။ ဖက်ထုပ်တစ်ပန်းကန်လျှင် ငါးဆင့်လောက်ရရင်တောင် လူအများကြီး လာစား မစားကို အာမ မခံနိုင်သေးဘူး။
လူများများစားစားမရှိရင်တောင် တစ်နေ့ကို ဖောက်သည် အယောက်နှစ်ဆယ်လောက် ရှိမယ်ဆိုရင် တစ်ယွမ်လောက် ရှာနိုင်လိမ့်မည်။ တစ်လလျှင် ယွမ်ဒါဇင်နဲ့ချီပြီး ဝင်ငွေရနိုင်ပါသည်။
ဒါပေါ့၊ သူ့ဇနီးသည်ရဲ့ လစာ ယွမ် ၆၀နှင့် ယှဥ်ရင် ဒါက သိပ်မများပါဘူး။ လစာအပြင် ထောက်ပံ့ကြေးတွေပါ ရှိနေသေးသည်။
ဒါပေမယ့် ဆိုင်တစ်ဆိုင်ကနေ ပိုက်ဆံအများကြီး မရှာနိုင်ရင်တောင် အိမ်မှာ ဒီအတိုင်း ထိုင်နေရတာထက်စာရင် အလုပ်လုပ်တာက ပိုကောင်းပါသည်။
ကျိုးချင်းပိုင်သည် ဖိအားအချို့ ခံစားခဲ့ရသည်။
ပြီးတော့ သူက တော်တော်လေးကို ယုံကြည်မှုရှိနေတုန်းပဲ၊ သူလုပ်ထားတဲ့ ဖက်ထုပ်တွေက သိပ်မဆိုးပါဘူး။ တကယ်လို့ သူသာ မြို့တော်မှာ သိုးသားနှင့် အမဲသားတွေ ရနိုင်ရင်၊ ပိုကောင်းတဲ့ ဖက်ထုပ်အစာတွေကို ပြုလုပ်နိုင်လိမ့်မည်။
အားလုံးကို ခြုံပြောရရင်၊ သူ ဆိုင်ကို ကိုင်တွယ်နိုင်လိမ့်မည်။
ဒါက လင်းချင်းဟယ်တစ်ယောက် ကျိုးချင်းပိုင်ကို ချီးကျူးသဘောကျရတဲ့ အကြောင်းပင်။
သူက လုပ်မယ်လို့ ဆုံးဖြတ်ထားရင် သူက တွန့်ဆုတ်မနေတော့ဘဲ၊ အနာဂတ်ကို လေးလေးနက်နက် စီစဥ်ပြီး ဆိုးတဲ့စကားတွေကို ပြောတော့မည် မဟုတ်ပါ။ ဆန့်ကျင့်ဘက်အနေနှင့် ကျိုးချင်းပိုင်သည် အမှန်တကယ်ကိုပင် အရမ်းယုံကြည်မှုရှိလွန်းသူတစ်ယောက် ဖြစ်သည်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး စည်းကမ်းလိုက်နာသည်။ စစ်တပ်က သူ့ကို ဒီလို စိတ်ဓာတ်မျိုး ရရှိအောင် ပညာကောင်းကောင်းပေးခဲ့သည်။
ဒါကြောင့် လင်းချင်းဟယ်လို လူမျိုးတောင် သူ့ရဲ့ ကျက်သရေကို မလွန်ဆန်နိုင်ခဲ့ဘူး။ သူ စရောက်တုန်းက သူနဲ့ ခပ်ဝေးဝေးမှာ စည်းတားနေထိုင်ဖို့ ကြံစည်ခဲ့ပြီး နောက်ပိုင်းမှာမှ သူမ လုံးဝ လိုက်လျောပေးခဲ့တာ ဖြစ်သည်။
ဒါပေမယ့် တစ်ချိန်တည်းမှာပင် ကျိုးချင်းပိုင်သည်လည်း သူ့ဇနီးသည်ရဲ့ နူးညံ့သိမ်မွေ့သော အပြုအမူအောက် ကျဆင်းသွားခဲ့သည်။
ကျိုးအိမ်ဟောင်းတွင် တစ်နာရီကျော်ကြာ စကားစမြည်ပြောဆိုပြီးနောက် အခြားသူများကလည်း လာရောက်လည်ပတ်ကြပြီး အချင်းချင်း စကားစမြည်ပြောဆိုကြရင်း သတင်းက ပြန့်သွားခဲ့သည်။
ယခုနှစ်အတွင်း ကျိုးကျားရွာတွင် အကြီးမားဆုံးနှင့် အကျော်ကြားဆုံး သတင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။
နှစ်သစ်ပြီးရင်၊ ကျိုးချင်းပိုင်က သူ့ဇနီးသည်နှင့် ကလေးတွေနဲ့အတူ မြို့တော်သို့ ပြောင်းရွှေ့နေထိုင်တော့မည် ဖြစ်သည်။
“ကျိုးမိသားစုက ဘယ်လိုတောင် ကံကောင်းလိုက်သလဲ။ တကယ်တော့ သူတို့မိသားစုက ချမ်းသာတဲ့ ဇနီးမယားနဲ့ လက်ထပ်ခဲ့တယ်လို့တောင် ပြောရမယ်။”
“ဘယ်သူက ဒါကို ငြင်းနိုင်မလဲ။ ဒီဇနီးသည်က မိန်းမမြတ်ပဲ။ မျိုးဆက်သုံးဆက်လုံး ကောင်းချီးပေးခံရတာပဲ။ ခုနှစ်ယောက်မြောက် လူအိုကြီး(အဖေကျိုး)နဲ့ သူ့ဇနီးသည်ကိုပဲ ကြည့်ပါလား။ သူတို့ လယ်ထဲဆင်း အလုပ်လုပ်စရာ မလိုတော့ဘူး။”
“ဒါက အထက်က မျိုးဆက်တွေပဲ ရှိသေးတယ်။ လောင်တတို့ ညီအစ်ကိုတွေကိုပဲ ကြည့်ပါလား။ အခုကစပြီး သူတို့အကုန်လုံး ထက်မြက်သွားကြလိမ့်မယ်။ နောင်အနာဂတ်မှာ သူတို့သားသမီးတွေ ကောင်းချီးခံစားရလိမ့်မယ်။”
“ဒီကောင်းချီးမျိုးက ဘယ်လိုမျိုးပါလိမ့်။ ဒါက မျိုးဆက်လေးဆက်တိုင်ပဲ။”
"..."
နှစ်သစ်ကူး ပထမနေ့တွင် တတိယမောင်လေးလင်းသည် သူ့ဇနီးသည်နှင့် သားသမီးများကို ခေါ်ဆောင်လာပြီး အိမ်အလည်လာခဲ့သည်။
ကလေးတွေ အများကြီး ပါလာသောကြောင့် သူတို့သည် ရိက္ခာအလို့ငှာ ရစ်ငှက်နှစ်ကောင်ကိုပါ ယူဆောင်လာခဲ့ကြသည်။
လင်းချင်းဟယ်နှင့် တတိယယောင်းမလင်းသည် နေ့လည်စာကို ပြင်ဆင်နေရင်း စကားစမြည် ပြောဆိုနေခဲ့ကြသည်၊ “ချင်းပိုင်နဲ့ ငါက နှစ်သစ်ကူးပြီးရင် မြို့တော်ကို ပြောင်းရွှေ့တော့မယ်။ နင်နဲ့ ငါ့မောင်လေးတို့ ဒီမှာ ကောင်းကောင်းနေထိုင်စားသောက်သင့်တယ်။”
“နှစ်သစ်ကူးပြီးရင်၊ မြို့တော်ကို ပြောင်းရွှေ့တော့မှာလား။” တတိယယောင်းမလင်းက အံ့အားသင့်စွာ မေးသည်။
“အင်း၊ ဟိုမှာ အားလုံး စီစဥ်ပြီးပြီ။” လင်းချင်းဟယ်က ခေါင်းညိတ်သည်။
တတိယယောင်းမလင်းက မနာလိုဖြစ်နေတဲ့ အမူအရာနဲ့ “ငါတို့ရော နောင်ကျ မြို့တော်ကို သွားဖို့ အခွင့်အရေးရှိနိုင်ပါ့မလား မသိဘူး။” လို့ ပြောလာသည်။
“အနာဂတ်မှာ အရာအားလုံး အခြေကျတည်ငြိမ်လာတဲ့အထိ စောင့်လိုက်ပါ။ အဲ့အချိန်ကျရင် နင်အလိုရှိတဲ့အချိန်တိုင်း သွားနိုင် လာနိုင်ပါလိမ့်မယ်။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။
အဆုံးမှာတော့ ဒါဟာ သူမရဲ့ တတိယမောင်လေးကြောင့်ပင်။ ဒီတော့ လင်းချင်းဟယ်သည်၊ “နင်နဲ့ ငါ့တတိယမောင်လေးတို့ မြို့တော်မှာ စီးပွားရှာဖို့ စဥ်းစားဖူးလား။” ဟု မေးလာခဲ့သည်။
“ဒါကို မေ့လိုက်ပါ။” ဒီစကားကိုကြားတော့ တတိယယောင်းမလင်းသည် ချက်ချင်း ခေါင်းခါလိုက်သည်။
သူမတို့နှစ်ယောက် လင်းချင်းဟယ်ရဲ့ အရည်အချင်းနဲ့ ဘယ်လိုလုပ်ပြီး ယှဥ်နိုင်ပါ့မလဲ။ သူတို့သည် စကားလုံးတွေ အများကြီးကို မတတ်မြောက်ဘဲ အဲဒီကိုသွားပြီး စားဝတ်နေရေးအတွက် ဘာတွေ လုပ်ကိုင်စားသောက်ကြမလဲ။
ဒါတွေအားလုံးက ပြဿနာတွေပါပဲ။
လင်းချင်းဟယ်က ဘာမှ ပြန်မပြောဘဲ “အနာဂတ်မှာ မြို့ဟာ ပိုပိုပြီးတော့ အေးချမ်းသာယာလာလိမ့်မယ်။ အခု ကိုယ်ပိုင်အလုပ်လုပ်တဲ့သူတွေတောင် ရှိနေပြီ၊ မဟုတ်လား။ နောက်နှစ်ကျရင် ငါ့မောင်လေးကို မြို့ဆီ တစ်ချက် သွားကြည့်ခိုင်းလိုက်။ နောက်ဆို ငါတို့မိသားစုက စက်ဘီး မလိုအပ်တော့ဘူး။ ငါ ဒီစက်ဘီးကို နင်တို့ကို ပေးခဲ့လိုက်မယ်။”
“ဒါ... ဒါကို ဘယ်နေရာမှာ သုံးရမှာလဲ။” တတိယယောင်းမလင်းရဲ့ ဦးနှောက်သည် ခေတ္တမျှ တုံ့ဆိုင်းသွားကာ ပြန်မေးခဲ့သည်။
“ငါတို့ကျေးလက်ဒေသမှာ ကြက်ဥတွေ၊ ကြက်တွေနဲ့ အိမ်နောက်ဖေးမှာ စိုက်ပျိုးထားတဲ့ သီးပင်စားပင်တွေက ငါတို့အတွက် တန်ဖိုးမရှိဘူးလို့ ထင်ရပေမယ့် မြို့ထဲရောက်ရင် မြို့သူမြို့သားတိုင်းက လိုချင်ကြတယ်။ မြစ်ထဲက ပုစွန်၊ ငါး၊ လယ်ကွင်းထဲက ငါးရှဥ့်တွေကိုလည်း အလားတူ လိုချင်ကြတယ်။ သူတို့ကို သယ်သွားပြီး ရောင်းချနိုင်တယ်။” လင်းချင်းဟယ်က သူမကို စက်ဘီးကိစ္စ ဆွဲမထုတ်ဘဲ ရှင်းပြခဲ့သည်။
“အဲ့တာတွေက ငွေရှာနိုင်သလား။ တကယ်လို့ သူ ဒီလိုလုပ်ရင် လယ်ထဲဆင်းဖို့ အချိန်မရှိမှာကို ငါကြောက်တယ်။” တတိယယောင်းမလင်းက တုံ့ဆိုင်းစွာ စကားဆိုသည်။
လယ်ကွင်းထဲမှာပဲ တစ်သက်လုံး ရှင်သန်နေသူတစ်ယောက်ဟာ အတွေးအမြင်ကို ရုတ်တရတ် ပြောင်းလဲပြီး စီးပွားရေးဘက်သို့လှည့်ပါက မလုံခြုံသလို ခံစားရသည်မှာ သဘာဝကျပါသည်။
သို့တိုင်၊ ဒါက သူမရဲ့ သွေးသားရင်းမောင်လေးအတွက်ပဲ ဖြစ်သည်။ ဒီတော့ လင်းချင်းဟယ်က သေချာရှင်းပြခဲ့သည်၊ “ပိုက်ဆံ မရှာနိုင်ဘူးဆိုရင်၊ အစ်မက အစ်မမောင်လေးကို လုပ်ခိုင်းပါ့မလား။ နင် သူ့ကို မထောက်ပံ့ပေးရင် ကိစ္စမရှိဘူး။ ဒါပေမယ့် နင် သူ့ကိုတော့ မတားနဲ့။ ငါ ဒီကိစ္စကို သူ့ကို ပြောပြလိုက်မယ်၊ သူ စမ်းလုပ်ကြည့်ချင်တယ်ဆိုရင် နင် သူ့ကို လုပ်ခွင့်ပေးလိုက်ပါ။ တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း အလွန်ဆုံးမှ သူ့ရဲ့ မူရင်းအလုပ်အကိုင်ကို ပြန်လုပ်လိုက်ရုံပဲလေ။”
တတိယယောင်းမလင်းက ခေါင်းညိတ်သည်။
နေ့လည်စာ စားပြီးနောက် အားလုံး အတူတကွ စကားစမြည် ပြောဆိုကြသောအခါ လင်းချင်းဟယ်က တတိယမောင်လေးလင်းအား ဒီကိစ္စကို ပြောပြခဲ့သည်။
လင်းချင်းဟယ်သည် သူမရဲ့ မောင်လေးကို စည်းရုံးရမယ်လို့ မူလက ထင်ခဲ့ပေမယ့် မထင်မှတ်ဘဲ သူမ ပြောပြီးတာနဲ့ တတိယမောင်လေးလင်းက “ကျွန်တော်လည်း မြို့ထဲမှာ ပစ္စည်းတွေ ပြန်ရောင်းဖို့ စိတ်ကူးထားခဲ့တယ်။ ဒါပေမယ့်၊ အစ်မ ကျွန်တော် အစ်မတို့စက်ဘီးကို ဒီအတိုင်း မယူနိုင်ဘူး။” ဟု ပြောလာခဲ့သည်။
နောက်ဆုံးစာကြောင်းကို အလွန်ခိုင်မာစွာ ပြောခဲ့သည်။
“တကယ်လို့ နင် မလိုချင်ဘူးဆိုရင်လည်း၊ ဒါကို မေ့လိုက်ပါ။” လင်းချင်းဟယ်က ပြန်ဖြေသည်။
စက်ဘီးကို နှစ်အတော်ကြာ အသုံးပြုခဲ့ပြီး ဝယ်ယူသုံးစွဲခဲ့တဲ့ တန်ဖိုးအတိုင်း အကုန်ပြန်သုံးခဲ့ပြီးဖြစ်လို့ သူ့ကို ဒီအတိုင်း ပေးလိုက်ရုံနဲ့ အဆင်ပြေပါသည်။ သူ့ထံမှ ငွေအနည်းငယ်ကို သူမ ဘယ်လိုလုပ်ပြီး လက်ခံနိုင်ပါ့မလဲ။
စက်ဘီးကို နှစ်အတော်ကြာ အသုံးပြုလာခဲ့သော်လည်း ယခင်ကကဲ့သို့ လွယ်ကူစွာ အသုံးပြု၍ ရပါသေးသည်။ ဒီခေတ်က ပစ္စည်းတွေရဲ့ အရည်အသွေးက တကယ့်ကို ထိပ်တန်းလို့ ပြောရပေမည်။
နှစ်သစ်ကူး ဒုတိယနေ့တွင် အကြီးဆုံးအစ်မနှင့် ဒုတိယအစ်မတို့ အလည်ရောက်လာကြသည်။ စတုတ္ထလေးတို့ မိသားစုက ခြောက်ရက်မြောက်နေ့တွင် ပြောင်းရွှေ့သွားတော့မှာကို သိလိုက်ရသဖြင့် ထိုနေ့တွင် သူတို့အားလုံး လိုက်ပါပို့ဆောင်ပေးမည် ဖြစ်ကြောင်း ဝမ်းသာအားရ ဆိုလာကြသည်။
လင်းချင်းဟယ်ကလည်း မငြင်းပယ်ခဲ့ပါဘူး။ အားလုံးက ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်တာမို့ အားလုံး လာကြပါစေ။
နှစ်သစ်သည် ရက်ပိုင်းအတွင်း ကုန်ဆုံးသွားသည်။ အဆုံး၌၊ လူပေါင်းများစွာ လာလည်ကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်သစ်၏ ခြောက်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့သည်။
ဒီမနက် လူတော်တော်များများ ရောက်လာကြသည်။
ကျိုးတုန်းနှင့် ကျိုးရှီတို့ မောင်နှမနှစ်ယောက်လည်း နှုတ်ဆက်ဖို့ ရောက်လာပါသည်။
ကျိုးရှီးက သိပ်မငယ်တော့ဘူး။ သူမသည် ရွာရှိ အလွန်ကောင်းသော လူငယ်တစ်ဦးနှင့် စေ့စပ်ထားသည်။ လင်းချင်းဟယ်က သူမကို ယခုနှစ် သူမ လက်ထပ်ချိန်တွင် အဝတ်အစားသစ် ပြုလုပ်ရန်အတွက် သူမ နေရာလွတ်ထဲတွင် သိမ်းဆည်းထားတဲ့ အရည်အသွေးကောင်းတဲ့ အထည်တစ်စ ပေးခဲ့သည်။
“ဘာဖြစ်လို့ ပစ္စည်းတွေက ဒီလောက် နည်းနေတာလဲ။” လူတိုင်းသည် မူလက ပစ္စည်းများကို ကူသယ်ပေးရန် ရောက်လာခဲ့ကြသော်လည်း သူတို့ ရောက်လာသောအခါတွင် ဘာမှ မရှိတာကို တွေ့လိုက်ရသည်။
အဝတ်အစားတွေ ထည့်ထားသော အဝတ်အစားအိတ်လေး နှစ်အိတ်သာ ရှိသည်။
တခြား ဘာမှ မရှိပါဘူး။
“ဒီနေ့လို အရမ်းအေးတဲ့ရက်တွေအတွက် နင်တို့ စောင်တွေ ဘာဖြစ်လို့ မယူသွားရတာလဲ။” ဟု အကြီးဆုံးအစ်မက ပြောသည်။