အခန်း (၂၈၀) – မနာလိုငြူစူခြင်း
မိသားစုနှစ်သစ်ကူးညစာကို ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ကျင်းပခဲ့သည်။
တကယ်တော့ တခြားအိမ်ထောင်ခွဲ သုံးအိမ်က အတူတူ စားသောက်ကြဖို့ စိတ်အားထက်သန်နေသောကြောင့် ဖြစ်သည်။
ဒါပေမယ့် လင်းချင်းဟယ်က ငြင်းဆိုခဲ့သည်။ လူတိုင်းဟာ ကိုယ့်အစားအသောက်ကိုယ် စားလို့ရတယ်လို့ သူမက ပြောခဲ့သည်။ ဒီနှစ်မှာတော့ လောင်တက ပြန်ပါမလာဘူး။ မိသားစုဝင် အစုံအလင်မရှိတဲ့အတွက် ဒါကို ထားလိုက်ပါ။
ကျိုးချင်းပိုင်သည် လာမည့်နှစ်တွင် သူ့ရဲ့ ဒုတိယသား၊ တတိယသားတို့နှင့်အတူ မြို့တော်သို့ လိုက်ပါသွားမည် ဆိုတဲ့ အကြောင်းအား ယခုအချိန်အထိ ထုတ်ဖော်မပြောရသေးဘူး။
သို့သော်၊ နှစ်သစ်ကူးအကြိုနေ့တွင် လင်းချင်းဟယ်သည် မရီးသုံးယောက်နှင့် ဟိုဟိုဒီဒီ စကားစမြည် ပြောဆိုရန် ကျိုးအိမ်ဟောင်းဘက်သို့ ရောက်နေချိန်တွင် ဒီအကြောင်းအား ပြောပြခဲ့သည်။
မရီးသုံးယောက်စလုံး အံ့သြသွားကြသည်။
“ဟမ်၊ နှစ်သစ်ကူးပြီးရင် စတုတ္ထမတ်လေးက လောင်အာ့၊ လောင်စန်းတို့နဲ့အတူ မြို့တော်ကို ပြောင်းတော့မှာလား။ ဒီမှာရှိတဲ့ နင်တို့အိမ်ကိုရော ဘယ်လို လုပ်မလဲ။” အကြီးဆုံးမရီးက ကြောင်တက်တက်နဲ့ ပြောပါသည်။
“အဖေနဲ့ အမေတို့ အဲ့မှာ နေလိမ့်မယ်။ နောက်တစ်ချိန် ကျွန်မတို့ မြို့မှာ အခြေကျသွားတဲ့အခါ အမေတို့ကိုပါ ခေါ်ထားမယ်။” လင်းချင်းဟယ်က ပြန်ဖြေသည်။
အဖေကျိုးနှင့် အမေကျိုးတို့က ဒါကို ကန့်ကွက်ခြင်း မရှိပါဘူး။ သူတို့ လင်းချင်းဟယ်တို့အိမ်ကို ပြောင်းနေရင် အိမ်ကျယ်သွားလိမ့်မည် ဖြစ်သည်။ ဒါ့အပြင်၊ သူတို့ အိမ်နောက်ဖေးမှာ ကြက်တွေ၊ ဘဲတွေ အများကြီး မွေးမြူထားနိုင်သည်။
“ကျွန်မတို့ မြို့တော်ကို ပြောင်းသွားတဲ့အခါကျရင် အမေတို့ကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ မရီးတို့ရဲ့ အကူအညီ လိုအပ်တယ်။ အမေတို့က အသက်ကြီးနေပြီ။ သူတို့ လယ်ထဲ မဆင်းသင့်တော့ဘူး။” လင်းချင်းဟယ်က ဆက်ပြောသည်။
လူကြီးမိဘများကို ထောက်ပံ့ပေးဖို့ ပြောရာတွင် ယခင်ကကဲ့သို့ပင် ယခုအချိန်တွင် ထောက်ပံ့ပေးနိုင်လိမ့်မည်။
မိသားစုတွေ အိုးခွဲစားပြီးကတည်းက အဖေကျိုးနှင့် အမေကျိုးတို့ကို ထောက်ပံ့ပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အရင်ကျိုးအိမ်ဟောင်းမှာ ပဋိပက္ခတွေ မရှိခဲ့ပါဘူး။
ဒီကိစ္စရပ်ကြောင့် မကြာခဏ ငြင်းခုံရန်ဖြစ်နေကြတဲ့ တခြားမိသားစုတွေနဲ့ လုံးဝမတူပါဘူး။
“ဒါက ကိစ္စမရှိဘူး။ စတုတ္ထမောင်လေးနဲ့ ကလေးတွေ မြို့တော်ကို ပြောင်းရွှေ့နေထိုင်ဖို့နဲ့ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့တာ ဘယ်လိုအခြေအနေရှိလဲ။” တတိယမရီးက ပြောသည်။
“ဒီနှစ် ကျွန်မ တက္ကသိုလ်မှာ အလုပ်ဝင်နေရပြီ၊ အခုဆို ကျွန်မက ပေကျင်းတက္ကသိုလ်မှာ အင်္ဂလိပ်စာဆရာမတစ်ယောက် ဖြစ်နေပြီ။ တက္ကသိုလ်က ကျွန်မကို နေထိုင်ဖို့ လုံလောက်တဲ့ အိမ်တစ်လုံး ချပေးထားတယ်။ အိမ်ထောင်စုစာရင်းကိစ္စလည်း အဆင်ပြေတယ်။ ကျွန်မရဲ့ကျောင်းက ဒီကိစ္စကို တာဝန်ယူပေးတယ်။ ဒါက ပြဿနာမရှိဘူး။” လင်းချင်းဟယ်က ပြုံးရွှင်စွာ ပြောပြခဲ့သည်။
သူမမိသားစု ချင်းပိုင်သည် အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများအား ပြင်ဆင်ပြီး ဖြစ်သည်။ မြို့တော်သို့ ရောက်သည်နှင့် သူမတို့မိသားစု တိုက်ရိုက်အခြေကျနေထိုင်နိုင်ပြီ ဖြစ်သည်။
ဒါကိုကြားတော့ မရီးသုံးယောက်စလုံး အံ့သြသွားကြသည်။
စတုတ္ထရဲ့ ဇနီးသည်က အရမ်းတော်လွန်းသည်။
အလုပ်၊ အိမ်ထောင်စုစာရင်း စသည်တို့ကို အကုန်ဖြေရှင်းပြီးပြီလား။
“ပြီးတော့ စတုတ္ထမတ်လေးရဲ့ အလုပ်အတွက်ရော အဆင်ပြေရဲ့လား။” ဟု ဒုတိယမရီးက မေးသည်။
“ကျွန်မ မြို့တော်မှာ ချင်းပိုင်အတွက် ဆိုင်တစ်ဆိုင် ငှားထားတယ်။ အဲ့ကျရင်၊ သူ ကိုယ်ပိုင်ဆိုင်ဖွင့်ပြီး ဖက်ထုပ်ရောင်းချလိမ့်မယ်။” လင်းချင်းဟယ်က ပြန်ဖြေခဲ့သည်။
“ကိုယ်ပိုင်အလုပ်လား။ စတုတ္ထမတ်လေးက ဆန္ဒရှိရဲ့လား။” တတိယမရီးက အံ့အားသင့်စွာ ပြောသည်။
“သူက ဘာဖြစ်လို့ ဆန္ဒမရှိရမှာလဲ။ ငွေရှာဖို့ သူ့လက်သူ့ခြေကို အားကိုးတာပဲလေ။ ဒါနဲ့ ပတ်သက်ပြီး သိပ်အတွေးမများနဲ့။ စီးပွားရေးလုပ်တာ ရှက်စရာ မဟုတ်ဘူး။ စားစရာမရှိတဲ့အခါ ခိုးဝှက်၊ လုယက်၊ လိမ်လည်တာက ရှက်ဖို့ကောင်းတာ။” ဟု လင်းချင်းဟယ်က ပြောသည်။
“ချင်းဟယ်၊ နင်က မြို့တော်မှာနေတာ ဆိုတော့ သတင်းတစ်ခုခုများ ရခဲ့လား။ နောင်ကျရင် အဖမ်းအဆီးတေါ ရှိနိုင်လား။” အကြီးဆုံးမရီးက မေးသည်။
“ကျွန်မ အမေ့ဆီက မရီး ကြက်တွေ အများကြီး မွေးထားတယ်လို့ကြားတယ်၊ အဲ့အတွက်လား။” လင်းချင်းဟယ်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်မေးသည်။
“ငါ ကြက်တစ်ဒါဇင်ကျော်လောက် မွေးထားတယ်။” အကြီးဆုံးမရီးက ခေါင်းညိတ်သည်။
“နောက်နှစ်နွေဦးအထိ စောင့်လိုက်ပါဦး။ မရီး ကြက်နှစ်ကောင်လောက် ဆွဲယူသွားပြီး တစ်နေရာမှာ ထိုင်ရောင်းလို့ရတယ်။” လင်းချင်းဟယ်က ပြောသည်၊ “တစ်ယောက်ယောက်က စစ်ဆေးမေးမြန်းလာခဲ့ရင် မိသားစုထဲက တစ်ယောက်ယောက်က ကလေးမီးဖွားပြီး မီးနေချိန်ကာလဖြစ်လို့ လာပို့တာဆိုပြီး ရှောင်မိန်ရဲ့အိမ်ကို သွားလိုက်။ ဘယ်သူမှ မစစ်ဆေးဘူးဆိုရင် ဆေးရုံဝင်ပေါက်ကို တချက် သွားကြည့်လိုက်။”
အကြီးဆုံးမရီးက အနည်းငယ် ကြောက်သွားသည်၊ “ဒါက... ဒါက ဖမ်းမိသွားရင် ဘယ်လိုလုပ်ရမလဲ။”
“ဗျူရိုမှာ ချင်းပိုင်ရဲ့ ရဲဘော်ရဲဘက်တစ်ယောက်ရှိတယ်။ တစ်ခုခု ဖြစ်ခဲ့ရင်၊ မရီး ချင်းပိုင်ရဲ့နာမည်ကို ထုတ်သုံးနိုင်တယ်။” လင်းချင်းဟယ်က နှစ်သိမ့်ပေးသည်။
ဒီနေ့ ကုန်လွန်သွားရင် ၁၉၈၀ ခုနှစ် ဖြစ်သွားတော့မည်။ ၁၉၈၀ ခုနှစ်၊ နှစ်သစ် တစ်နှစ်၊ နွေဦးလေပြေလေညင်းသည် ကမ္ဘာမြေပြင်ပေါ်တွင် တောက်ပနေပြီး နွေဦးပန်းတွေ ပွင့်လန်းစေသည်။ မြို့ကိုသွားတဲ့အခါ မိတ်ဆက်စာ မလိုအပ်ဘူး။ ဘယ်သူမှ ဒါကို ဂရုမစိုက်ဘူး။
ကြက်နှစ်ကောင်ကို သယ်ဆောင်သွားရုံလေးနဲ့ ဘာအပြစ်များ ဖြစ်နိုင်မှာလဲ။
“အနာဂတ်မှာ ပိုကောင်းလိမ့်မယ်။ မြို့တော်မှာရှိတဲ့ လူတော်တော်များများက စီးပွားရေး လုပ်ကိုင်နေကြပြီ။” လင်းချင်းဟယ်က ပြောသည်။
“မြို့တော်မှာ စီးပွားရေးလုပ်တဲ့သူတွေများလား။” အကြီးဆုံးမရီးက ချက်ချင်းဆိုသလို မေးမြန်းခဲ့သည်။
ဒုတိယမရီးနှင့် တတိယမရီးသည်လည်း လင်းချင်းဟယ်ရဲ့ ပြန်အဖြေကို စောင့်နေကြသည်။
“မဟုတ်ရင်၊ ကျွန်မက ချင်းပိုင်ကို ကိုယ်ပိုင်စီးပွားရေး လုပ်ခိုင်းမယ်လို့ မရီးတို့ထင်လား။” လင်းချင်းဟယ်က သူတို့ကို ကြည့်လိုက်သည်။
လင်းချင်းဟယ်က ဒီစကားခေါင်းစဥ်ကို ဆက်မပြောတော့ဘူး။ သူမသည် အရာအားလုံးကို ပြောပြရုံသာ တတ်နိုင်သည်။ ချိုမြိန်မှုကို မြည်းစမ်းချင်လား မမြည်းစမ်းချင်ဘူးလား ဆိုတာကတော့ သူတို့အပေါ်မှာ မူတည်ပါသည်။
မြို့ထဲမှာ ရှိသမျှ ငွေကုန်ကြေးကျများပေမယ့် ကျေးလက်က ဟင်းသီးဟင်းရွက်တွေက သိပ်တန်ဖိုးမရှိဘူး မဟုတ်လား။ ဒါပေမယ့် မြို့ထဲကို ယူသွားရင် လူတွေက ဝယ်ချင်နေကြတုန်းပါပဲ။
ဒါပေမယ့် လင်းချင်းဟယ်သည် ဒီအကြောင်း ပြောနေတာကို ရပ်တန့်လိုက်သည်။ ဘာပြဿနာမှ မရှိဘူးလို့သာ ပြောပြနိုင်ပါသည်။ သူတို့ မလုပ်ချင်ဘူးဆိုရင်၊ သူမက သူတို့ကို အတင်းလုပ်ခိုင်းနေမှာ မဟုတ်ပါဘူး။
“လောင်အာ့နဲ့ လောင်စန်းတို့ မြို့တော်မှာ စာသင်တဲ့အခါ သူတို့ စာလိုက်နိုင်ပါ့မလား မသိဘူး။” ဟု တတိယမရီးက မှတ်ချက်ချသည်။
“လောင်အာ့က လာမယ့် စာသစ်နှစ်မှာ အထက်တန်း တက်ရလိမ့်မယ်။ လောင်စန်းအတွက်ကတော့ စောနေသေးတယ်။ သူ့အလှည့်ရောက်ရင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ လိုလိမ့်မယ်။” လင်းချင်းဟယ်က မထူးခြားသလို ပြောခဲ့သည်။
အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းစနစ်များ စတင်ပေါ်ပေါက်လာချိန်ကို သူမ မေ့သွားသော်လည်း ၁၉၈၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းလောက်တွင် ဖြစ်သည်။
လောင်စန်းက ဒီစာသင်နှစ်တွင် အလယ်တန်း ပထမနှစ် ဒုတိယနှစ်ဝက်ပဲ ရှိသေးသည်၊ အရမ်းစောနေသေးသည်။
တစ်ဖက်တွင်မူ သူမသည် လောင်အာ့ကို မျက်စိထောင့်ဒေါက်စောင့်ကြည့်နေရပေလိမ့်ဦးမည်။ ထို့အပြင် သူမတို့သည် မြို့တော်သို့ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ခဲ့သောကြောင့် အချို့သော အမှတ်များ အနုတ်ခံရနိုင်သည်။ ဒါကြောင့် သူသည် အနည်းဆုံးတော့ ဝင်ခွင့် ရနိုင်ပါလိမ့်မည်။
တတိယမရီးသည် ဝူနီရဲ့ အဆင့်အကြောင်းကို ပြောသည်၊ “ဝူနီက အမြဲတမ်း အဆင့်သိပ်မကောင်းဘူး။ အခု လောင်အာ့လည်း သွားပြီဆိုတော့၊ သူမမှာ စာမေးစရာလူမရှိတော့ဘူး။”
“ကျောင်းမှာ ဆရာ၊ ဆရာမတွေ အများကြီးပဲ။ သူမ ကြိုးကြိုးစားစား လေ့လာနေသရွေ့ သူမရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းနိုင်လိမ့်မယ်။” ဟု လင်းချင်းဟယ်က ပြောသည်။
ကျိုးယန်နှင့် ဝူနီတို့သည် ကျူရှင်တက်ရန် သူမထံ လာခဲ့ကြသည်။ လင်းချင်းဟယ်သည် သူတို့ နားမလည်တာ ရှိပါက သူမထံ လာရောက်မေးမြန်းနိုင်ပြီး အသေအချာ ပြန်လည်ရှင်းပြပေးမည် ဖြစ်သည်။ ကျူရှင်သီးသန့် မသင်ကြားပေးနိုင်တော့ပေ။
လင်းချင်းဟယ်သည်လည်း လေ့လာစရာရှိတာတွေကို လေ့လာနေရသည်။
သို့သော် လင်းချင်းဟယ်သည် သူတို့နှစ်ဦး၏ ပညာရေးအဆင့်သည် အမှန်တကယ် တိုးတက်ရန် ခက်ခဲကြောင်း ဝန်ခံရပေမည်။ သူမသည် သူတို့ကို အထိရောက်ဆုံး နည်းလမ်းများဖြင့် သင်ကြားပေးခဲ့သည်။ အနည်းဆုံးတော့၊ သူတို့ရဲ့အဆင့်သည် အလယ်အလတ်လောက်တော့ ရနိုင်ပါသည်။
ဒါပေမယ့် ဒါက အထက်တန်းကျောင်းဝင်ခွင့်အတွက် ပြဿနာမရှိသလို နောက်နှစ်ကျမှ အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲကို ဖြေဆိုရမှာ ဖြစ်သည်။
အထက်တန်းကျောင်းအတွက်ကတော့ သူတို့အပေါ်မှာပဲ မူတည်သည်။ ယေဘုယျအားဖြင့် ပြောရရင်၊ သူတို့ ကြိုးကြိုးစားစား လေ့လာနေသရွေ့တော့ သိပ်ဆိုးရွားမှာ မဟုတ်ပါဘူး။
“ဒါနဲ့ စကားမစပ်၊ ဝူနီနဲ့ ယန်ယန်တို့ အနာဂတ်မှာ မြို့ပေါ် ကျောင်းတက်ဖို့သွားရင် သူတို့အိမ်မှာ နေလို့ရမလား မသိဘူး။” ဟု တတိယမရီးက မေးသည်။
လင်းချင်းဟယ်က ကျိုးရှောင်မိန်ကိုယ်စား ပြန်ဖြေပေးခဲ့သည်၊ “အခု အဲ့အိမ်မှာတင် ကလေးလေးယောက် ရှိနေပြီ။ သူတို့က ငယ်သေးတော့ အရမ်းဆူညံနေတာပဲ။ သူတို့နှစ်ယောက်ကို အဲ့အိမ်မှာ နေခိုင်းလိုက်ရင် သူတို့တွေပဲ စိတ်အနှောင့်အယှက် ဖြစ်နေရလိမ့်မယ်။ ကျောင်းဝင်းထဲမှာ နေဖို့ စီစဥ်တာ အကောင်းဆုံးပဲလို့ ကျွန်မ ထင်တယ်။ ဒါပေမယ့် ခဏခဏ သွားလည်ပြီး သူတို့ဦးလေး(တာ့လင်း)ကို ထမင်းကျွေးခိုင်းတာ ပိုကောင်းလိမ့်မယ်။”
အကြီးဆုံးမရီးက ယန်ယန့်ကို ရှောင်မိန်ရဲ့အိမ်မှာ နေခွင့်ပြုဖို့ အစီအစဥ် မရှိဘူး။ တတိယမရီးကသာ သူမသမီးကို အဲ့အိမ်မှာ နေစေချင်ပေမယ့် လင်းချင်းဟယ်ရဲ့ စကားကိုကြားတော့ ဒါက အဓိပ္ပာယ်ရှိတယ်လို့ သူမ ခံစားမိသည်။
လင်းချင်းဟယ်က အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး ဒုတိယမရီးအား စကားစမြည် ပြောဆိုခဲ့သည်၊ “ရှားရှားက တော်တော်လေး အရပ်ရှည်လာတယ်၊ ဒီနှစ်မှာ သူ ပိုပြီးတော့ တက်ကြွနေပုံပေါ်တယ်။ သူ အဲဒီမှာ နေရတာ အဆင်ပြေလား။”
“အဲဒီကောင်စုတ်လေးက ပြန်လာတော့ ဟိုမှာ အစားအသောက်တွေ အရမ်းကောင်းတယ်လို့ ပြောတယ်။ အစားအသောက်ကို ဝဝလင်လင် စားရတယ်လို့ ပြောတယ်လေ။” ဒုတိယမရီးက ခပ်ပြုံးပြုံး ပြောခဲ့သည်။
“သူက အခုလောလောဆယ် ကြီးထွားနေဆဲ အရွယ်ပဲ။ သူ့ဆရာသခင် ဆင်းရဲသွားအောင် စားနိုင်ရင်တော့ မဖြစ်ဘူးနော်။” လင်းချင်းဟယ်က နောက်ပြောင်ပြောဆိုခဲ့သည်။
“ဆင်းရဲသွားလောက်တဲ့အထိ မစားနိုင်လောက်ပါဘူး။ ဟိုမှာ စီးပွားရေးက အတော်လေးကောင်းတယ်။ ရှားရှားက အလုပ်သင်အဖြစ် လုပ်နေတုန်းပဲ။” ဒုတိယမရီးသည် သူ့သားကို ချက်ချင်းလက်ငင်း လက်သမားအတတ် တက်စေချင်သည့်အသံဖြင့် ပြောသည်။
“ဖြည်းဖြည်းချင်းစီပဲ လုပ်ပါ။ နေရာတိုင်းမှာ စည်းကမ်းတွေက အတူတူပါပဲ။” လင်းချင်းဟယ်က ပြန်ဖြေသည်။
လင်းချင်းဟယ်သည် ဒီမှာ မရီးတွေနဲ့ စကားစမြည်ပြောဆိုနေစဥ် ကျိုးချင်းပိုင်သည်လည်း ဟိုမှာ သူ့အစ်ကိုတွေနဲ့ စကားပြောနေခဲ့သည်။
ကျိုးချင်းပိုင်သည် နှစ်သစ်ကူးပြီးနောက် သူတို့ရဲ့ အိမ်ထောင်စုစာရင်းကို မြို့တော်သို့ ပြောင်းရွှေ့ပြီး မြို့တော်သူ၊ မြို့တော်သားတွေ ဖြစ်လာတော့မှာကို သိလိုက်ရတော့ အစ်ကိုသုံးယောက်စလုံး မနာလိုဖြစ်သွားကြသည်။