အခန်း (၂၇၉) - ငွေရှာဖို့ ကြိုးစားမည်။
အမေကျိုးက လိုက်ချင်နေတာ သိသာထင်ရှားပါသည်။ ဒီစကားကိုကြားတော့ သူမက ပြုံးရယ်ပြီး ပြောသည်၊ “နင်တို့ ဟိုမှာ အခြေကျတဲ့အထိ စောင့်ပြီးမှ ဒါကို ဆွေးနွေးကြတာပေါ့။ ငါတို့လူအိုကြီးနှစ်ယောက်က နင်တို့ကို ကူညီပေးနိုင်တာ ရှိမလား ကြည့်ကြဦးမယ်။ ငါတို့ ကူညီနိုင်တာရှိရင်၊ ငါတို့ လိုက်ခဲ့ပါ့မယ်။”
သူတို့သည် မြို့တော်ကို အပိုသက်သက်ကြီး လိုက်မသွားချင်ပါဘူး။
လင်းချင်းဟယ်က ဘာမှ မပြောပါဘူး။ အခုအချိန်မှာ ဒါတွေကိုပြောဖို့ နည်းနည်းစောနေသေးသည်။ အချိန်ကျတဲ့အထိ စောင့်ပြီးမှ ဆုံးဖြတ်ရင်လည်း မမှားပါဘူး။
ကျိုးချင်းပိုင်တို့ သားအဖသည် ညနေခင်းတွင် ပြန်ရောက်လာသည်။ သားအဖနှစ်ယောက်သည် ယုန်နှစ်ကောင်နှင့် ရစ်ငှက်ငါးကောင် ဖမ်းမိလာသည်။
လင်းချင်းဟယ်က တတိယမောင်လေးလင်း မပါလာတာကို တွေ့တော့ “နင်တို့ဦးလေး ဘယ်နားကျန်ခဲ့တာလဲ။” ဟု မေးလိုက်သည်။
“မဟုတ်ဘူး။ ကျွန်တော်တို့ သီးသန့်စီပြန်လာတာ၊ အိမ်ကို လိုက်မလာဘူး။” လောင်အာ့က အတည်ပြုပေးသည်။
“ဒီဘဲကင်ကို နင့်ဦးလေးနောက် လိုက်ပေးချေ။” လင်းချင်းဟယ်သည် ဆီစိမ်စက္ကူနှင့် ထုပ်ပိုးထားသည့် ဘဲကင်ကို လှမ်းပေးပြီး စေခိုင်းလိုက်သည်။
အကြီးဆုံးအစ်မနှင့် ဒုတိယအစ်မတို့အတွက်မူ မနက်ဖြန်ကျ သွားပို့ခိုင်းလိုက်မည်။
“ဟုတ်ကဲ့” လောင်အာ့သည် စက်ဘီးပေါ်တက်ပြီး အပြေးအလွှား ထွက်သွားခဲ့သည်။
ထိုအခါမှပင် လင်းချင်းဟယ်သည် ကျိုးချင်ပိုင်ထံ အကြည့်ပို့လိုက်သည်။ ကျိုးချင်းပိုင်သည်လည်း သူ့ဇနီးသည်ကို လွမ်းဆွတ်တမ်းတစွာ ကြည့်နေခဲ့သည်။
“အဖေ၊ အမေ့ကို ကြည့်နေတာ မလုံလောက်သေးဘူးလား။ အဖေပြန်ရောက်လာကတည်းက အမေ့ကို ကြည့်နေတာနော်။” လောင်စန်းက စနောက်ကျီစယ်သည်။
“နင် အရမ်းပျော်နေတယ်လို့ ငါထင်တယ်။ နင် အရမ်းကို စားကောင်းမယ့် တုတ်ချောင်းစာလေး မြည်းစမ်းကြည့်ချင်လား။” ဟု လင်းချင်းဟယ်က သူ့ဘက်သို့ လှည့်ပြီး အကြည့်တစ်ချက် ပစ်ခွင်းလိုက်သည်။
လောင်စန်းက တခစ်ခစ်ရယ်ပြီး သားကောင်တွေကို ကိုင်ဖို့ ရေနွေးအိုးတည်ရန် မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။
လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို ပထမဦးစွာ သောက်သုံးရန်အတွက် ပျားရည်တစ်ခွက် ပြုလုပ်ပေးသည်။ သူမသည် ပျားရည်ဗူးအနည်းငယ်ကို ဆောင်းရာသီတွင် သောက်သုံးရန် သိမ်းဆည်းထားခဲ့သည်။ ပျားရည်သည် ခြောက်သွေ့လွယ်တာကြောင့် အစိုဓာတ်ကို ထိန်းသိမ်းရန်အတွက် နေရာလွတ်မှာ သိမ်းဆည်းထားရသည်။
“ကိုယ် မင်းကို စောင့်နေတာ၊ မင်း ပြန်မလာဘူး။” ပျားရည်သောက်သုံးပြီးနောက် ကျိုးချင်းပိုင်က သူမကို ကြည့်ပြီး ပြောသည်။
“အင်း၊ ကျွန်မ အမေ့ဆီက ကြားတယ်။ ရှင် ထွက်သွားတာနဲ့၊ ကျွန်မလည်း ပြန်ရောက်လာတာ။ ကျွန်မ ရှင့်အတွက် စပရိုက်တစ်ခု ပါလာတယ်။” ဟု လင်းချင်းဟယ်က ရယ်ကာမောကာ ပြောလိုက်သည်။
ကျိုးချင်းပိုင်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ အသာပင့်တက်သွားသည်။ လင်းချင်းဟယ်က သူ့ကို အခန်းထဲ ဆွဲခေါ်သွားပြီးနောက် အိမ်ခြံမြေပိုင်ဆိုင်မှုစာချုပ်ကို ပြသလိုက်သည်၊ “ကျွန်မ အားလုံး ပြင်ဆင်ပြီးသွားပြီ။ ဒီနှစ်ကုန်ရင် ကျွန်မတို့မိသားစု မြို့တော်ကို ပြောင်းလို့ရပြီ။ မနက်ဖြန်၊ ရှင် ကလေးနှစ်ယောက်အတွက် ကျောင်းပြောင်းလက်မှတ် ထုတ်ပေးဖို့ ကျောင်းအုပ်ကို သွားရှာပြီး စီစဥ်ခဲ့။”
“ဒီနှစ်ကုန်ရင် ထွက်သွားရတော့မှာလား။” ကျိုးချင်းပိုင်သည် အိမ်ခြံမြေပိုင်ဆိုင်မှုစာချုပ်ကို ခေတ္တငြိမ်သက်စွာ စူးစိုက်ကြည့်နေပြီးနောက် သူ့ဇနီးသည်ထံ အကြည့်ပြောင်းလိုက်သည်။
“သိပ်မကြာခင် ဘွဲ့ရလိမ့်မယ်လို့ ကျွန်မလည်း မထင်ထားဘူး။ ဒါကြောင့် အစီအစဥ်တွေက အလောသုံးဆယ် ဖြစ်သွားတယ်။ သို့ပေမယ့်၊ အရာအားလုံး အဆင်ပြေပြေ ပြီးသွားတယ်။” လင်းချင်းဟယ်က ဆက်ပြောသည်၊ “ကျွန်မတို့နေမယ့်အိမ်ကိုလည်း ကျွန်မနဲ့ လောင်တတို့ သန့်ရှင်းရေး လုပ်ပြီးသွားပြီ။ ဒီနှစ်ကုန်ပြီးရင်၊ ကျွန်မတို့ အဆင်သင့် ပြောင်းပြီး နေထိုင်လို့ရပြီ။”
“ဒါဆို မနက်ဖြန်ကျရင် ကိုယ် လိုအပ်မယ့် စာရွက်စာတမ်းတွေ အကုန်စုစည်းပြီး ပြင်ဆင်ဖို့ လုပ်လိုက်မယ်။” ဒါကို ကြားပြီးနောက် ကျိုးချင်းပိုင်က ပြောလိုက်သည်။
လင်းချင်းဟယ်က အပြုံးလေးဖြင့် သူ့ကို ကြည့်နေခဲ့သည်၊ “ရှင် ကျွန်မနဲ့အတူ မြို့တော်ကို လိုက်လာရမယ့်ကိစ္စကို စိတ်မပူဘူးလား။”
“စိတ်မပူပါဘူး။ ကိုယ် ဒီဆိုင်ကို ကောင်းကောင်းလုပ်ပါ့မယ်။” ကျိုးချင်းပိုင်က လေးနက်စွာ ပြောသည်။
“ကျွန်မ ရှင့်ကို ဖက်ထုပ်ရောင်းခိုင်းဖို့ စီစဥ်ထားတယ်၊ ဒါကြောင့် ရှင် ဒီနှစ်သစ်ကူးမှာ အိမ်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ်။” ဟု လင်းချင်းဟယ်က ပြောသည်။
“ကောင်းပြီ” ကျိုးချင်းပိုင်က သက်ပြင်းတစ်ချက်ချလိုက်သည်။
သူ့စွမ်းဆောင်ရည်အရ ဖက်ထုပ်ရောင်းရဖို့ဆိုတာ ဖြစ်နိုင်သည်။ သို့တိုင်၊ ဒီနှစ်မှာ လေ့ကျင့်ဖို့ လိုပါသေးသည်။
ဒါနဲ့ သူ နောက်နေ့ကစပြီး ကျိုးချင်းပိုင်က လိုအပ်တဲ့ စာရွက်စာတမ်းတွေ အကုန်ပြင်ဆင်လုပ်ကိုင်ပြီးနောက် ဖက်ထုပ်ရောင်းချဖို့အတွက် ဖက်ထုပ်များကို ပြင်ဆင်ချက်ပြုတ်ခြင်း စတင်ခဲ့သည်။
ဖက်ထုပ်လုပ်ရတာက တခြား ဘာမှ မလိုအပ်ဘူး၊ ဖက်ထုပ်ရွက်လေးတွေရအောင် ဂျုံမုန့်နှစ်ကို လှိမ့်လိုက်၊ ဖက်ထုပ်အစာတွေ သွပ်၊ ထို့နောက် ဖက်ထုပ်ကို ထုပ်ပိုးပြီး ရလာတဲ့ ဖက်ထုပ်လေးတွေကို ချက်ပြုတ်လိုက်ရုံပါပဲ။
ကျိုးချင်းပိုင်သည် ဖက်ထုပ်လုပ်တာ လုံးဝ ကျွမ်းကျင်သွားခဲ့ပြီ။ ဆိုလိုသည်မှာ၊ နောက်ပိုင်းအချိန်ကာလများတွင် တစ်မိသားစုလုံး ဖက်ထုပ်များနှင့်သာ နှစ်ပါးသွားနေရလိမ့်မည်။
လင်းချင်းဟယ်သည် ဖက်ထုပ်ကို မုန်းတီးသွားသည်အထိ စားသောက်ခဲ့ရသည်။ သို့သော်၊ သူမမိသားစုချင်းပိုင်၏ အလွန်လေးနက်မှုကို မြင်လိုက်ရသဖြင့် သူမသည် ပါးစပ်ပိတ်ပြီးနေခဲ့သည်။
တကယ်တော့၊ ဒါက ဖက်ထုပ်ဆိုင် တစ်ဆိုင်ပါပဲ။ ဒီဆိုင်ကို ဖွင့်ရတဲ့ အကြောင်းရင်းက သူ အဲဒီကို ပြောင်းလာတဲ့အခါ အရမ်း ပျင်းရိနေမှာကို ကြောက်လို့ပါပဲ။
အမျိုးသားတစ်ယောက် ပင်ပန်းနေသင့်သော်လည်း အလွန်အမင်း ပျင်းရိ မနေသင့်ပါ။ သူ အလွန်အမင်း ပျင်းရိသွားရင် သူ့ကိုယ်သူ ယုံကြည်မှုတွေ ပျောက်ဆုံးသွားလိမ့်မည်။
အဲဒါကြောင့် ဒီဆိုင်ကို ဖွင့်ဖို့ အကြံရလာခဲ့တာ ဖြစ်သည်။
ဒီရက်ပိုင်းမှာ ကျိုးချင်းပိုင်သည် ဖက်ထုပ်တွေ အများကြီး စမ်းသပ်ပြုလုပ်ကြည့်ခဲ့သည်။ ဂေါ်ဖီထုပ်၊ မှို စသည်ဖြင့် စမ်းသပ်ပြုလုပ်ကြည့်ကာ ၎င်းတို့အားလုံးသည် ကောင်းမွန်သော ဖြည့်စွက်စာများဖြစ်သည်။
အမဲသားအစာသွပ်၊ သိုးသားအစာသွပ်၊ ဝက်သားအစာသွပ် ဖက်ထုပ်များကိုလည်း စမ်းသပ်ပြုလုပ်ကြည့်ပါသည်။
သို့သော်၊ ဒီပါဝင်ပစ္စည်းတွေက ဒီမှာ နည်းနည်းရှားသည်။ အမဲသားနှင့် သိုးသားက ရှားပါးပြီး အများဆုံး စားရတာကတော့ ဝက်သားအစာသွပ်ပါပဲ။
မူလက လင်းချင်းဟယ်သည် အေးဆေးတည်ငြိမ်သော စိတ်ဓာတ်ရှိသော်လည်း သူမ၏ မိသားစု ချင်းပိုင်တစ်ယောက် မည်မျှ လေးနက်တည်ကြည်နေသည်ကို မြင်လိုက်ရသဖြင့် ပေါ့ပေါ့တန်တန် လုပ်ရဲတဲ့ သတ္တိမရှိခဲ့ပေ။
အဆုံး၌၊ ဒါတွေအားလုံးက သူ စစ်တပ်ကနေ အငြိမ်းစားယူပြီး အိမ်ပြန်လာပြီးနောက် သူမ၏ မိသားစု ချင်းပိုင်ရဲ့ ပထမဆုံး အသက်မွေးဝမ်းကြောင်း အလုပ်ပဲ မဟုတ်ပါလား။
လင်းချင်းဟယ်က သူ့ကို အားပေးသင့်တယ်လို့ ခံစားရပါသည်။
ထို့ကြောင့် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်အား အလွန်အကျူး မြှောက်ပင့်ပြောဆိုခဲ့ပြီး ကျိုးချင်းပိုင်အား ပြုံးရယ်သွားစေခဲ့သည်။
နှစ်သစ်ကူးသို့ ရောက်ခါနီးပြီ။ ထိုမှသာ၊ ကျိုးချင်းပိုင်သည် ဖက်ထုပ်ကို ဆက်မလုပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဒီအချိန်ကာလအတွင်း သူ့ဇနီးသည်ထံမှ ယုံကြည်မှုများစွာကို သူ ရရှိထားသောကြောင့် ဖြစ်သည်။
ဒါ့အပြင် သူ့မိဘတွေကလည်း သူပြုလုပ်ထားတဲ့ ဖက်ထုပ်တွေက အရသာရှိတယ်လို့ ဆိုပါသည်။ ဒါဆို မဆိုးလောက်ပါဘူး။
လူတိုင်း စိတ်သက်သာရာ ရသွားသည်။
ဖက်ထုပ်တွေက စားလို့ကောင်းပေမယ့် သူတို့ နေ့တိုင်းတော့ မစားနိုင်တော့ဘူး။ သူတို့ ဖက်ထုပ်တွေချည်း စားသောက်နေရတာ တကယ်ငြီးငွေ့နေပြီ။
လင်းချင်းဟယ်သည် ပြောင်းဖူးမန်ထို ပြုလုပ်ခဲ့သည်။ ထို့နောက် သူမသည် ကြက်သွန်မြိတ်များကို လှီးဖြတ်ပြီး ရစ်ငှက်နှစ်ကောင်နှင့် ရောကြော်သည်။ ထို့နောက် မုန်လာဥအရိုးစွပ်ပြုတ်တစ်အိုးလည်း ချက်လိုက်သည်။ ဒီလိုဟင်းလျာအတွဲအစပ်က အရမ်းအရသာရှိလှသည်။
ညဘက်တွင် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့အခန်းသည် မီးများ လင်းနေဆဲ ဖြစ်သည်။
လင်းချင်းဟယ်သည် ခရမ်းချဥ်သီးတစ်လုံး စားနေရင်း စာအုပ်ဖတ်နေသည်။ ကျိုးချင်းပိုင်သည်လည်း သူ့လက်ထဲတွင် ခရမ်းချဥ်သီးတစ်လုံး ကိုင်ထားပြီး စားနေသည်။
“နောင်မှာ ဆိုင်ဖွင့်တဲ့အခါ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ပေါများချိန်ကို အခွင့်ကောင်းယူပြီး ဆောင်းရာသီမှာ ဖက်ထုပ်အစာသွပ်ဖို့အတွက် သိမ်းဆည်းထားရမယ်။ အဲ့တာဆို စားရတာ အရမ်းလတ်ဆတ်နေလိမ့်မယ်။” လင်းချင်းဟယ်က ပြောသည်။
“မလိုပါဘူး။ တခြားသူတွေအတိုင်းပဲ လုပ်ကြမယ်။” ကျိုးချင်းပိုင်က ပြောသည်။
လင်းချင်းဟယ်က သူ့ကိုပြုံးပြီး ကြည့်လိုက်သည်၊ “နောင်မှာ တောင်ဘက်ကနေ ပို့ကုန်တွေ တင်ပို့လိမ့်မယ်၊ ဟင်းသီးဟင်းရွက်တွေ အဆက်မပြတ် စိုက်ပျိုးလို့ရအောင် ဖန်လုံအိမ်တွေ တည်ဆောက်ကြလိမ့်မယ်၊ ဒါကြောင့် စိတ်ပူစရာ မလိုတော့ဘူး။ ကျွန်မရဲ့ နေရာလွတ်ကိုလည်း သုံးစရာ မလိုလောက်တော့ပါဘူး။”
ကျိုးချင်းပိုင်က “ကိုယ်တို့မိသားစုအတွက်ပဲ သိမ်းဆည်းပါ။” ဟု ပြန်ပြောသည်။
ဒါက အကြောင်းပြချက်တစ်ခုသာ ဖြစ်သည်။ သူ့ဇနီးသည်နှင့် ပတ်သက်၍ သံသယဖြစ်စရာ တစ်စုံတစ်ရာကို မဖော်ပြချင်ပေ။
“ကောင်းပါပြီ။” လင်းချင်းဟယ်က နာခံစွာ သဘောတူလိုက်သည်။
ကျိုးချင်းပိုင် စားပြီးသွားသည်ကို မြင်တော့ သူမသည် နောက်တစ်လုံး ထုတ်ယူလိုက်ပြီး သူ့ကို ပေးလိုက်သည်၊ “ဒီနေ့ အရမ်းခြောက်သွေ့လွန်းတယ်။ နောက်တစ်လုံးလောက် ထပ်စားလိုက်ပါဦး။”
ကျိုးချင်းပိုင်သည် ခရမ်းချဥ်သီး စားရတာကို ကြိုက်နှစ်သက်သည်။ လင်းချင်းဟယ်က အများကြီး သိမ်းဆည်းထားမှန်း သိလိုက်ရတော့ သူ တောင့်မခံနိုင်တော့ဘူး။
ခရမ်းချဥ်သီး စားပြီးနောက် သူ့အတွေးတွေကို ချရေးဖို့ မှတ်စုစာအုပ်ကို ထုတ်ယူလိုက်သည်။ အိပ်ချိန်တန်တော့ သူတို့နှစ်ဦးသား အိပ်ယာဝင်ကြသည်။
“ရှောင်မိန်က နောက်ထပ် မိန်းကလေးတစ်ယောက် မွေးတယ်။” လင်းချင်းဟယ်က အိပ်ယာပေါ်မှာ လဲလျောင်းနေရင်း စိတ်လှုပ်ရှားစွာ ပြောသည်။
ဘဝဆိုတာ မတည်မြဲပါဘူး။ ဒီယောင်းမလေး ကျိုးရှောင်မိန်က တကယ့်ကို အံ့သြစရာကောင်းသည်။ သူမသည် နုပျိုချောမောလှပတဲ့ မိန်းကလေးတစ်ဦး ဖြစ်ခဲ့ဖူးသည်။ ဒါပေမယ့် ကျိုးရှောင်မိန်တစ်ယောက် ကလေးတွေ အများကြီး မွေးချင်စိတ် ရှိသွားခဲ့တာ အံ့သြစရာ မရှိပါဘူး။ စုတာ့လင်းက သူမအပေါ် အရမ်းကောင်းသည်။
“အင်း၊ တာ့လင်းက ဒီသတင်းကောင်းကို ကိုယ်တို့ဆီ လာပြောခဲ့တယ်။” ကျိုးချင်းပိုင်က ပြန်ဖြေသည်။
“လောင်တ၊ အဲဒီကောင်စုတ်လေးက ဒီနှစ် အိမ်ပြန်ဖို့ မလိုက်လာဘူး။ ဒီတော့ ကျွန်မတို့ မြို့တော်ကို ရောက်တဲ့အခါ သူ့အကျင့်တွေကို ပြင်ပေးကြရအောင်။” လင်းချင်းဟယ်က ပြောသည်။
ကျိုးချင်းပိုင်က မကန့်ကွက်ဘူး။ သူ့ဇနီးသည်ရဲ့ ခါးကိုပွတ်သပ်ပေးနေခဲ့သည်။ လင်းချင်းဟယ်က အတော်လေး သက်တော့သက်သာ ရှိသလို ခံစားရပြီး “ချင်းပိုင်၊ ဒီဆိုင်ကို ဝယ်လို့ရခဲ့တာ အရမ်းဝမ်းသာတယ်။” ဟု ပြောသည်။
“နောင်ကျရင် ထပ်ဝယ်ကြမယ်။” ကျိုးချင်းပိုင်က ပြန်ဖြေသည်။
သူမ ပြောတာကို သူ ကြားဖူးသည်။ မြို့တော်ရှိ အိမ်ခြံမြေများသည် နောင်အနာဂတ်တွင် အရမ်းစျေးကြီးလာလိမ့်မည်။ သို့တိုင်၊ သူ ဒါကို ကြားရတော့ နည်းနည်း အံ့သြသွားသည်။ သူ ဒါမျိုးကို စိတ်ကူးတောင် မယဥ်မိဘူး။
ဒါကြောင့် ဒီအချိန်မှာ စျေးသက်သာတာကို အခွင့်ကောင်းယူပြီး နောက်ထပ် အိမ်ခြံမြေ အနည်းငယ်ကို ထပ်ဝယ်ထားရမည်။
လင်းချင်းဟယ်က တခစ်ခစ်ရယ်ရင်း “ကျွန်မတို့ နည်းနည်းလောက် ထပ်ဝယ်ရမယ်။ ဒီတော့ ကျွန်မတို့ ပိုက်ဆံကို ကြိုးကြိုးစားစား ရှာဖွေရမယ်။”
ဒီတစ်ခါ ရှန်ဟိုင်းကနေ ပြန်လာပြီးနောက် သူမ ယွမ် တစ်ထောင်ဝန်းကျင်လောက်ပဲ ရသည်။
ဒီအချိန်ကာလမှာ ငွေရှာတဲ့အခါ ဒီအရာတွေကို ပြန်ရောင်းတာထက် ငွေရှာဖို့ ပိုကောင်းတဲ့ နည်းလမ်း မရှိဘူး။ အန္တရာယ်လည်း အလွန်များသည်။ ဒါပေမယ့် ဘယ်ခေတ်မှာပဲဖြစ်ဖြစ် မစွန့်စားပဲနဲ့ အခွင့်ကောင်းရရှိဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အန္တရာယ်များသလောက် ပြန်ရလာမယ့် အကျိုးအမြတ်ကလည်း သဘာဝအတိုင်း ပိုများသည်။ ထို့အပြင်၊ သူမမှာ နေရာလွတ်လည်း ရှိနေသေးသည်။
“အင်း” ကျိုးချင်းပိုင်ကလည်း အလေးအနက် သဘောတူသည်။
သူ ပိုက်ဆံကောင်းကောင်းရှာဖွေချင်သည်။ သူ့ဇနီးသည်ကို ဝန်ထုပ်ဝန်ပိုးကြီး မထမ်းဆောင်စေချင်ဘူး။