အခန်း (၂၇၈) – နှစ်သစ်ကူးပြီးနောက် ထွက်ခွာသည်။
လင်းချင်းဟယ်သည် ခရိုင်မြို့သို့ ပြန်ရောက်သောအခါတွင် ကျိုးရှောင်မိန်၏ အိမ်ကို အရင်ဦးတည်သွားခဲ့သည်။ ထိုအချိန်တွင် ကျိုးရှောင်မိန်က ကလေးမွေးဖွားပြီးဖြစ်ကြောင်း သူမ သိလိုက်ရသည်။
ကျိုးရှောင်မိန်သည် သမီးမိန်းကလေးတစ်ဦး မွေးဖွားခဲ့ပြီး အခုဆို နှစ်လကျော် သုံးလနီးပါး ရှိနေပြီ ဖြစ်သည်။
လင်းချင်းဟယ်သည် အရမ်းကို ချီးကျူးမိချင်ခဲ့သည်၊ "နင်က အရမ်းတော်တာပဲ။ သားနှစ်ယောက်နဲ့ သမီးနှစ်ယောက် မွေးတယ်၊ အရမ်းကောင်းတယ်။"
ဒါက အရမ်းပြီးပြည့်စုံသော ညီမျှမှုဖြစ်သည်။
ကျိုးရှောင်မိန်သည် စုတာ့လင်း၏ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်းကို ခံခဲ့ရသည်။ သူမရဲ့ တစ်ကိုယ်လုံး လုံးဝိုင်းပြီး ပြည့်ဖြိုးနေခဲ့သည်။ ကျိုးရှောင်မိန်က နှုတ်ခမ်းစူလိုက်ပြီး "ဒီသမီးက အရမ်းဆူတယ်။ အရင်သုံးယောက်ထက် သူက ပြဿနာပိုရှာတယ်။" ဟု ပြောသည်။
စကားလုံးတွေက ငြူစူနေပုံရသော်လည်း ကျိုးရှောင်မိန်၏ မျက်လုံး၊ မျက်ခုံးတွေကတော့ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေခဲ့သည်။
ဒီစကားတွေက ကလေးတစ်ယောက်ပဲ လိုချင်တယ်လို့ ပြောခဲ့တဲ့သူရဲ့ ပါးစပ်ကနေ လာခဲ့တာပဲ ဖြစ်သည်။
အခုဆို သူမမှာ ကလေးလေးယောက် ရှိသွားပြီ။
စုတာ့လင်းက သူ့အားလပ်ရက် မဟုတ်သည့်အတွက် နေ့ခင်းဘက် အလုပ်ကနေ ပြန်လာတော့ လင်းချင်းဟယ်ကို မြင်ပြီး "ဘာဖြစ်လို့... ဘာဖြစ်လို့... မရီးက ချက်ပြုတ်နေတာလဲ။" ဟု ဝမ်းသာအားရ နှုတ်ဆက်လာခဲ့သည်။
စုတာ့လင်း နေ့ခင်းဘက် ပြန်ရောက်ချိန်က ၁၁ နာရီ၊ ၅၀ မိနစ်နီးပါး ရှိပြီ။ ကျိုးရှောင်မိန်သည် ဘယ်လို ချက်ပြုတ်ရမလဲ ဆိုတာကို မသိသောကြောင့် စုတာ့လင်း ပြန်ရောက်လာပြီး ချက်ပြုတ်မယ့်အချိန်ကို စောင့်နေရုံသာ ရှိသည်။
စုတာ့လင်းက လုံးဝ မညည်းညူပါဘူး။
နှစ်ပေါင်းများစွာကြာပြီးနောက် ကျိုးရှောင်မိန်သည် တကယ်ပဲ ဒီဘဝမှာ မှန်ကန်တဲ့လူနဲ့ လက်ထပ်ခဲ့တာလို့ ပြောရပါမည်။
လင်းချင်းဟယ်သည် သူမ ဒီအိမ်ကို ရောက်လာတယ်ဆိုကတည်းက လွယ်လွယ်ကူကူပဲ ချက်ပြုတ်ပေးလိုက်သည်။
"ဒါက ကိစ္စကြီး မဟုတ်ပါဘူး။" လင်းချင်းဟယ်က အပြုံးဖြင့် စကားဆိုသည်၊ "ငါ နင့်ကို ဂုဏ်ပြုပါတယ်၊ မတ်လေးရေ။ နင် နောက်ထပ် ဖခင်အဖြစ် ရာထူးတိုးသွားပြန်ပြီ။"
စုတာ့လင်းရဲ့ မျက်နှာပေါ်တွင် ဝမ်းသာအားရ အပြုံးကြီးကို ချိတ်ဆွဲထားသည်။
သူ့မိဘတွေက သူ တစ်ဦးတည်း မွေးဖွားခဲ့သည်။ သူဟာ ငယ်ငယ်လေးကတည်းက အထီးကျန်စွာ ကြီးပြင်းလာခဲ့ရသည်။ သူ့အလှည့်ရောက်သောအခါတွင် သားနှစ်ယောက်နှင့် သမီးနှစ်ယောက် ရှိတော့ သူ့ဘဝမှာ ဘာမှ ထပ်မလိုအပ်တော့ပါဘူး။
နေ့လည်စာစားပြီးနောက် လင်းချင်းဟယ်သည် အိတ်ထဲမှ ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးထားသော ဘဲကင်တစ်ကောင်ကို ထုတ်ယူလိုက်သည်။
"စတုတ္ထယောင်းမ၊ နင် နေ့လည်စာ ဘာဖြစ်လို့ မထုပ်သွားတာလဲ။" ကျိုးရှောင်မိန်က မေးသည်။
"တကယ်လို့ ငါစားချင်ရင်၊ ငါက ဟိုမှာ လွယ်လွယ်ကူကူ ဝယ်စားနိုင်တယ်။ တခြားသူတွေကျ ငါ ပြန်ယူလာမှပဲ စားနိုင်မှာလေ။" လင်းချင်းဟယ်က ပြန်ဖြေသည်။ ကလေးတွေကိုလည်း အဆာပြေမုန့်တွေနှင့် သကြားလုံးတွေ ပေးခဲ့သည်။
ထို့နောက် သူမသည် အိတ်ကို စက်ဘီးနောက်တွင် ချည်နှောင်ကာ အိမ်ပြန်လာခဲ့သည်။
ကျိုးရှောင်မိန်ကတော့၊ ဒီနှစ်မှာ သူမ မိခင်အိမ်ပြန်ဖို့ အချိန်မရသေးဘူး။ ကလေးက အရမ်းငယ်သေးသည်။ စုတာ့လင်းတစ်ဦးတည်း ဆွေမျိုးတွေဆီ အလည်အပတ် ပြန်လာတာက ပိုကောင်းပါလိမ့်မည်။
လင်းချင်းဟယ်က အိမ်ပြန်ရောက်သောအခါ ကျိုးချင်းပိုင်က အိမ်မှာ မရှိပေ။ ကျိူးချင်းပိုင်နှင့် တတိယမောင်လေးလင်းတို့က ရစ်ငှက်တွေနှင့် ယုန်တွေကို အမဲလိုက်ဖို့ တောတက်သွားကြသည်။
အမေကျိုးနှင့် လောင်စန်းသာ အိမ်မှာ ရှိသည်။ လောင်အာ့က သူ့အဖေနဲ့ လိုက်ပါသွားသည်။
"ချင်းပိုင်က မနေ့ကတည်းက သွားဖို့ လုပ်နေတယ်။ ဒါပေမယ့် မနေ့က နင် ပြန်လာမယ်ထင်လို့၊ သူ မသွားပဲ အိမ်မှာ စောင့်နေပေမယ့် နင် ပြန်မလာဘူး။ ဒီနေ့ သူ အပြင်သွားတော့ နင် ပြန်ရောက်လာတယ်။" အမေကျိုးသည် ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။
လင်းချင်းဟယ်သည်လည်း ထိုစကားကိုကြားသောအခါ ပြုံးရယ်မိသွားသည်။
"အမေ၊ ဗိုက်ဆာနေပြီလား။ သား အမေ့ကို ဖက်ထုပ်တစ်ပန်းကန် လုပ်ပေးရမလား။" လောင်စန်းက မေးသည်။
"မလိုဘူး။ ငါ နင်တို့အန်တီလေးရဲ့ အိမ်မှာ စားလာခဲ့တယ်။" လင်းချင်းဟယ်က ပြန်ဖြေသည်။
ထို့နောက် သူမသည် အလုပ်တာဝန်တွေကို စတင်ခွဲဝေပေးခဲ့သည်၊ "ဒီဘဲကင်တွေကို နင့်ဦးလေးသုံးယောက်ဆီ သွားပို့လိုက်။"
အကြီးဆုံးအစ်မနှင့် ဒုတိယအစ်မတို့အတွက်လည်း ပါလာခဲ့သည်။ သို့ရာတွင်၊ သူတို့သည် အိမ်နှင့် အတော်လေး အလှမ်းဝေးနေခဲ့သည်။ လောင်အာ့ ပြန်ရောက်လာမှ လောင်အာ့ကို သူတို့ဆီ သွားပို့ခိုင်းရမည်။
တခြားအိမ်နီးနားချင်းတွေအတွက်ကတော့ လက်ဆောင်ပေးဖို့ မလိုပါဘူး။ မညီမျှမှုအတွက် စိတ်ပူမနေပါနဲ့၊ ဘယ်လောက်ပဲရှိရှိ မျှဝေဖို့ ဘယ်တော့မှ လုံလောက်မှာ မဟုတ်ပါဘူး။ မိသားစုဝင်တွေအတွက်ပဲ ပေးတာဆိုရင် ဘယ်သူမှ မပြောနိုင်တော့ပါဘူး။
"နင် ဘာဖြစ်လို့ နှစ်တိုင်း ဝယ်လာရတာလဲ။" အမေကျိုးက ကုန်ကျသွားတဲ့ ပိုက်ဆံတွေအတွက် စိတ်မကောင်းဖြစ်စွာ ပြောသည်။
"ဒါက တစ်နှစ်မှ တစ်ကြိမ်ပဲလေ။ ပြန်လည်ဆုံတွေ့ခြင်းရဲ့ ပျော်ရွှင်မှုလို့ပဲ မှတ်ယူလိုက်ပါ။" လင်းချင်းဟယ်က ပြောသည်။
အမေကျိုးက ဘာမှ မပြောတော့ဘဲ စကားခေါင်းစဥ် ပြောင်းလိုက်သည်၊ "ချင်းပိုင် မနေ့က ဘဲနှစ်ကောင် သတ်ထားတယ်။ သူတို့ကို အိမ်နောက်ဖေးမှာ အေးခဲထားတယ်။ နင် ပြန်ရောက်တဲ့အခါ အဆင်သင့် ချက်ပြုတ်လို့ရအောင် ငါတို့ ဘာမှ မလုပ်ထားဘူး။"
"ကောင်းပြီ၊ တစ်ကောင်ကို အခုည ဘဲသားစတူးဟင်း ချက်မယ်။ ကျန်တဲ့တစ်ကောင်ကိုတော့ ခုတ်ထစ်၊ အရသာနယ်ပြီး ကြော်လိုက်မယ်။" လင်းချင်းဟယ်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။
လင်းချင်းဟယ်သည် မနေ့ညက ကောင်းကောင်းအိပ်ပျော်ခဲ့လို့ အရမ်းမပင်ပန်းပါဘူး။ ဘဲတွေကို တစ်ချက်သွားကြည့်လိုက်ပြီး ရေနွေးအိုး တည်ထားလိုက်သည်။
လင်းချင်းဟယ်တစ်ယောက် ဘဲသားဟင်းချက်နေစဥ် အကြီးဆုံးအစ်မနှင့် တခြားသူတွေ ရောက်လာကြသည်။
ခဏလောက် စကားစမြည်ပြောဆိုပြီးနောက် သူတို့ ပြန်သွားကြသည်။ သူတို့ ပြန်သွားပြီးနောက် ကလေးတွေကိုလွှတ်ပြီး အခွံခွာထားတဲ့ မြေပဲတွေနဲ့ နှမ်းတွေကို ပို့ပေးခဲ့သည်။
လင်းချင်းဟယ်က မငြင်းဆန်ပဲ ယူထားလိုက်သည်။
"အမေ၊ ဒီနှစ် ရွာမှာ စပါးအထွက်နှုန်း ဘယ်လိုအခြေအနေရှိလဲ။" လင်းချင်းဟယ်သည် ကိတ်မုန့်စားနေရင်း မေးလိုက်သည်။
အိမ်မှာ ဖက်ထုတ်တွေ၊ ဘန်းမုန့်ပေါင်းတွေနှင့် မန်ထိုတွေ အသင့်ရှိပြီး သူတို့ကို စားခါနီးမှ ရေနွေးငွေ့ဖြင့် ပြန်ပေါင်းရန်သာ လိုအပ်သည်။ ဒါက အရမ်းအဆင်ပြေသည်။ ဒီညတော့ ဘဲသားစွပ်ပြုတ်ကို မန်ထိုနှင့် တွဲဖက်စားသောက်မည်။ ကြက်ဥမွှေကြော်လေးပါ မပါမဖြစ် ထည့်ရမည်။ ဒီအချိန်မှာ အလုပ်သိပ်မရှုပ်တော့သည့်အတွက် လင်းချင်းဟယ်သည် အမေကျိုးနှင့် စကားစမြည်ပြောဆိုဖို့ သွားရှာခဲ့သည်။
အမေကျိုးသည်လည်း သူ့လက်ထဲမှာ ကိတ်မုန့်တစ်ပိုင်းကို ကိုင်ထားပြီး "ဒီနှစ်အထွက်နှုန်း ကောင်းတယ်။ ဒီနှစ်ရော လောင်တ ပြန်လာဦးမှာလား။" ဟု မေးသည်။
"လောင်တက အားလပ်ရက် ကျောင်းပိတ်တာ ရက်နည်းလို့ မြို့မှာပဲ နေခဲ့မယ်လို့ ပြောတယ်။ သူ့ကို ထားခဲ့လိုက်တယ်။" လင်းချင်းဟယ်က ပြောသည်၊ "အမေ၊ ဒီနှစ် ဒါကို ထားလိုက်ပါ။ ကျွန်မ ဒီနှစ်သစ်ကူးပြီးသွားရင် ချင်းပိုင်ကို မြို့တော်ကို ခေါ်သွားဖို့ စီစဥ်ထားတယ်။ အမေနဲ့ အဖေတို့ လယ်ကွင်းထဲဆင်းပြီး အလုပ်မလုပ်နဲ့တော့။ တကယ်လို့ အမေတို့ စားချင်တာရှိရင်၊ အသင်းကနေ တိုက်ရိုက်ဝယ်ပြီး သုံးပါ။"
အမေကျိုးက တခဏတာမျှ အေးခဲသွားသည်၊ "နှစ်သစ်ကူးပြီးသွားရင် ချင်းပိုင်ကို မြို့တော်ခေါ်သွားတော့မှာလား။"
သူမရဲ့ သားအငယ်ဆုံးလေးက သူ့ဇနီးသည်နဲ့ လိုက်သွားမယ်ဆိုတာကို သူမ သိပေမယ့် ဒီလောက် အစောကြီး ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။
"ကျွန်မတို့တက္ကသိုလ်က ဆရာမတစ်ယောက်က ဒီနှစ်ထဲ ကိုယ်ဝန်ရှိနေတော့ ကျွန်မ ဘွဲ့ကို စောစောယူလိုက်ရတယ်။ ကျွန်မ အခုဆို တက္ကသိုလ်က ဆရာမတစ်ယောက် ဖြစ်နေပြီ။ ဒီနှစ်တော့ ချင်းပိုင်ရဲ့ ဒီကအိမ်ထောင်စုစာရင်းကိုယူပြီး မြို့တော်မှာ စာရင်းသွင်းပြီးရင် အဲဒီမှာ အခြေချနေထိုင်လို့ရပြီ။" လင်းချင်းဟယ်က ရှင်းပြပေးခဲ့သည်။
"ဒါဆိုရင် နေရာထိုင်ခင်းကရော..."
"တက္ကသိုလ်က ကျွန်မအတွက် နေရာတစ်ခု စီစဥ်ပေးထားတယ်။ လောင်တနဲ့ ကျွန်မတို့ အဲဒီအိမ်ကို သန့်ရှင်းရေး လုပ်ပြီးပြီ။ အိမ်ထောင်ပရိဘောဂတွေလည်း အကုန်ပြင်ဆင်ပြီးပြီ။ နေရာက သိပ်မကျယ်ပေမယ့် တစ်မိသားစုလောက် နေထိုင်ဖို့က ပြဿနာမရှိဘူး။" လင်းချင်းဟယ်က အာမခံသည်။
အစတုန်းကတော့ လောင်အာ့နှင့် လောင်စန်းတို့ကို ခဏလောက် ချန်ထားခဲ့ဖို့ တွေးထားသည်။ နောက်ပြန်တွေးကြည့်တော့ ကျိုးချင်းပိုင်ပါ ပါမယ်ဆိုကတည်းက သူမတို့ တစ်မိသားစုလုံး ပြောင်းရွှေ့ဖို့ စီစဥ်တာက ပိုကောင်းပေမည်။
အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ပြီးသည်နှင့်၊ လောင်အာ့နှင့် လောင်စန်းတို့သည် မြို့တော်တွင် တိုက်ရိုက် ပညာသင်ကြားနိုင်ပေလိမ့်မည်။
အမေကျိုးက သူမ ဆိုလိုတာကို နားလည်သည်၊ "ဒါပေမယ့် သူတို့သားအဖတွေကို တစ်ခါတည်း ခေါ်သွားမယ်ဆိုတော့၊ တစ်မိသားစုလုံး နင့်လုပ်စာကိုပဲ မှီခိုနေရမှာပေါ့..."
သူမ ချွေးမရဲ့ အမူအရာကို ကြည့်ရင်း သူမအသံက ယိမ်းယိုင်သွားခဲ့သည်။
"ကျွန်မ အဲဒီမှာ ဆိုင်တစ်ဆိုင် ငှားရမ်းထားတယ်။ ကျွန်မ ချင်းပိုင်ကို ဖက်ထုပ်ရောင်းခိုင်းဖို့ စီစဥ်ထားတယ်။ ဒါကို တခြားသူတွေ မသိစေနဲ့။ ကျွန်မ တက္ကသိုလ်မှာ အလုပ်လုပ်နေရပြီဆိုတော့ အလုပ်များနေတာကြောင့် လိုက်သွားတာလို့ပဲ ပြောနော်။ ကလေးတွေ ခေါ်သွားတယ်ဆိုကတည်းက သူတို့ကို ကျွေးနိုင်လို့ ခေါ်သွားတာပါ၊ အမေရဲ့။ ချင်းပိုင်က ကလေးတွေအတွက် ချက်ပြုတ်ပေးနိုင်တယ်လေ။" လင်းချင်းဟယ်က ပြန်ဖြေသည်။
လင်းချင်းဟယ်သည် သတိကြီးကြီးထားပြီး ဆိုင်ကို ဝယ်ယူတယ်လို့ မပြောဘဲ ငှားရမ်းထားတယ်လို့သာ ပြောထားသည်။ သူမ ဆိုင်ကို ဝယ်ထားတယ်လို့ပြောရင် အများကြီး ရှင်းပြနေရလိမ့်မည်။ ဒါကြောင့် အဲဒါကိုမေ့ထားပြီး ငှားရမ်းထားတယ်လို့သာ ပြောလိုက်သည်။
"...ကောင်းပြီ။"အမေကျိုးက ဘာပြောနိုင်ဦးမှာလဲ။ သူမမှာ ကန့်ကွက်စရာ မရှိပါဘူး။ စတုတ္ထလေးရဲ့ ဇနီးသည်ဟာ အရည်အချင်းရှိပြီး အရာအားလုံးကို ထောင့်စေ့အောင် စီစဥ်ထားသည်။
သို့ရာတွင်၊ ဆိုင်တစ်ဆိုင် ငှားရမ်းထားတာနဲ့ ပတ်သက်ပြီး...
"ငါတို့ ပိုက်ဆံတွေ မဆုံးရှုံးသွားနိုင်ဘူးလား။" အမေကျိုးက မမေးပဲ မနေနိုင်ခဲ့ပေ။
မြို့မှာ စျေးဆိုင်ဖွင့်တဲ့သူ ရှိတာကို သူမ ကြားဖူးသည်။ တစ်မြို့လုံးမှာ ထိုတစ်မိသားစုတည်း ဆိုင်ဖွင့်ထားတာ ဖြစ်တာကြောင့် လူတိုင်းသိသည်။
ဒါကြောင့် ဆိုင်ဖွင့်လို့ရတယ် ဆိုတာကို သူတို့သိသည်။ ဒါက အရေးကြီးတဲ့ အပိုင်းတော့ မဟုတ်ပေမယ့် အရှုံးနဲ့ အမြတ်ကိုတော့ သူမ ဂရုစိုက်ပါသည်။
"ဘာကို ဆုံးရှုံးနိုင်မလဲ။ အဲဒါက ဖက်ထုပ်ရောင်းရုံပဲလေ။ ကိုယ်တိုင် မချက်ပြုတ်ချင်တဲ့သူတွေက တစ်ပန်းကန်လောက် မှာစားလိုက်ရုံပဲလေ။ လုံလောက်တဲ့ ပမာဏကို သင့်တော်တဲ့စျေးနှုန်းနဲ့ ရောင်းချလိုက်ရင် အရမ်းဆိုးမှာ မဟုတ်ဘူး။" လင်းချင်းဟယ်က ပြောသည်။
"ဒါက လေးစားစရာကောင်းတဲ့ အလုပ်မဟုတ်ပေမယ့် ဒါကို ဘေးဖယ်ထားလို့ရတယ်။ စတုတ္ထလေး အဲ့ကို လိုက်သွားမယ်ဆိုတော့ ဒီအတိုင်း ထိုင်စားနေလို့ ဘယ်ဖြစ်ပ့ါမလဲ။" အမေကျိုးက ခေါင်းညိတ်သည်။
လင်းချင်းဟယ်ကလည်း သူမကို အမှားပြန်မပြင်ပေးခဲ့ပေ။ ယခုအချိန်တွင် ကိုယ်ပိုင်လုပ်ငန်း စတင်ခြင်းသည် ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်ခြင်းလောက် လေးစားဖွယ် မကောင်းပေ။
သို့တိုင်၊ ကျိုးချင်းပိုင်က ဒါကို စိတ်ထဲမထားသရွေ့ အဆင်ပြေပါသည်။
"နင်တို့တွေတောင် နှစ်သစ်ကူးပြီးရင် သွားကြတော့မှာပေါ့၊ အာ..." အမေကျိုးက သက်ပြင်းအသာချလိုက်မိသည်။
"ကျွန်မတို့ ဟိုမှာအခြေကျသွားရင်၊ ကျွန်မ အမေတို့ကို ပြန်လာခေါ်ပါ့မယ်။" လင်းချင်းဟယ်က နှစ်သိမ့်ပေးလိုက်သည်။