အခန်း (၂၇၇) - ပထမဦးဆုံးဆိုင်
လင်းချင်းဟယ်သည် ထိုဆိုင်က ရိုးရိုးရှင်းရှင်း ဆိုင်တစ်ခုပဲဟု ထင်ခဲ့သည်။
ဒါပေမယ့် သူမ ရောက်သွားသောအခါ ၎င်းဆိုင်က အထပ်နှစ်ထပ်ပါသောဆိုင်မျိုး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
တစ်နည်းဆိုရသော် ဒုတိယထပ် ပါရှိနေသည်။
ပထမထပ်တွင် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နိုင်ပြီး ဒုတိယထပ်တွင် အခြေခံအားဖြင့် နေထိုင်နိုင်သည်။ ဒါက လင်းချင်းဟယ် မျှော်မှန်းထားသည်ထက်တောင် ကျော်လွန်နေပြီ။
ကျိုးခိုင်က စစ်ဆေးကြည့်သည်။ သူက ၎င်းဆိုင်ကို ကြိုက်နှစ်သက်သော်လည်း တုံ့ဆိုင်းနေသေးသည်။ “ ဒီလိုဆိုင်ဆို ပိုက်ဆံအများကြီး ပေးရမှာပေါ့ “
“အဲဒီဘက်ရဲ့ လွှဲပြောင်းခအပါအဝင် အဖွင့်ဈေးက ယွမ်သုံးထောင်ပဲ။” ဟု ဦးလေးဝမ်က ပြောသည်။
“ယွမ်သုံးထောင်လား။” လင်းချင်းဟယ်၏လေသံတွင် အံ့သြမှုများ ပါဝင်နေသည်။
ဒါက ဈေးအရမ်းကြီးလွန်းနေတယ်လို့ သူမ ထင်နေသည်ဟု ဦးလေးဝမ်က တွေးထင်မိပြီး ဆက်ပြောလိုက်သည်။ “ မူလဈေးက ယွမ်သုံးထောင်နှစ်ရာ ရှိတယ်။ ငါ့မျက်နှာကြောင့် ယွမ်နှစ်ရာ လျော့ပေးခဲ့တာ။ ဒီဆိုင်နေရာနဲ့ နှစ်ထပ်ဖြစ်နေတော့ ဒီထက်တော့ ဈေးလျော့နိုင်တော့မှာ မဟုတ်ဘူး “
ဒါကို ကြားသောအခါ ကျိုးခိုင်က စိတ်ပျက်သွားပြီး ပြောလိုက်သည်။ “ အမေ… တစ်ခြားနေရာ ပြောင်းရှာရအောင် “
သူ ဒီနေရာကို သဘောကျပေမယ့် ဈေးကြီးလွန်းနေသည်။ ဒီလိုအိမ်တစ်လုံးအတွက် ယွမ်သုံးထောင်တောင် ကုန်ကျနေသည်။
“ဘာဖြစ်လို့ပြောင်းရမှာလဲ။ ဒီဆိုင်နေရာက အရမ်းကောင်းတယ်။” လင်းချင်းဟယ်က မကျေမနပ်ဖြင့် ငြင်းဆိုသည်။
ဦးလေးဝမ်က သူမ၏အဓိပ္ပါယ်ကို နားလည်မှုလွဲနေမှန်း သူမ သိလိုက်ပြီး ချက်ချင်း ပြောလိုက်သည်။ “ဦးလေးဝမ်… အိမ်ရှင်က ဘယ်ချိန်လောက် အားလဲ။ နှစ်ဖက်စလုံးက ကန့်ကွက်စရာ မရှိရင် အလွှဲအပြောင်းကို ဖြေရှင်းဖို့ အချိန်တစ်ခု ရှာလိုက်ရအောင်။”
ယွမ်သုံးထောင်… အား! ဒီလိုနေရာမျိုးမှာ နှစ်ထပ်အဆောက်အဦးကို ဝယ်ဖို့ ယွမ်သုံးထောင်ပဲ ကုန်ကျမှာ…!!
လင်းချင်းဟယ်သည် ဒါက အလွန်ကောင်းမွန်သော အရောင်းအဝယ်တစ်ခုဟု ခံစားမိသည်။
နောင်မျိုးဆက်တွေဆိုလျှင် အဆောက်အဦးပါသော မြေကွက်တစ်ကွက်ကို ယွမ်သုံးထောင်နဲ့ ရရှိနိုင်ရန် မဆိုထားနှင့် ယင်းငွေက ကောင်တီခရိုင်မြို့မှာတောင် လူနေဧရိယာ၏ တစ်စတုရန်းမီတာခန့်ကိုသာ ဝယ်ယူနိုင်ပေမည်။
“မင်း ဝယ်ဖို့ ဆန္ဒရှိလား။” ဒါကို ကြားတော့ ဦးလေးဝမ်က တစ်ခစ်ခစ်ရယ်ရင်း မေးလိုက်သည်။
ဆိုင်နေရာများစွာ ရှိသည့်အနက် သူသည်လည်း ဤဆိုင်ကို အကျေနပ်ဆုံး ဖြစ်သည်။ တည်နေရာက အရမ်းကောင်းပြီး ဈေးနဲ့လည်း နီးသည်။ စီးပွားရေးလုပ်ချင်လျှင် ဒီလိုနေရာမျိုးက ပြီးပြည့်စုံပေသည်။ အဲဒါကြောင့် သူက သူတို့ကို ဒီနေရာအား လာကြည့်ရန် ခေါ်လာခြင်း ဖြစ်သည်။
“ကျွန်မ ကျေကျေနပ်နပ်နဲ့ကို ဆန္ဒရှိပါတယ်။ ဦးလေး… ဦးလေးက ကျွန်မအတွက် ဒီလိုကောင်းတဲ့နေရာမျိုးကို ရှာပေးထားတာ… ကျွန်မက ဘယ်လိုလုပ်မပျော်ရမှာလဲ။” လင်းချင်းဟယ်က သွားပေါ်အောင် ပြုံးရယ်ရင်း ပြောလိုက်သည်။
ဒီဆိုင်က စတုရန်းမီတာ ၈၀ နီးပါးရှိသည်။ အထူးသဖြင့် ကျယ်ဝန်းခြင်း မရှိသော်လည်း သေချာပေါက် သေးငယ်လှသည်တော့ မဟုတ်ပေ။ အရေးအကြီးဆုံးအချက်က ဒုတိယထပ် ပါရှိခြင်း ဖြစ်သည်။ ဒီယွမ်သုံးထောင်က လုံးဝရှုံးမှာ မဟုတ်ဘူး။
အလွှဲအပြောင်းအတွက် အချိန်ကို မနက်ဖြန်မနက်၌ စီစဉ်ပြီးနောက် လင်းချင်းဟယ်သည် ကျိုးခိုင်ကို ကျောင်းသို့ပြန်ခေါ်လာခဲ့သည်။
အပြန်လမ်းတွင် ကျိုးခိုင်က မေးလာသည်။ “ အမေ… ကျွန်တော်တို့မှာ အဲလောက် ပိုက်ဆံအများကြီး ရှိလို့လား “
“ငွေအတွက် စိတ်ပူစရာမလိုဘူး။” လင်းချင်းဟယ်က သူမလက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။
ကျိုးခိုင်က ရယ်လိုက်သည်။ သူ့ကို ထိုကဲ့သို့ မြင်လိုက်ရတော့ လင်းချင်းဟယ်က မကျေမချမ်းအကြည့်ဖြင့် ကြည့်လိုက်ပြီး “မင်းက ဘာရယ်နေတာလဲ။ ကောင်စုတ်လေး… မကောင်းတဲ့အစွန်းအထင်းနဲ့ မင်းရဲ့အနာဂါတ်ကို ဖျက်ဆီးရဲဖျက်ဆီးကြည့်…။ ငါ မင်းနဲ့ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်လိုက်။”
ဤသည်မှာ တစ်ဖက်လှည့်ဖြင့် ဝန်ခံခြင်းပင် ဖြစ်သည်။
ကျိုးခိုင်က “ ကျွန်တော် သိပါတယ် “ ဟု ပြောလိုက်သည်။
“စာကိုပဲ ကြိုးစားပါ။ ဒီကိစ္စတွေက မိဘတွေရဲ့အရေးကိစ္စတွေပဲ။ နင် စိတ်ပူနေစရာ မလိုပါဘူး။ မဟုတ်ရင် ငါ တကယ် စိတ်ပူနေရမှာ နားလည်လား။” လင်းချင်းဟယ်က သတိပေးသည်။
“ကျွန်တော် သိပါတယ်။” သူမ ထပ်ခါတလဲလဲ ပြောတော့မှာကို မြင်လိုက်သဖြင့် ကျိုးခိုင်က အမြန် ပြောလိုက်သည်။
လင်းချင်းဟယ်က သူမလက်ကို ဝှေ့ယမ်းပြီး သူ့ကို သွားခွင့်ပေးလိုက်သည်။
နောက်တစ်နေ့တွင် စာရွက်စာတမ်းများကို လွှဲပြောင်းပေးရန် အိမ်ရာစီမံခန့်ခွဲရေးဌာနာသို့ အိမ်ပိုင်ရှင်နှင့်အတူ သူမ ရောက်ရှိလာသည်။
ယွမ်သုံးထောင်ကို တစ်ပြားတောင် မလျော့ပါဘူး။ မူလက ဦးလေးဝမ်သည် သူထံမှ ငွေချေးလိုသေးသလားဟု သူမကို မေးချင်နေခဲ့သည်။ သို့သော် အံ့သြစရာကောင်းစွာ သူမမှာ ငွေရှိနေပြီး ထုတ်ယူနိုင်စွမ်းလည်း ရှိသည်။
ပိုင်ဆိုင်မှုလက်မှတ်ကို ရပြီးနောက် လင်းချင်းဟယ်၏စိတ်အခြေအနေက ဘယ်လိုဆိုတာ ပြောစရာပင် မလိုတော့ပေ။
ဒီထက်ပိုပြီး သူမ စိတ်မလှုပ်ရှားနိုင်တော့ပေ။
သူမသည် မြို့တော်တွင် အိမ်ရာမြေတစ်ခုကို ပိုင်ဆိုင်လိုက်ပြီ။ နောက်ပိုင်းမျိုးဆက်တွေ တစ်ဟုန်ထိုး တိုးတက်မြှင့်မားလာမည့် မြို့တော်လိုနေရာမျိုးတွင် ဖြစ်သည်။
ဦးလေးဝမ်သည် သူမ၏ ရွှင်မြူးနေသော အမူအယာကို ကြည့်ကာ ပြုံးပြီး “ မင်း ဘာစီးပွားရေး လုပ်ဖို့ စီစဉ်ထားလဲ “
“ဒါကို ခိုင်ရဲ့အဖေနဲ့ ဆွေးနွေးရဦးမယ်။ ဦးလေးမှာ အကြံဉာဏ်ကောင်းတွေ ရှိလား။” လင်းချင်းဟယ်က မေးသည်။
“ဖက်ထုပ်ဆိုင် ဖွင့်” ဦးလေးဝမ်က အကြံတစ်ခု ပေးသည်။
လင်းချင်းဟယ်သည် ခဏလောက် အံ့သြမှင်တက်သွားပြီး ရယ်မောကာ “ဦးလေး… သူ့အဖေက ဖက်ထုပ်ပဲ လုပ်တတ်တယ်ဆိုတာ လောင်တဆီက ကြားထားတာလား။”
“ဖက်ထုပ်လုပ်ပြီး ရောင်းတာလည်း မဆိုးပါဘူး။” ဦးလေးဝမ်က လေးလေးနက်နက် ပြောသည်။
လင်းချင်းဟယ်သည် ထိုအချက်ကို လေးလေးနက်နက် ချင့်ချိန်စဉ်းစားခဲ့သည်။ တခြားစီးပွားရေး တစ်ခုခုကို လုပ်ကိုင်ရန်မှာ အမှန်ပင် မလွယ်ကူလှပေ။ သို့သော် ဖက်ထုပ် လုပ်ရောင်းလျှင်တော့ ပြဿနာ မရှိနိုင်ပါဘူး။
အဆုံးတော့ သူမပဲဖြစ်ဖြစ် ကျိုးချင်းပိုင်ပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံး ဘယ်လိုလုပ်ရမယ်ဆိုတာ သိကြသည်။ ထို့အပြင် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကလည်း မမြင့်မားပေ။
ဒီအခြေအနေမှာ စီးပွားရေးတစ်ခုခုကို လုပ်ကိုင်နေသရွေ့ အခြေခံအားဖြင့် သူတို့တွေ ငွေရှာနိုင်မည် ဖြစ်သည်။ သူတို့ ဘာပဲလုပ်လုပ် ကိစ္စမရှိပါဘူး။
ဒါကြောင့် လင်းချင်းဟယ်က ပြောလိုက်သည်။ “ ဒီဆောင်းရာသီ အားလပ်ရက် အိမ်ပြန်တဲ့အခါ ကျွန်မ သူ့ကို ပြောပြလိုက်မယ် “
ဒီဆိုင်ကြောင့် လင်းချင်းဟယ်သည် တကယ့်ကို အိမ်ပြန်ချင်နေပြီ ဖြစ်သည်။
နောက်ပိုင်းရက်တွေမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုအေးလာသည်။ ကျိုးချင်းပိုင် ဝယ်ပေးထားသည့် လက်အပူပေးမီးဖိုလေးက အသုံးဝင်လာသည်။ သူမရင်ခွင်ထဲ ပွေ့ဖက်သယ်ထားရန် အလွန် အဆင်ပြေပြီး သက်တောင့်သက်သာဖြင့် နွေးထွေးလှသည်။
“အရမ်းအေးတာပဲ။” ဝမ်လီက ပြောသည်။
သူမမှာ လက်အပူပေးမီးဖိုလေး ရှိနေသဖြင့် အဆင်ပြေသည်ဟု လင်းချင်းဟယ်က ခံစားရပြီး မေးလိုက်သည်။ “ ဒီနှစ် နင် ပြန်မှာလား “
“ဒီနှစ်တော့ ငါ မပြန်တော့ဘူး။ ရက်တွေအများကြီး ရှိသေးတယ်။ ကားခတချို့ကို ချွေတာလိုက်တာ ပိုကောင်းတယ်။” ဝမ်လီက ပြန်ဖြေသည်။
ဆောင်းရာသီအားလပ်ရက်သည် ရက်ပေါင်း ၂၀ သာ ရှိသည်။ အသွားအပြန်ဖြင့် လမ်းခရီးမှာ ရက်အနည်းငယ် ကုန်ဆုံးသွားလိမ့်မည်။ ဝမ်လီသည် မနှစ်က အိမ်ပြန်သွားရန် အစီအစဉ် မရှိခဲ့ပေ။ ထို့ကြောင့် ဒီနှစ်လည်း ထိုနည်း၎င်းပင် ဖြစ်သည်။
လင်းချင်းဟယ်က ဘာမှပြန်မပြောပေ။ ထုံးစံအတိုင်း သူမကတော့ သေချာပေါက် အိမ်ပြန်မည်။
လပြက္ခဒိန်၏ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သူမသည် တရားဝင်အားလပ်ရက်ကို ရရှိခဲ့သည်။ ကျိုးခိုင်က ပြန်သွားဖို့ မစီစဉ်ထားဘူး။ လင်းချင်းဟယ်ကလည်း သူ့ကို နေခွင့်ပေးသည်။
သူမက သူ့ကို ငွေငါးဆယ် ပေးထားခဲ့သည်။
ကျိုးခိုင်က ပြုံးရယ်ပြီး “ အမေ… ဒါဆိုလည်း မယဉ်ကျေးတော့ဘူးနော် “ ဟု ပြောလိုက်သည်။ သူ့အမေက အမြတ်ကြီးစားသူ ဖြစ်ထိုက်ပေသည်။ အချိန်တိုင်း သူမသည် လွန်ကဲစွာ ရက်ရောလှသည်။
“နှစ်သစ်ကူးညစာစားပွဲအတွက် နင့်အတန်းဖော်ရဲ့ မိသားစုနဲ့ အတူတူ ပါဝင်ဆင်နွှဲလိုက်နော်။” လင်းချင်းဟယ်က သူ့ကို ပြောသည်။
သူတို့မိသားစု၏ နှစ်သစ်ကူးညစာစားပွဲမှာ တစ်ယောက်မှ ပျက်ကွက်လို့ မရနိုင်ဘူး။ အခြားသူများကို ၎င်းတို့၏မိသားစုနှင့် ပူးပေါင်းဆင်နွှဲရန် ခွင့်ပြုထားသည်။ သေချာတာပေါ့… ဆက်ဆံရေးက များသောအားဖြင့် ကောင်းမွန်ကြသည်။
သူမ၏သားကြီးသည် သူ့အတန်းဖော်နှင့် ခိုင်မာသော ဆက်ဆံရေးရှိကြောင်း လင်းချင်းဟယ် သိထားသဖြင့် သူမ ဂရုမစိုက်တော့ပေ။
“ကျွန်တော် သိပါတယ်။” ကျိုးခိုင်က ပြန်ဖြေသည်။
သူက ဘဲကင်တစ်ကောင်နဲ့ ကြက်တစ်ကောင်ကို ယူသွားပြီး စားရန် စောင့်နေမည် ဖြစ်သည်။
လင်းချင်းဟယ်သည် သူနဲ့ပတ်သက်ပြီး စိတ်ပူမနေတော့ဘဲ ရှန်ဟိုင်းမြို့သို့ တိုက်ရိုက်သွားမည့်ယာဉ်ကို စီးလိုက်သည်။
၁၉၇၉ခုနှစ်အကုန်တွင် ရှန်ဟိုင်းမြို့၌ အထူးသဖြင့် ဖြစ်ထွန်းစည်ကား ကောင်းမွန်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
နွေရာသီအချိန် သူမ ရောက်သွားသောအခါ တစ်ချို့သူတွေ စကတ်ဝတ်ထားသည်ကို သူမ မျက်မြင်တွေ့ခဲ့ကြောင်း သူမ မှတ်မိနေသေးသည်။ မမျှော်လင့်စွာဖြင့် သူမသည် ဆောင်းရာသီ၌ ရောင်စုံဝတ်စုံ ဝတ်ထားသူများကို မြင်တွေ့နိုင်ပြီ ဖြစ်သည်။
ပြောရမယ်ဆိုလျှင် အကန့်အသတ်မဲ့ နွေဦးရာသီက တကယ်ပဲ ဒီမှာ ရှိနေသည်။
လင်းချင်းဟယ်သည် သူမ၏နည်းလမ်းဟောင်းများအတိုင်း လိုက်နာဆောင်ရွက်သည်။ ဒီတစ်ခါမှာ သူမသည် အဝတ်အစားများ၊ လျှပ်စစ်ပန်ကာများ၊ နာရီများ၊ ရေဒီယိုများ အစရှိသဖြင့် ပစ္စည်းများကို ထပ်ပြီးဝယ်ခဲ့သည်။
ပြန်လည်ရောင်းချလျှင် ငွေပမဏ မြောက်များစွာကို သူမ ပြန်ရရှိလိမ့်မည်။
နေရာနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သဖြင့် အချိန် သိပ်မနှောင့်နှေးတော့ပါဘူး။ မနက်စောစော၌ သူမ ရောက်ရှိသွားပြီး ညနေဘက်တွင် ဘတ်စ်ကားဖြင့် ပြန်လာခဲ့သည်။
မြူနီစီပယ်မြို့တော်သို့ သူမ ရောက်ရှိသွားသောအခါ တော်တော် နောက်ကျနေပြီ။ လင်းချင်းဟယ်က မကြောက်ပါဘူး။ ဘာပဲဖြစ်ဖြစ် အခုချိန်က လုံခြုံရေးစိတ်မချရသည့် ပရမ်းပတာ အခြေအနေ မဟုတ်ပါဘူး။ နောက်နှစ်ဆိုလျှင်တော့ သူမ မလုပ်ရဲချေ။
နောက်နှစ်ကစပြီး သူမ၏ခင်ပွန်းဖြစ်သူ ချင်းပိုင်နဲ့အတူ တောင်ဘက်သို့ ခရီးထွက်ပြီး ကုန်ပစ္စည်းများကို ဝယ်ယူရန် သူမ စီစဉ်ထားသည်။
သူမသည် အသုံးဝင်သော အရာများကို ဖယ်ထားပြီး ကျန်ပစ္စည်းများကို ရောင်းချသည်။
သူမ ယူလာသည့် အဝတ်အစားအသစ်များကို ရောင်းချရန် မြူနီစီပယ်မြို့တော်ရှိ တစ်စုံတစ်ယောက်ကို ရှာတွေ့ခဲ့သည်။ လွယ်လွယ်ကူကူဖြင့် ရောင်းလိုက်ရသည်။
ရှန်းယွီအတွက်ကတော့ ထားလိုက်ပါတော့လေ။ ဒီနှစ် မသွားဖြစ်ဘူးလို့ပဲ ပြောလိုက်တော့မည်။ သူတို့တွေက သူစိမ်းတွေ မဟုတ်သဖြင့် နှစ်တိုင်း ဒီလို မလုပ်ချင်ဘူး။
သူမသည် မြူနီစီပယ်မြို့တော်၌ တစ်ညတာ အနားယူခဲ့သည်။ နောက်နေ့ မနက်စောစောတွင် ကောင်တီခရိုင်မြို့သို့ သွားမည့်ယာဉ်ကို စီးကာ ပြန်ခဲ့သည်။