အခန်း ၂၇၆
Viewers 43k

အခန်း (၂၇၆) - ဆိုင်နေရာ စုံစမ်းခြင်း  


သူမကို ထိုကဲ့သို့ မြင်လိုက်ရသောအခါ ဒေါ်လေးမာသည် လှည့်ထွက်ကာ အထင်သေးသောအကြည့်ဖြင့် အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။   


ညနေခင်း ဦးလေးမာ အလုပ်ဆင်းချိန်တွင် ဒေါ်လေးမာက သူ့ကို တီးတိုးပြောလိုက်သည်။ " ဒီကျန်းမိသားစုက တော်တော် အရှက်မရှိတာပဲ။ ရှောင်ခိုင်က ကလေးပဲ ရှိသေးတယ်… သူတို့က သူ့အပေါ် စိတ်ကူးကြံစည်နေကြတယ် "   


သူသည် အမှန်ပင် အရပ်ရှည်သော်လည်း အသက် ဆယ့်ငါးနှစ်သာ ရှိသေးသည်။ အသက်ငါးဆယ်ကျော် ဒေါ်လေးမာ၏ မျက်လုံးထဲတွင် သူက ကလေးတစ်ယောက်အဖြစ်ပဲ ရှိနေသေးသည်။   


" သူတို့ ရှောင်ခိုင်ကို ရည်မှန်းနေကြမှန်း မင်း ဘယ်လိုသိတာလဲ " ဦးလေးမာက မေးသည်။ 


ပြောရမည်ဆိုလျှင် လင်းချင်းဟယ်နှင့် သူမ၏သားတို့သည် အမှန်ပင် နာမည်ကြီးလှပေသည်။ 


ထိုခေတ်အချိန်၌ အဖိုးတန်အရာတစ်ခုဖြစ်သော ကောလိပ်ကျောင်းသားတစ်ယောက် ဖြစ်နေခြင်းကပင် အကြောင်းရင်းတစ်ခု ဖြစ်နေသည်။ နောက်တစ်ခုက နှစ်ယောက်စလုံးသည် ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့် ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်မှန်း ကောင်းကောင်း သိကြသည်။


သူတို့ ရောက်လာကြသောအခါ သူတို့နှစ်ယောက်စလုံးသည် အထူးသဖြင့် ကျိုးခိုင်က အပြုံးများဖြင့် နှုတ်ဆက်သည်။ အရင်တစ်ခေါက်က ဦးလေးမာ ပြန်ရောက်လာချိန်တွင် ထွက်သွားခါနီး ကျိုးခိုင်နှင့် တွေ့ဆုံမိကြသည်။ ပြောင်းတစ်အိတ်နှင့် ပြန်လာသော ဦးလေးမာကို မြင်လိုက်သည်နှင့် သူက တစ်ခါတည်း တိုက်ရိုက်ကူညီပြီး သယ်ပေးခဲ့သည်။   


ထိုအချိန်တုန်းက သူတို့တွေ မသိကျွမ်းကြသေးပေ။ သယ်ကူပေးပြီးမှသာ သူတို့သည် အိမ်နီးချင်းများ ဖြစ်ကြောင်း သိခဲ့ကြသည်။   


ထို့ကြောင့် ဦးလေးမာသည် ကျိုးခိုင်အပေါ် ကောင်းမွန်သော ထင်မြင်ချက် ရှိသည်။   


" ကျွန်မမျက်လုံးနဲ့ သေချာမြင်လိုက်တာ။ ကျန်းမိသားစုရဲ့သမီးအငယ်က ရှောင်ခိုင်ရဲ့နောက်ကျောကို သူတို့ကြား တစ်ခုခုရှိသလို ပုံစံနဲ့ ကြည့်နေတယ် " ဒေါ်လေးမာက တံတွေးထွေးလိုက်ပြီး " သူမလိုလူမျိုးလား… လုံးဝကို မထိုက်တန်ဘူး။ ဆရာမလင်း ရောက်လာတဲ့အခါ သူမကို ပြောပြရမယ်။ သူမကို သတိထားဖို့ ပြောရမယ် "   


နောက်နှစ် ဒါမှမဟုတ် ထိုအချိန်လောက်တွင် ကျိုးချင်းပိုင် ရောက်လာမည်ကို သူမ သိထားသည်။   


ထို့အပြင် ကျန်းမိသားစုတွင် ယခုအချိန်၌ နောက်ထပ် မိန်းကလေးနှစ်ယောက် ထပ်တိုးလာသည်။   


ဒီဧရိယာပတ်ဝန်းကျင်နေရာ၌ လျှို့ဝှက်ချက် တစ်ခုခုများ ရှိနေနိုင်ပါ့မလား။ အတင်းအဖျင်းအားလုံးကို တစ်ပြိုင်နက်တည်း ပျံ့နှံ့စေနိုင်ပါသည်။   


သူတို့နှစ်ယောက်စလုံးသည် ကျေးလက်ဒေသမှ ပြန်လာကြသည်။ သမီးကြီးက ကွာရှင်းပြီး ပြန်လာသည်။ သူမမှာ ကလေးမရှိသော်လည်း ကျေးလက်ဒေသမှာ နေထိုင်စဉ်တွင် တစ်ကြိမ် ကိုယ်ဝန်ရှိခဲ့သည်။ ထိုအချိန်တုန်းက သူမသည် အိမ်ထောင်မပြုရသေးချေ။ အကယ်၍ သူမသာ ကြင်နာတတ်သော ယောက်ျားတစ်ယောက်ကို အမြန်ရွေးပြီး လက်ထပ်ကာ တိုင်ကြားမခံရရန် လွတ်လမ်းမရှာထားပါက ချက်ချင်းပင် ပညာပေးခံရလိမ့်မည် ဖြစ်သည်။ ကောင်းသည့်အရာတော့ မဟုတ်ပေ။   


အငယ်မကတော့ သူမသည် ကျေးလက်မှာ ရှိနေစဉ် စေ့စပ်ကြောင်းလမ်းမှုများ အမြောက်အများ ရှိခဲ့ပြီး ရပ်ရွာညွှန်ကြားရေးမှူးနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိသည်ဟု သူမ(ဒေါ်လေးမာ) ကြားခဲ့သည်။ မြော်မြင်သိတတ်သောသူသည် သူတို့ကို မြင်လိုက်သည်နှင့် မည်ကဲ့သို့သော ဆက်ဆံရေးမျိုး ဖြစ်နေသည်ကို သိနိုင်ပေသည်။ သင့်လျော်သောတစ်ခုတော့ မဟုတ်နိုင်ပေ။   


သူမ ဘာကြောင့် ဒီလောက် သိနေရသနည်း။ သူမက ကျေးလက်ကို သွားသည့် တစ်ဦးတည်းသောသူလား။ အိမ်ထောင်စုတိုင်းတွင် ခွဲတမ်းရှိသည်။ ကျေးလက်ကို သွားသောသူ အများကြီး ရှိပေသည်။   


ဒါဆို သူတို့ ဘာလို့များ မသိနိုင်ရမည်နည်း။   


မျက်လုံးတစ်လုံးကတော့ သူတို့နှစ်ယောက်ကို စောင့်ကြည့်နေလိမ့်မည်။   


လင်းချင်းဟယ်သည် ထိုအကြောင်းကို မသိသေးချေ။ မကြာသေးမီက ကျောင်းတွင် အင်္ဂလိပ်စကားပြော ပြိုင်ပွဲတစ်ခု ကျင်းပခဲ့သဖြင့် လုပ်စရာ များစွာရှိနေသည်။   


သူမ အလုပ်ပြီးသွားသောအခါ ဒီဇင်ဘာလထဲသို့ ရောက်နေလေပြီ။   


ဤအချိန်၌ နည်းနည်းအေးသည်။ သို့သော် ယခုဆောင်းရာသီသည် မနှစ်ကထက် ပို၍ ပူနွေးလေသည်။ 


မနှစ်က ဒီအချိန်တွင် အမှန်ပင် အေးခဲလှသည်။ သေလောက်သည့်အထိ အေးခဲသွားသလိုပင်။   


သူရိယနေပြက္ခဒိန်အရ ယခုသည် ဒီဇင်ဘာလ ဖြစ်ပြီး လပြက္ခဒိန်အရ နိုဝင်ဘာလ ဖြစ်သည်။ ရာသီဥတုသည် တစ်နေ့ထက်တစ်နေ့ ပိုအေးလာမည်မှာ သေချာပေသည်။   


ကျိုးခိုင်သည် ထိုနေ့တွင် စားစရာဗူးကို ယူလာခဲ့သည်။ အရင်စည်းမျဉ်းအတိုင်းပင်။ သူသည် သူ့အတန်းဖော်အိမ်မှ ကြက်စွပ်ပြုတ်ကို ယူလာပြီး တစ်ဝက်ကို ထိုနေရာ၌ ချန်ထားခဲ့သည်။   


" အမေ… ကျွန်တော်တို့ဘာသာ မီးဖိုသုံးကြမလား " ကျိုးခိုင်က မေးသည်။   


" နင့်အဖေ ရောက်လာမှ အဲအကြောင်း ပြောကြရအောင်။ အခုက ငါတို့နှစ်ယောက်တည်းလေ " လင်းချင်းဟယ်သည် ကြက်စွပ်ပြုတ်ကို သောက်ရင်း ပြန်ဖြေသည်။   


ကျိုးခိုင်က မလျှော့တမ်း ဇွတ်မပြောတော့ဘဲ " ကျွန်တော် မနေ့က အိမ်ကိုသွားပြီး ကြည့်လိုက်သေးတယ်။ အဖေ ရောက်လာရင် အမေ အဖေကို သေချာစောင့်ကြည့်ဖို့ လိုတယ် "   


" ဘာဖြစ်လို့လဲ " လင်းချင်းဟယ်က အိမ်ဘက်သို့ မရောက်တာ ကြာပြီ။ သူမသည် သူ့သားကိုပဲ လွှတ်ကာ စစ်ဆေးပြီး သန့်ရှင်းရေး လုပ်ခိုင်းခဲ့သည်။ ကျန်းမိသားစုအကြောင်းကို သူမ မသိခဲ့ပေ။  


" ကျွန်တော်တို့အိမ်ဘေးမှာ နေတဲ့ ကျန်းမိသားစုလေ " ကျိုးခိုင်က ဖြေသည်။   


" ? " လင်းချင်းဟယ်က သူ့ကို ကြည့်လိုက်သည်။   


" ဘယ်လိုရှင်းပြရမယ်မှန်း ကျွန်တော်လည်း မသိတော့ဘူး။ အမေ အချိန်အားလို့ အဖွားမာဆီကို အလည်သွားတဲ့အခါ သိလိမ့်မယ် " ကျိုးခိုင်က ပြောသည်။   


လွန်ခဲ့သောနှစ်ရက်က သူသည် မြို့မှပြန်လာသည့် ကျန်းမိသားစုမှ မိန်းကလေးများကို တွေ့ခဲ့သည်။ အကြီးကော အငယ်ကော တွေ့လိုက်သည်။ သူ့ကို သူတို့ မြင်သောအခါ နှုတ်ဆက်လာကြသည်။ သူက ဘာမှတော့ မပြောလိုက်ပေ။ ခေါင်းညိတ်ရုံဖြင့် လုံလောက်နေပြီ။   


သို့တိုင် အကြီးမက သူ စားဖို့ ဘန်းမုန့်တစ်ခုကိုတောင် ပို့ပေးခဲ့သည်။   


သေချာတာပေါ့ ကျိုးခိုင်က မစားခဲ့ပေ။ သို့တိုင် ကျိုးခိုင်သည် သူ့အဖေ ရောက်လာသောအခါ ထိုအမျိုးသမီးသည် သူ့အဖေနား ချဉ်းကပ်လာလိမ့်မည်ဟု ခံစားမိနေသည်။   


ယခုကဲ့သို့ ပြောရသည့် အကြောင်းအရင်းကတော့ ကျိုးခိုင်သည် အနာဂါတ်မှာ သူ့အမေက ကျောင်းမှာ သင်ခန်းစာများကို ပို့ချနေရပြီး သူက ကျောင်းမှာပဲ ရှိနေမည်ဆိုတာကို တွေးမိသောကြောင့် ဖြစ်သည်။ ဘာမှလုပ်စရာ မရှိသည့် သူ့အဖေ တစ်ဦးတည်းသာ အိမ်မှာ ကျန်နေခဲ့မည်။   


ပြဿနာတစ်စုံတစ်ရာတော့ လွယ်လင့်တကူ ဖြစ်ပွားနိုင်သည် မဟုတ်လား။   


လင်းချင်းဟယ်က သူ့ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ထို့ကြောင့် သူမသည် ဒေါ်လေးမာဖြင့် စကားစမြည်ပြောရန် အချိန်တစ်ခုကို တကူးတက ရှာဖွေပြီး လည်စည်းကို စည်းကာ သွားခဲ့သည်။ သူမသည် ဒေါ်လေးမာအတွက် ဖရဲစေ့တစ်ထုပ်ကို ယူသွားပေးခဲ့သည်။   


" ဆရာမလင်း… နင့်ကို မတွေ့တာ ကြာပြီ " အဘွားကြီးကျန်းက အပြုံးဖြင့် လှမ်းနှုတ်ဆက်သည်။   


လင်းချင်းဟယ်က သီးသန့်ဆန်စွာ ခေါင်းညိတ်ပြသည်။ ထို့နောက် သူမကို လျစ်လျူရှုကာ ဆက်လျှောက်လာပြီး ဒေါ်လေးမာ၏အိမ်သို့ သွားလိုက်သည်။ ဒေါ်လေးမာက နှုတ်ဆက်ပြီး သူမကို အထဲဝင်ခွင့်ပြုလိုက်သည်။   


အဘွားကြီးကျန်း၏မျက်နှာသည် အကျည်းတန်ရုပ်ဆိုးသွားသည်။ သူမက အေးတိအေးစက်ဖြင့် ထေ့ငေါ့လိုက်သည်။ " ဟွန်း… သူမက ဘာဖြစ်တာလဲ… ဆရာမလေးပဲကို… ဘာဂုဏ်ယူစရာများ ရှိနေလို့လဲ "   


ဒေါ်လေးမာနှင့်အတူ အိမ်ထဲသို့ ဝင်သွားသော လင်းချင်းဟယ်သည် သူမကို စိတ်မဝင်စားပေ။ သူမသည် ဖရဲစေ့ကို ယူစားပြီး ဒေါ်လေးမာနှင့် စကားစမြည် ပြောကြသည်။   


ထိုမှသာ လင်းချင်းဟယ်သည် ကျန်းမိသားစု၏ လက်ဖျားခါလောက်စရာ အကြောင်းအရာများကို သိလိုက်ရသည်။ သူတို့တွေက တကယ့်ကိုပင် ထိုကဲ့သို့သော သမီးနှစ်ယောက်ကို သင်ကြားပြသပေးထားပေသည်။   


အနည်းငယ် အန္တရာယ်ရှိကြောင်း ဝန်ခံရမည်။ သူမ၏ချင်းပိုင် ရောက်လာပြီး အိမ်မှာ ရှိနေပါက အိမ်နီးချင်းကျန်းမိသားစု၏ တစ်ခုလပ်ဖြစ်သူက သူ့ကို ပစ်မှတ်ထားရန် မည်မျှလွယ်ကူလိုက်မည်နည်း။ 


ဒီလိုလူမျိုးကို သံသယဖြစ်စရာတောင် မလိုပါဘူး။ သူတို့မှာ အနိမ့်ဆုံး ကန့်သတ်စည်းဆိုသည့်အရာ မရှိပေ။   


ထို့ကြောင့် လင်းချင်းဟယ်သည် စာကြည့်တိုက်ရှိ ဦးလေးဝမ်ကို ရှာရန်လာခဲ့သည်။ သူမ ရောက်သောအခါ ကျိုးခိုင်လည်း ထိုနေရာတွင် ရှိနေသည်။ လူကြီးရော လူငယ်ရော ဘန်းမုန့်များကို စားနေကြသည်။   


" အမေ… အမေလာတာ နောက်ကျသွားပြီ။ ဘန်းမုန့်တွေ ကျွန်တော်တို့ စားလို့ကုန်သွားပြီ " ကျိုးခိုင်က ပြောသည်။   


" နင်ရဲ့ဦးလေးဝမ်ဆီက မုန့်တွေကို စားဖို့ပဲ အမြဲလာနေတယ်။ နင် မရှက်ဘူးလား " လင်းချင်းဟယ်က သြဝါဒပေးဆုံးမသည်။   


" ဦးလေးအတွက် ကျွန်တော် ဝယ်လာတာ " ကျိုးခိုင်က ပြောသည်။   


" အဲလိုပဲ ဖြစ်ရမယ် " လင်းချင်းဟယ်က ကျေနပ်သွားသည်။   


ဦးလေးဝမ်က ရယ်ပြီး " တစ်နေ့ကျရင် အစစ်မှန်ဆုံး သိုးသားပြုတ်စားဖို့ ဖိတ်လိုက်မယ် "   


" ခိုင်ရဲ့အဖေက နောက်နှစ်ဆို လာလိမ့်မယ်။ သူ့ကို ကျွေးမွေးဧည့်ခံခွင့် ပေးလိုက်ပါ " လင်းချင်းဟယ်က ပြုံးလိုက်သည်။ ပြီးနောက် သူမက မေးလိုက်သည်။ " ဦးလေး… ဒီအနီးအနားက ဆိုင်တစ်ဆိုင်ကို သိလား။ လက်ပြောင်းချင်နေတဲ့ ဆိုင်မျိုးလေ "   


" ဆိုင်ကို ဘာအတွက် လိုချင်တာလဲ " ဦးလေးဝမ်က သူမကို ကြည့်ကာ မေးလာသည်။   


" ခိုင်ရဲ့အဖေက နောက်နှစ်ဆို ရောက်လာမှာမဟုတ်လား။ သူ့အတွက် အလုပ်မစီစဉ်ရသေးဘူး။ ဒါကြောင့် သူ့အတွက် ဆိုင်ဖွင့်ပေးပြီး စောင့်ကြည့်စေမယ်လို့ တွေးမိလို့ပါ " လင်းချင်းဟယ်က ပြန်ဖြေသည်။   


မူလအစီအစဉ်မှာ ကျိုးချင်းပိုင်ကို ကျောင်းသို့ သွားပြီး ကျောင်းသုံးပစ္စည်းစတိုးဆိုင် ဖွင့်စေရန် ဖြစ်သည်။ ဒါပေမယ့် အခုအချိန်၌ ရောင်းရန် ကျောင်းသုံးပစ္စည်းများ မရှိပါဘူး။   


ထို့ကြောင့် ၎င်းအကြောင်းကို ချင့်ချိန်စဉ်းစားပြီးနောက် အပိုစီးပွားရေးလုပ်ငန်းတစ်ချို့ လုပ်ရန် တစ်ခြားဆိုင်တစ်ဆိုင်ကို ဖွင့်သင့်သည်ဟု သူမ ထင်ခဲ့သည်။   


လင်းချင်းဟယ်သည် ယခုနှစ်တွင် ကိုယ်ပိုင်လုပ်ငန်း ပေါ်ပေါက်လာသည်ကို သတိပြုမိသည်။ အရေအတွက်က မများသော်လည်း ဒီနှစ် အစမ်းလုပ်ပြီးလျှင် နောက်နှစ်မှာ ကိုယ်ပိုင်လုပ်ငန်းများ ပိုများလာမည်မှာ သေချာပေသည်။   


လင်းချင်းဟယ်ကလည်း လုပ်ဆောင်ရန် စီစဉ်နေသည်။   


ဦးလေးဝမ်က မြို့တော်၏အခြေအနေကို သိသည်။ ဒါကို ကြားသောအခါ သူက " ကိုယ်ပိုင်လုပ်ငန်းရှင်တွေကို သိပ်အလေးမထားကြဘူး။ ဒါပေမယ့် အဆင့်အတန်း နိမ့်ကျတယ်လို့ အထင်ခံရတာကို မကြောက်ဘူးဆိုရင် မင်းမေးတာကို ငါ ကူညီပေးနိုင်တယ် "  


" ဒါက ဘာအတွက် အဆင့်အတန်းနိမ့်ကျမှာလဲ။ ခိုးဝှက်လုယက်နေတာလည်း မဟုတ်ဘူးလေ။ ကိုယ့်စားဝတ်နေရေးအတွက် ကိုယ့်လက်နဲ့ကိုယ် မှီခိုအားထားတာပါ " လင်းချင်းဟယ်က ရွှင်မြူးစွာ တုံ့ပြန်လိုက်သည်။   


ဦးလေးဝမ်က ခေါင်းညိတ်ပြီး " ဒါဆို ဒီကိစ္စကို ငါ့ဆီပဲ လွှဲထားလိုက်တော့ "   


လင်းချင်းဟယ်သည် ဤအချိန်ကာလ၌ ဆိုင်များဝယ်ယူရန် အရမ်းမခက်ခဲကြောင်းကို သိနေသည်။ သို့သော် နှစ်ရက်အတွင်း ဦးလေးဝမ်က ကျိုးခိုင်ကို ညနေခင်းတွင် တစ်ချက်သွားကြည့်ရန်အတွက် သူမအား ထပ်ဆင့်စကားပါးလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။   


လင်းချင်းဟယ်သည် ဝမ်းသာပျော်ရွှင်သွားသည်။ ညနေစောင်း၌ သူမသည် ဟင်းသီးဟင်းရွက်ခြင်းကို ယူပြီးနောက် ဦးလေးဝမ်ကို ရှာရန် သူမ၏သားကြီးနောက်သို့ လိုက်သွားသည်။ ထို့နောက် ထိုဆိုင်ကို အတူတူ လာကြည့်ကြသည်။