အခန်း ၂၇၅
Viewers 43k

အခန်း (၂၇၅) – မကောင်းတဲ့ ရည်ရွယ်ချက်


" နေရာက အဲလောက်ပဲကျယ်တာ… ငါနဲ့ငါ့သား နည်းနည်းပဲ အားစိုက်ထုတ်လိုက်ရတယ် " လင်းချင်းဟယ်က အပြုံးဖြင့် ပြန်ဖြေသည်။   


နောက်တစ်နေ့တွင် သူမသည် ဝမ်လီနှင့်အတူ ပစ္စည်းသွားဝယ်သည်။ ထို့နောက် ထင်းရှုးသား ပရိဘောဂအစုံလိုက်ကို စနစ်တကျ စီစဉ်ခင်းကျင်းလိုက်သည်။   


ထင်ရှုးသားဗီရိုများ၊ ထင်းရှုးသားစားပွဲများနှင့် ထိုင်ခုံများပင်။   


အရင်တုန်းကတော့ ဒါတွေကို ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် ဖြိုခွင်းနှိမ်နင်းခဲ့သည်။ ယခုမူကား ထိုကိစ္စကို မည်သူမျှ ဂရုမစိုက်ကြတော့ပေ။ ဈေးနှုန်းတောင်မှ အရမ်းမကြီးတော့ပေ။   


ပရိဘောဂအစုံအလင် တစ်စုံလုံးကို ယွမ်သုံးဆယ်နီးပါး ကုန်ကျသည်။   


သဘာဝကျစွာပင် ပစ္စည်းများစွာ ဖြစ်နေသဖြင့် ၎င်းတို့ကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးရမည် ဖြစ်သည်။ သူမသည် လူငယ်နှစ်ဦးကို ခေါ်ယူပေးရန် တောင်းဆိုခဲ့သည်။   


ဤအိမ်တွင် အခန်းနှစ်ခန်း ရှိသည်။ သူမသည် ၎င်းတို့ကို အခန်းတွေထဲသို့ သယ်သွားခိုင်းပြီး စနစ်တကျ စီစဉ်နေရာချလိုက်သည်။ ဧည့်ခန်းရှိ ကုလားထိုင်များနှင့် စားပွဲများအတွက်လည်း အလားတူပင်။   


အလုပ်ပြီးသွားသောအခါ လင်းချင်းဟယ်သည် သူတို့နှစ်ယောက်ကို အလုပ်ကြိုးစားသည့်အတွက် တစ်ယောက်ကို နှစ်ပြားစီ ပေးခဲ့သည်။ " ဒါက နင်တို့နှစ်ယောက်အတွက်။ နင်တို့ရဲ့ကုမ္ပဏီဆီ လွှဲပေးစရာ မလိုဘူး။ ငါ နင်တို့ကို ဒုက္ခပေးမိပြီ "   


လူငယ်နှစ်ယောက်စလုံးသည် အရမ်းပျော်သွားကြသည်။ သူတို့သည် သူမကို ကျေးဇူးတင်ပြီးနောက် ပြန်သွားကြသည်။   


ဝမ်လီသည် သူမနှင့်အတူ ပစ္စည်းဝယ်ရန် လာခဲ့သော်လည်း သူမသည် အဖော်တစ်ယောက်နှင့် ပိုတူနေသည်။ သူမက " နင် အခန်းတွေအတွက် အားလုံးပြင်ဆင်ပြီးသွားပြီ " ဟု ပြောလိုက်သည်။   


" ဟုတ်တယ်… အပြည့်အစုံ ပြင်ဆင်ပြီးသွားပြီ " လင်းချင်းဟယ်က စိတ်ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။   


ကြီးမားသောအိပ်ရာတစ်ခု၊ စားပွဲ၊ ဗီရိုအပြင် ကြွေထည်အိုးငယ်များနှင့် ပန်းကန်များကို အခြေခံအားဖြင့် ပြင်ဆင်ထားသည်။ ယခုဆိုလျှင် ပြောင်းရွှေ့ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။   


" ပြောင်းရွှေ့လာခိုင်းဖို့ သူတို့ဆီ ကြေးနန်းစာတစ်စောင် ပို့ချင်လား " သူမကို ထိုကဲ့သို့ မြင်လိုက်ရသဖြင့် ဝမ်လီက စနောက်လိုက်သည်။   


လင်းချင်းဟယ်သည် ရွှင်မြူးစွာဖြင့် မျက်လုံးလှန်ပြလိုက်သည်။   


အရာအားလုံးကို ပြင်ဆင်ပြီးသွားသော်လည်း ကျိုးချင်းပိုင်ကို လာခွင့်ပေးရန် အစီအစဉ် မရှိသေးချေ။ 


ဒီနှစ်တော့ ထားလိုက်ပါတော့လေ။ နောက်တော့မှ လယ်ဆက်မလုပ်တော့ဘဲ သူက သူမနှင့်အတူ ဒီကို လာခဲ့မည်။   


ရိုးရိုးသားသား ပြောရလျှင် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို သူတို့၏မွေးရပ်မြေတွင် လယ်လုပ်ခိုင်းရန် တွန့်ဆုတ်နေခဲ့သည်။ အလွန်ပင် တွန့်ဆုတ်မလိုလားလှပေ။ အထူးသဖြင့် တစ်နေ့ပြီး တစ်နေ့ လယ်အလုပ်များကို လုပ်ရသည်မှာ မလွယ်ကူလှပေ။   


ကျိုးချင်းပိုင်က ဘယ်တော့မှ မကျေမနပ်ဖြင့် မညည်းညူသော်လည်း သူ့အတွက် ပင်ပန်းခက်ခဲနေမှန်း လင်းချင်းဟယ် သိနေသည်။   


သူမ သူ့ကို မကူညီနိုင်ခဲ့ပေ။ ဒါပေမယ့် အနည်းဆုံး သူမလုပ်ပေးနိုင်တာကတော့ သူ့အတွက် အစားအသောက်များကို မှန်ကန်စွာ စီမံခန့်ခွဲပေးခြင်းပင်။ ကျိုးချင်းပိုင်၏ ဝင်ငွေအားလုံးကို အလဟသ ဖြုန်းတီးတဲ့အတွက် တခြားသူများ၏ ငြီးတွားခြင်းကို သူမ ခံရရင်တောင် သူမ ဂရုမစိုက်ပါဘူး။


အခြားသူများ၏ မျက်လုံးများကို ဂရုမစိုက်ဘဲ ဘဝကို ဖြတ်သန်းနိုင်သူ အလွန်နည်းပါးလေသည်။ လင်းချင်းဟယ်က သူတို့ထဲမှ တစ်ယောက်ဖြစ်ပြီး မတွေးနိုင်စရာ တစ်ခုမှ မရှိချေ။   


လူတစ်ယောက်၏သက်တမ်းက ဘယ်နှစ်နှစ်ရှိမည်နည်း။ ပုံမှန်အားဖြင့် ပထမဆယ့်ငါးနှစ်ကို မသိနားမလည်စွာဖြင့် ဖြတ်သန်းကျော်ဖြတ်ခဲ့သည်။ အသက် ၄၀ သို့မဟုတ် ၅၀ နောက်ပိုင်းတွင် ခန္ဓာကိုယ်သည် ပြန်လည်ကျဆင်းအားပျော့လာသည်။ လူလတ်ပိုင်းဘဝတွင် ကျောင်းတက်ခြင်း၊ အလုပ်လုပ်ခြင်း၊ အိမ်ထောင်ပြုခြင်း၊ ကလေးများကို မွေးဖွားကာ ပြုစုပျိုးထောင်ပေးခြင်း စသည့်ဖြင့် ဖိအားများကို သည်းခံကြရသည်။ ထိုအရာများကို ထည့်ပေါင်းလိုက်လျှင် အချိန် ဘယ်လောက်ရှိမည်နည်း။   


တိုတောင်းသောဘဝတွင် အမှန်တကယ်တော့ ဤမျှလောက် ဂရုစိုက်ရန် မလိုအပ်ပေ။   


ဘဝကို ကောင်းမွန်စွာ နေထိုင်ဖြတ်သန်းမှသာ အောင်မြင်နိုင်လိမ့်မည်။   


ဤသည်မှာ လင်းချင်းဟယ်၏ ဘဝအပေါ် ထားရှိသော အလွန်ရှင်းလင်းသည့် အမြင်ပင် ဖြစ်သည်။ သူမ ဘယ်တုန်းကမှ မယိမ်းယိုင်ခဲ့ပေ။   


လင်းချင်းဟယ်သည် သူမက ခင်ပွန်းသည်ဖြစ်သူအား အလိုလိုက် အကြိုက်ဆောင်ပေးတတ်သောသူမျိုး ဖြစ်နေမှန်း မသိခဲ့ပေ။ သို့သော် ကျိုးချင်းပိုင်နှင့် တွေ့ဆုံပြီးနောက် သူမသည် ထိုသဘောတရားရှိသူအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။   


ဘယ်အချိန်က စခဲ့မှန်းမသိသော်လည်း သူမ၏ခင်ပွန်းဖြစ်သူအား တုန်နေအောင် ချစ်မြတ်နိုးခြင်းသည် သူမ၏အကျင့် ဖြစ်လာသည်။   


လင်းချင်းဟယ်သည် အိမ်မှာ ရှိနေသော သူမ၏ယောကျ်ားကို တွေးမိရင်း နှစ်ခြိုက်စွာ ပြုံးလိုက်သည်။   


ဝမ်လီက ပြောသည်။ " နောက်ဆို ငါ ဒီမှာ ခဏခဏ ထမင်းလာစားရမယ် "   


" လာခဲ့လေ။ နင့်ဗိုက်ကို ပွေ့ပြီးမှ ပြန်သွားရအောင် ငါ သေချာပေါက် လုပ်မှာ " လင်းချင်းဟယ်က နောက်ပြောင်လိုက်သည်။  


ဝမ်လီက ရယ်မောလိုက်သည်။ သူမလည်း မနာလိုဖြစ်မိပြီး ပြောသည်။ " နင့်မှာ နေစရာနေရာနဲ့ ကျောင်းမှာလည်း ရာထူးတစ်ခု ရထားပြီ။ ဒါပြီးရင် အားလုံး အဆင်ပြေသွားလိမ့်မယ် "   


သူမ၏ အိမ်ထောင်စုစာရင်းကို ရွေ့ပြောင်းလိုက်သည်နှင့် ထိုအချိန်မှစ၍ သူမသည် ပေကျင်းနိုင်ငံသား ဖြစ်လာမည် ဖြစ်သည်။   


" အနာဂါတ်မှာ နင် နွေရာသီနဲ့ ဆောင်းရာသီ အားလပ်ရက်တွေ ရလာရင် အပျော်ခရီးထွက်ပြီး ငါ့ဆီ လာလည်လာလေ။ ငါ နင့်အတွက် ပစ္စည်းတွေ အမြဲတမ်း စီစဉ်ထားပေးမယ် " လင်းချင်းဟယ်က ပြောသည်။   


ဝမ်လီက ပြုံးပြီး ပြောသည်။ " ငါ့မွေးရပ်မြေဆီလည်း လာလည်လေ။ ငါ့နေရာမှာ ချယ်ရီသီးတွေ အရမ်းပေါတယ်။ နင် ငါတို့ဆီ လာလည်ရမယ်။ အစားအသောက်နဲ့ နေရာထိုင်ခင်းအတွက် ငါ စီမံပေးမယ် "   


နှစ်ယောက်သား စကားစမြည်ပြောကာ တစ်ခဏကြာ ရယ်မောနေပြီးမှ တံခါးကို သော့ခတ်ပြီး ကျောင်းသို့ ပြန်လာခဲ့ကြသည်။   


ဒီဘက်မှာတော့ လင်းချင်းဟယ်က ကျိုးခိုင်ကို ရက်အနည်းငယ်ကြာတိုင်း သန့်ရှင်းရေးလုပ်ရန် လွှတ်တတ်သည်။   


သူမသည် ကျိုးခိုင်ကို သတိပေးစကား ပြောထားသည်။ အိမ်ဘေးမှာ ကျန်းမိသားစု နေထိုင်သည်။ တစ်ချိန်က ဦးလေးဝမ်ကို မကောင်းမှုတွေ လုပ်နေသည်ဟု သူတို့က သတင်းပို့တိုင်ကြားခဲ့သည်။ သူတို့နှင့် မပေါင်းသင်းတာက ပိုကောင်းလေသည်။   


ကျိုးခိုင်က သတိပြုမှတ်သားထားသည်။   


သို့သော်လည်း ကျိုးခိုင်က တခြားသူတွေကို ရန်မစဘူးဆိုရင်တောင် သူတို့တွေက တည်တည်ငြိမ်ငြိမ် နေကြလိမ့်မည် မဟုတ်ပေ။   


အိမ်နီးနားချင်း အမယ်အိုမဒမ်ကျန်းက အဝတ်တွေကို လှမ်းနေသည်။ သူမက ကျိုးခိုင်ကို ကြင်နာစွာ ပြုံးပြပြီး " နင်က တကယ်ပဲ ဆရာမလင်းရဲ့သားလား။ ဒီတိုင်းဆို ငါ ပြောနိုင်မှာ မဟုတ်ဘူး။ နင်တို့ကို မောင်နှမတွေလို့ပဲ ထင်နေခဲ့တာ "   


ကျိုးခိုင်က သာမန်မျှသာ ပြန်ဖြေလိုက်သည်။ " ကျွန်တော့အမေက နုပျိုပုံပေါ်နေတာပါ " 


ဒေါ်လေးမာက ဟင်းသီးဟင်းရွက်တောင်းနှင့် ထွက်လာပြီး " ရှောင်ခိုင်ရေ… ငါ့မှာ ခရမ်းချဉ်သီး အပိုနှစ်လုံးရှိတယ်။ လာစားလာဦး " လို့ အော်ခေါ်လိုက်သည်။   


" ဟုတ်ကဲ့… ကျွန်တော်လည်း နည်းနည်းရေဆာနေတာ " ကျိုးခိုင်သည် မူလက မလိုအပ်ကြောင်း ငြင်းပယ်ချင်ခဲ့ပေမယ့် ဒေါ်လေးမာက မျက်စောင်းထိုးပြပြီး အဝတ်လှန်းနေသော မဒမ်ကျန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်ကို မြင်လိုက်ရသဖြင့် သူ့တုံ့ပြန်မှုကို ပြောင်းလိုက်သည်။   


ထို့နောက် လျှောက်သွားလိုက်သည်။   


ဒေါ်လေးမာက တိုးတိုးလေး ပြောသည်။ " ရှောင်ခိုင်… သူမကို ဂရုစိုက်မနေနဲ့။ သူမရဲ့မိသားစုက နင်တို့ရဲ့မိသားစုအကြောင်းကို မကြာသေးမီက လှည့်ပတ်မေးနေတာ "   


" ဘာလို့ စုံစမ်းမေးမြန်းနေတာလဲ " ကျိုးခိုင်က နားမလည်ဟန်ဖြင့် မေးလိုက်သည်။   


" ဘာလို့ဖြစ်ရမှာလဲ။ သူတို့မိသားစုက ဝမ်အဘိုးကြီးရဲ့အိမ်ကို မျက်စိကျနေကြတာ အချိန်အတော်ကြာနေပြီလေ " ဒေါ်လေးမာက ထေ့ငေါ့ပြီးပြောသည်။   


ဝမ်အဘိုးကြီး၏နေရာကို သိမ်းပိုက်ချင်တာကြောင့် မကောင်းတဲ့အကြံနဲ့ ဆိုးသွမ်းသောလုပ်ရပ်ကို သူတို့တွေ လုပ်ခဲ့ကြတာ မဟုတ်ပေဘူးလား။   


အဲဒီအချိန်တုန်းက သက်ညှာမှုအတွက် တောင်းဆိုရန် သွားကြသည့်လူများစွာ ရှိခဲ့သည်။ သို့သော်လည်း ၎င်းသည် တင်းကြပ်လွန်းပြီး ကြားဝင်ခြင်းကလည်း အသုံးမဝင်ပေ။ ထို့ကြောင့် ကျန်းမိသားစုက အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။   


ဒါပေမယ့် နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာပြီး သူ ပြန်လာခဲ့သည်။   


" သူမရဲ့ဦးနှောက်ကို ထက်မြက်အောင် လုပ်မယ်ဆိုရင်တောင် ဒီအိမ်ကို သူမ မရနိုင်ပါဘူး " ကျိုးခိုင်က ထိုအကြောင်းကို ကြားသောအခါ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။   


" မှန်တယ်။ ဒါက တရားဝင်လုပ်ထုံးလုပ်နည်းတွေပဲလေ။ ဒါပေမယ့် ဒီမိသားစုက မကောင်းတဲ့သူတွေပဲ။ အဝေးပို့ထားတဲ့ သမီးနှစ်ယောက်က လွန်ခဲ့တဲ့နှစ်ရက်လောက်က ပြန်ရောက်လာတယ် " ဒေါ်လေးမာက ဆက်ပြောသည်။   


ကျိုးခိုင်က ဂရုမစိုက်ဘဲ ခေါင်းညိတ်လိုက်သည်။ သူက ဒါကို အလေးအနက် မထားပေ။ ဒေါ်လေးမာက ရယ်ချင်စိတ်ဖြင့် ပြောလိုက်သည်။ " လူရိုးလေး… သူတို့တွေ နင့်ကို ပစ်မှတ်ထားနေကြတာ မသိဘူးလား "   


" ကျွန်တော့်ကို ပစ်မှတ်ထားနေတာလား " အခုချိန်မှာတော့ ကျိုးခိုင်က တကယ့်ကို အံ့အားသင့်သွားပြီး " ကျွန်တော်က ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်လေ "   


မှန်ပေသည်။ သူ၏ အရပ်အမြင့်ဖြစ်သော 1.86 မီတာ (၆ပေ ၁လက်မ)ကို မကြည့်လိုက်ပါနှင့်။ အမှန်တကယ်တော့ သူက ဆယ့်ငါးနှစ်သာ ရှိပါသေးသည်။ ဆယ့်ရှစ်နှစ်အရွယ် လူကြီးတစ်ယောက်ဖြစ်ရန် အချိန်လိုအပ်နေသေးသည်။   


ဒေါ်လေးမာက ရယ်မောလိုက်သည်။ ထိုကဲ့သို့ အသက်အရွယ်ကြီးရင့်လာချိန်တွင် ဖျတ်လတ်တက်ကြွနေသော လူငယ်လေးအတွက် အကောင်းဆုံးကိုသာ သူမ မျှော်လင့်မိသည်။ " သူမရဲ့သမီးအငယ်ဆုံးက အသက် ၁၈နှစ်ပဲ ရှိသေးတယ်။ အသက်သုံးနှစ်ကြီးတဲ့ မိန်းကလေးနဲ့ လက်ထပ်တာက ကံကောင်းခြင်းပဲ ဆိုပြီး ဆိုရိုးစကား ရှိတယ်လေ "   


" အဘွားမာ… ဆက်မပြောပါနဲ့တော့ " ကျိုးခိုင်က ထိတ်လန့်တကြား ပြောလိုက်သည်။  


ဒေါ်လေးမာက အရယ်မရပ်နိုင်တော့ပေ။ သို့တိုင် သူမသည် အကြောင်းအရာကို ဆက်လက်ပြောသည်။ " သူမရဲ့မိသားစုက နင်နဲ့နင့်အမေအကြောင်းကို ဆက်မေးနေကြတယ်။ အိမ်ကို ပစ်မှတ်ထားနေရာကနေ အခုတော့ နင့်အပေါ် စိတ်ကူးတွေ ရှိနေမယ်လို့ ငါ ထင်တယ်။ ဒါကြောင့် ဒေါ်လေးက နင့်ကို သေသေချာချာ သိစေချင်လို့ ခေါ်လိုက်တာ။ တစ်ခုခု ကူညီဖို့ နင့်ကို သူတို့အိမ်ထဲ ဝင်ခိုင်းရင် မဝင်သွားနဲ့။ မဟုတ်ရင် နင် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး "   


တံခါးပိတ်သွားသည်နှင့် သူမ၏ အရှက်မဲ့သောသမီးက သူ့အပေါ် တွယ်ကပ်လာနိုင်ပေသည်။ အဲဒီလိုဖြစ်လာပါက သူမကို လက်မထပ်လျှင် လုံးဝမဖြစ်နိုင်တော့ပေ။   


တခြားသူတွေနဲ့တော့ ဖြစ်လာမည်မဟုတ်ပေ။ သို့သော် ကျန်းမိသားစုနှင့်ဆိုလျှင်တော့ ဒါက အံ့သြစရာမဟုတ်ပေ။   


ကျိုးခိုင်က ကြက်သေ သေကာ မှင်တက်သွားသည်။ ဒီကိစ္စက သူ၏စံနှုန်းသတ်မှတ်ချက်များကို စိန်ခေါ်နေသည်။   


" ကောင်းပြီ… အခု ပြန်သွားတော့ " ဒေါ်လေးမာက သူမ၏သတိပေးချက် ပြီးဆုံးသွားသောအခါ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။ " နင့်အမေကို နောက်နေ့ လာခိုင်းလိုက်ဦး။ ငါ သူမနဲ့ စကားစမြည်ပြောရမယ် "   


" ကောင်းပါပြီ " ကျိုးခိုင်သည် ခရမ်းချဉ်သီးများကို သရေစာအနေဖြင့် စားရင်း ပြန်လာခဲ့သည်။  


အရင်ဆုံး သူ အခန်းကို သန့်ရှင်းရေး လုပ်သည်။ ထို့နောက် ရေသောက်ရန် ဖိတ်ခေါ်သော မဒမ်ကျန်း၏စကားကို ယဉ်ကျေးစွာ ငြင်းဆိုပြီး တံခါးကို သော့ခတ်ကာ ပြန်သွားခဲ့သည်။  


ပြန်သွားသော ကျိုးခိုင်က မတွေ့လိုက်ချေ။ ဒါပေမယ့် အဝတ်များကို သိမ်းရန် အပြင်ထွက်လာသော ဒေါ်လေးမာက တွေ့လိုက်သည်။ ကျန်းမိသားစုမှ အသက် 18 နှစ်အရွယ် မိန်းကလေးသည် နီမြန်းနေသော မျက်နှာဖြင့် ရှောင်ခိုင်၏နောက်ကျောကို စိုက်ကြည့်ရန် ပြေးထွက်လာခဲ့သည်။