အခန်း ၂၇၄
Viewers 43k

အခန်း (၂၇၄) - အိမ်အသစ်  


လင်းချင်းဟယ်သည် သူမသားအကြီး သူမအတွက် ဒီနေ့ တစ်နေ့စာ ကြက်ဥများ ယူလာပေးချိန်၌ ထိုအကြောင်းကို မေးမြန်းလိုက်သည်။   


" အာ… ကျွန်တော်က သူ့ကို ကြက်ဥတွေ ပို့ပေးတယ်။ သူက ကျွန်တော့်ကို မေးလို့ ကျွန်တော်လည်း ပြောပြလိုက်တာ " ကျိုးခိုင်က ခေါင်းကုတ်ရင်း " အဘိုးက သူ့ဘာသာသူ ကူညီပေးနေတာလား "   


" အင်း " လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။   


စာကြည့်တိုက်မှူး၏ မျိုးရိုးနာမည်သည် မြို့တော်တွင် အလွန်အသုံးများသော ဒေသဆိုင်ရာ မျိုးရိုးနာမည်ဖြစ်သည့် ' ဝမ် ' မျိုးရိုးပင် ဖြစ်သည်။   


သူသည် သူမအတွက် နေရာလွတ်တစ်ခုကို ချန်လပ်ထားပေးရန် မကြာခဏ ကူညီပေးခဲ့သောကြောင့် သူနှင့် လင်ချင်းဟယ်တို့ကို အသိအကျွမ်းအဖြစ် သတ်မှတ်နိုင်ပေသည်။ သို့သော် သူမသားသည် သူနှင့် ဤမျှကောင်းမွန်သော ဆက်ဆံရေးတစ်ခု ရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။   


ကျောင်းက နေရာမချပေးသေးသည်ကို သူ ကြားတာနဲ့တစ်ပြိုင်နက် သူ့နာမည်ဖြင့် တိုက်ခန်းကို ကျောင်းထံ လွှဲပေးခဲ့သည်။   


ငွေအမြောက်အများကို သူ ရရှိခဲ့သော်လည်း သူက လင်းချင်းဟယ်အတွက် အဆင်ပြေအောင် ပြုလုပ်ပေးခဲ့သည်။   


" တိုက်ခန်းက တော်တော် ကောင်းတယ်။ စတုရန်းမီတာ ၅၀ ကျော်တယ်။ အဆောက်အဦးက နည်းနည်းဟောင်းနွမ်းနေပေမယ့် အရမ်းကောင်းနေတုန်းပဲ " နောက်နှစ်ရက်အကြာတွင် သူမ၏နည်းပြဆရာမ ရောက်လာပြီး လင်းချင်းဟယ်ကို ပြောပြသည်။   


လင်းချင်းဟယ်က ပြောသည်။ " ကျွန်မ ဦးလေးဝမ်နဲ့ စကားပြောပြီးပြီ။ ဒီနေ့ ကျောင်းဆင်းရင် သူနဲ့အတူ သွားစစ်ဆေးကြမလို့ "   


" ကောင်းပြီ။ ဦးလေးဝမ်က ဒီနေရာကို နင့်အတွက် ခွဲတမ်းချပေးဖို့ ကျောင်းကို အထူးပြောထားတယ် " သူမ၏နည်းပြဆရာမက ပြုံးလိုက်သည်။   


" ဒါကို ကျွန်မစိတ်နှလုံးထဲ မှတ်သားထားပါတယ် " လင်းချင်းဟယ်က ခေါင်းညိတ်ပြသည်။  


ကျောင်းဆင်းသွားသောအခါ လင်းချင်းဟယ်သည် သူမ၏သားကြီးကို ခေါ်ကာ ဦးလေးဝမ်၏နောက်သို့ လိုက်သွားခဲ့သည်။   


" နေရာက ကောင်းတယ် ဒါပေမယ့် ဒီမှာနေတဲ့သူတွေ များတယ်။ မင်းတစ်ယောက်တည်း နေမယ်ဆိုရင် ဒီကို မလာသေးနဲ့ဦး။ ကျောင်းမှာပဲ အရင်နေပြီး တစ်ချို့အရာတွေကို ပြင်ဆင်နေရာချထားပေါ့။ မင်းခင်ပွန်း ရောက်လာမှ ဒီကိုပြောင်းလာလိုက်လေ " ဦးလေးဝမ်က အကြံပေးသည်။   


" ဘာတွေစိတ်ပူစရာ ရှိလို့လဲ။ ကျွန်တော် ရှိတယ်လေ " ကျိုးခိုင်က ထိုစကားကို ကြားသောအခါ ဝင်ပြောလိုက်သည်။   


" မင်းက အိမ်မှာ တစ်နေ့လုံး မရှိဘူး။ တစ်ခုခု ဖြစ်ရင် မင်းကို ရှာတွေ့နိုင်ပါ့မလား " ဦးလေးဝမ်က ဘွင်းဘွင်းရှင်းရှင်း ထောက်ပြသည်။ " ဒီနှစ်မှာ လူတော်တော်များများ မြို့ကို ပြန်လာကြပြီ။ နောင်ဆို ပိုများလာမယ် ထင်တယ်။ ပြည်သူ့လုံခြုံရေးအတွက် အာမခံချက် မရှိမှာကို ငါ စိုးရိမ်တယ်။ ဒါကြောင့် ငါ့စကားကို နားထောင်လိုက်တာ အကောင်းဆုံးပဲ "   


" အဲဒါ အမှန်ပဲ " လင်းချင်းဟယ်က ခေါင်းညိတ်သဘောတူလိုက်သည်။   


" အင်း… အရင်ဆုံး မင်းတို့ သွားကြည့်ကြည့်လိုက်ဦး။ အဲဒါက တတိယထပ်ရဲ့အလယ်မှာ " ဦးလေးဝမ်က သူမတို့သားအမိကို သော့ပေးပြီး ပြောလိုက်သည်။   


" ဦးလေးကကော မလိုက်တော့ဘူးလား " လင်းချင်းဟယ်က မေးသည်။   


" မလိုက်တော့ဘူး " ဦးလေးဝမ်က သူ့လက်ကို ဝှေ့ယမ်းပြီး လှည့်ပြန်သွားသည်။ မပြန်ခင်၌ သူတို့ကို သတိပေးသွားသည်။ " ဘေးအိမ်ရဲ့မျိုးရိုးက ' ကျန်း ' ။ သူတို့က အကျင့်မကောင်းတဲ့သူတွေ။ နောက်ပိုင်း မင်းတို့ ဒီမှာနေတဲ့အခါ သူတို့ကို သတိထားဦး "   


" ကောင်းပါပြီ " လင်းချင်းဟယ်က ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။   


သူ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် လင်းချင်းဟယ်နှင့် သူမ၏သားကြီးတို့သည် တတိယထပ်သို့ တက်လာခဲ့သည်။ စုစုပေါင်း လေးထပ်ရှိသည်။ တတိယထပ်ကို ကောင်းစွာ ထိန်းသိမ်းထားသည်ဟု ဆိုရပေမည်။   


နည်းနည်းတော့ ရှုပ်နေသည်မှာ အမှန်ဖြစ်သော်လည်း ဒီခေတ်မှာတော့ ဒီလိုပင်။ နေစရာတစ်နေရာ ရှိနေတာကပင် တော်တော် ကောင်းနေပြီ ဖြစ်သည်။   


လင်းချင်းဟယ်နှင့် ကျိုးခိုင်တို့သည် ထိုနေရာကို ကြည့်ရန် တံခါးဖွင့်လိုက်သည်။ ဤနေရာတွင် အချိန်အတန်ကြာအောင် နေထိုင်သူ မရှိခဲ့ခြင်းကြောင့် ဗလာဖြစ်နေပြီး အတွင်းတွင် ဖုန်မှုန့်များစွာ စုပုံနေသည်။ သို့တိုင် အနားယူရန် နေရာရှိခြင်းကပင် အကောင်းဆုံး ဖြစ်နေပြီ ဖြစ်သည်။   


" အမေ… ဒီအိမ်က ကျယ်တယ်လို့ ပြောလို့ရတယ်။ ကျွန်တော့်အတန်းဖော် ဝမ်ကောလျန့်ရဲ့ အိမ်အကျယ်အဝန်းနဲ့ အတူတူလောက်ပဲ " ကျိုးခိုင်က ကျေနပ်အားရစွာဖြင့် လှည့်ပတ်ကြည့်ရင်း ပြောလိုက်သည်။   


" ဟုတ်တယ်… တော်တော်ကောင်းတယ် " လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။   


တည်နေရာက ကျောင်းနဲ့ သိပ်မဝေးပါဘူး။ ကျိုးချင်းပိုင် ရောက်လာသည်နှင့် သူတို့ ဒီမှာလာစားကြမည်။ အကြီးဆုံးသားကတော့ ကျောင်းမှာ နေနိုင်သည်။   


သူမက ကျိုးချင်းပိုင်နဲ့အတူ ဒီမှာ နေထိုင်မည်။ အငယ်နှစ်ယောက်အတွက် အခန်းလည်း ရှိသည်။   


အဖေကျိုးနှင့် အမေကျိုးတို့ကိုတော့ အချိန်တိုအတွင်း မခေါ်ဆောင်နိုင်သေးချေ။ ဈေးဆိုင်ဖွင့်ပြီး အိမ်ဝယ်နိုင်သည့်အထိ စောင့်ရဦးမည်။   


ထိုသို့ဖြင့် ဒီနေ့ကစပြီး လင်းချင်းဟယ်နှင့် ကျိုးခိုင်တို့သည် နောက်ထပ်အလုပ်တစ်ခု ရခဲ့သည်။


အတန်းပြီးသွားသောအခါ ညနေပိုင်းတွင် ထိုတိုက်ခန်းကို သန့်ရှင်းရေးလုပ်ရန် ရောက်လာကြပြီး ပရိဘောဂများကို စီစဉ်နေရာချကြသည်။ သိပ်အများကြီးတော့ မဟုတ်ပေ။ တစ်နေ့ နည်းနည်းစီသာ လုပ်ဆောင်ကြသည်။ တစ်လနီးပါးကြာပြီးနောက် တိုက်ခန်းနေရာသည် သပ်သပ်ရပ်ရပ်ဖြင့် နေချင်စဖွယ် ဖြစ်သွားသည်။   


" နင်တို့မိသားစုက မကြာသေးခင်ကမှ ပြောင်းလာကြတာလား။ ဝမ်အဘိုးကြီးက ဒီနေရာကို ရောင်းလိုက်ပြီလား " အဘွားကြီးတစ်ယောက်က အပြုံးလေးဖြင့် မေးလာသည်။   


" ဒေါ်လေးက…… " လင်းချင်းဟယ်က သူမကို ကြည့်ရင်း မေးလိုက်သည်။   


" ငါက နင်တို့ရဲ့ဘယ်ဘက်ခြမ်းမှာ နေတာ။ ငါ့ကို ဒေါ်လေးမာ လို့ပဲ ခေါ်ပါ " တက်တက်ကြွကြွ အဘွားကြီးက ပျော်ရွှင်မြူးထူးစွာဖြင့် ပြောသည်။   


" မင်္ဂလာပါ ဒေါ်လေးမာ… ဒီနေရာကို ကျောင်းက ကျွန်မအတွက် စီစဉ်ပေးတာပါ " လင်းချင်းဟယ်က ပြောပြလိုက်သည်။   


" ဒါဆို ဒီအိမ်ကို ဝမ်အဘိုးကြီးက ကျောင်းဆီ လွှဲပေးလိုက်ပြီး ကျောင်းက နေရာပြန်ချပေးတာပေါ့ ဟုတ်လား " ဒေါ်လေးမာက ပြောသည်။ လင်းချင်းဟယ်၏အဖြေကို စောင့်မနေဘဲ " လွှဲပေးလိုက်တာ ကောင်းပါတယ်။ အဲဒီပြဿနာရှိတဲ့သူတွေကို မတွေ့ဘဲနေတာ သူအတွက် ကောင်းတယ် "   


" ဘာပြဿနာရှိတဲ့သူတွေလဲ " လင်းချင်းဟယ်က မေးလိုက်သည်။ အရင်က ဦးလေးဝမ် ပြောခဲ့တာကို ပြန်သတိရသွားပြီး အသံနိမ့်ကာ " အဲဒါက ဘေးအိမ်က ကျန်းမိသားစုကို ပြောတာလား "   


" ဟုတ်တယ်။ အဲဒီ ကျန်းမိသားစုပဲ " ဒေါ်လေးမာက အသံကို လျှော့ချပြီး တိုးတိုးလေး ပြောသည်။ " အဲကျန်းမိသားစုက ကြောက်စရာကောင်းတယ်။ အရင်တုန်းက ဝမ်မိသားစုနဲ့ သူတို့ရဲ့ဆက်ဆံရေးက အရမ်းခိုင်မာခဲ့ပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့က ဝမ်မိသားစုကို သတင်းပို့တိုင်ကြားလိုက်တယ်။ သူတို့က ဝမ်မိသားစုကို ဖျက်ဆီးပစ်လိုက်တယ် " 


လင်းချင်းဟယ်သည် သူမစိတ်ထဲ၌ မှတ်ချက်ချလိုက်သည်။ ပွင့်လင်းမြင်သာသော အကျင့်စရိုက်ရှိသည့် ဦးလေးဝမ်က သူမအား ကြိုတင်သတိပေးခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။   


" ကျောင်းမှာ ဘာသင်တာလဲ " ဒေါ်လေးမာက မေးသည်။    


" အင်္ဂလိပ်စာပါ " လင်းချင်းဟယ်က ပြန်ဖြေသည်။   


" ဒီလောက်ငယ်ငယ်လေးနဲ့ အင်္ဂလိပ်စာ သင်နေတယ်။ နင့်ကို ကြည့်ရတာ နှစ်ဆယ့်ငါးနှစ်လောက်ပဲ ရှိဦးမယ် ဟုတ်တယ်မလား။ ဒီလူငယ်လေးကကော နင့်ရဲ့မောင်လေးလား " ဒေါ်လေးမာက ပြောလိုက်သည်။   


" ဒါက ကျွန်မရဲ့သားပါ " လင်းချင်းဟယ်က ရယ်မောပြီး " အန်တီ… ကျွန်မက အသက်လေးဆယ်ပြည့်တော့မယ် " အသက်လေးဆယ်ဟု ပြောရန် အနည်းငယ် စောနေသေးသော်လည်း သူမ၏ကြွားလုံးထုတ်မှုကို မထိခိုက်စေပါဘူး။   


" လေးဆယ်လား " အဒေါ်က အံ့အားသင့်မှင်သက်သွားသည်… " ငါက နင့်ကို လက်မထပ်ရသေးဘူးလို့ ထင်နေခဲ့တာ။ ဒီလူငယ်လေးက နင့်သားလား။ သူ့ကို နင့်မောင်လေးလို့ ထင်ထားတာ "   


" ကျွန်မက တကယ်ပဲ အသက်လေးဆယ်လောက် ရှိနေပြီ။ လုံးဝမမှားပါဘူး… ဒါက ကျွန်မသားပါပဲ။ သူ့ခန္ဓာကိုယ်ကိုပဲ မကြည့်နဲ့… ဒီနှစ်မှာ သူက ဆယ့်ငါးနှစ်ပဲ ရှိသေးတယ် " လင်းချင်းဟယ်က ဆက်ပြောသည်။ " အိမ်မှာ အငယ်နှစ်ယောက် ကျန်သေးတယ်။ ကျွန်မ ဒီမှာ အခြေကျပြီးတာနဲ့ သူတို့တွေက ကျွန်မခင်ပွန်းနဲ့အတူ လိုက်လာလိမ့်မယ်။ နောင်ဆို ဒေါ်လေးနဲ့အိမ်နီးနားချင်းတွေ ဖြစ်လာတော့မှာ။ အဝေးကဆွေမျိုးတွေက အနီးနားက အိမ်နီးနားချင်းတွေလောက် မကောင်းနိုင်ဘူး။ ဒါကြောင့် ဒေါ်လေးမာ… ကျေးဇူးပြုပြီး ကျွန်မတို့ကို ဂရုစိုက်ပေးပါဦး "   


ဒီအဘွားကြီးတွေကို လျှော့မတွက်လိုက်ပါနှင့်။ သူတို့တွင် ဒီနေရာတစ်ခုလုံးနှင့် ပတ်သက်သော တိုက်ရိုက်အချက်အလက်များ ရှိနေသောကြောင့် သူတို့နှင့် လိုက်လျောညီထွေရှိရန် လိုအပ်ပေသည်။  


" သေချာတာပေါ့။ နင့်သားက တကယ်ကို တက်ကြွတာပဲ " ဒေါ်လေးမာ၏မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။   


" သူ့အဖေက စစ်သားဖြစ်ဖူးတယ်။ သူက သူ့အဖေလိုပဲ တော်တော် ကျန်းမာကြံ့ခိုင်တယ် " လင်းချင်းဟယ်က ကျိုးနွံစွာ ပြောသည်။   


" အဲဒါ တကယ်ကောင်းတယ် " ဒေါ်လေးမာက ခေါင်းညိတ်ပြီး တိုးတိုးလေးပြောသည်။ " ဆရာမလင်း… ဘေးအိမ်က ကျန်းမိသားစုနဲ့ မပတ်သက်နဲ့။ ငါတို့ပတ်ဝန်းကျင်မှာ သူတို့မိသားစုရဲ့ဂုဏ်သတင်းက အပုပ်နံ့ထွက်နေတယ် "   


" ကျွန်မ နားလည်ပါတယ်။ ဦးလေးဝမ်ရဲ့ အထူးဂရုစိုက်မှုကြောင့်သာ ကျွန်မ ဒီနေရာကို ရနိုင်ခဲ့တာပါ။ မဟုတ်ရင် သူ ပြောင်းချင်မှာမဟုတ်ဘူး။ ကျွန်မ ဘယ်လိုလုပ် သူတို့နဲ့ ပေါင်းလို့အဆင်ပြေနိုင်မှာလဲ " လင်းချင်းဟယ်က မကွက်မဝှက်ဘဲ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။   


" ကြည့်ရတာ နင်နဲ့ ဝမ်အဘိုးကြီးတို့က တကယ်ကို အဆင်ပြေသင့်မြတ်ကြပုံပဲ " ဒေါ်လေးမာက ပြုံးလိုက်သည်။ ထို့နောက် သူမသည် လင်းချင်းဟယ်ကို ခရမ်းချဉ်သီးနှစ်လုံးပေးပြီး ပြန်သွားခဲ့သည်။   


လင်းချင်းဟယ်က မစားသေးပေ။ သူမ၏လက်တွေက ညစ်ပတ်နေသည်။ သူမလက်ကို ဆေးကြောပြီး တံခါးပိတ်ကာ ကျောင်းသို့ပြန်လာပြီးနောက် ဝမ်လီနှင့်အတူ မျှဝေစားလိုက်သည်။   


ဝမ်လီက ပြောသည်။ " နင် အသားမစားချင်တာကို ဘာလို့ ငါ သတိထားမိသွားတာလဲ။ ဒါတွေပဲ စားချင်တာလား "  


" ဒါက ကျန်းမာရေးနဲ့ညီညွှတ်တယ် " လင်းချင်းဟယ်က ပြန်ဖြေသည်။ ဒီနှစ် သူမ၏နေရာလွတ်ထဲ၌ သိမ်းဆည်းထားသော ခရမ်းချဉ်သီးများစွာ ရှိသည်။ ၎င်းတို့ကို ဆောင်းရာသီအတွက် သီးသန့်ထား,ထားသည်။ ဆောင်းရာသီ၌ အသီးအနှံများ မရှိချေ။ ရာသီတိုင်း နွေဦးကဲ့သို့ ဖြစ်သော တောင်ပိုင်းဒေသနှင့် မတူဘဲ ဤနေရာသည် အလွန်ခြောက်သွေ့နေသည်။   


" ငါ နင့်အိမ်ကို မရောက်ဖူးသေးဘူး။ မနက်ဖြန် သွားကြည့်ရအောင် " ဝမ်လီက ပြောလိုက်သည်။   


" ကောင်းပြီလေ။ မနက်ဖြန် ငါနဲ့အတူ ဈေးဝယ်သွားကြရအောင်။ အလကားရတဲ့လုပ်အားကို အသုံးမပြုရင် နှမြောစရာကောင်းတယ်လေ " လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။   


" နင်က ဒါကို ပြောနေသေးတယ်။ အိမ်သန့်ရှင်းရေးလုပ်တုန်းကတော့ ငါ့ကို မခေါ်ဘူး " ဝမ်လီက ဒေါသထွက်ဟန်ဖြင့် ပြန်တုံ့ပြန်လိုက်သည်။