အခန်း (၂၇၃) - စောပြီး ဘွဲ့ရခြင်း
တက္ကသိုလ်ကျောင်းသား/သူဘဝသည် ပုံမှန်လည်ပတ်နေပြီး စိတ်ဖိစီးမှုများသည်။
ဂုဏ်သတင်းကြီးသောကျောင်း ဖြစ်နေသည်မှာ အံ့သြစရာ မရှိပါဘူး။ လေ့လာသင်ယူမှု အငွေ့အသက်များက ကွဲပြားခြားနားသည်။ ဤနေရာတွင် ကြိုးကြိုးစားစား မလေ့လာပါက ဤပတ်ဝန်းကျင်အသိုင်းအဝိုင်းထဲသို့ ရောနှောဝင်ရောက်နိုင်မည် မဟုတ်ပေ။
လင်းချင်းဟယ်သည် လုံးဝမအားလပ်ပေ။ သူမ၏ ထူးချွန်ပြောင်မြောက်သော အဆင့်များကြောင့် ယနေ့မလာသော အင်္ဂလိပ်စာဆရာမအစား သင်ကြားပို့ချပေးရန် သူမအား သူမ၏ကျူတာဆရာမက ပြောခဲ့သည်။
လင်းချင်းဟယ်သည် အံ့သြမှုကြောင့် မှင်တက်သွားသော်လည်း သူမသည် ထိုအလုပ်ကို လက်ခံလိုက်သည်။ ဒါက သူမအတွက် လေ့ကျင့်ရန် အခွင့်အရေးကောင်းတစ်ခုပင်။ သူမ အဘယ်ကြောင့် လက်လွှတ်အဆုံးရှုံးခံရမည်နည်း။
ထို့ကြောင့် သူမ စင်ပေါ်တက်သွားပြီး ဒီအတန်းကို စတင်လိုက်သည်။
သူမ၏ကျူတာဆရာမက အနောက်မှာ ရပ်ကာ စောင့်ကြည့်နေလေသည်။ အခြားသူတစ်ဦးဆိုလျှင် ဖိအားအချို့ ရှိနိုင်ပေသည်။ ဒါပေမယ့် လင်းချင်းဟယ်အတွက်တော့ ဘာမှမခံစားရချေ။
သင်ကြားပို့ချရန် လိုအပ်သမျှကို ရှင်းလင်းပြောကြားပေးသည်။ နားမလည်လျှင် သူတို့တွေ ပြန်မေးနိုင်သည်။ လင်းချင်းဟယ်က အဲဒါကို တစ်ခုပြီးတစ်ခု အတိုချုံး ပိုင်းခြားစိတ်ဖြာပြသည်။ သူမသည် အခြားသော ဗဟုသုတများကိုလည်း ဆက်နွှယ်သင်ကြားပေးခဲ့သည်။
အတန်းချိန်ကို ကန့်သတ်ထားသောကြောင့် သဒ္ဒါနှင့်စကားစုများအကြောင်းအတွက် မည်သည့်စာအုပ်များကို ဖတ်ရှုသင့်ကြောင်း အကြုံပြုပေးပြီး ၎င်းတို့ကို ရှာဖွေဖတ်ရှုရန် စာကြည့်တိုက်သို့ သွားရန် သူမ ပြောကြားခဲ့သည်။
အတန်းပြီးသွားသောအခါ လင်းချင်းဟယ်ကို သူမ၏ကျူတာဆရာမက ရုံးခန်းထဲသို့ ခေါ်သွားသည်။
“အခြားအတန်းတွေအတွက် အင်္ဂလိပ်သင်ခန်းစာတွေကို အစားထိုး သင်ပေးမလား။” သူမ၏ကျူတာဆရာမက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောသည်။
“ကောင်းပါပြီ။” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။
ထို့ကြောင့် ထိုနေ့မှစ၍ လင်းချင်းဟယ်သည် ရံဖန်ရံခါ သင်ခန်းစာများကို အစားထိုးပို့ချပေးခဲ့ရသည်။
ဘယ်လိုမျှမတတ်နိုင်ပေ… အင်္ဂလိပ်ဆရာမက လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် ယခုနှစ်တွင် အသက် သုံးဆယ့်ငါးနှစ်ရှိပြီ ဖြစ်ပြီး နှစ်ပေါင်းများစွာကြာအောင် ကိုယ်ဝန်မရခဲ့ဘဲ နောက်ဆုံးတော့ ကိုယ်ဝန်ရှိလာပြီ ဖြစ်သည်။ ဒါကို သူမ ဘယ်လိုလုပ် တန်ဖိုးမထားဘဲ နေနိုင်မည်နည်း။
ပြီးလျှင် ယခင်ပြည်နှင်ဒဏ်ကြောင့် သူမ၏ခန္ဓာကိုယ်သည်လည်း များစွာ ဆင်းရဲဒုက္ခခံခဲ့ရသည်။ ယခု ဤကလေးသည် အလွန် အဖိုးတန်လှပေသည်။
ဤကဲ့သို့ဖြင့် လင်းချင်းဟယ်သည် ထိုအတန်းများကို အစားထိုးသင်ခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်တွင် သူမအား ကျောင်းဆရာမအဖြစ် တရားဝင်ခန့်အပ်ထားခြင်း မရှိသေးသောကြောင့် လစာမရရှိသေးချေ။
ကျောင်းက သူမကို စမ်းသပ်နေသည်မှာ ထင်ရှားပေသည်။ လင်းချင်းဟယ်သည် သူမမျှော်လင့်ထားသည်ထက် စောပြီး ကျောင်းပြီးရန် ဖြစ်နိုင်သည်ဟု ခံစားမိသည်။
ဝမ်လီသည် အလွန်ပင် မနာလိုဖြစ်မိသည်။ သို့တိုင် သူမသည် ၎င်းကို လျင်မြန်စွာ လက်ခံခဲ့သည်။ “ဘွဲ့လွန်သင်တန်း ဒါမှမဟုတ် တစ်ခုခုကို ဆက်မတက်ချင်တာ သေချာပြီလား။”
ဤအကြံပြုချက်သည် ပုံမှန်အားဖြင့် အလွန်သာမန်ပင် ဖြစ်သည်။ နောက်ဆုံး၌ ထိုကဲ့သို့သော အဆင့်ကောင်းများကြောင့် အများစုသည် စာဆက်လေ့လာရန် ရွေးချယ်ကြမည် ဖြစ်သည်။
လင်းချင်းဟယ်မှာ ထိုကဲ့သို့လုပ်ရန် အစီအစဉ် မရှိပေ။ သူမသည် စာဖတ်နေပြီး ထိုစကားကို ကြားသောအခါ ခေါင်းမထောင်ဘဲ ပြန်ဖြေလိုက်သည်။ “ငါ အလုပ်ရဖို့နဲ့ ငါ့ယောက်ျားနဲ့ကလေးတွေကို ခေါ်ဆောင်လာဖို့အတွက် နေရာထိုင်ခင်းရဖို့ မစောင့်နိုင်တော့ဘူး။ နင်က ငါ့ကို ကျောင်းဆက်တက်စေချင်လို့လား။”
“နှမြောစရာပဲ။” ဝမ်လီက ရိုးသားစွာ မှတ်ချက်ချလိုက်သည်။
ကျောင်းဆက်မတက်တော့သည်မှာ အမှန်တကယ်ပင် နှမြောစရာကောင်းလှပေသည်။ သူမ၏ကျူတာဆရာမတောင်မှ ထိုကဲ့သို့ တွေးဖူးခဲ့သည်။
ထိုစကားသည် ရှိသေး၏။ လုံလောက်သော တက္ကသိုလ်ပညာရည်အဆင့်ဖြင့် လုံလောက်ပြီ။ လင်းချင်းဟယ်သည် အမှန်တကယ်တွင် ဤမျှမြင့်မားသော ရည်မှန်းချက် မရှိပေ။
သူမ စိတ်ကူးယဉ်ခဲ့သောဘဝက သူမမိသားစု ချင်းပိုင်နှင့် အတူနေပြီး နောက်ထပ် အိမ်အနည်းငယ်ကို ဝယ်ယူစုဆောင်းမည်။ ကလေးတွေက တစ်ယောက်ကို အိမ်တစ်လုံးစီ ရကြပြီး သူတို့နှစ်ယောက်က ကျန်တာတွေကို သူတို့ဘာသာ သိမ်းထားမည်။ နောက်ပိုင်း ပိုက်ဆံမရှိတော့ရင် အိမ်တစ်အိမ်ကို ရောင်းမည်။ ပြီးလျှင် ဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်မည်။ ကျန်တာက အိမ်ငှားခတွေ ကောက်ခံမည် ဖြစ်သည်။
သူမ၏ရည်မှန်းချက်များသည် ဤမျှသာ ဖြစ်သည်။ ဘွဲ့လွန် ( သို့ ) ပါရဂူဘွဲ့လွန်သည် သူမ၏အစီအစဉ် မဟုတ်ပေ။
“နင့်ရဲ့လူက တကယ့်ကို ကောင်းချီးပေးခံရတာပဲ။” အလားအလာရှိသော အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကြောင့် သူမ မတုန်လှုပ်သည်ကို မြင်လိုက်ရသဖြင့် ဝမ်လီက ပြုံးလိုက်သည်။
“နင့်ရဲ့လူလည်း ကောင်းချီးပေးခံရတာပဲလေ။” လင်းချင်းဟယ်က ပြုံးရွှင်စွာဖြင့် ပြန်ပြောလိုက်သည်။
အိပ်ဆောင်မှာ ဘယ်သူမှ မရှိတာကို မြင်တော့ ဝမ်လီက တိုးတိုးလေး ပြောသည် “ဒီနွေရာသီမှာ ငါ ပြန်သွားတော့ ငါ့ယောက်ျားကို ဒီအကြောင်း ပြောပြလိုက်တယ်။ နောင်တစ်ချိန်မှာ မြူနီစပယ်မြို့ကို ပြောင်းဖို့ သူ သဘောတူခဲ့တယ်။”
“သေချာပေါက် သဘောတူရမှာပေါ့။ နင့်လိုဇနီးချောလေးကို သူ ဘယ်လိုလုပ် မစောင့်ကြည့်ရမှာလဲ။” လင်းချင်းဟယ်က ပြောသည်။
ဝမ်လီက ပြုံးပြီး ပြောသည်။ “အနာဂါတ်မှာ စီးပွားရေးလုပ်ဖို့ သူ့ကို ပြောခဲ့တယ်။ သူ သဘောမတူဘူး။ ငါ့ကို အရှက်ရစေမှာ သူ စိုးရိမ်နေတာ။”
ဒါကိုပြောရင်း လင်းချင်းဟယ်က ပိုမိုပြုံးရယ်လာပြီး “ငါ့ယောက္ခမက ငါ့ယောက်ျားကို ဂိတ်ပေါက်စောင့်ဖို့ ကျောင်းကို လာစေချင်နေတာ။”
“အဲလိုကိစ္စမျိုး ရှိတာလား။” ဝမ်လီက ရယ်မောလိုက်ပြီး “ဒါဆို ဦးလေးဝမ်တော့ ပြိုင်ဘက် ရတော့မယ်။”
“အဘိုးကြီးရဲ့ထမင်းအိုးကို လုမယူပါဘူး။” လင်းချင်းဟယ်က သူမလက်ကို ဝှေ့ယမ်းပြီးနောက် အရင်အကြောင်းအရာကို ဆက်ပြောသည်။ “နင့်ယောက်ျားရဲ့အတွေးက ဘယ်လိုလဲ။ ကန့်သတ်ချက်တွေ မရှိတော့ဘူးလေ။ နင့်ရဲ့အတွေးအခေါ်ကို မမြှင့်တင်ရင် နင် လုပ်နိုင်မှာ မဟုတ်ဘူး။ နောက်တစ်ခေါက် နင် ပြန်သွားရင် နင့်ယောက်ျားကို ပြောပြလိုက်… ငါ့ယောက်ျားက စစ်တပ်က အငြိမ်းစားယူထားပြီး သူ့ထက်တောင် တောင့်တင်းမာကြောသေးတယ်။ သူက ငါနဲ့အတူ ဒီကိုလိုက်လာပြီး ဆိုင်ဖွင့်ဖို့နဲ့ ကိုယ်ပိုင်အလုပ်လုပ်ဖို့ စီစဉ်နေတယ်။”
“သူ ဘယ်တော့ လာမှာလဲ။ အချိန်တန်ရင် ငါ့ယောက်ျားကို လာခိုင်းပြီး တစ်ခုခု သင်ယူခိုင်းမယ်။” ဒါကိုကြားပြီးနောက် ဝမ်လီက ပြောသည်။
“မသိသေးဘူး။ ကျောင်းက ငါ့ကို ဒီနှစ်အစောပိုင်းမှာ ဘွဲ့ပေးဖို့ ဆန္ဒရှိမယ်ဆိုရင် နောက်နှစ်လောက်မှာ သူ့ကို ဒီကို ခေါ်လာလို့ရပြီ။” လင်းချင်းဟယ်က ပြောသည်။
“ဆရာမ မာယင်းရဲ့ကိုယ်ဝန်က ချောမောမယ် မထင်ဘူး။ သူမ ဒီထက်ပိုပြီး အနားယူဖို့များတယ်။ အခု ကိုယ်ဝန်က လနုသေးပေမယ့် လရင့်လာရင် ပုံမှန်အားဖြင့် သူမ အပင်ပန်းခံနိုင်တော့မှာ မဟုတ်ဘူး။” ဝမ်လီက ပြောသည်။
ယခုခေတ်၌ ဆရာ/မများ ရှားပါးသည်။ အင်္ဂလိပ်ဆရာ/မများက ပိုလို့တောင် ရှားပါးသေးသည်။ အတန်းအများကြီး သင်ကြားပို့ချရပြီး တစ်ကြိမ်တည်းမှာ အကြာကြီး မတ်တပ်ရပ်နေရသည်။ ကိုယ်ဝန်ဆောင်တွေက မောပန်းလွယ်ကြသည်။ သူတို့ ဘယ်လို သည်းခံနိုင်မည်နည်း။
ဝမ်လီ ပြောတာ မှန်ပေသည်။ ဆရာမ မာယင်းသည် စာသင်နှစ်တစ်ဝက်တွင် ခွင့်ယူခဲ့သည်။ ခွင့်တိုင်ကြားရန်အတွက် သူမ၏ယောက်ျား ရောက်လာသည်။ သူမသည် မနေ့ညက မအီမသာ ခံစားခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် အရေးတကြီးတော့ မဟုတ်ခဲ့ပေ။
သူမ၏ခင်ပွန်းက သူမကို ကျောင်းလာခွင့်မပေးတော့ပေ။ သူမသည် မွေးဖွားပြီးချိန်အထိ ခွင့်ယူရမည် ဖြစ်သည်။
ရလဒ်အနေဖြင့် ကျောင်းက ယာယီအစားထိုးသူ လင်းချင်းဟယ်ကို စောစီးစွာ ဘွဲ့ရခွင့်ပေးရန် ခြွင်းချက်တစ်ခု ပြုလုပ်ခဲ့သည်။ သေချာတာပေါ့… သူမ စာမေးပွဲ ဖြေရတော့မည်။
ကံကောင်းထောက်မစွာဖြင့် လင်းချင်းဟယ်သည် အချိန်အတန်ကြာကတည်းက သင်ယူပြီးသင်ခန်းစာများကို ပြန်နွှေးပြီးသွားပြီ ဖြစ်သည်။ စာမေးပွဲမှာ အမှတ်ပြည့်မရခဲ့ပေမယ့် အမှတ်ပြည့်နီးပါး ရခဲ့သည်။
ထို့အပြင် သူမ၏အဆင့်ကိုလည်း လူသိများကြသည်။ အထူးသဖြင့် သူမ၏စာဖတ်မှု ပမာဏသည် အလွန်ကြီးမားပေသည်။ သူမသည် စာအုပ်များစွာ၏ စာကြောင်းများကိုပင် အလွယ်တကူ ရေးသားပြုစုနိုင်သည်။ သူမ၏မှတ်ဉာဏ်က အားကောင်းလှသည်။
အရင်က သူမနှင့်အတန်းတူသူတွေကို သင်ကြားပေးမယ်ဆိုလျှင်တောင် အတန်းတော်တော်များများမှာ ဘယ်သူမှ မကန့်ကွက်ကြပါဘူး။
ဤကဲ့သို့ဖြင့် လင်းချင်းဟယ်သည် နှစ်ဝက်စော၍ ဘွဲ့ရပြီး ပေတက္ကသိုလ်သို့ ဝင်ရောက်လာသော ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ ပထမအသုတ် ကျောင်းသား/သူများမှ အင်္ဂလိပ်ဆရာမ ဖြစ်လာခဲ့သည်။
ကျိုးခိုင်သည် ထိုအကြောင်းကို ကြားသိသွားသောအခါ သူ့အမေကို လာတွေ့လာသည်။ သူသည် လေးလေးနက်နက် လေးစားအားကျနေသည်။
“အမေ… အမေသာ အခုထက် ငါးနှစ် ဆယ်နှစ်လောက် ငယ်နေရင် ကျွန်တော် အမေကို လိုက်ပိုးမှာ။” ကျိုးခိုင်က ပြောသည်။
“နင် သွားပြီး နင့်အဖေကို အဲလိုပြောလိုက်လေ။” လင်းချင်းဟယ်က လှောင်ပြုံးပြုံးပြီး ပြောလိုက်သည်။
ကျိုးခိုင်က ရုတ်တရတ် ချက်ချင်း မေးလာသည်။ “အမေ… ဘယ်အချိန် နေစရာအိမ် ခွဲတမ်းချပေးမှာလဲ။ ကျွန်တော့်အဖေနဲ့ ကျန်တဲ့သူတွေကို ခေါ်ဖို့ အချိန်တန်ပြီမလား။”
“အိမ်က စီစဉ်နေတုန်းပဲ။ နင့်အဖေက နောက်နှစ် လာမယ်။ ဒီမှာ အားလုံး အခြေချအဆင်ပြေသွားမှ အဲအကြောင်းကို ဆွေးနွေးကြရအောင်။ ဒါမှ သူ ဒီကိုရောက်လာရင် ပြေးလွှားနေစရာ မလိုတော့မှာ။” လင်းချင်းဟယ်က ပြောသည်။
“ဟာ… အမေ… အမေက အဖေအကြောင်း တွေးနေတုန်းပဲ။ ကျွန်တော့်ညီလေးနှစ်ယောက်လည်း အိမ်မှာ ရှိနေတယ်လေ။” ကျိုးခိုင်က ခေါင်းယမ်းပြီး ပြောလိုက်သည်။
“အနှေးနဲ့အမြန်တော့ သူတို့ အတူတူ လာကြလိမ့်မယ်။” လင်းချင်းဟယ်က သူမလက်ကို ဝှေ့ယမ်းပြလိုက်သည်။ သူမယောက်ျားက ရှေ့တစ်လှမ်းကြိုရောက်ရုံတင်။ သားတွေအနေနဲ့တော့ သူတို့တွေ နည်းနည်း စောင့်ဆိုင်းရဦးမည်။ ဘာလို့ အလောတကြီး လုပ်ရမည်နည်း။
လင်းချင်းဟယ်သည် သားဖြစ်သူ ယူဆောင်လာပေးသော ကြက်ဥနှစ်လုံးကို လက်ခံယူပြီး ၎င်းတို့ကို စားရင်း အိပ်ဆောင်ထဲသို့ လျှောက်လာခဲ့သည်။
သူမသည် လက်ရှိတွင် အဆောင်တွင် နေထိုင်နေဆဲ ဖြစ်သည်။ သူမအတွက် နေရာထိုင်ခင်း စီစဉ်ပေးလိမ့်မည်။ ဒါပေမယ့် အခုအချိန်အထိတော့ မရနိုင်သေးပါဘူး။ နေရာလွတ်ရှိသည်နှင့်တစ်ပြိုင်နက် သူမအတွက် တစ်နေရာ စီစဉ်ပေးလိမ့်မည်။
လင်းချင်းဟယ်သည် အိမ်နေရာရရှိရန်အတွက် အချိန်အနည်းငယ် ကြန့်ကြာလိမ့်မည်ဟု ထင်ခဲ့သည်။ မမျှော်လင့်စွာဖြင့် နောက်နေ့၌ ဝမ်လီနှင့်အတူ စာကြည့်တိုက်သို့ သူမ ရောက်သွားသောအခါ စာကြည့်တိုက်မှူးက “ ကျောင်းက မင်းအတွက် အိမ်တစ်လုံး ခွဲတမ်းမပေးသေးဘူးလား “
“မပေးသေးပါဘူး။ လောလောဆယ်တော့ နေစရာအိမ်က အကျပ်အတည်း ဖြစ်နေသေးတယ်။ ကျောင်းအတွက်လည်း မလွယ်ဘူး။” လင်းချင်းဟယ်က ပြန်ဖြေသည်။
“ငါ့မှာ တိုက်ခန်းတစ်ခုရှိတယ်။ ကျောင်းကို လွှဲပေးဖို့ စီစဉ်ထားတယ်။ မင်းမိသားစုကို အဲဒီနေရာမှာ နေဖို့ ခေါ်သွားလို့ ရတယ်။” စာကြည့်တိုက်မှူးက ပြောသည်။
လင်းချင်းဟယ်က အံ့အားမှင်တက်သွားပြီး “ဦးလေး… ကျွန်မ အဲလိုမလုပ်နိုင်ဘူး။” စာကြည့်တိုက်မှူးက သူမကို ကူညီပေးနေမှန်း သူမ ရိပ်မိသည်။
“ဘာမှမဖြစ်ပါဘူး။ မင်းရဲ့သားက ငါ့ဆီ နေ့တိုင်း ကြက်ဥပြုတ်တစ်လုံး ပို့ပေးတယ်။” စာကြည့်တိုက်မှူးက သူ့လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။ သူသည် လင်းချင်းဟယ်နှင့် စကားစမြည်ပြောခြင်းကို ရပ်လိုက်ပြီး စာအုပ်များကို အမျိုးအစားခွဲရန် သွားလိုက်သည်။