အခန်း ၂၇၂
Viewers 38k

အခန်း (၂၇၂) - ဤမျိုးဆက်


အမေကျိုး၏ အမူအရာသည် မြူးကြွရွှင်ပျနေသည်။ 


ညအိပ်ရာဝင်ချိန်၌ သူမသည် ထိုအကြောင်းကို အဖေကျိုးအား ပြောပြလိုက်သည်။ 


“စတုတ္ထရဲ့ဇနီး ပြောစကားအရဆိုရင် နောင်အနာဂါတ်မှာ သူမက ကျွန်မတို့ကိုလည်း မြို့တော်ဆီ ခေါ်ဆောင်သွားမယ်လို့ ကျွန်မ ထင်တယ်။” အမေကျိုးက တိုးတိုးလေး ပြောသည်။ 


သူမ၏အသံသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ 


အဖေကျိုးသည် ထိုစကားများကို ကြားသောအခါ ခဏလောက် နှုတ်ဆိတ်သွားပြီး “ မြို့တော်မှာ ငါတို့က ဘာသွားလုပ်ကြမှာလဲ။ ငါတို့နှစ်ယောက် ဒီမှာပဲ နေလို့ရတယ်လေ။ နောက်နောင် သူတို့တွေ မြို့တော်ဆီ သွားမယ်ဆိုရင်လည်း ငါတို့ အိမ်စောင့်ပေးကြတာပေါ့ “ 


“အဲဒါက မြို့တော်လေ…။ ရှင် အဲဒီကို မသွားချင်ဘူးလား။ ကောင်းကင်နန်းတော်တံခါးနဲ့ ပလာဇာ ရှိတယ်။” အမေကျိုးက ပြောသည်။ 


အဖေကျိုးလည်း သွားချင်သည်။ ဘယ်လိုလုပ် မသွားချင်ဘဲ နေမည်နည်း။ ထိုနေရာများသည် သူတို့လို သာမာန်လူများ၏ အထင်ကရနေရာများ ဖြစ်သည်။ 


“အပြင်သွားရင် နေရာတိုင်းမှာ အရာရာတိုင်းအတွက် ပိုက်ဆံကုန်မှာ။ သူတို့တွေ ပြောင်းရွေ့သွားချင်းချင်း အဆင်ပြေကြဦးမှာ မဟုတ်ဘူး။ ငါတို့တွေ အိမ်မှာပဲ နေကြမယ်။ အနာဂါတ်မှာ သူတို့ ကောင်းကောင်း ကြီးပွားအောင်မြင်ပြီးရင် ငါတို့တွေ အဲဒီကို သွားလည်ကြမယ်။” အဖေကျိုးက ပြောသည်။ 


“နောက်ဆို စတုတ္ထရဲ့ဇနီးက သေချာပေါက် ကျောင်းမှာပဲ နေလိမ့်မယ်။ ချင်းပိုင်အတွက် ဂိတ်စောင့်အလုပ်တစ်ခုလောက် သူမ စီစဉ်ပေးနိုင်မလား မသိဘူး။ အဲလိုဆိုရင် လင်မယားနှစ်ယောက် အတူတူ နေနိုင်ပြီ။” အမေကျိုးက တွေးဆသည်။ 


“မင်း တကယ် အရမ်းအတွေးများတာပဲ။” အဖေကျိုးက မကျေမချမ်းဖြင့် ပြန်ဖြေသည်။ 


“ဘာလဲ… ရှင်က ရှက်စရာလို့ ထင်နေတာလား။” ထိုစကားကို ကြားလိုက်သည်နှင့် သူ ဘာကိုဆိုလိုချင်မှန်း သူမ သိလိုက်သဖြင့် ဘွင်းဘွင်းရှင်းရှင်း ပြန်မေးလိုက်သည်။ 


ဒီခေတ်အခါ၌ အလုပ်သည် ရှားပါးလှသည်။ ရှက်စရာကောင်းသည်ဟု ခံစားနေစရာမလိုချေ။ သို့သော် အဖိုးအို၏ တုံ့ပြန်မှုအရ မနှစ်သက်သည်မှာ သိသာထင်ရှားပေသည်။ 


“တံခါးစောင့်ရတာ ရှက်စရာကောင်းတယ်လို့ ပြောချင်တာ မဟုတ်ဘူး။ လောင်တနဲ့ သူ့အမေ နှစ်ယောက်စလုံးက အဲကျောင်းမှာ စာသင်နေကြတာ... မင်းက ချင်းပိုင်ကို ဂိတ်စောင့်စေချင်တာလား။” အဖေကျိုးက ပြောသည်။ 


“ဘာဖြစ်လဲ… ဒါဆို ရှင်က ချင်းပိုင်ကို ဒီတိုင်း ဘာမှမလုပ်ဘဲ ထိုင်စားစေချင်တာလား။ ချင်းပိုင်က အဲလိုလုပ်မှာ မဟုတ်ဘူး။” အမေကျိုးသည် သူမ၏သားငယ်အကြောင်းကို ကောင်းကောင်း သိသည်။ 


“အဲဒါကို စိတ်ပူမနေနဲ့တော့။ သူတို့မှာ သူတို့အစီအစဉ်နဲ့ သူတို့ ရှိလိမ့်မယ်။ သူတို့အတွက် ဒုက္ခမပေးဘဲ အိမ်မှာပဲ နေကြရအောင်။” အဖေကျိုးက တိုက်တွန်းလိုက်သည်။ 


လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့လည်း နောက်ဆုံးတွင် အိပ်ပျော်နေကြသည်။ 


ကျိုးချင်းပိုင်က ကောင်းကောင်း မနေပေ။ သို့သော် လင်းချင်းဟယ်က သူ့အား တားဆီးချုပ်ထိန်းလိုက်သဖြင့် နာခံစွာဖြင့် အိပ်ပျော်သွားခဲ့သည်။ ဘာမှမလုပ်ကြတော့ပေ။ 


နောက်တစ်နေ့မနက်တွင် အမေကျိုးနှင့် လင်းချင်းဟယ်တို့သာ အိမ်မှာ ကျန်နေခဲ့သည်။ အမေကျိုးက အနားရောက်လာပြီး ထိုကိစ္စကို ပြောပြသည်။ 


“လောင်တအမေ… နောက်နောင် နင် မြို့တော်မှာ သွားနေရင် ချင်းပိုင်က ဘာမှလုပ်စရာ မရှိဘူး။ အဲတော့ သူ့ကို ဂိတ်စောင့် အလုပ်ပေးနိုင်မလား မသိဘူး။ ကျောင်းက သူ့လိုလူကို လိုချင်ရဲ့လား။” အမေကျိုးက မေးသည်။ 


လင်းချင်းဟယ်သည် တခဏလောက် ကြောင်အသွားသည်။ ထို့နောက် သူမ အံ့သြမှင်တက်သွားသည်။ သူမ၏ယောက္ခမက သူမ၏ချင်းပိုင်ကို ပေကျင်းတက္ကသိုလ်မှာ လုံခြုံရေးအစောင့် လုပ်ခိုင်းစေချင်တာလား။ 


“လောင်တအမေ… နင် ဘယ်လိုထင်လဲ။” အမေကျိုးက ဆက်ပြောသည်။ 


သူမသည် မနေ့ညက တစ်ညလုံး ချင့်ချိန်စဉ်းစားခဲ့သည်။ အဲဒါက အဆင်ပြေသည်ဟု သူမ တွေးထင်ကာ အဖိုးကြီး၏ စကားများကို ပယ်ချလိုက်သည်။ 


သူမ၏သားငယ်က အရည်အချင်းရှိပြီး ကျောင်းကို ကာကွယ်ပေးနိုင်သည်။ သူမ၏သားငယ်ကို ဂိတ်စောင့်လုပ်စေခြင်းက အပန်းကြီးမည်မဟုတ်ပေ။ 


“အမေ… အမေက ဆန္ဒရှိပေမယ့် ကျွန်မကတော့ ကျွန်မရဲ့ချင်းပိုင်ကို ဂိတ်စောင့်လုပ်ခိုင်းဖို့ ကျွန်မ မလိုလားဘူး။” လင်းချင်းဟယ်က ရယ်မောပြီး ပြန်ဖြေလိုက်သည်။ 


“ဒါ…ဒါပေမယ့်… သူ အဲလိုမလုပ်ရင် သူ ဘာလုပ်နိုင်မှာလဲ။ မြို့တော်မှာ အလုပ်ရှာရခက်တယ်မလား။” သူမ သဘောမတူဘူးဟု အမေကျိုးက မမျှော်လင့်ထားခဲ့ပေ။ 


“အမေ… စိတ်ချပါ။ ကျွန်မ ချင်းပိုင်နဲ့ တိုင်ပင်ဆွေးနွေးပြီးသွားပြီ။ ကျွန်မတို့မှာ အစီအစဉ် ရှိပါတယ်။ ဟိုမှာ အခြေချပြီးတာနဲ့ အဖေနဲ့ အမေကို ကျွန်မတို့ လာခေါ်လာမယ်။ ဒီအတွက် စိတ်မပူပါနဲ့။” လင်းချင်းဟယ်က နှစ်သိမ့်ပေးလိုက်သည်။ 


သက်ကြီးရွယ်အိုနှစ်ဦးက ဇနီးမောင်နှံအတွက် အကောင်းဆုံးကို တွေးခဲ့ကြသောကြောင့် ဒါကို နားလည်ပေးနိုင်သည်။ 


ဒါကို ကြားသောအခါ အမေကျိုးက ခေါင်းညိတ်ပြပြီး “ ကောင်းပြီ။ ဒါဆို အမေ ဆက်မပြောတော့ဘူး။ နင် ဘာလုပ်နေတယ်ဆိုတာ သိနေသရွေ့ပေါ့ “ 


လင်းချင်းဟယ်က စာကို ဆက်လေ့လာနေသည်။ 


အချိန်တွေ ကုန်လွန်သွားပြီး လင်းချင်းဟယ် ထွက်ခွာရမည့်နေ့သို့ ရောက်ရှိလာခဲ့သည်။ 


ကျိုးချင်းပိုင်က သူမကို ကောင်တီခရိုင်မြို့သို့ လိုက်ပို့သည်။ လင်မယားနှစ်ယောက် အပြန်အလှန် နှုတ်ဆက်ကြသည်။


“နောက်နှစ်ဆို ဘွဲ့ရပြီ။ မကြာခင် ပြီးတော့မယ်။” လင်းချင်းဟယ်က ပြောသည်။ 


“အင်း… မင်း အဲဒီကိုရောက်တာနဲ့ မင်းကိုယ့်မင်း မပင်ပန်းစေနဲ့ဦး။” ကျိုးချင်းပိုင်က သူမကို ကြည့်ရင်း ပြောလိုက်သည်။ 


“ကျွန်မ သိပါတယ်။ ရှင်လည်း အတူတူပဲနော်။ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ဦး။ နေ့တိုင်း မှာထားတဲ့ နွားနို့ပမာဏကို လျော့ချဖို့ လုံးဝခွင့်မပြုဘူး။ ရှင် အကုန်သောက်ရမယ် ဟုတ်ပြီလား။” လင်းချင်းဟယ်က ညွှန်ကြားသည်။ 


လောလောဆယ်တွင် မိသားစုသည် နေ့တိုင်း နွားနို့လေးဗူးကို မှာထားသည်။ ၎င်းကို တစ်မိသားစုလုံး ဝေမျှသောက်ကြသည်။ ထိုမှသာ အာဟာရဖြည့်တင်းမှု တိုးမြှင့်လာမည်။ 


“အင်း” ကျိုးချင်းပိုင်က လက်ခံသည်။ 


ဘယ်အချိန်ကမှန်း မသိပေမယ့် သူသည် သူ့ခန္ဓာကိုယ်ကို သတိရှိရှိ ဂရုစိုက်လာခဲ့သည်။ 


အရင်တုန်းကတော့ သူ ဒါတွေကို ဂရုမစိုက်ပါဘူး။ အခုချိန်မှာတော့ သူမကို အဖော်ပြုနေထိုင်ပေးရန် ကျန်းမာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုပြီး သူမကို ဆက်လက် ကာကွယ်ပေးချင်နေသည်။ 


ဒီစကားများကို သူ ထုတ်ပြောမည် မဟုတ်ပေ။ အကျယ်တဝင့်လည်း ပြောမည်မဟုတ်ပေ။ တိတ်တိတ်လေးသာ သူ ပြုမူလုပ်ဆောင်လိမ့်မည်။ 


လင်းချင်းဟယ်သည် ဘတ်စ်ကားပေါ်သို့ တက်သွားသည်။ ကျိုးချင်းပိုင်က အကြာကြီး ရပ်ကြည့်နေခဲ့သည်။ ထို့နောက် ကျိုးရှောင်မိန်၏နေရာသို့ စက်ဘီးစီးကာ သွားခဲ့သည်။ သူသည် ကျိုးရှောင်မိန်အတွက် ပဲပုပ်အနည်းငယ်နှင့် လောင်အာ့အတွက် ရိက္ခာများ ယူဆောင်လာခဲ့သည်။ သူသည် လောင်အာ့အတွက် မုန့်ဖိုး ငါးယွမ်ကို ပေးထားခဲ့သည်။ 


ထို့နောက် ကျိုးချင်းပိုင်သည် အိမ်သို့ ပြန်သွားသည်။ 


သားတွေကို ပြောစရာမရှိပေ။ သူတို့ကို ကြည့်ရှုစောင့်ရှောက်ပေးရန်သာ လိုသည်။ သူ့စိတ်နှလုံးသားထဲ၌ အမှန်တကယ် ထည့်သွင်းထားသည့် တစ်ဦးတည်းသောသူကတော့ သူ့ဇနီးပင် ဖြစ်သည်။ 


လင်းချင်းဟယ်သည် ခွဲခွာလာခြင်းနှင့်ပတ်သက်၍ ပြင်းထန်သော ခံစားချက်မရှိပေ။ သူမသည် အပြန်လမ်း တစ်လျှောက်လုံး စာအုပ်များကို ဖတ်နေခဲ့သည်။ 


ရထားပေါ်မှ သူမ ဆင်းလာသောအခါ သူမသားအကြီးကို တွေ့လိုက်ရသည်။ 


“အမေ ဒီရထားနဲ့ ပြန်လာမယ်ဆိုတာ ကျွန်တော် သိနေတယ်။” ကျိုးခိုင်က သွားပေါ်အောင် ပြုံးရယ်ပြီး သူ့အမေဆီကအိတ်ကို ယူလိုက်သည်။ 


လင်းချင်းဟယ်က ပြုံးပြီး “သား… ဒီမှာစောင့်နေတာ ဘယ်လောက်ကြာပြီလဲ။” 


“မကြာသေးပါဘူး။” ကျိုးခိုင်က ပြောသည်။ “အမေ… ဗိုက်ဆာနေပြီလား။ မပြန်ခင် ထမင်း အရင်စားသွားကြမယ်။”


“ကောင်းပြီ။” လင်းချင်းဟယ်က သူ့နောက် လိုက်သွားပြီး ဟန်ရှုကျယ်အကြောင်းကို ပြောပြသည်။ “သူက အခု ရှန်းယန်မှာ။ လောင်အာနဲ့ ငါက မထင်မှတ်ဘဲ သူနဲ့ ပက်ပင်းတွေ့လိုက်ကြတာ။ မင်း အားရင် သူ့ကို လာရှာဖို့ မှာခဲ့တယ်။”


“ဒီဆောင်းရာသီအားလပ်ရက်မှာ အားလပ်ချိန် နည်းနည်းရှာပြီး သူ့ကို သွားရှာနိုင်မလား ကြည့်လိုက်မယ်။” ကျိုးခိုင်က ပြန်ဖြေသည်။ 


“ဆောင်းရာသီအားလပ်ရက်ဆို သူ အိမ်ပြန်လိမ့်မယ်။” လင်းချင်းဟယ်က ဆက်ပြောသည်။ “နင့်အဘိုးအဘွားတွေက နင့်ကို လွမ်းနေကြတယ်။ ဒီနှစ် အိမ်ပြန်မှာလား။”


“မပြန်ဘူး။ ကျွန်တော်အတန်းဖော်နဲ့ သူ့အစ်ကိုစခန်းမှာ ပိုလေ့လာသင်ယူဖို့ အတူသွားချင်တယ်။” ကျိုးခိုင်က မျက်မှောင်ကြုတ်လိုက်သည်။ 


လင်းချင်းဟယ်က သူ့စိတ်ကြိုက် လုပ်ခွင့်ပေးလိုက်သည်။ အလွန်အကျွံ့မဖြစ်သရွေ့ သူ လုပ်ချင်ရာလုပ်နိုင်သည်။ 


ထမင်းစားပြီးနောက် ကျိုးခိုင်သည် ငွေရှင်းရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ လင်းချင်းဟယ်က သူ့ကို ယွမ်နှစ်ဆယ် ပေးလိုက်ပြီး “ပိုက်ဆံကို ချွေချွေတာတာ သုံးဦး။ မင်းအဖေအတွက် ပိုက်ဆံရှာရတာ မလွယ်ဘူး။”


“ကျွန်တော် သိပါတယ်။” ကျိုးခိုင်က ခေါင်းညိတ်ပြီး “အမေအတွက်တော့ ပိုက်ဆံရှာဖို့ မခက်ပါဘူး။”


“ကောင်စုတ်လေး” လင်းချင်းဟယ်က ရယ်မောကာ ကြိမ်းမောင်းလိုက်သည်။ သူမ ပစ္စည်းများကို ပြန်လည်မရောင်းချဘူးဟု ကောင်လေးက မယုံကြည်ချေ။ သက်သေအထောက်အထား မရှိသောကြောင့် သူမ သူနှင့် ဘာမှဆက်မပြောတော့ပေ။ 


လင်းချင်းဟယ် ကျောင်းဝင်းထဲသို့ ရောက်သည်နှင့် ဝမ်လီသည် သူမအား ရေချိုးရန် ရေချိုးခန်းသို့ ခေါ်သွားခဲ့သည်။ 


“ငါ မနေ့က ပြန်ရောက်တာ။ နင်က ငါ့ထက် နည်းနည်း နောက်ကျမှပြန်လာလို့ ငါ အံ့သြနေတာ။ ဒါတောင် နင် အချိန်ကိုက် ပြန်ရောက်လာတယ်။” ဝမ်လီက ပြောသည်။ 


လင်းချင်းဟယ်သည် ရေချိုးခန်းနှင့်ပတ်သက်၍ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေဆဲ ဖြစ်သည်။ သို့သော် ကိုယ်လက်ဆေးကြောရန် အားရနှစ်သက်စရာကောင်းသည်။ သူမက ပြောလိုက်သည်။ “စောတာပဲဖြစ်ဖြစ် နောက်ကျတာပဲဖြစ်ဖြစ် အတူတူပါပဲ။ ဒီနှစ်မှာ ကျောင်းသား/သူအသစ်တွေ အများကြီးပဲ။”


“တော်တော်များတယ်။” ဝမ်လီက ခေါင်းညိတ်ပြပြီး ရေချိုးရင်း လျော်ကြေးကိစ္စ ပြောလိုက်သည်။ 


“ငါ့ယောကျ်ားက အရင်က ကြင်နာတဲ့လုပ်ရပ်တစ်ခု လုပ်ခဲ့တယ်။ ပြုပြင်ပြောင်းလဲဖို့ မြူနီစပယ်မြို့တော်ခေါင်းဆောင်တစ်ယောက်ကို ငါတို့နေရာဆီ ပို့ခဲ့တယ်။ ငါ့လူက သူ့ကို ပြုစုပေးတယ်။ အခုလောလောဆယ်တော့ လျော်ကြေးကိစ္စ လုပ်နေတယ်။” ဝမ်လီက ပြောသည်။ 


လင်းချင်းဟယ်သည် လျော်ကြေးပေးသည့်ကိစ္စ စတင်နေပြီကို သိပြီး ပြောလိုက်သည်။ “လူကောင်းတစ်ယောက်က ချီးမြှင့်ခံရမည်။ မှားယွင်းစွပ်စွဲခံရရင်လည်း အဆုံးမှာ အပြစ်မရှိကြောင်း ရှင်းလင်းပြသနိုင်လိမ့်မယ်။”


ဝမ်လီက တိုးတိုးလေး ပြောသည်။ “အပြစ်ကင်းစင်လည်း ဘာအသုံးဝင်တော့မှာလဲ။ သူ့မိသားစုက ပြိုကွဲသွားပြီ။ သူ့မိန်းမက ကွာရှင်းပြီး ကလေးကို ခေါ်သွားပြီလို့ ငါ ကြားတယ်။ သူမ နောက်အိမ်ထောင် ပြုသလားတော့ မသိဘူး။”


လင်းချင်းဟယ်က ပြောသည်။ “ အဲဒါက ဆက်ပြီး ခံစားနေရတာထက် ပိုကောင်းတယ် “ 


ကျန်တာတော့ သူမလည်း ဘာပြောရမယ်မှန်း မသိတော့ပေ။ သူမက မတွေ့ကြုံဖူးသဖြင့် မှတ်ချက်ပေးရန် အရည်အချင်း မပြည့်မီပေ။ နောက်ဆုံးတော့ ဤမျိုးဆက်က တကယ့်ကို ဒုက္ခခံစားရသည်။